အထီးကျန်… သိမ်ငယ်မှုများစွာရယ်.. (၁)

စဆရ ႀကီးApril 18, 20111min1228

၂၀၁ဝ ခုနှစ်၊ ဇွန်လ ၁၃ ရက်
နံနက် ၁ဝး၃၅

၁။ MI 512 လေယာဉ်ဘီးပြေးလမ်းပေါ်သို့ ခြေချမိသည်နှင့် လေယာဉ်၏ထိုင်ခုံပေါ်တွင် ခါးပါတ်ကို တင်းကျပ်စွာပါတ်ထားသော ကျွန်ုပ်၏ ကိုယ်သည်ကား မလှုပ်ရှားနိုင်သော်ငြား တားမရ၊ ဆီးမရ ခုန်နေသော ရင်သည် ငြိမ်သက်ခြင်း အလျင်း မရှိ၊ မြန်မာပြည်ကို ပြန်ရောက်လေပြီ။ ပြောမပြတတ်အောင် ကြည်နူးခြင်း ရှိလှပါဘိ။

၂။ ခက်ခဲကြမ်းတမ်းလှစွာသော Immigration ကိုဖြတ်သန်းပြီးသကာလ မှန်သားပြင်မှ မြင်နေရသော ကြိုဆိုနှုတ်ဆက်သူများ အလျှိုအလျှို ပြန်သွားသည့်တိုင် ကျွန်ုပ်အား လက်ပြနှုတ်ဆက်နေသည့်သူ တစ်ဦးတစ်လေမှ မရှိပါတကား။ ဝမ်းနည်းစရာကောင်းလှပေသည်။
အိုဘယ့်… ရှူံးနိမ့်မှုများနဲ..လူ၊ အသင်သည်ကား တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်ပေတော့သည်။

နေရာ – တရုတ်ပြည် ကွမ်ကျိုးလေဆိပ်တစ်နေရာ

၃။ ” ရည်မွန်ဗလ… ရည်မွန်ဗလ”

ကျွန်တော်သည် မိမိလက်ဝယ်တွင်းရှိ စာရွက်များမှ နာမည်ပိုင်ရှင်တစ်ဦးအား အသံပြဲကြီးဖြင့် အော်ဟစ်ခေါ်နေလေ၏။ တုန့်ပြန်သံမကြားရ.. ဇောချွေးများပင်ပျံလာ၏။ ဘယ်နေရာမှာများ ကျန်နေခဲ့ပါလိမ့်??

ကောင်မလေးချောချောတစ်ယောက်များမှ ဖြစ်ပါလေစ??

မရှင်းလင်းမည်စိုးသဖြင့် ထပ်မံရှင်းပြရပေမည်။

ဒူဘိုင်းသို့ အင်တာဗျူးအောင်ပြီး စုစုပေါင်း မြန်မာ ၁၂ဦး သွားရောက်ကြရာ Agency မှ ရန်ကုန်လေဆိပ်အရောက် လိုက်လံပို့ဆောင်ပြီးသကာလ ၎င်းတို့၏ လုပ်ငန်းတာဝန်ပြီးမြောက်ပြီဖြစ်သောကြောင့် ကျွန်န်ုပ်တို့ လူတစ်သိုက်အား စိတ်ချလက်ချ၊ ဖြစ်ချင်ရာဖြစ် ထားခဲ့ပြီးသောအခါ အနှီ ငမိုက်သား ၁၂ ယောက်မှာကား လေဆိပ်တွင် မျက်လုံးကလေးများ ကလယ်၊ ကလယ်ဖြင့် ကျန်ရစ်ခဲ့လေသတည်း။

ထိုစဉ်အခါ အနှီသကောင့်သား/သမီးများ စဉ်းစားကြသည်မှာ ဘယ်သူ့ကို ဆရာတင်ရပါ့ဆိုပြီး ဖြစ်လေ၏။ ၎င်းတို့၏ ပုံမကျ ပန်းမကျမျက်ဝန်းတွင် အသက်အနည်းငယ်ကြီးသည်ဟုထင်ရသော၊ စ လုံးရောက်ဖူးသည်ဟု ဆိုသော သကောင့်သား ကျွန်တော်မှာ ၎င်းတို့၏ ပစ်မှတ်ကျပြီး ကန့်ကွက်မဲမရှိ၊ ကြိုတင်ထောက်ခံမဲဖြင့် Group Leader ဖြစ်ခဲ့လေ၏။

ဆက်ပါမည်..

