အခန်းဆက်ညများ

ကြက်အိပ်ကြက်နိုး
ဘယ်လိုမှအစိုးမရတဲ့ညထဲ
တကွဲတပြားဝတ်ပြုသံတွေနဲ့
အာဖဂန်နစ္စတန်။
ဆာလောင်မှုကို မျက်လုံးမွဲမွဲတွေနဲ့ဖော်ပြ
သူ
တစ်စုံတရာကိုနာကျင်ရေရွတ်။
အဖေ ဘယ်သွားနေလဲ
အမေ ဘယ်ရောက်နေလဲ
တိုက်ပျက်ကို အိမ်လုပ်
လူရုပ်မပေါ်တဲ့ကလေးလေး
နွေးထွေးမှုနဲ့ဝေးခဲ့။
မာသာထရီဆာဆိုတာ ဘာလဲ
ဂျိုလီနဲ့ ဘရက်ပစ်ဆိုတာ ဘာလဲ
ဟယ်ရီပေါ်တာဆိုတာ ဘာလဲ
ဟစ်ပ်ဟော့ပ်ဆိုတာ ဘာလဲ
ကမ္ဘာ့ဖလားဆိုတာ ဘာလဲ
ဘန်ကီမွန်းဆိုတာ ဘာလဲ
အိုဘားမားဆိုတာ ဘာလဲ
ယူနီဆက်ဖ်ဆိုတာ ဘာလဲ
အင်တာနက်ဆိုတာရော ဘာလဲ……? ? ? ? ? ?
ဒီမှာတော့ တစ်ထောင့်တစ်ညဟာ ပုံပြင်မဟုတ်ဘူး
လူတွေက ဘာလို့လူသတ်နေကြတာလဲ
သား ဘာအပြစ်များလုပ်မိလို့လဲ
သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ
သား ကစားချင်တယ်
တစ်နေ့လုံး ဘာမှမစားရသေးဘူး
အနာတွေကလည်း တစစ်စစ်ကိုက်တယ်
သားသားကိုကယ်ပါ အလ္လာဟ်အရှင်….။
ကြက်အိပ်ကြက်နိုးပါပဲ
ဘယ်လိုမှအစိုးမရတဲ့ညကြီးထဲ
တကွဲတပြားဝတ်ပြုသံတွေနဲ့
အာဖဂန်နစ္စတန်။        ။

ဥက္ကာကိုကို(သံတွဲ)