G-talk ခြင်း နှင့် B-Blogging

zoxnetApril 7, 20111min880

ပို့စ်တိုင်တယ်လ် ကို ဖတ်မိပြီး ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းတွေလည်း ကျွန်တော်တို့ အရင်ရေးခဲ့ကြတဲ့ တဂ်ပို့စ်အဟောင်း ဂျီတော့ခ်ချည်း သုံးမယ့်အစား ဘလော့ဂ် တင်ပါလားကို သတိရမိကြမယ်ထင်ပါတယ်။ ဒီ ပို့စ်လေးကိုလည်း တဂ်ပို့စ်လေး အဖြစ်ပဲ ကျွန်တော် ထပ်မံရည်ရွယ်ချင်ပါတယ်။ ဂျီတော့ခ်မှာ စကားပြောခြင်း အတတ်ပညာ နဲ့ ဘလော့ဂ်ဖန်တီးခြင်း အတတ်ပညာ တွေရဲ့ ကွာဟမှုကိုလည်း ဖလှယ်ချင်တဲ့ ဆန္ဒလေး တစ်ခုလည်း ပေါ်ပေါက်လာရတဲ့ အတွက် ဒီပို့စ်လေးကို ရေးမိပြီး တဂ်ဖြစ်သွားတယ် ထင်ပါတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ဂျီတော့ခ် သုံးစွဲဖို့ အတွက် လိုအပ်ချက်ဘာတွေ ရှိမလဲဆိုတာ ကျွန်တော် လက်လှမ်းမှီသလောက် ပြောချင်ပါတယ်။ တစ်အချက် အနေနဲ့- ကိုယ်ပိုင်ကွန်ပျူတာ မလိုပါဘူး။ ရန်ကုန်မြို့ရဲ့ အင်တာနက် ဆိုင်တိုင်းလိုလိုမှာ ဂျီတော့ခ် အင်စတော လုပ်ပြီးသားရှိပါတယ်။ နှစ်အချက်အနေနဲ့ ဂျီတော့ခ်သုံးစွဲဖို့အတွက် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အတတ်ပညာ များများစားစား မလိုပါဘူး။ မောက်စ်ကိုင်တတ်ပြီး Screen က Arrow ကို ကြည့်တတ်ရင် လုံလောက်ပါတယ်။ သုံးအချက်အနေနဲ့- အကောင့်ဖွင့်တတ်ဖို့လည်း မလိုပါဘူး။ ၂၀ဝ ပေးရင် ဆိုင်တွေက အကောင့်ဆားဗစ် ပေးကြပါတယ်။ ဟုတ်ပါပြီ။ ဂျီတော့ခ်ကိုပဲ ကမာ္ဘတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက လူကြီး လူငယ် လူလတ် တွေ အားလုံး ဂျီတော့ခ်မှာ လူပေါင်းမြောက်များစွာနဲ့ ချက်တင်လုပ်ကြရင်း အရိုးဆွေးကြရပါတယ်။ အင်တာနက် ဆိုတဲ့ ကမာ္ဘရွာကြီးဆိုတာဟာ သူတို့ အတွက် ဂျီတော့ခ်မှာပဲ အဆုံးသတ်ကြပါတယ်။ အလွန့် အလွန် ကံကောင်းတဲ့သူတွေသာ Googling နဲ့ နီးစပ်ကြရပါတယ်။ တကယ်လိုအပ်လို့ သုံးစွဲနေတဲ့ G-talker တွေလည်း ရှိကြပါတယ်။ ဝါးလုံးတစ်လုံးနဲ့ ကျွန်တော် သိမ်းကျုံးရိုက်နေတာ မဟုတ်ပါဘူး။ သုံးတတ်ရင် ဘယ်အရာမဆို အများကြီး အကျိုးရှိပါတယ်။ ကျူဖို့ ငြူဖို့ လောက်သာ G-talk ကို သုံးစွဲနေကြရင် အချိန်တွေသာ ကုန်သွားမယ်၊ ကိုယ်လည်း ဘာမှ မဖြစ်လာနိုင်သလို ကုန်သွားတဲ့ အချိန်တွေဟာလည်း အများကြီး နှမြောဖို့ ကောင်းပါတယ်။ အဲ့ဒီ ကျူဂရုပ်(ကျူနေသူများ အုပ်စု) တွေလည်း မိမိတို့ ကျူနေတဲ့ အချိန်မှာ တစ်ခါလောက် သတိထားကြည့်ပါ။ ဘယ်သူကမှ မိမိတို့ကို အထင်ကြီးတဲ့ မျက်စိနဲ့ မကြည့်သလို မိမိတို့ သိက္ခာတွေလည်း ဘယ်နှပြားဖိုးလောက် ကျန်ခဲ့မယ်ဆိုတာကို တွက်ကြည့်သင့်ပါတယ်။ မိမိတို့ (လူကြီး၊ လူလတ်) ကိုကြည့်ပြီး နောင်တက်လာမယ့် လူငယ်တွေကိုလည်း အတုယူမှားနေကြတယ် ဆိုတာကို ကိုယ်ချင်းစာပြီး သဘောပေါက် နားလည်ကြဖို့ လိုပါတယ်။ လက်ရှိကျွန်တော် ဒီပို့စ်ကို ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့် အနားမှာ ၁၅ နှစ် ဝန်းကျင် ကောင်မလေး တစ်ယောက် G-talk နဲ့ တဘက်က ယောက်ျားသား တစ်ယောက်ကို ဖွဲ့ဖွဲ့နွဲနွဲ့ ပြောနေတာကို ကြားနေရပါတယ်။ ဟုတ်ကဲ့၊ အားအားရှိ G-talk ချည်း ထိုင်နေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာနိုင်မလဲ။ ဘယ်လိုပညာတွေ ရလာနိုင်မလဲ။ တွေးဆကြည့်ပေးကြပါ။

