တရုတ်မိခင်

စေနJanuary 14, 20111min921

from Nine Nine SaNay by နိုင်းနိုင်းစနေ

Anonymous said…

ma nine nine, can u also translate the article below so that those who are weak in English also read this?

Any please don’t forget to tell the readers who is Amy Chua. http://online.wsj.com/article

ကျွန်မလည်း အင်္ဂလိပ်လို ကျွမ်းတာမဟုတ်ဘူး။ ဘာသာပြန်မှားမှာလည်း စိုးရိမ်တယ်။ ဒါကြောင့် တရုတ်ကရှာပြီး တစ်ချို့တစ်ဝက်ကို ဘာသာပြန်လိုက်ပါတယ်။ (အော်.. လောကမှာ ဒါမျိုးလည်းရှိပါလားဆိုတာလောက် သိရုံလေးပါ။ ဘာဗဟုသုတ၊ ဘာအတုယူဖို့ ဘာသာပြန်တာ မဟုတ်ပါဘူး… )

ခေါင်းစဉ်ကိုတော့ “တရုတ်မိခင်”လို့ အမည်ပေးပါတယ်။ ဒီစာက “တရုတ်မိခင်”နဲ့ “အနောက်တိုင်းမိခင်”အကြောင်းပါ။ “မြန်မာမိခင်”တွေနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် မြန်မာမိခင်တွေရဲ့ အတွေးအမြင်နဲ့ သင့်တော်ချင်မှ သင့်တော်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောချင်ပါတယ်။

ပထမဆုံး ဒီစာကိုရေးတဲ့ Amy Chua အကြောင်းကို ပြောချင်ပါတယ်။

Amy ဟာ Yale Law School က ဆရာမတစ်ဦးဖြစ်တယ်။ သူ့မိဘတွေက ဖိလစ်ပိုင်ဖွား တရုတ်လူမျိုးတွေဖြစ်ပြီး အမေရိကန်ကို ပြောင်းရွေ့ခဲ့သူတွေဖြစ်တယ်။ Amy ကို (၁၉၆၂)ခုနှစ် အမေရိကန် Champaign, Illinoisမှာ မွေးဖွားခဲ့တယ်။ Amy မှာ Louisa နဲ့ Sophia ဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။

၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၈ရက်ထုတ် The Wall Street ဂျာနယ်မှာ Amy ဟာ သူ့သမီးနှစ်ယောက်ကို သွန်သင်ဆုံးမတဲ့ “ခွင့်မပြုသော လုပ်ရပ်(၁ဝ)ချက်”ကို ရေးသားဖော်ပြခဲ့တယ်။ ဒါဟာ အမေရိကန်လူ့ဝန်းကျင်ကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ သတင်းဌာနအသီးသီးကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝေဖန်သတင်းထုတ်ပြန်ခဲ့ကြတယ်။

သမီးနှစ်ယောက်အပေါ် Amy ထုတ်ပြန်တဲ့ “ခွင့်မပြုသော လုပ်ရပ်(၁ဝ)ချက်” က……

(၁) ညအိပ်ညနေ မသွားရ
(၂) ပျော်ပွဲရွှင်ပွဲမှာ မပါဝင်ရ
(၃) ကျောင်းကပွဲတွေမှာ မပါဝင်ရ
(၄) ကျောင်းကပွဲမှာ မပါရကြောင်း မညည်းတွားရ
(၅) တီဗွီမကြည့်ရ၊ ကွန်ပြူတာဂိမ်းမဆော့ရ
(၆) ကျောင်းစာပြင်ပ လှုပ်ရှားမှုတွေ ကိုယ်တိုင်မရွေးချယ်ရ
(၇) ဘာသာရပ်တိုင်း A အမှတ်ထက် မနိမ့်ရ
(၈) အားကစားဘာသာရပ်နဲ့ ပြဇာတ်ဘာသာရပ်ကလွဲပြီး တခြားဘာသာတွေ အဆင့်(၁)ရရမယ်
(၉) စန္ဒရားနဲ့ တယောကလွဲပြီး တစ်ခြားဘာ တူရိယာမှ မကျင့်ရ
(၁ဝ) စန္ဒရားနဲ့ တယောကို မကျင့်မနေရ