လူအုပ်ကြားမှ မနည်းကြည့်ယူရသော သန်မာထွားကြိုင်းလှသည့် (ချစ်စနိုးအမည် “ဗလ”)ဆိုသော အနှီ သကောင့်သားသည် ထွက်ပေါ်လာပေ၏။ ဘု ကြည့်ကြည့်ရင်း ကျုပ် ရဲမွန်ဗလဗျ၊ ရည်မွန်ဗလ မဟုတ်ဘူး ဟု ဒေါသသံဖြင့် ဖြေလေသည်။ ဪ English စာလုံးပေါင်းများ ခက်လှပါဘိ။

၄။ လေယာဉ်ပေါ်တွင် အိပ်ပျော်နေရာမှ ရုတ်တရက် သီချင်းသံရပ်သွားပြီး စကားပြောသံကြားခြင်းကြောင့်လည်းကောင်း၊ သိမ့်ခနဲ သိမ့်ခနဲ တုန်ခါသွားခြင်းကြောင့်လည်းကောင်း အိပ်ပျော်ရာမှ နိုးထလာသည်။ ပြည်မကြီးသံရောသော China Southern Air Line (CSA) လေယာဉ်မယ် တရုတ်မလေး၏ စကားပြောသံကို နားဆင်မိလို်က်ရာ ရာသီဥတုဆိုးဝါးနေကြောင်း ကြားသိရသဖြင့် ဘေးမှ သူများအားနှိုးရာ တုတ်တုတ်မျှ မလှုပ်ကြပါလား။

လေယာဉ်ဘီး ပြေးလမ်းနှင့်ထိတွေ့သည်ကို သိလိုက်သော ခဏမှာပဲ ဪ… ငါ မြန်မာပြည်နဲ့ ဝေးပါရော့လားဆိုသောအသိက ရင်မှာဝမ်းနည်းခြင်းတစ်ခုကို ခံစားမိပေသည်။ ထိုနေ့က ဒူဘိုင်းတွင် ထူးထူးဆန်းဆန်း မိုးရွာနေသည်။ ရေနှုတ်မြောင်းမရှိသော လမ်းမများမှာ ရေတွေ လျှံနေ၏။ ရေနှုတ်မြောင်းများ တစ်ဖက်တစ်ရပ် ခြံရံနေသော ရန်ကုန် မိုးတွင်းကို သတိရမိပြန်လေသည်။

၅။ Company မှ လာကြိုသောကားသည် ရုံးချုပ်ရှိရာ အဆောက်အဦးသို့ မောင်းနှင်ပြီး ကျွန်ုပ်တို့ ခဏတာနားခိုရာ အဆောင်သို့ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာသွားလေသည်။

သိပ်များမကြာမှီကာလမှာပင် မပြောမဆိုနှင့် ကျွန်ုပ်တို့တာဝန်ကျရာ နေရာအသီးသီးသို့ လိုက်လံပို့ဆောင်ပေးရာတွင် Group Leader အဖြစ် အများသဘောတူ ခန့်အပ်ခြင်းခံရသော ငမိုက်သားမှာ တစ်မြို့လုံးတွင် မြန်မာတစ်ယောက်မှ မရှိရာ၊ သွားလာရေးခက်ခဲရာ၊ Umm Al Quwain ဆိုသော မဲဇာအရပ်သို့ နှင်ထုတ်ခြင်းခံထားရသည်မှ ယနေ့ထိတိုင်အောင် ဖြစ်လေ၏။

မနေနိုင်၊ မထိုင်နိုင်စိတ်ဓါတ်ကြောင့် ဘယ်သူတွေ ဘယ်လိုပဲ သွေးခွဲပါစေ၊ ငါဟာ မြန်မာတွေထဲက မြန်မာပဲဆိုသော စိတ်ဓါတ်ဖြင့် အခြားသော သူများထံ မရောက်ရောက်အောင်သွား၊ ဖုန်းတွေ တဂွီဂွီ တဂွမ်ဂွမ်ဆက်ပါသော်ငြားလည်း မည်သူမျှ အဆက်အသွယ် ပြန်လုပ်ခြင်းမရှိကြပေ။

တစ်ခါတစ်ရံတော့ အသံမမြည်သော ကျွန်ုပ်၏ Mobile မှ အသံမြည်လာပါ၏။

သိပါသည်၊ တိကျသေချာသော အကြောင်းအရာတစ်ခုကြောင့်သာ ဖြစ်ပါသည်။ ၎င်းတို့တွင် Problem တစ်စုံတစ်ရာ ဖြစ်နေသောကြောင့်သာ ခေါ်ဆိုခြင်းဖြစ်ပါသည်။ အမှတ်မရှိသော ကျွန်တော်မှာ ၎င်းတို့ရှိရာ ငွေကုန်ကြေးကျခံ၊ သွားရောက်ဖြေရှင်းပေးပါသော်လည်း ၎င်းတို့ပြေလည်သွားသောအခါ ဒုံရင်း၊ ဒုံရင်း… အသံမမြည်သော ကျွန်တော့်ဖုန်းမှာ အသံတိတ်မြဲ တိတ်လျက်ပါလား။

