ဆုတောင်းများရဲ့ အဆုံးသတ်ဆီသို့ …

True AnswerApril 1, 20113min13514

” အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား” ဟူသော ဩကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်….ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့ ကျွန်တော့် ခေါင်းထဲရောက်လာသည်။

ငလျင်ဘေးများ

ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ ဟုဆိုသည်။ လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။

စူပါမွန်းခြောက်လှန့်မှု

စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး အန္တရာယ်ကြီးတစ်ခု ကမ္ဘာနှင့်လနီး ဖြစ်စဉ်ကြောင့် ဖြစ်တော့မည် ဆိုသော ကောလာဟလတို့က တိုက်ဆိုင်သွားခဲ့သည်။ မဆိုင်ရေးချမဆိုင်ဟု ပညာရှင် တို့က ငြင်းသော်လည်း ဖြစ်သွားခဲ့သည်။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လူတို့ကို ပိုမို ထိတ်လန့်စေသည်။ ဆန်ဒိုင်းငလျင် မလှုပ်မီ နှစ်ရက်အလိုလောက် ကတည်းက စူပါမွန်းကြောင့် ဘာမှမဖြစ်နိုင်ကြောင်း ပညာရှင်များပြောသည့် သတင်းကို ရေးထားသည်။ သို့ပေမဲ့ မြင်လိုက်ရပြီ။ တိုက်ဆိုင်သွားပြီဟု။

နျူဘေး

 ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်သော ဂျပန်တွင် အသေအပျောက်များသည့်ပြင် ကြမ္မာဆိုးကတစ်ဖက်က လှည့်ဝင်လာ သည်။ နျူဓာတ်ပေါင်းဖို ပြဿနာ ဖြစ်သည်။ နည်းပညာမြင့်သော ငလျင်ကာကွယ် မှုကောင်းသော နိုင်ငံကျတော့ ဓာတ်ပေါင်းဖိုက ပေါက်ရပြန်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ်ကို စိုးရိမ်လာရပြန်သည်။ အစာတွေ၊ ရေတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ပြဿနာက ဆက်ရှိနေသည်။

၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု

စစ်ဘေး

ဓာတ်ရောင်ခြည်ဖြာထွက်မှု အကြောင်း သတင်းတွေနှင့် နပန်းလုံးနေစဉ် လစ်ဗျားက ထိပ်တန်း ပြန်ရောက်လာသည်။ ကုလလုံခြုံရေး ကောင်စီက မပျံသန်းရဇုန် သတ်မှတ်လိုက်ပြီ။ ပြင်သစ်တိုက်လေယာဉ်တွေ လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ ရောက်လာကြပြီ။ နောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သော နေတိုးတပ်တွေက တာဝန်ယူလိုက်ကြရသည်။

ရှမ်းပြည်ငလျှင်

ဆန်ဒိုင်းငလျင်က ခေါင်းထဲရှိနေတုန်း ငလျင်ထပ်လှုပ်သည်။ ဒီတစ်ခါက မြန်မာနိုင်ငံထဲမှာ။ အင်အားက ၇။ ရှမ်းပြည်နယ်သားတွေအတွက် စိုးရိမ်မိသည်။ လူပေါင်း တစ်ရာကျော်သေဆုံးသည်ဟုဆိုသည် ။ ကယ်ဆယ်ရေးတွေတော့ သွားကုန်ကြပြီတဲ့။

ဒါဟာ ဒုက္ခတဲ့လား

ယခုလတစ်လလုံးက အဆိုးမြင်မယ်ဆို မြင်စရာတွေချည်း ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက်ဝမ်းနည်းနေသူများလည်းရှိမည်။ သို့မဟုတ် ဒီလို ဖြစ်နေခြင်းသည်ပင် လောက မဟုတ်ပါလောဟု ဆင်ခြင်နေသူများလည်းရှိမည်။ ဒါတွေကို ဖြစ်ပြီး ပျက်တဲ့ သဘာဝတွေပဲ ဟု သံဝေဂ ယူနေသူများလည်း ရှိနေပေမည်။

မငြိမ်မသက်နှင့်အာရပ်က ပြန်စကြည့်သည်။ အာရပ်ကမ္ဘာသည် အပြောင်းအလဲ ကာလကို ဖြတ်သန်းနေခြင်းသာ ဖြစ်မည်။

