United States ၏ နှစ် (၂၅၀) ပြည့် အထိမ်းအမှတ်မတိုင်မီ လူမျိုးစုများ၏ သမိုင်းကြောင်းများကို ပြန်လည်ဖော်ထုတ်ရန် ခေါင်းဆောင်များ တိုက်တွန်း
by SweSwe Aye
United States ၏ နှစ် (၂၅၀) ပြည့် နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ အမေရိကား၏ သမိုင်းကြောင်းကို မည်သူက အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိသနည်းဟူသည့်အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်လာနေပါသည်။ လက်ရှိအစိုးရသည် သမိုင်းကို သန့်စင်ရန် စနစ်တကျ ကြိုးပမ်းနေပြီး လူဖြူမဟုတ်သော လူမျိုးစုများ၏ အခန်းကဏ္ဍကို မှေးမှိန်စေကာ “လူဖြူများသာ ပါဝင်သည့် ဇာတ်ကြောင်းတစ်ခု အဖြစ် ပြောင်းလဲနေကြောင်းကို ဇန်နဝါရီ ၃၀၊ ၂၀၂၆ က American Community Media က ပြုလုပ်သော ဆွေးနွေးပွဲတွင် ပါဝင်သူများက အချက်အလက်များနှင့် ဆွေးနွေးခဲ့သည်။
“အတိတ်ကို ထိန်းချုပ်နိုင်သူဟာ အနာဂတ်ကို ထိန်းချုပ်နိုင်ပါတယ်။ လက်ရှိကို ထိန်းချုပ်နိုင်သူဟာ အတိတ်ကို ထိန်းချုပ်နိုင်ပါတယ်” ဟု ACoM ၏ ဒါရိုက်တာ Sandy Close က George Orwell ၏ စကားကို ကိုးကား၍ သမိုင်းကြောင်းကို ပိုင်ဆိုင်ခွင့်၏ အရေးပါမှုကို ပြောကြားခဲ့သည်။
မှတ်ဉာဏ်၏ အစောင့်အရှောက်များ- ပြတိုက်များနှင့် မီဒီယာ
Ann Burroughs, President and CEO of the Japanese American National Museum (JANM), chair of the International Board of Amnesty International က လူမျိုးစုပြတိုက်များနှင့် မီဒီယာများသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ကျုံ့မသွားစေရန် ခုခံရမည့် “မှတ်ဉာဏ်၏ အစောင့်အရှောက်များ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ JANM ပြတိုက်သည် Downtown Los Angeles ရှိ Little Tokyo တွင် တည်ရှိပြီး ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ဇန်နဝါရီ ၅၊ ၂၀၂၅ မှစပြီး JANM ပြတိုက်ကို ပြန်လည်ပြုပြင်မွမ်းမံရန် ခေတ္တပိတ်ထားခဲ့ပြီး ၂၀၂၆ နှစ်ကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ယခုအုပ်ချုပ်ရေးကာလတွင် ရန်ပုံငွေဖြတ်တောက်မှုများကြောင့် JANM ပြတိုက်သည် ချီးမြှင့်ပြီးသား ရန်ပုံငွေ ဒေါ်လာ ၆၆၀,၀၀၀ ပြန်လည်ရုပ်သိမ်းခံလိုက်ရသည်။ JANM ပြတိုက်သည် Federal ရန်ပုံငွေတစ်ခုတည်းဖြင့်သာ ရပ်တည်နေခြင်းမဟုတ်သော်လည်း အခြားသောပြတိုက်များသည်လည်း ဖယ်ဒရယ်ရန်ပုံငွေဖြတ်တောက်မှုများကို ရင်ဆိုင်နေရခြင်းကြောင့် အကြီးအကျယ်ထိခိုက်နစ်နာမှုများရှိကြကြောင်းကို Burroughs က ဆွေးနွေးခဲ့သည်။
“အာဏာရှင်စနစ်တွေဟာ ယဉ်ကျေးမှု၊ သမိုင်းနဲ့ မှတ်ဉာဏ်တွေကို အရင်ဆုံး တိုက်ခိုက်လေ့ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ၂၀၂၅ ခုနှစ် အစပိုင်းကတည်းက ပြတိုက်တွေဟာ တမင်တကာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အခြေအနေတွေကြားထဲမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေရပြီး နိုင်ငံရေးအရ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် သမိုင်းအချက်အလက်တွေကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် ရှောင်လွှဲဖို့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သူမက ရှင်းပြသည်။