Alarm သံလေးတွေကလွဲလို့ပေါ့။

(ဒီနေရာတွင် အထီးကျန်… ဆိုသောနေရာတွင် ရပ်ပါရစေ။
သိမ်ငယ်မှုများစွာကို အပိုင်း(၂) ဆက်ပါမည်)

စာကြွင်း – ယခုတစ်ခေါက် မြန်မာပြည်ခရီးစဉ်တွင်ကား ချစ်စရာ့ အပြုံးလေးနှင့် ဆီးကြိုနေမည့် မိန်းမချောလေး ရှိနေပါကြောင်း 😀

8 comments

  • antimoe

    April 19, 2011 at 3:08 am

    နောက်တစ်ခေါက်ဆိုရင် ချစ်စရာအပြုံးကလေးနဲ့ သားသားလေးပါ ဆီးကြိုနေပါစေ။
    ဒီထက်ပို၍….ပွပေါက်(ထီဆုကြီးပေါက်သကဲ့သို့) တိုးပြီး..မိမိနှစ်သက်သော တိုင်းပြည်မှာ မိသားစုနဲ့အတူ စိတ်ချမ်းသာစွာ နေနိုင်ပါစေ။

  • bigcat

    April 19, 2011 at 3:33 am

    မစိတ်နဲ့ မြင့်မိုရ်တောင် မောင်ဖြိုမှာ မစ္စတာကိုး…. နေစမ်းပါအုံး။ ရုပ်ရှင်ပြစက်မောင်းနေရာကနေ ဆိုင်းမဆင့်ဗုံမဆင့် ဘယ်လိုလုပ် ဒူဘိုင်းကိုရောက်သွားတာတုန်း….

  • zoe

    April 19, 2011 at 4:44 am

    အရေး အသားကောင်းပါ တယ် ။ ဒါဆို မကြာခင် ရှုံးနိမ့်မှူများနဲ့.. လူ ဆိုတဲ့ နံမယ် ပြောင်း ရတော့မယ် ထင် တယ် ။ 😛

  • ဆူး

    April 19, 2011 at 5:53 am

    ရုပ်ရှင် ပြစက် ဖွင့်တာ စောင့်ကြည့်ရင်း ဒူဘိုင်းရောက်သွားပြီ…
    ပရိတ်သတ်ကို ဟိုဟာ တဝက် ဒီဟာ တဝက် မလုပ်နဲ့လေ.. စောင့်ဖတ်ပေးနေပါတယ် ဆိုမှ…

    • ခုရေးတင်လိုက်ပါပြီဗျာ… ဒီညအတွက်တော့ စဉ်းစားနေတုန်းပါပဲ… ကိုယ်တွေ့အလုပ်သမားဘဝတွေ မကုန်မချင်းတော့ လက်ရှိအကြောင်းကို ဒီနေရာမှာပဲ တန်းလန်းကြီး ရပ်ထားလိုက်ပါကြောင်း

  • etone

    April 19, 2011 at 5:59 am

    အရေးသားကောင်းတာ ကိုယ်တောင် တကယ် ဇာတ်လမ်းထဲ ရောက်သွားသလို ခံစားမိပါတယ် … ။ အမိမဲ့သား ရေနည်းငါးလိုဖြစ်မှာ ကြောက်လို့ အီးတုံးတို့တော့ ဘယ်ကိုမှ မသွားဘူး 😀

  • ခင်ဗျားက နာမည်ပြောင်းသင့်နေပါပြီဗျာ။ ရှုံးပြီးသားလူမှ မဟုတ်တာ။ ကျွန်တော်ကတော့ ဒီတစ်သက်စာအတွက် ရှုံးပြီးသားလူပါ။ ကျွန်တော်က အက်ဆီးဒင့်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် အမွေအတော်များများရထားတော့ ဘဝမှာ နေပျော်တယ်။နေသာတယ်ပဲပြောရမှာပေါ့။ ကံကြမ္မာဆိုတာ ဒီလိုပါပဲ

  • တညင်သား

    April 21, 2011 at 2:36 am

    ကဲကဲဝိုင်းပြောနေကြပြီ ဘယ်လိုလဲ နာမည်ပြောင်း သင့်နေပြီနော်….

Leave a Reply