ရင်ကွဲကမ်းခြေ

Written by – ဥက္ကာကိုကို(သံတွဲ)

မီး…မီး… တဲ့
သမုဒယမီးတွေနဲ့
ငါ့ရင်ကိုအပိုင်စီးခဲ့
ပြီးမှ
သောကမီးတင်ရှို့
နှလုံးသားမြို့ကို ဖျက်ဆီးသွားတယ်…..

(တင်မြင့်ဦး)

(၁)
လေက တသုတ်ပြီးတသုတ် လတ်ဆတ်စွာ တိုက်ခတ်နေသည်။ ဖြူလွသော သဲသောင်ပြင်တန်း ကြီးက မျက်စိ တစ်ငေး ပြန်ပြောလျှက်ရှိ၏။ လေက ခပ်ပြင်းပြင်းလေးတစ်ချက်ယမ်းလိုက်တိုင်း ပုန်းညက်ပွင့် ပုန်းညက်ဖတ်တို့က သဲမြေ ပေါ် လေခိုစီးဝဲပျံကြွေဆင်းလာနေသည်။
လှိုင်းခေါင်းဖြူတို့က လူးကာလိမ့်ကာဖြင့် ကမ်းစပ်ကို မခို့တရို့တို့ထိကျီစယ်လျှက်ရှိသည်။ ရေကျချိန်ဖြစ်သော ကြောင့် မြုပ်တစ်ဝက်ပေါ်တစ်ဝက်ဖြစ်နေသော ကျောက်ဆောင်တန်းကြား တွင် တံငါသည်တစ်ဦး ငါးပိုက်တန်းချနေသည်ကို လှမ်းမြင်ရသည်။
ပုန်းညက်ပွင့်ဖတ်တစ်ချပ် နွယ့်ခေါင်းထက်ပေါ်ကျလာသည်ကို ကျော်စိုးငေးကြည့်နေမိသည်။ လေက နောက်တစ်ချက် အသာတိုက်ခတ်လိုက်သည့်အခါ ပွင့်ဖတ်ငယ်လည်း လွင့်ပါသွားရ လေသည်။
မျက်နှာပေါ်အုပ်နေသောဆံစလေးများကို အသာသပ်တင်ပေးလိုက်တော့ နွယ်က ကျော်စိုးကို ပြုံးစစဖြင့် ငဲ့ကြည့် ၏။ ကျော်စိုးက နွယ့်လက်ဖဝါးလေးကို အသာအုပ်ကိုင်ထားလိုက်သည်။

“နင်ကျောင်းဆက်မတက်ဘူးလားကျော်စိုး´´

ကျောက်ဆောင်ကို လှိုင်းပုတ်သံ ဝုန်းခနဲကြားလိုက်ရသည်။ ကျော်စိုး သက်ပြင်းချမိသည်။

“မတက်ဖြစ်သေးပါဘူးနွယ်ရယ်… ငါ့မိသားစုအခြေအနေလည်းနင်သိတာပဲ….. အဖေဆုံးပြီး ကတည်းက ကျောင်းတစ်ဖက်နဲ့ ပိုက်နောက်လိုက်ပြီး ပိုက်ဆံရှာရတာ…. ဒီနှစ် အလတ်ကောင် က အလယ်တန်း ရောက်ပြီလေ…သူတို့အတွက်ကျောင်းစရိတ်ရှာရဦးမယ်… ကျောင်းဆက် မတက်အားသေးပါဘူးဟာ´´

