မိမိ လိင်တူကြိုက်တာကို လူတွေမသိရလေအောင် လိင်တူချစ်ကြိုက်သူတွေကို ထပ်ဆင့်စော်ကားခဲ့တဲ့ Lance Bass …

lu ta loneOctober 13, 20101min640

လွန်ခဲ့တဲ့ ၉၅နဲ့ ၂၀၀၂ခုနှစ်ကြား ကမ္ဘာတစ်လွှားက ဆယ်ကျော်သက် ပျိုမေလေးတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသား လူငယ်ဂီတအုပ်စု N SYNC အဖွဲ့တွေကို လူတိုင်း မှတ်မိကြမှာပါ။

သူတို့ သီချင်းလေးတွေ ဆိုရင်လည်း ဒီနေ့အထိ လူကြိုက်များနေဆဲလို့လည်း ပြောလို့ရပါတယ်။ အဲဒီ ဂီတဝိုင်းလေးကိုတော့ ကောင်လေး ၅ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီနေ့အထိ နာမည်ကြီးနေတဲ့ အဲဒီ ၅ယောက်ထဲက သူတွေက Justin Timberlake, JC Chasez, Lance Bass တို့က ဒီနေ့အထိ အောင်မြင်ကျော်ကြားနေတုန်းပါ။

အဲဒီထဲကမှ ထူးထူးခြားခြား Lance Bass ဟာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက် ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက အမေရိကန်နိုင်ငံက လိင်တူချစ်သူ လူငယ်လေးတွေ ကျောင်းမှာ အနိုင်ကျင့် ဗိုလ်ကျခံရတဲ့ အတွက်ကြောင့်မို့လို့ နောက်ဆုံး မိမိကိုယ် မိမိ အဆုံးစီရင်သွားတဲ့ သူတွေရဲ့ အဖြစ်အပျက်တွေ ထွက်ပေါ်လာတဲ့ အခါမှာတော့ Lance Bass က သူသည်လည်းပဲ အရင်တုန်းက လိင်တူချစ်သူ လူငယ်လေးတွေကို အနိုင်ကျင့် စနောက်ခဲ့ဖူးတယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
သူရဲ့ ထုတ်ဖော်ပြောဆိုချက်အရ သူဘာဖြစ်လို့ အဲဒီလို ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ လူငယ်လေးတွေကို စနောက်ရသလဲဆိုရင် သူ့ရဲ့ တကယ့် လိင်တူချစ်သူတယောက် ဖြစ်နေတဲ့ ဘဝအဖြစ်မှန်ကို လူတွေသိသွားမှာ စိုးရိမ်တဲ့ အတွက်ကြောင့်မို့ ကိုယ့်ကိုယ်ကို လုံခြုံဖို့အတွက် ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ လူငယ်လေးတွေကို စနောက်လှောင်ပြောင်ခဲ့တယ်လို့ ကမ္ဘာကျော် တီဗီအင်တာဗျူး Larry Kingရဲ့ အစီစဉ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ Larry Kingက Lance Bass ကို “ဒါဆိုရင် မင်းက မင်းရဲ့ လျှို့ဝှက်မှုကို မပေါက်ကြားဖို့အတွက် အထက်တန်းကျောင်းသား ဘဝတုန်းက ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ လူငယ်လေးတွေကို အနိုင်ကျင့်ခဲ့တာပေါ့”လို့ မေးတဲ့အခါမှ Bass က “ဟုတ်ကဲ့”ဆိုပြီး ဝန်ခံခဲ့ပါတယ်။

