မိန်းမဟူသည် ချစ်သင့်ပါ၏လော???

စဆရ ႀကီးApril 22, 20111min18115

စတင်ပါမည်… ကိုယ်ပိုင်အမြင်သီးသန့်ဖြင့်သာ ရေးသားဆွေးနွေးပါမည်.. ကျန်ရှိသောသူများသည်လည်း ဝင်ရောက်ဆွေးနွေးမည်ဟု မျှော်လင့်ပါကြောင်း။

ဦးစွာပထမ ယောကျာ်းနှင့်မိန်းမတွင် သိသာခြားနားစွာ ကွဲပြားချက်မှာ နူးညံ့ခြင်းနှင့် သန်မာခက်ထန်ခြင်းဟူသော နှစ်ခု ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါလျက်နှင့် ပေါင်းဆုံမိရန်ကြိုးစားနေကြခြင်းနှင့် ပေါင်းဖက်ပြီးနောက် ထိုအရာနှစ်ခုကို မတူညီသောနှစ်ခု ပေါင်းစပ်ခြင်းမှ ထိုကဲ့သို့သော မတူညီရာ အရာပေါင်းများစွာကို မျိုးဆက်ပွား လက်ဆင့်ကမ်းလာသည်မှာ ယနေ့တိုင်အောင်ဖြစ်သည့်အတွက် ကျွန်တော်သည်လည်းကောင်း၊ ခင်ဗျားသည်လည်းကောင်း၊ သူတစ်ပါးတို့သည်လည်းကောင်း၊ ယောကျာ်း၊ မိန်းမတို့သည်လည်းကောင်း တည်ရှိနေကြခြင်း ဖြစ်ပေသည်မဟုတ်ပါလား။

ကျွန်တော့်အား လူ့လောက၏ ဆင်းရဲခြင်း၊ ချမ်းသာသုခအစရှိသည်တို့ကို ခံစားစေရန်အတွက် ကျွန်တော့်မိဘများမှ သားဟုကင်ပွန်းတပ်၊ လူ့ဘောင်လောကတွင်းမှ လူသားများ၏တာဝန်ကို ကျေပြွန်စွာထမ်းဆောင်ရင်း Mandalay၊ မျက်ပါးရပ်ရှိ တပ်တွင်းဆေးခန်းတစ်ခုတွင် လောကကြီးအား အငိုမျက်ဝန်းဖြင့်စတင်မွေးဖွားပေးခဲ့သည်။ ကျွန်တော်ထင်ပါသည်… ဒီလောကတွင် တစ်စုံတစ်ယောက်ငိုကြွေးနေခြင်းအား ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုကြသည်မှာ သားသမီးများ၏ မိဘများပင်ဖြစ်မည်ထင်ပါသည်။

ထိုအချိန်မှစတင်ပြီး ကျွန်တော်သည် လူသားပညတ်ချက်ထဲမှ သားယောကျာ်းလေးတစ်ယောက်အဖြစ်ဖြင့် ရှင်သန်ကြီးထွားလာခဲ့ပါသည်။ လူလားမြောက်ချိန် ဆယ်ကျော်သက်ဘဝတွင်မတော့ ဆန့်ကျင်ဘက် လိင်၊ အမျိုးသမီးများအကြောင်းကို Tea ဆိုင်တွင် ထိုင်ရင်း အတွေ့အကြုံရှိ အမျိုးသားယောကျာ်းများထံမှ သင်ယူခြင်းဖြင့်လည်းကောင်း၊ စာအုပ်စာပေ၊ ရုပ်ရှင်ဇာတ်လမ်းများမှ သဲလွန်စတစ်ချို့ကို ခြေရာခံရင်းနှင့် မိန်းမဟူသော ထိုမိန်းမသားတို့အား စိတ်ကူးဖြင့်ပုံဖော် ရင်ခုန်လှုပ်ရှားခြင်း ဖြစ်ရပေသည်။ စိတ်ကူးဖြင့် ပုံဖော်စိတ်ကူးယဉ်ကြည့်သောအခါ မိန်းမသားဟူသည်ကား မြတ်နိုးစရာလွန်စွာမှပင် ကောင်းလှပေ၏။