Amyရဲ့ဆောင်းပါးက “တရုတ်မိခင်ဟာ ကိုယ့်သားသမီးကို ဘာသာရပ်တိုင်း Aမှတ်ယူဖို့ အမိန့်ပေးနိုင်တယ်။ အနောက်တိုင်းမိခင်တွေက ကိုယ့်သားသမီးတွေကို ကြိုးစားပါဆိုတာလောက်ပဲ တောင်းဆိုနိုင်တယ်” ဆိုတဲ့သဘောနဲ့ အမေရိကန် လူ့ဝန်းကျင်ကို တုန်လှုပ်စေခဲ့ပါတယ်။

Amyက ဒီလိုရေးထားသေးတယ်။ “တရုတ်မိခင်တွေက သားသမီးကို အမှတ်ပြည့်ယူဖို့ တောင်းဆိုတာဟာ သူတို့လုပ်နိုင်ကြမယ်ဆိုတာကို ယုံကြည်လို့ဖြစ်တယ်”။ သားသမီးတွေဟာ တမင်လုပ်ယူတာမျိုး မဟုတ်ရင် ရှုံးနိမ့်တာ ဒါမှမဟုတ် သာမန်မျှသာ ဆိုတာမျိုး မရှိပါဘူးတဲ့။

အနောက်တိုင်းမိဘတွေက သားသမီးတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ပြုထားခဲ့တယ်။ တကယ်လို့ (၁ဝ)နှစ်အရွယ်ကလေးတစ်ယောက်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးခဲ့ရင် သူဟာ Facebookမှာ (၆)နာရီလောက် အချိန်ဖြုန်းနေလိမ့်မယ်လို့ ဆိုပါတယ်။ စန္ဒရားကျင့်တာ၊ သင်ခန်းစာလုပ်တာတွေဟာ သူ့အတွက် အရေးမပါဘူးလို့ ထင်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

Amy ဟာ ဆောင်းပါးရေးရေးပြီးချင်း သူ့မိသားစုနဲ့ တရုတ်၊ ကိုးရီးယား မိတ်ဆွေတွေကို အရင်ပြခဲ့တယ်။ အားလုံးက ဖတ်ပြီး ကောင်းတယ်လို့ဆိုကြတယ်။ ဒါပေမယ့် ဒီဆောင်းပါးကို ဂျာနယ်ထဲထည့်ရင် ပြဿနာတက်လိုက်မယ်လို့လည်း ပြောခဲ့ကြတယ်။

ပြောတဲ့အတိုင်းပါပဲ… ဒီဆောင်းပါးဟာ The Wall Street ဂျာနယ်မှာ Hotအဖြစ်ဆုံးဖြစ်ခဲ့ပြီး ဝေဖန်ဆွေးနွေးကြတဲ့ ကော်မန့်ပေါင်း ၃ဝဝဝကျော်ခဲ့တယ်။ Facebookပေါ် ရှယ်ယာလုပ်ခဲ့သူပေါင်း ၈သောင်းကျော်ခဲ့တယ်။

ဇန်နဝါရီ (၁၁)ရက်နေ့မှာ Time မဂ္ဂဇင်းက Amyကို အင်တာဗျူးခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ New York Times, Washington Post စတာ နာမည်ကြီး သတင်းဌာနတွေပါခဲ့တယ်။

Huffington Postရဲ့ထင်မြင်ချက်က တရုတ်မိခင်တွေဟာ “ဘယ်အရာတွေက သားသမီးအပေါ် အကောင်းဆုံးလဲ” ဆိုတာကို သူတို့သိတယ်လို့ ယုံကြည်ကြတယ်။ သူတို့ဟာ သားသမီးတွေရဲ့ လိုအပ်ချက်နဲ့ အတွေးတွေကို သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ ဖုံးအုပ်လိုက်ကြတယ်။ ဒါဟာလည်း “သားသမီးကိုချစ်ကြောင်း” ပြသတာဖြစ်တယ်။ “တရုတ်မိခင်”ရဲ့ သွန်သင်ဆုံးမနည်းက တရုတ်မိခင်တိုင်းရဲ့ သွန်သင်နည်းတော့ မဟုတ်ဘူး။ အမေရိကန်မိခင်တွေလည်း ဒီလိုမသွန်သင်ဘူးလို့ မပြောနိုင်ဘူး။