နွယ်..ကျော်စိုးကို ဂရုဏာရိပ်သန်းသောမျက်ဝန်းများဖြင့် တွေရီစွာကြည့်နေသည်။ ကျော်စိုးနှင့် နွယ်ရော ဒီနှစ် ဆယ်တန်းကို တူတူအောင်မြင်ခဲ့ကြသည်။ ကျော်စိုးက ရိုးရိုးသာအောင်ပြီး နွယ်က တော့ ဂုဏ်ထူးလေးဘာသာဖြင့် သူ တို့တစ်ရွာလုံးမှာ ပထမဆုံးအကြိမ်အဖြစ် ထူးချွန်စွာ အောင်မြင်ခဲ့လေသည်။
သူတို့ရွာက ငပလီကမ်းခြေ၏ အစွန်အဖျားတွင်တည်ရှိပြီး တံငါအလုပ်ဖြင့် အသက်မွေးကြတာ ဖြစ်သည်။ ကျော်စိုး တို့ကဆင်းရဲသည်။ ဖခင်ဖြစ်သူဆုံးပါးသွားချိန်မှစ၍ မိခင်နှင့်ညီနှစ်ဦး၏ စားဝတ်နေရေးကို ကျောင်းတက်နေရင်းကပင် ပင်လယ် ငါးဖမ်းပိုက်လှေနောက်လိုက်၍ ဦးဆောင်ရှာဖွေခဲ့ရသည်။
နွယ်ကတော့ ကျော်စိုးထက်နည်းနည်းသာသည်။ နွယ့်အဖေက ကျော်စိုးလိုက်သော ပိုက်ဖောင် တွင် တက်မကိုင် ဖြစ်ပြီး အမေက ကုန်စုံဆိုင်လေးဖွင့်ထားတာမို့ သူတို့ရွာအနေနှင့်ဆိုလျှင် ချောင်လည်သည်ဟု ဆိုရမည်ဖြစ်သည်။
ကျော်စိုးနှင့် နွယ်တို့နှစ်ယောက်က ဒီပင်လယ်ကမ်းနားတံငါရွာလေးမှာ ရခိုင်ရိုးမ၏ အရိပ်ကိုခိုလှုံပြီး ပင်လယ်လေ ရှုကာ ကြီးပြင်းလာကြသော ငယ်သူငယ်ချင်းများဖြစ်ကြသည်။ စားအတူ သွားအတူ ကျောင်းတက်ဖော်များဖြစ်သော သံယောဇဉ်နှင့် အရွယ်ရောက်တော့လည်း ချစ်သူတွေအဖြစ်ကို အလွယ်တကူရောက်ရှိသွားကြတာပင်။
သဇင်ပန်းခိုင်တို့နှင့် အပြိုင် သိမ်မွေ့စွာ လှသွေးကြွယ်သော နွယ့်ကို ပိုးပန်းကြသည့် လူငယ်များ က ရွာထဲမှာရော ရွာနီးချုပ်စပ်သာမက ကျောင်းမှာလည်း ဝိုင်းဝိုင်းလည်ဟု ဆိုရပေမည်။ နွယ်ကတော့ ချုချင်သူပေါလွန်းသည့်ကြားမှ အချစ် ဇာတ်လမ်းများထဲကလိုပင် ငယ်သူငယ်ချင်း အရင်းကြီးဖြစ်သော ကျော်စိုးကိုသာ သေသေချာချာ ရွေးချယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးတာနှင့် နွယ့်ဆီမှ ချစ်ပါတယ်ဆိုသော စကားတစ်ခွန်းကို ကျော်စိုး မူပိုင်ခွင့်ရရှိခဲ့လေသည်။
ကျော်စိုး ပိုက်နောက်မလိုက်ရသည့်နေ့များ၊ နွယ့်မိဘတွေ ဘုန်းကြီးကျောင်းသွားဥပုသ် စောင့်ကြ သောနေ့များ စသည်ဖြင့် ရသလောက်လွတ်လပ်ချိန်လေးတွေမှာ ကမ်းစပ်ရှိ ပုန်းညက်ပင်ကြီး များအောက်တွင် သူတို့နှစ်ယောက်တွေ့ဆုံ ကြစမြဲဖြစ်သည်။ ဆားငန်နံ့သင်းသောလေပြေကြား မှာ နွယ့်ဆံပင်စလေးတွေ လွင့်ဖွာနေသည်။

“နင်ကော… ဘာဆက်တက်မှာလဲ… နွယ်´´

နွယ်ကကျော်စိုးအမေးကို ချက်ချင်းမဖြေသေးဘဲ အပင်ပေါ်ကို မော့ကြည့်နေသေးသည်။ ပြီးမှ –

“ဂုဏ်ထူးလေးဘာသာထွက်တယ်ဆိုပေမယ့်… ငါ အဝေးသင်ပဲတက်ဖြစ်မှာပါဟာ ´´

“ နင် ဆရာဝန်မကြီး အရမ်းဖြစ်ချင်တာမဟုတ်လားနွယ်… ငယ်ငယ်တုန်းက ကစားရင်တောင် နင်က ဆရာဝန်လုပ်ပြီး ငါက လူနာအမြဲလုပ်ခဲ့ရတယ်လေ´´