ငလျင်။ ဆူနာမီ။ စူပါမွန်းတွေ ကရော။ ဂျပန်သည် ပြာပုံထဲက ပြန်လည်ရှင်သန်လာသော ဖီးနစ်ငှက် ဖြစ်သည်။ အဏုမြူဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ဖူးသော တစ်နိုင်ငံ တည်းသော တိုင်းပြည်ဖြစ်သည်။ ဒီ အကျပ်အတည်းကိုလည်း သူတို့ ကျော်လွှားနိုင်ကြမည်တော့ထင်ပါရဲ့။

ကပ္ပကောလာဟလကရော။ ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေးပဝေသဏီထဲက ကြောက်ခဲ့သည့် ကိစ္စဖြစ်သည်။ ကမ္ဘာကြီးသည် အခုထိ သက်ရှိတို့ရှင်သန်ဖို့ သင့်တော်လောက်အောင် ကောင်းနေသေးသည်။

ငလျင်တွေလှုပ်တာ စိပ်လာသည် ဆိုတာကရော။ ဒါကလည်း မှတ်တမ်းတင်နိုင်သမျှအရ ပြောရတာ ဖြစ်သည်။ လူသားတို့သည် ရှင်ကျန်ရစ်နိုင်သူများ ဖြစ်ခြင်းကြောင့်သာ ယခုလို သတ္တဝါတွေထဲ မှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်သည်။

ကိုယ့်အမြင်နဲ့ကိုယ်

ဘေးဆိုးတွေကတော့ရှိနေဦးမည်။ ဘေးဆိုးများကို ကြောက်လန့်နေသူများလည်းရှိမည်။ ဘေးဆိုးများကို ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ဝိုင်းဝန်းကူညီကြသူများလည်းရှိနေမည်။ ကိုယ့်တစ်ဖို့ထဲ ကြည့်နေသူတွေလည်း ကမ္ဘာတည်သရွေ့ ရှိနေမည် ဖြစ်သလို ကိုယ်ကျိုးစွန့်သူတွေကလည်း ရှိနေမည်။ သေဆုံးသွားသူများအတွက် ဆုတောင်းနေသူများလည်းရှိမည်။ သေဆုံးသွားသူများအတွက် ဖြေမဆည်နိုင်သူများလည်းရှိမည်။

ရာဂန္တရကပ် (ရောဂါဆိုးဖြင့် အထူး နှိပ်စက်တတ်သော ကပ်) သတ္တန္တရကပ်၊ (ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သော ကပ်)၊ ဒုဗ္ဘိက္ခန္တရကပ်(အစားအစာ ငတ်မွတ်ခေါင်းပါးသောကပ်) ဆိုသော ကပ်သုံးပါးမှ ကမ္ဘာသူ ကမ္ဘာသားများအတွက် အန္တရယ် ကင်းရှင်းရေး မေတ္တာပို့ နေသူများလည်း ရှိနေပေမည်။ ဒါတွေကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ကာ တရားနားလည်နေပြီ ထင်နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများ အတွက် ကံတရားကို အပြစ်ဖို့နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများအတွက် ဘုရားသခင်ကို အသနားခံ ဆုတောင်းနေသူများရှိနေမည်။

လမ်းအစစ်

ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့၊ တကယ့်ချမ်းသာအစစ်၊ တည်မြဲရာအစစ် (နိရောဓသစ္စာ) ကို ရရှိ ရောက်ရှိ သိနားလည်ဖို့ တကယ့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ – ဒုက္ခသစ္စာ) ကို မမေ့ဖို့ နှလုံးသွင်း သတိရနေဖို့ ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ကျော်ကပင် ”ဝယ ဓမ္မာ သင်္ခါရ အပ္ပမာဒေန သမ္မာဒေထ” နည်းလမ်းပေးခဲ့လေသည်။

ဒါပေမယ့် ကျွန်ုပ်တို့ ….. ”ကိုယ်နားလည်သောဒုက္ခများ”ကို ဗုဒ္ဓ မမေ့ဖို့ မှာကြားခဲ့သည့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ…ဒုက္ခသစ္စာ)အဖြစ် ထင်မှတ် နေလေသည်။