မြန်မာပြည်မှာ ဘလော့ဂါ မြောက်မြားစွာ ရှိကြပါတယ်။ အဲဒီ အထဲက ၉၈ ရာခိုင်နှုန်းလောက်ဟာ အကျိုးပြု ဘလော့ဂါတွေပါ။ အင်တာနက် စာမျက်နှာကနေ သူတို့ရဲ့ ဘလော့ဂ်ကို ဝင်ရောက် လိုက်မယ်ဆိုရင်ပဲ ကြည့်ရှုသူအတွက် အကျိုးရှိမယ့် အကြောင်းအရာတွေကိုပဲ ပေးတတ်ကြပါတယ်။ အနည်းဆုံး တစ်ခုလောက်တော့ ဝင်ရောက်သူတွေဘက်က ရသွားနိုင်ပါတယ်။ ကိုယ်သိထားတဲ့ ပညာတွေ၊ သတင်းအချက်အလက်တွေကို တွန့်တိုခြင်း မရှိပဲ ရက်ရက်ရောရော ပေးတတ်ကြပါတယ်။ အချင်းအချင်း ရိုင်းပင်းကြပါတယ်။ ကျူခြင်း၊ ငြူခြင်းကနေ ရှောင်ရှားကြပါတယ်။ ဘလော့ဂ်လောကထဲ စဝင်လာဖို့ အတွက် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့မလိုသလို၊ ဘလော့ဂ်ရေးဖို့ အတွက် ဘလော့ဂ်ကနေပဲ ပြန်လည် သင်ပေးသွားပါတယ်။ အိုင်တီပညာရှင်၊ ပရိုဂရမ်မာ မဟုတ်လည်း ဘလော့ဂ်ရေးဖို့ လွယ်ကူပါတယ်။ ဘလော့ဂ်ရေးခြင်းဖြင့် ကိုယ့်ရင်ဘတ်ကို လွတ်လွတ်လပ်လပ် ဖွင့်ဟနိုင်ပါတယ်။ အသိပညာတွေ တိုးပွားနိုင်ပါတယ်။ ဒါဆို ဘလော့ဂ်ဘယ်လို စရေးမလဲ။ Blogger.com ကတော့ အခုလောလောဆယ်မှာ ဘန်းထားပါတယ်။ ကျော်ခွရတဲ့ ဒုက္ခတွေနဲ့ ငြိတွယ်နိုင်ပါတယ်။ ဒါပေမယ့် နံမည်ကြီး Blog Platform တစ်ခုဖြစ်တဲ့ WordPress ကတော့ hosting လိုပါတယ်။ freehosting နဲ့ အသုံးပြု ဖန်တီးလိုသူတွေ အတွက် wordpress blog ပြုလုပ်နည်းကို ဒီလင့်က် မှာ သွားရောက်ဒေါင်းနိုင်ပါတယ်။ နောက်တစ်ခုကတော့ myanmarpress မှာလည်း ဖရီးဘလော့ဂ်တွေကို ဝန်ဆောင်မှုပေးပါတယ်။ အချိန်အနည်းငယ်လေး ပေးပြီး သွားရောက် လေ့လာကြည့်ပါ။ ဖန်တီးကြည့်ပါ။ Talking နဲ့ Blogging ရဲ့ ကွာခြားတဲ့ အရသာကို ခံစားသိရှိရပါလိမ့်မယ်။