ကျော်စိုးကပြောတော့ နွယ်က တသဲ့သဲ့ရယ်သည်။

“ ငါတို့ဘဝမှာ ဖြစ်ချင်တာကိုချည်းပဲ တွယ်ဖက်နေလို့မရဘူး ကျော်စိုး။ ဖြစ်သင့်တာကိုပဲ လုပ်ကြရမှာပဲ။ ဆေးကျောင်းတက်နိုင်လောက်အောင် ငါ့အိမ်က မချမ်းသာပါဘူးဟာ… အဝေး သင် ဥပဒေမေဂျာပဲ လျှောက်မယ်လို့ စဉ်းစားထားတယ်´´

နွယ်က ဘာမှမဖြစ်သလို ပေါ့ပါးစွာပြောနေပေမယ့် ကျော်စိုးရင်ထဲမှာတော့ မကောင်းလှ။

“ ငါသာ တတ်နိုင်မယ်ဆိုရင် နင့်ကို ဆရာဝန်မကြီးဖြစ်အောင် အရမ်းလုပ်ပေးချင်တာပဲ နွယ်ရာ…´´

ကျော်စိုးလက်ကို နွယ် ခပ်တင်းတင်းဖျစ်ညှစ်လိုက်၏။ အကြည့်ချင်းဆုံမိကြသော မျက်ဝန်းနှစ်စုံ မှာ ဝေဝါးသော ဘဝလမ်းတွေက ယှက်ခြယ်ဖြာလဲ့နေကြသည်။ ရွာဦးကျောင်းဆီမှ ဖွင့်လိုက် သော ဓမပူဇာတေးတစ်ပုဒ်သံကို ကြားနေရ သည်။ ဒီရေ ပြန်တက်လာနေပြီဖြစ်သောကြောင့် ကျောက်ဆောင်များ တဖြည်းဖြည်းကွယ်ပျောက်စပြုလာသည်။

ပုန်းညက်ပွင့်တွေအောက်မှာ သူတို့နှစ်ဦး ကြည်နူးစွာ…….။

X x x x x x x x

(၂)

မျိုးအောင်လှမ်းပေးသော စီးကရက်ကို ကျော်စိုးမီးညှိပြီး ရှိုက်ဖွာလိုက်သည်။ ဘုန်းကြီး ကျောင်းဝင်းထဲမှာ ရွာသူ ရွာသားများ စည်ကားနေသည်။ ကောက်ညင်းကျည်တောက်၊ ပြောင်းဖူးပြုတ်၊ ရခိုင်မုန့်တီ၊ ကွမ်းယာဆိုင်စသော ပွဲခင်းအငယ်စား ဆိုင်လေးများက ဘုန်းကြီး ကျောင်း အုတ်တံတိုင်းဘေးတစ်လျှောက် စီတန်းလျှက်ရှိသည်။ ကျောင်းရှေ့ ကွက်လပ်ကြီး မှာတော့ ဖျာကြမ်းများစီခင်းထားသည့်အပေါ်တွင် ကလေးငယ်တချို့ ပြေးလွှားခုန်ပေါက် ဆော့ ကစားနေကြ ၏။

သူတို့နယ်ရှိရွာများတွင် ဆောင်းရာသီလပြည့်နေ့များဆိုလျှင် ရွာရှိငွေကြေးတတ်နိုင်သူများက ဘုန်းကြီးကျောင်း၌ ဗီဒီယို မိုးအလင်းပြသသောဓလေ့ရှိသည်။ ဒီနေ့က လပြည့်နေ့ဖြစ်တာမို့ ညနေခင်းနေမဝင်မီကပင် ဘုန်းကြီးကျောင်းသို့ ရွာသားတွေ ရောက်နှင့်နေကြပြီ ဖြစ်သည်။ ဒီလိုနေ့မျိုးမှာ ရွာထဲမှ ကလေးလူကြီးအားလုံးလိုလိုပင် ဘုန်းကြီးကျောင်းဝင်းထဲရှိ ညဈေးတန်း နှင့် နှစ်ဆယ့်တစ် လက်မ ဗီဒီယိုရှေ့တွင် မြန်မာဇာတ်ကားများကိုရှုစားရင်း အပန်းဖြေကြသည်။
ရွာအပြင်ဖက်လယ်ကွင်းများနောက်ရှိ ရိုးမတောင်တန်းကြီးပေါ်မှ ငွေလမင်းကြီးက တအိအိ ထွက်ပေါ်လာနေသည်။ ကျော်စိုးတို့ကာလသားတစ်စု ထိုင်နေသော ကျောင်းအဝင်ဝ ခရေပင်ကြီး ထက်မှ ခရေပွင့်လေးများက ရနံ့ပေးခုန်ဆင်းလျှက် ရှိသည်။