Bass ကလည်း သူအဲဒီလို ပြုမူခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ခံစားချက်ကို “ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ၁၃နှစ် ၁၄နှစ် ဆိုတဲ့အရွယ်က သူငယ်ချင်းတွေနဲ့ အတူသွား အတူလာရင်းနဲ့ သူတို့အုပ်စုတွေထဲမှာ ကိုယ်က လူရာဝင်ချင်တယ်လေ။ ဆိုတော့ ကိုယ်ကလည်း ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို လက်ခံတာပဲ လိုချင်တယ်။ အဲဒီအခါကျတော့ သူတို့က အနိုင်ကျင့်တဲ့ အပြုမူတွေ ဟာသတွေ လုပ်တယ်ဆိုရင် သူများနဲ့အတူ လိုက်လုပ်မှ ဖြစ်မယ်လေ။ တကယ်လို့ သူတို့ကို ဆန့်ကျင်မယ် ဆိုရင်တော့ အဲဒီအုပ်စုထဲက ကိုယ်မောင်းထုတ်ခံရမှာပေါ့။ ဆိုတော့ သူတို့လုပ်သလို ကိုယ်လည်း အကုန်လိုက်လုပ်လိုက်တာပါပဲ။ ဆယ်ကျော်သက်အရွယ် ဘာမှ ကောင်းကောင်းလည်း မစဉ်းစားတတ်ဘူး။ သူများလုပ်တဲ့အတိုင်း လျှောက်လုပ်လိုက်တာပဲ။ အဲဒီတုန်းကတော့ လူတဖက်သားကို ကိုယ်နဲ့မတူတဲ့အတွက် (အသားအရောင်၊ အဖြူအမဲ၊ စရိုက်ပုံစံ) အဲလိုမျိုး ကွဲပြားတဲ့အတွက် ကိုယ်ထိလက်ရောက် စော်ကားတယ်၊ နာကျင်အောင်လုပ်တယ်။ ဒါသိပ်ပြဿနာမရှိဘူး။ တကယ်လို့ ကိုယ်က အဲလိုလုပ်လိုက်ရင် လုပ်လိုက်တဲ့အတွက် သူငယ်ချင်းတွေရဲ့ အရှေ့မှာ ကိုယ်ကတောင် အထင်ကြီးစရာ ဖြစ်စေတယ်။ ဆိုတော့ ငယ်ငယ်တုန်းက အဲဒီလို အနိုင်ကျင့်တဲ့ သူတွေရဲ့ အဓိက အကြောင်းအရင်းက သူတို့စိတ်ထဲမှာ လူတဖက်သားကို အဲဒီလို အနိုင်ကျင့်လိုက်ရရင် သူငယ်ချင်းတွေရဲ့ရှေ့မှာ ကိုယ်ကအရမ်းကို လူအထင်ကြီးစရာ ကောင်းတဲ့လူဆိုပြီး ဂုဏ်ယူကြတဲ့အတွက်ပါ။ အမှန်တကယ်တော့ အဲသလို တဖက်သားကို အနိုင်ကျင့်လိုက်တာဟာ တကယ့်ကို ရုတ်ညံ့တဲ့ အပြုအမူ တရပ်ဆိုတာကို သူတို့စိတ်ထဲမှာ မသိခဲ့ကြဘူး။ အမှန်တော့ အဲဒီလုပ်ရပ်က ကမ္ဘာပေါ်မှာ အရူးမိုက်ဆုံး လုပ်ရပ်တစ်ခုပါ”လို့ Bass က ပြောဆိုခဲ့ပါတယ်။

Lance Bass ဟာ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်က လိင်တူချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးသား ဂီတအနုပညာရှင် တေးဂီတ ထုတ်လုပ်သူတယောက် ဖြစ်ပါတယ်။

အခုလိုမျိုး လတ်တလော လိင်တူချစ်သူလေးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာနဲ့ ပတ်သက်လို့ “အမှန်တော့ အဲဒီလို အနိုင်ကျင့်ခံရတဲ့ အပြုအမူတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ အားလုံး အဝေးမှာ ကျန်ခဲ့မယ့် ဟာတွေပါ။ အနာဂတ်က ပိုပြီးကောင်းမွန်လာမှာပါ။ အဲဒီလူတွေဟာ နောင်တချိန်ကျရင် ကိုယ့်နောက်မှာ ကျန်ခဲ့မယ့် သူတွေပါ။ ပြီးတော့ သူတို့က မင်းရဲ့ဘဝ မင်းရဲ့အသက်ကို ဘာမှထိခိုက်နစ်နာအောင် လုပ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ဘဝဆိုတာ တန်ဖိုးအရှိဆုံး၊ ဘဝဆိုတာ အရာအားလုံးထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ အရာပါ”လို့ Bass က သတင်းစကား ပါးခဲ့ပါတယ်။

Source: http://www.pinknews.co.uk

Credit: http://www.coloursrainbow.com