အမေရိကန်မီဒီယာက တကယ်လို့ မိဘတွေဟာ သားသမီးတွေကို အလုပ်အကိုင်မှာ အောင်မြင်စေချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့ရင် ဒီလိုသွန်သင်တဲ့ တရုတ်မိခင်တွေရဲ့ သွန်သင်မှုက အမေရိကန်မိခင်ထက် သာသွားပြီလို့ဆိုတယ်။ တကယ်လို့ “အမှတ်မြင့်ဖို့”၊ “ဆုရဖို့”လောက်ပဲ ရည်ရွယ်ခဲ့ရင်တော့ သွန်သင်ခံရတဲ့ သားသမီးတွေဟာ “ပင်ပန်းမယ်”၊ “လုပ်နိုင်စွမ်းလျော့မယ်”၊ “မကျန်းမာဖြစ်မယ်”လို့ဆိုတယ်။ တစ်ချို့မီဒီယာကလည်း တကယ်လို့ အမေရိကန်မိခင်တွေက ဒါတွေကို မသိကျိုးကျွန်ပြုပြီး ဆက်ပျင်းရိနေခဲ့မယ်၊ မသွန်သင်ဘဲ နာမည်ကောင်းယူချင်နေမယ်ဆိုရင် တရုတ်မျိုးဆက်သစ်တွေဟာ အမေရိကန်ကို ယှဉ်ပြိုင်ကျော်လွှားသွားကြမယ်လို့ ဆိုကြတယ်။

Amy ရဲ့ သွန်သင်မှုကို အွန်လိုင်းက လူအများကန့်ကွက်ကြပေမယ့် ၅၉.၆% ကတော့ ထောက်ခံကြတယ်။ တချို့ကတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ သွန်သင်မှုတွေဟာ အတိုက်အခံမဖြစ်သင့်ဘူး။ မိဘတွေရဲ့ သွန်သင်မှုတိုင်းမှာ အားသာချက်တွေရှိတယ်လို့ ဆိုပါတယ်။

Amyရဲ့ဆောင်းပါးကိုဖော်ပြတဲ့ တရုတ်အွန်လိုင်းမှာလည်း တောင်အမေရိကန်တရုတ်တွေက “ချောက်ချားစရာ”ဆိုတဲ့ စကားလုံးနဲ့ Amyရဲ့ဆောင်းပါးကို ခေါင်းစဉ်တပ်ခဲ့တယ်။ အမေရိကန်ဖွား တရုတ်မိခင်အများက “ချောက်ချားတုန်လှုပ်စရာနဲ့ မယုံနိုင်စရာ” လို့ ဆိုကြတယ်။

တရုတ်မိခင်တစ်ဦးက ဂျုးမိခင်တွေဟာလည်း သားသမီးအပေါ် မျှော်လင့်ချက်ကြီးကြီးထားကြတယ်။ သင်ခန်းစာမှာ အလေးထားကြတယ်။ ဒါပေမယ့် ဂျုးတွေက စိတ်ပညာပေးတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဆရာတစ်ဦးက Amyရဲ့သွန်သင်ဆုံးမမှုတွေဟာ အမေရိကန်ဖွားတရုတ်တွေနဲ့သာ သင့်တော်ကြောင်း၊ ပြည်မက တရုတ်တွေက သူတောင်းဆိုတာလောက် လုပ်နိုင်တဲ့လူနည်းကြောင်း ပြောခဲ့တယ်။

အပေါ်ကစာက Amyရဲ့ဆောင်းပါးအပေါ် မီဒီယာ၊ လူတွေရဲ့ထင်မြင်ချက်ပါ။ Amyရေးတဲ့ ဆောင်းပါးအပြည့်အစုံကို http://online.wsj.com/article မှာ သွားဖတ်နိုင်ပါတယ်။

နိုင်းနိုင်းစနေ

One comment

  • koyinmaung

    January 14, 2011 at 5:18 am

    အမေရိကန်က တချို့သောတရုတ်မိခင်တွေကိုဆိုလိုတာဖြစ်မှာပါ ပြည်မထဲမှာရှိတဲ့တရုတ်မိခင်တွေကတော့တနေ့တနေ့ခလေးကိုကျောင်းပို့ ပြီးအလုပ်သွားနဲ့တချို့ဆို ဖိုးအေဖွားအေးနဲ့အပ်ထားပြီးတနယ်တကျေးမှာအလုပ်သွားလုပ်နေကြရတယ်။။

Leave a Reply