မှောင်စပျိုးလာသည်နှင့်အမျှ နှင်းမှုန်များကလည်း ကျဆင်းစပြုလာသည်။ မျက်စိရှေ့ကြွေဆင်း လာသော ခရေတစ် ပွင့်အား လေထဲမှာပင် ကျော်စိုးဖမ်းထားလိုက်၏။ နွယ်က ခရေပန်း သိပ်ကြိုက်တာကော။
ဗီဒီယိုတစ်ကား စပြတော့မည်ဖြစ်သဖြင့် ဖျာတွေပေါ်မှာ ရွာသားတချို့နေရာဦးနေကြပြီ။ နွယ့်ကို အရိပ်အယောင် ပင်မမြင်ရသေးပေ။ မကြာသေးခင်လေးကတော့ နွယ့်အဖေနှင့်အမေကို ဘုန်းကြီးကျောင်းပေါ် တက်သွားတာ လှမ်းမြင် လိုက်ရသေးသည်။

“ကျော်စိုး´´

ဘေးကိုလှည့်ကြည့်လိုက်တော့ မျိူးအောင်က ကျောင်းအဝသို့မေးငေါ့ပြသည်။ ဆိုင်ကယ် ဝမ်းတူးဖိုက်တစ်စီး ညင်သာစွာ ထိုးရပ်လိုက်တာတွေ့ရသည်။ ဆင်းလာသူက ကျော်စိုးတို့ပိုက် ဖောင်သူဌေး၊ ယနေ့ည၏ ဗီဒီယိုဇာတ်ကားအလှူ့ရှင် ဦးချစ်တင်။ ဦးချစ်တင်ဟုခေါ်ကြ သော်လည်း အသက်အားဖြင့် ၃၅ နှစ်ခန့်သာရှိသေးပြီး သူတို့ရွာလေး၏ ဂုဏ်သရေရှိ အမျိုးအစား ဝင် ပိုက်သူဌေး လူပျိုကြီးတစ်ဦးဖြစ်လေသည်။ ဦးချစ်တင်ကို မြင်တာမထူးဆန်းသော်လည်း ဆိုင်ကယ်နောက် မှ ဆင်းလာသူက ကျော်စိုးသိပ်ချစ်ရပါတဲ့ မိနွယ်ဖြစ်နေသည်။

“အင်း…. ဇာတ်လမ်းတော့စပြီ…..´´

မျိုးအောင်က ဘေးမှနေမကြားတကြားရေရွတ်သည်။ နွယ်က သူ့ဖက်မကြည့်။ ဆိုင်ကယ်သော့ တယမ်းယမ်းနှင့် ပြုံးရွှင်စွာ ရှိနေသော ဦးချစ်တင်နောက်မှ မျက်လွှာချကာ လိုက်ပါသွားပြီး ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားကြသည်။
လက်ထဲမှ ကုန်လုဆဲစီးကရက်ကို ကျော်စိုးတောက်ထုတ်ပစ်လိုက်သည်။ ကျောင်းဝင်းက ဗီဒီယိုတွင် သီဟတင်စိုး နှင့် ဇင်မာဦးတို့ပါဝင်သော တော်လှန်ရေးဇာတ်ကားတစ်ကား စပြနေ၏။ ကျောင်းအောက်ရှိ အလှူခံမဏ္ဍပ်ကလေးဆီမှ လည်း အသံချဲ့စက်သံ ဂွီဂွီဂွမ်ဂွမ် ထွက်ပေါ်လျှက် ရှိသည်။
သိပ်တော့မကြာပါ။ ဦးချစ်တင်ရော နွယ်နှင့်မိဘများပါ ကျောင်းအောက်သို့ပြန်ဆင်းလာကြသည်။ ဦးချစ်တင်က နွယ့်အဖေနှင့် တခဏကြာအောင် စကားတွေရယ်မောပြောဆိုနေကြပြီးမှ နွယ့်ကိုဆိုင်ကယ်နောက်မှာတင်ကာ ရွာထဲဖက် သို့ပြန်ထွက်သွားလေသည်။
ဆိုင်ကယ်ပေါ်မတက်မီ ကျော်စိုးတို့ရှိရာ ခရေပင်အောက်သို့ နွယ်တစ်ချက်ဝေ့ကြည့်သည်။ စူးစူးဝါးဝါးကြည့် နေသော ကျော်စိုးကိုမြင်တော့ နားလည်ရခက်သည့်မျက်ဝန်းတစ်မျိူးဖြင့် တစ်ချက်စိုက်ကြည့်ကာ ရှေ့သို့ပြန်လှည့်သွား၏။
ဝူးခနဲ ဆိုင်ကယ်မောင်းထွက်သွားသံနောက်က လရောင်ဆမ်းသောဆောင်းညအောက်မှာ ကျော်စိုးနှလုံးသားက တဆတ်ဆတ်တုန်ခါနေသည်။ မျိုးအောင်လက်ထဲမှ စီးကရက်ကိုဆွဲယူ၍ အားပါးတရ ရှိုက်ဖွာပစ်လိုက်သည်။ ခရေပွင့်တွေ ဆက်ကြွေဆဲ……..။