ထို့အပြင် ရန်ပုံငွေများ ခြိမ်းခြောက်ခံရခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ကျုံ့သွားခြင်းတို့ကြောင့် လွတ်လပ်စွာ ဖော်ပြခွင့်ဆိုင်ရာ အခွင့်အရေးများ (First Amendment rights) ထိခိုက်လာရကြောင်း၊ အထူးသဖြင့် ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်များသည် လူအများ လက်ခံရခက်သော သမိုင်းဝင် အမှန်တရားများကို ထိန်းရှိမ်းထားရသူများဖြစ်၍ ဤတိုက်ခိုက်မှုများကို ပိုမိုရင်ဆိုင်နေရကြောင်း သူမက အလေးပေး ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံသားအဖြစ် ခံယူခြင်းနှင့် သမိုင်း
Ann Burroughs က အချိန်အကြာကြီးယူ စဉ်းစားပြီးမှ အမေရိကန်နိုင်ငံသားအဖြစ် ခံယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမြင်၊ လူမျိုး၊ ပထဝီဝင်နှင့် သမိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများ၏ ထူးကဲသော စွမ်းအားကြောင့်ဖြစ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။
“ဒီနိုင်ငံက ဘာကို မှတ်မိရမယ်၊ ဘာကို မေ့ပစ်ရမယ် ဒါမှမဟုတ် ဘာကို ဖျောက်ဖျက်ရမယ်ဆိုတာ ဘယ်သူက ဆုံးဖြတ်မှာလဲ။ ဂျပန်-အမေရိကန်တွေ အကျဉ်းချခံခဲ့ရတဲ့ သမိုင်းကို ဘယ်တော့မှ မမေ့ဖို့နဲ့ နောက်ထပ် ဘယ်သူ့အပေါ်မှာမှ ဒီလိုမျိုး ထပ်မဖြစ်စေဖို့အတွက် ကျနော်တို့ ရပ်တည်နေတာပါ” ဟု Burroughs က ဆိုသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်-အမေရိကန်များအတွက် မည်သူမျှ မရပ်တည်ပေးခဲ့ကြောင်း၊ ယခုအခါ ပြတိုက်အနေဖြင့် သမိုင်းဖျောက်ဖျက်ခံနေရသည့် လူမျိုးစုအားလုံးနှင့် “တစ်သားတည်း” ရပ်တည်သွားမည်ဖြစ်ကြောင်း Burroughs က ပြောကြားခဲ့သည်။
တောင်ပိုင်း၏ “လက်ခံရခက်သော အမှန်တရားများ” ကို ဖော်ထုတ်ခြင်း
Margaret Huang, Senior Fellow for The Leadership Conference on Civil Rights and Human Rights, former President and CEO of Southern Poverty Law Center က အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များသည် အထူးသဖြင့် Confederate အထိမ်းအမှတ်များမှတစ်ဆင့် လူဖြူကြီးစိုးရေးဝါဒကို မည်သို့ ထောက်ခံအားပေးနေကြောင်းကို ဆွေးနွေးသည်။ အမေရိကားတစ်ဝှမ်းတွင် Confederate ကို ချီးမွမ်းသည့် အထိမ်းအမှတ်ပေါင်း ၂,၀၀၀ ကျော် ရှိနေဆဲဖြစ်သည်။ Alabama ပြည်နယ်တွင် ကျွန်စနစ် သမိုင်းကြောင်း သက်သက်အတွက် ရည်ရွယ်သည့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ထောင်ထားသော ပြတိုက် တစ်ခုမျှ မရှိသေးပေ။
“အမှားကို သိရှိနားလည်ခြင်းဟာ သင်ယူမှုရဲ့ အခြေခံအစိတ်အပိုင်းတစ်ခုပါပဲ။ ကျနော်တို့ရဲ့ အတိတ်က အမှားတွေကို အသိအမှတ်မပြုဘဲနဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေကို ပြောပြလို့ မရနိုင်ပါဘူး” ဟု Huang က သမိုင်းသင်ယူခြင်းကြောင့် ကလေးများ စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်နေသည့် မိဘများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
Alabama ပြည်နယ် တွင် မေ့ဆေးမပါဘဲ ခွဲစိတ်စမ်းသပ်ခံခဲ့ရသည့် ကျွန်အမျိုးသမီးများဖြစ်သော Betsy၊ Anarka နှင့် Lucy တို့၏ “သားဖွားမီးယပ်ပညာ၏ မိခင်များ” အကြောင်းကိုလည်း သူမက ပြောပြခဲ့သည်။ ၎င်းတို့ကို နှိပ်စက်ခဲ့သူ၏ ရုပ်တုသည် ပြည်နယ်လွှတ်တော်ရှေ့တွင် ရှိနေဆဲဖြစ်သော်လည်း၊ တက်ကြွလှုပ်ရှားသူများက အဆိုပါအမျိုးသမီးများ၏ ပေးဆပ်မှုကို အသိအမှတ်ပြုရန် ကိုယ်ပိုင်အထိမ်းအမှတ်များကို တည်ဆောက်ခဲ့ကြကြောင်း Huang က ဆိုသည်။ ကျန်းမာရေး မညီမျှမှုအပိုင်းတွင် Alabama ပြည်နယ်ရှိ ခရိုင် ၄၄ ခု တွင် သားဖွားမီးယပ်ဆိုင်ရာ စောင့်ရှောက်မှု လုံးဝမရှိပေ။