ဗုဒ္ဓက ဒုက္ခ ဟု နားလည် ရာ တွင် အဆင့် (၃) မျိုးခွဲပြခဲ့သည်။

၁) ဒုက္ခ ဒုက္ခ

(ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊ စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။) သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။

ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။

child injured within the Gaza war

၂) ဝိပရိဏာမ ဒုက္ခ  

(အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းနေရသော maintenance – adaption ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)

မိုးကုတ်ဆရာတော်ကြီးမှ အဝတ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။

၃) သင်္ခါရ ဒုက္ခ 

(တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ….မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။

ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ……သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် မမေ့ဖို့ – နှလုံးသွင်းဖို့ ဗုဒ္ဓ ကိုယ်တိုင် နည်းပေး မှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။

– သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိ

ထို သင်္ခါရ ဒုက္ခတွင် မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော စွမ်းအင်သတ္တိရှိလေသည်။

ထို စွမ်းရည်သတ္တိသည် ပထမဒုက္ခ နှင့် ဒုတိယဒုက္ခ (ဒုက္ခ ဒုက္ခ နှင့် ဝိပရိဏာမ ဒုက္ခ) များကို အဟုတ်ထင်အောင်၊ အတည်ယူအောင်၊ ကြောက်လန့်နေအောင် ဖန်တီးပြုလုပ်နေလေသည်။

toxic sign by Quantum Physics

တနည်းအားဖြင့် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊ စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း တကယ့် ဒုက္ခအစစ် အဖြစ် – အထင်မှားနေအောင် မပြောင်းမလဲ တသမတ်တည်း လှည့်စားပြုလုပ်နေလေသည်။

လက် မ ခံ နိုင် နား မ လည် နိုင် သေး သ ရွေ့
Creation of things with LEGO plastic models

အဆိုပါ သင်္ခါရဒုက္ခ နှင့် သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိကို သဘောမပေါက်သရွေ၊ မေ့လျော့နေသရွေ့၊ နားမလည် လက်မခံသေးသရွေ့၊ နှလုံးမသွင်းတတ်သေးသရွေ့ ……..

ကျွန်ုပ်တို့သည် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ …… နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊ စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း …. တကယ့်ဒုက္ခများ အဖြစ် အဟုတ်ထင်ကာ အတည်ယူလျှက် ကြောက်လန့်လို့မဆုံး၊ သံဝေဂယူလို့မဆုံး၊ သနားလို့မဆုံး၊ ဝမ်းနည်းကြေကွဲလို့မဆုံး၊ မေတ္တာပို့လို့မဆုံး၊ ဆုတောင်းလို့မဆုံး၊ အပြစ်တင်လို့မဆုံး၊ တရားခံရှာလို့ မဆုံး ဖြစ်နေပေမည်။

ကျွန်ုပ်တို့၏ ”အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဟူသော ဩကာသကန်တော့ချိုးသည်လည်း ဘယ်တော့မှ အဆုံးသတ်တော့မည် မဟုတ်ပေ။

အသေမဦးခင် …ဉာဏ်ဦးဖို့ ဆိုသည်မှာလည်း အပြောသက်သက်သာလျှင် ဖြစ်ချေတော့မည်။

(ကိုးကားချက်။ ။ မိုးကုတ်ဆရာတော်ကြီးဦးဝိမလ၊ သဲအင်းဂူဆရာတော်ကြီး ဦးဥက္ကဌ နှင့် သန်လျှင်သဘာဝရိပ်သာမှ ဆူနာမီဆရာတော် ဦးဥတ္တမသာရ တို့၏ ဟောကြားမှုများ ၊ အီးလဲဗင်း ဂျာနယ်မှ ဇေဝင်းနောင် ၏ မတ်လဆုတောင်း ဆောင်းပါး)

ခင်မင်လေးစားလျှက်

စိုးဝင်းထွဋ်

14 comments

  • nature

    April 1, 2011 at 4:33 pm

    အင်း ဆူးကဦးသွာပြီ၊
    ကျနော်တို့သည်ယ္ခုအခါ ယပြ်ပစ်ရှစ်ပါးမှကင်းလွတ်နေပြီး တရားရအောင်မကျင့်နိုင်ခြင်းမှာ လူရဲ့အပြစ်ပင်ဖြစ်ပေသည်။