X x x x x x x

(၃)

“အဲဒါ… နင့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲလား… နွယ် ´´

ကျော်စိုးအသံက တိုးလျ အက်ရှ။

“ သိပ်ခိုင်မာတယ် ကျော်စိုး…. အထပ်ထပ်စစ်ကြောပြီးမှ ထွက်လာတဲ့အဖြေပဲ ´´

နွယ့်အသံက ပြတ်သား တည်ငြိမ်။

လှိုင်းတွေက တဝုန်းဝုန်းပုတ်နေသည်။ ရေတက်ချိန်ဖြစ်သည့်အတွက် ကျောက်ဆောင်ထိပ်စွန်း များသာ လှိုင်းကြားမှ တိုးထွက်လျှက်ရှိသည်။ သဲသောင်ပေါ်မှာ နေက ကျဲကျဲတောက် ပူပြင်း နေ၏။ ဆုံနေကျ ပုန်းညက်ပင်ကြီးအောက် တွင် ကျော်စိုးနှင့် နွယ်တို့ရှိနေသည်။ ကျော်စိုးက နွယ့်ကိုမကြည့်ဘဲပြောသည်။

“ အချိန်တိုအတွင်းမှာ ပြောင်းလဲမှုက မြန်လိုက်တာ နွယ်´´

“ငါ့ဘဝရဲ့ ရည်မှန်းချက်ကို အခွင့်အရေးရတုန်း အကောင်အထည်ဖော်ပစ်ဖို့ ငါကြိုးစားလိုက်တာပါ ကျော်စိုး။ ငါသိပ်ဖြစ်ချင်တဲ့ ဆရာဝန်မကြီးဖြစ်ဖို့။ ငါ့မိဘနှစ်ပါးကို လူပုံအလယ်မှာ တင့်တောင်းတင့်တယ် ထားနိုင်ဖို့။ သူတို့ စိတ်ချမ်းသာဖို့….. ဟာ… အားလုံးပဲဟာ…. ငါ့ကို အတ္တကြီးလွန်းတဲ့မိန်းမလို့ နင်ပြောပစ်လိုက်လို့ရတယ်ကျော်စိုး။ ဒါပေမယ့် ငါပြောခဲ့ဖူးသလို ဘဝမှာ ဖြစ်သင့်တာကို လုပ်ကြရမှာပဲ။ အဲဒါတွေကြောင့် ဦးချစ်တင်ရဲ့ ကမ်းလှမ်းချက်ကို ငါလက်ခံလိုက်တာပဲ။ အဲဒီအတွက် ငါ့ဖက်ကလည်း တစ်ခုပြန်ပြီးပေးဆပ်ရမှာပဲ ´´

ကျော်စိုးနှုတ်ခမ်းတွေ တလှုပ်လှုပ်တုန်နေသည်။ လက်ထဲမှာကိုင်ထားသော ပုန်းညက်ပွင့်လေး ကို အကြောင်းမဲ့ ချေမွှပစ် နေမိသည်။ ရင်ထဲမှာ ဗလောင်ခတ်စွာ။