“အစဉ်အလာ အမေရိကန်” (Heritage American) စိတ်ကူးယဉ်မှုကို စိန်ခေါ်ခြင်း
Ray Suarez, Journalist and Author of “We Are Home: Becoming American in the 21st Century” က “အစဉ်အလာ အမေရိကန်” (Heritage American) ဆိုသည့် အသုံးအနှုန်းကို အသုံးပြု၍ မည်သူက အမေရိကန်စစ်စစ်ဖြစ်ကြောင်း ခွဲခြားရန် ကြိုးပမ်းမှုကို ဝေဖန်ခဲ့ပါသည်။
“Latinos တွေဟာ အမေရိကန် သမိုင်းထဲကို ခုမှ ရောက်လာတဲ့သူတွေ မဟုတ်ပါဘူး။ လက်တင်နို သမိုင်းဟာ အမေရိကန် သမိုင်းဖြစ်သလို၊ အမေရိကန် သမိုင်းဟာလည်း လက်တင်နို သမိုင်းပါပဲ” ဟု Suarez က ပြောကြားခဲ့သည်။ အမေရိကားရှိ နိုင်ငံခြားဖွား လူဦးရေသည် ၁၉၁၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်းနှင့် အမေရိကားသည် ပထမနေ့ကတည်းက ယဉ်ကျေးမှုပေါင်းစုံ စုစည်းရာ နိုင်ငံဖြစ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။ လူဦးရေစာရင်းအရ Latinos များသည် ယခုအခါ အမေရိကန် စုစုပေါင်းလူဦးရေ၏ ငါးပုံတစ်ပုံ ရှိသည်။
နိုင်ငံရေးဗျူဟာအဖြစ် သမိုင်းကို ထိန်းချုပ်ခြင်း
Anneshia Hardy, Executive Director at Alabama Values က ကျောင်းသင်ရိုးညွှန်းတမ်းများနှင့် ပြတိုက်ပြကွက်များကို ဆင်ဆာဖြတ်တောက်နေခြင်းမှာ လူမျိုးစုများကို နိုင်ငံ၏ အကာအကွယ်များမှ ဖယ်ထုတ်ရန် လုပ်ဆောင်နေသည့် Narrative Governance ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ “သမိုင်းကို ထိန်းချုပ်ခြင်းဟာ အာဏာကိုအသုံးချတဲ့ ကိရိယာတစ်ခုအဖြစ် အမြဲရှိနေခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာတော့ ယဉ်ကျေးမှုနဲ့ လူဦးရေပြောင်းလဲမှုတွေ မြန်ဆန်လာတာကြောင့် ဒီကြိုးပမ်းမှုတွေက ပိုပြီးတော့ အရှိန်အဟုန်ပြင်းလာတာဖြစ်တယ်” ဟု Hardy က ဆိုသည်။
Anneshia Hardy သည် “This Is America” စီမံကိန်းကို မိတ်ဆက်ခဲ့ပြီး ထိုစီမံကိန်းသည် လုပ်ကြံဖန်တီးထားသည့် ဒဏ္ဍာရီများထက် ကျော်လွန်၍ နိုင်ငံ၏ ပြည့်စုံခိုင်မာသော သမိုင်းကြောင်းကို ဖော်ထုတ်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။
“သမိုင်းကို လူဖြူပုံစံ ပြောင်းလဲနေတာဟာ ရိုးရိုးလေး လုပ်နေတာမဟုတ်ဘဲ တက်ကြွတဲ့ နိုင်ငံရေးဗျူဟာတစ်ခု ဖြစ်ပါတယ်။ တောင်ပိုင်းဒေသဟာ အမေရိကန် ဒီမိုကရေစီရဲ့ ဘေးထွက်ဒေသ မဟုတ်ဘဲ ဗဟိုချက်မ ဖြစ်ပါတယ်” ဟု Hardy က ဆိုသည်။ သူမ အခြေစိုက်ရာ Alabama ပြည်နယ်တွင် ကျွန်စနစ်၏ သမိုင်းကြောင်း အပြည့်အစုံကို မှတ်တမ်းတင်ရန်အတွက် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ထောင်ထားသည့် ပြတိုက် တစ်ခုမျှပင် မရှိသေးကြောင်းကိုလည်း ဥပမာပေးကာ သမိုင်းကြောင်းအရ မှေးမှိန်အောင် လုပ်ဆောင်နေမှုများကို ဥပမာပြခဲ့သည်။
သမိုင်းကြောင်းများကို ဖျောက်ဖျက်ခြင်းသည် ရိုးရိုးယဉ်ကျေးမှုဆိုင်ရာ သဘောထားကွဲလွဲမှုမျိုးမဟုတ်ဘဲ စနစ်တကျ လုပ်ဆောင်နေသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာဖြစ်ကြောင်းကို Hardy က ပြောကြားခဲ့သည်။ “လူမျိုးစုတွေကို နိုင်ငံရဲ့ တရားဝင်မှတ်တမ်းတွေထဲကနေ ဖယ်ထုတ်လိုက်တဲ့အခါ၊ သူတို့ကို နိုင်ငံရဲ့ အကာအကွယ်တွေ၊ အရင်းအမြစ်တွေနဲ့ နိုင်ငံရေးဆိုင်ရာ စဉ်းစားတွေးခေါ်မှုတွေထဲကနေ ဖယ်ထုတ်ဖို့ ပိုပြီးလွယ်ကူသွားစေပါတယ်”