  • nature

    April 1, 2011 at 5:50 pm

    ဆုဆိုတာတောင်းနေရုံနဲ့မရပါ၊
    မိမိလိုချင်သောဆုကိုပြည့်စေတတ်သော အကြောင်းတရားများကို လိုက်နာကျင့်ကြံမှသာလျှင် တောင်းသောဆုပြည့်နိုင်ပါသည်။

  • MaMa

    April 2, 2011 at 12:40 am

    ယပ်ပြစ်မဟုတ်ပါ။ ရပ်ပြစ်သာ ဖြစ်ပါကြောင်း။
    ရပ်ပြစ် = အပြစ်ရှိသောအရပ် (ကုသိုလ်ကောင်းမှု မပြုလုပ်နိုင်၊ မရရှိနိုင်သောအရပ်, ဥပမာ- ငရဲ, တိရိစာ္ဆန်, အရူပဗြဟ္မာ)

  • bigcat

    April 2, 2011 at 1:48 am

    ရိုးရိုးလေးနဲ့တာသွားသော စာကောင်းတပုဒ် ဖြစ်ပါသည်။ မနေ့က ရွာထဲက ဓမ္မဥယျာဉ်ဆရာတော် အရှင်Eindaka ပြောသလို သစ္စာလေးပါး၊ သင်္ခါရတရားတို့ကို နားလည်အောင်ကြိုးစားရာတွင် ပကတိသဘောကိုမြင်ရန် အရေးကြီးလှပါသည်။

  • char too lan

    April 2, 2011 at 7:04 am

    ယူတတ်သလောက်တန်ဖိုးရှိတာမို့ နိုင်သလောက်ယူသွားတယ်။
    ကျေးဇူးအထူးတင်ပါတယ်

  • char too lan

    April 2, 2011 at 7:04 am

    ယူတတ်သလောက်တန်ဖိုးရှိတာမို့ နိုင်သလောက်ယူသွားပါတယ်။
    ကျေးဇူးအထူးတင်ပါတယ်

  • kai

    April 2, 2011 at 8:59 am

    အဲဒီလိုနဲ့… တရားသွားထိုင်… များများဆုတောင်း..များများမေတ္တာပို့လို့..
    ငလျှင်လည်းမလာဘူး..။ ဆုနမိလည်းမထိဘူး..။ မုန်တိုင်းလည်းမကျတော့ဘူး..။ စူပါမွန်းတို့..ဥက္ကာပျံတို့ဝင်ဆောင့်မှာလည်း မရှိတော့ဘူးဆိုရင်..သိပ်ကောင်းမှာပဲနော..။

    အင်း..။
    မြန်မာတွေ.. ဒီအတိုင်းဆို.. ထပ်လာဦးမဲ့..သဘာဝဘေးတွေနဲ့.. ထပ်ခါထပ်ခါ သေကြဦးမှာပဲ..။

    … ဧရာဝတီတိုင်းက.. နာဂစ်ထိခဲ့တဲ့နေရာတွေသွား.. ပညာပေးတွေလုပ်..။ ခိုင်ခံတဲ့ အမိုးအကာတွေနဲ့.. ဆုနမိ အကာအရံတွေ ကူဆောက်ပေး..။ အရေးပေါ် ကယ်ဆယ်ရေးအခြေခံစခန်းတွေ..ဆောက်ခိုင်းထား..။
    ရန်ကုန်လို မြို ့ထဲက.နှစ် ၅ဝအထက်တိုက်ဟောင်းတိုက်ဆွေးတွေကို လူတွေမနေအောင် ..ဆိုင်ရာအာဏာပိုင်တွေဆီတိုင်..။တိုက်တွန်း..
    လုပ်ငန်းရှင်တွေနဲ့ပေါင်း.. ကန်ထရိုက်တိုက်တွေပြန်ဆောက်..။ တိုက်တွေမှာ..ငလျှင်မြေဖြစ်တဲ့အတွက်.. ငလျှင်နဲ့ဆိုင်တဲ့ ဒဏ်ခံဒီဇိုင်းနဲ့ပစ္စည်းတွေသုံးဖ်ု့..အာဏာပိုင်တွေမှာ ..ဆောက်လုပ်ရေး နည်း.စည်းကမ်းဥပဒေတွေထုတ်ဖို့ဆော်အောပေး..။
    …။
    …။