“ငါ့ကို ခွင့်လွှတ်ပါလို့ မပြောချင်ဘူး ကျော်စိုး´´

“………………. ´´

“နင့်ကိုငါ ချစ်ခဲ့ပါတယ်´´

“ ……. ……. …… ´´

“ ငါ.. .. ငါ သွားတော့မယ် ကျော်စိုး´´

“ …….. ….. …… ………´´

ကျော်စိုး ခေါင်းကိုငုံ့ထားသည်။ လေတွေက ခါတိုင်းထက်ပိုပြင်းကာ ပုန်းညက်ရွက်ကြွေတွေကို တဖျပ်ဖျပ် လွင့်ပါအောင်တိုက်ခတ်လာပြန် သည်။ ထွက်သွားသော နွယ့်ခြေသံ တရှပ်ရှပ်ကို ဝေး၍ ဝေး၍ ကြားနေရသည်။ သူ ခေါင်း ကိုငုံ့ထားဆဲ။ လှည့်အထွက်မှာ မြေခသွားသော နွယ့်မျက်ဝန်းမှ မျက်ရည်စက်များကို ကျော်စိုး မမြင်တွေ့ လိုက်ရတော့ချေ။
သူရည်မှန်းထားသော မျှော်လင့်အိပ်မက်တွေ တဒိုင်းဒိုင်းပြိုလဲကုန်သည်။ ပိုက်နောက်လိုက်ရင်း စုထားသော ပိုက် ဆံလေးတွေနှင့် နွယ့်ကိုအဝေးသင်ဆက်တက်ရန် ကြိုးစားထောက်ပံ့မည်။ မြို့ပေါ်တက်ကာ အလုပ်တစ်ခုလုပ်၍ နွယ့်ကို တောင်းရမ်းလက်ထပ်မည်။ …….. ။

ခုတော့ အိပ်မက်တွေက အိပ်မက်တွေပဲဖြစ်ပြီး လန့်နိုးလာချိန်မှာ ဘာတစ်ခုမှ အရာထင်ရန် မလွယ်ကူကြောင်း ကျော်စိုးနားလည်လိုက်သည်။ ကိုယ့်လမ်းကိုယ်သာ ရဲရဲကြီးဆက်လျှောက် သွားပါ ချစ်သူရယ်…။ ရပါတယ်။

“ ….နွယ်…´´

သူ..တိုးဖွစွာခေါ်မိသည်။ နောက်ဆုံးအကြိမ်။ အဝေးကိုလှမ်းငေးတော့ သဲသောင်တွေက တမျှော်တခေါ်။ အုန်းပင်ဖျားတွေ က လေယူရာ ယိမ်းလို့…. နွဲ့လို့…..။

X x x x x x x

(၄)

ကမ်းစပ်က ကျောက်ဆောင်ပေါ်မှာ စင်ယောင်နှစ်ကောင်လာနားတာမြင်ရသည်။ နှစ်ကောင် ပူးကပ်စွာ ငှက်တို့ သဘာဝ ကျီစယ်တို့ထိပျော်မြူးနေစဉ် ရေလှိုင်းတစ်လုံးက ကျောက်ဆောင်ပေါ် ဝုန်းခနဲ ပြင်းထန်စွာ လာရိုက်လိုက်သည်။
အလန့်တကြား ထပျံသွားသော စင်ရော်လေးနှစ်ကောင်၏ ဦးတည်ရာကား တစ်နေရာစီ… တကွဲတပြား…။ အရာအားလုံး ပြီးဆုံးသွားလေပြီ။

X x x x x x x
ကိုယ့်လမ်း ကိုယ်ဖောက်ပြီးမှ
တောင်ပေါ်ကို စ တက်ရမှာမို့
ကြာတော့
ကြာလိမ့်ဦးမယ်…..
ငါ့လည်ပတ်ရာ ဗဟိုလေး
သူမ သူစိမ်းဆန်သွားတာကဖြင့်
စောတယ်။

(ဖီးနစ်)

X x x x x x x

(၅)

တစ်ချိန်က သူ့ရဲ့ အရိပ်ရင်ခွင်အောက်မှာ ကြည်နူးစရာ အချိန်လေးတစ်ချို့ကို ချစ်စဖွယ် ကုန်လွန်ဖြတ်သန်းခဲ့ကြ သည့် ကျော်စိုးနှင့် နွယ် ဟူသော လူငယ်လေးနှစ်ယောက်ရှိခဲ့သည်ဆိုတာကို ပင်လယ်စပ်နား ပုန်းညက်ပင်ကြီးက မသိ ကျေးကျွန် ပြုနေပါတော့သည်။ ။

ဥက္ကာကိုကို(သံတွဲ)
၁၇၊ နိုဝင်ဘာ၊ ၂၀၁၀။