    နောင်ဘေးတွေကပ်တွေကျလာရင် … မြန်မာတွေ.. ၁သိန်းသေမှာ.. တသောင်းပဲသေတာဖြစ်မယ်..။ ၁သောင်းသေမှာကနေ..၁ထောင်ဖြစ်မယ်..။ သေတဲ့သူတွေကို.. စံနစ်တကျ.. သဂြိုလ်နိုင်မယ်..။ အမှတ်တရလုပ်နိုင်မယ်..။ ကျန်ရစ်သူတွေ ဘဝမပျက်အောင် အကူအညီတွေပေးကြမယ်..။ အလုပ်အကိုင်ပြန်ဖေါ်ပေးမယ်..။

    အဲဒီလို ဖြစ်စေချင်လိုက်တာ…။

    သင်္ခါရဒုက္ခ နှင့် သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိကို သဘောမပေါက်ကြသေးဘူး.. မေ့လျော့နေကြဆဲ..။ နားမလည် လက်မခံကြေသေး.. နှလုံးမသွင်းမမှန်ကြသေးဘူးထင်ပါတယ်..။
    သေကြရဦးမယ်..။ ကြောက်တာမို ့..အထပ်ထပ်သေမယ်..။ အယူမှားတာမို ့.. သံသရာအဆက်ဆက်..သေကြဦးမယ်..။

  • ငှက်ကြီး

    April 3, 2011 at 12:38 pm

    အရမ်းကောင်းတဲ့ပို ့စ်လေးပါ။ ကျေးဇူးတင်ပါတယ်။

  • manawphyulay

    April 3, 2011 at 2:07 pm

    သံသရာ လည်နေသရွေ့ ဒီဘေးဒုက္ခ ဝဋ်ဒုက္ခက မလွတ်ကင်းနိုင်ပါဘူး။ ကောင်းမှုကုသိုလ်များများလုပ်မယ်ဆိုရင်တော့ နည်းနည်းပေါ့သွားမယ်လို့ မြင်မိပါတယ်။ ဪ အနစ္စ အမြဲမရှိပါတကား…………

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 3, 2011 at 2:17 pm

    ဟုတ်ဘူးလေ
    ရပ်ပြစ်ရှစ်ပါးဆိုတာက
    ငရဲ, တိရိစာ္ဆန်, အရူပဗြဟ္မာ
    ဒီလောက်ဘဲလား 🙂 🙂 🙂

  • unclegyi1974

    April 3, 2011 at 3:14 pm

    ကိုခိုင်ရဲ့အမြင်တွေကအမြဲလန်းနေတာ
    မြန်မာ့တွေးနည်းတွေနဲ့မနည်းလိုက်နေရတယ်

  • kopauk mandalay

    April 3, 2011 at 4:51 pm

    အနစ္စ ဆိုတာတော့ မကြားဘူးသေးဘူးဘူး
    အနဂ္ဂတော့ သိတယ်

  • nigimi77

    April 4, 2011 at 4:38 am

    ဆုတောင်းလို ့သာရမယ် ဆိုရင် ဆုတောင်းကြည့်ရအောင်။
    များများသေကြပါစေ။
    မြန်မြန်သေကြပါစေ။
    တကမ္ဘာလုံး ငလျင်ကြီး ဆက်တိုက်လှုပ်ပါစေ။
    ဆူနာမီကြီးတွေ ဖြစ်ပါစေ။
    မုန်တိုင်းကြီးတွေကြပါစေ။
    ကျုပ်နဲ ့ ကမ္ဘာပေါ်မှာ အချောဆုံး ကောင်မလေးတွေပဲ အသက်ရှင် ကျန်ခဲ့ပါစေ။

    ပြီးမှ သူတို ့လေးတွေနဲ ့ အတူ ကောင်းမှု ကုသိုလ်တွေ လုပ်လိုက်ဦးမယ်။

    ဆုတောင်းတာနော်။

Leave a Reply