ကျွန်တော့်တွင်မရှိသော နှုတ်ခမ်းနီနီထွေးထွေးလေးများကို ဆေးလိပ်မသောက်သော သူမထံတွင် တွေ့မြင်ရသည်။ နွဲ့နှောင်းလို့မရသောကျွန်တော်သည် မိန်းမသားများ၏ နွဲ့နှောင်းယဉ်ကျေးမှုကို တွေ့ရသည်။ နူးညံ့မှုမရှိသော ကျွန်တော့်၏ အသားအရေများကို မည်သို့ပင် ပြုပြင်ထိန်းသိမ်းသော်လည်း ယောကျာ်းတစ်ယောက် စင်စစ်သာဖြစ်ခြင်းကြောင့် မည်သို့မျှ နူးညံ့သော အသားအရေမျိုး မပိုင်ဆိုင်ခဲ့ပါ။ ကျွန်တော်ချစ်သော အသားအရေမျိုးကို ပိုင်ဆိုင်ကြသည်မှာလည်း မိန်းမသားများပင် ဖြစ်လေသည်။ မိန်းကလေးတို့သည်ကား လစဉ် သွေးသစ်လောင်းနေကြသူများပင် မဟုတ်ပေလား။ ကျွန်တော်များ ယောကျာ်းသားမှာမူ မွေးစမှ သေဆုံးသည့်တိုင်အောင် သွေးဟောင်းများဖြင့်သာ လှည့်လည်ရှင်သန်နေထိုင်ကြခြင်းကြောင့် ကြမ်းတမ်းခက်ထော်ကြခြင်းဖြစ်ပါလိမ့်မည်။

လူသားတစ်ယောက်၏အလှကို အရင်ဆုံး အကဲဖြတ်ကြသည်မှာ ၎င်း၏ နာမည်လည်းမဟုတ်၊ ပညာမည်မျှတတ်သည်လည်းမဟုတ်၊ ငွေကြေးမည်မျှ ချမ်းသာသည်လည်းမဟုတ်ပါဘဲ မျက်နှာကိုသာ အရင်ဆုံးပြေးမြင် ဆုံးဖြတ်ကြသည်ချည်းသာဖြစ်သည်။ ထိုကဲ့သို့ လှပသောမျက်နှာများကို ပိုင်ဆိုင်ကြသည်မှာလည်း မိန်းမသားများသာ ရာခိုင်နှူန်းအတော်များများဖြစ်ပေသည်။ မြင်ဖူးသမျှ မိန်းမသားတိုင်းတွင်တော့ လှပမှုတစ်ခုကို ပိုင်ဆိုင်ထားကြသည်ချည်းသာဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့အား ပန်းပွင့်များနှင့်နှိုင်းယှဉ်ကာ ငယ်နုစဉ်တွင် အဖူးအငုံ၊ လှသွေးကြွယ်ချိန်တွင် ပွင့်အာနေသောအပွင့်၊ ကြီးရင့်လာသောအခါ ပွင့်ချပ်မရှိတော့သော ပန်းပွင့်များအလေလား တုယှဉ်နှိုင်း ခိုင်းနှိုင်းပြခြင်းဖြစ်သည်။ ဥပမာနှိုင်းကြသော ပညာရှင်များကို လွန်စွာမှပင် လေးစားလှပါသည်။ မိန်းမသားဟူသည်ကား ပန်းပွင့်များသာဖြစ်ပေသည်။ အလှပဆုံးပွင့်လန်းနေချိန်တွင် ပျားပုတုံးများမှ ဝတ်ရည်များကို လာရောက်ဆွတ်သုံးကြသည်မှာ များပြားလှသည်။ ဝတ်ရည်များ ကုန်ဆုံးပြီး ပွင့်ချပ်မဲ့နေသောကာလများတွင်သော်မျှ ၎င်းတို့သည် မျိုးဆက်များစွာကိုသယ်ဆောင်ထမ်းပိုးထားသော မျိုးဆက်ပြန့်ပွားသူများအဖြစ် တာဝန်ကျေကျေထမ်းဆောင်နေနိုင်ကြသေးသည်။

ဆက်ပါဦးမည်… မျက်စိပသာဒအလို့ငှာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် သာယာပြေပြစ်စွာ ရှင်သန်နေထိုင်ကြသည်မှာလည်း ထိုမိန်းမသားများပင်ဖြစ်ပါမည်။ ယောကျာ်းများမှာမူကား ကိုယ်လုံးလုံးကြီးတစ်ခုမှ အပေါ်တွင် ခပ်လုံးလုံး ခေါင်း(ဂေါင်း)ဟုခေါ်တွင်သောအရာတစ်ခုကိုထမ်းပိုး၊ ဘေးတစ်ဖက်တစ်ချက်တွင် သေးသွယ်သော ခြေတံလက်တံတို့ကို ဆန့်ထုတ်ထားသည့် စာခြောက်ရုပ်ပမာသာ ပုံနှိုင်းရပါမည်။ မည်သို့မျှ ဆွဲဆောင်မှု၊ လှပမှု တစ်စုံတစ်ရာကိုမျှ ဆောင်ကြဉ်းထားခြင်းမရှိပါ။ (ကြွက်သားအများအပြား လှပသော အမျိုးသားများကိုမဆိုလိုပါ)။ မိန်းမသားဟူသည်ကား မည်သို့မျှ ကြိုးစားအားထုတ်မှုမရှိသော်လည်း အပျိုဖော်ဝင်လာသည်နှင့် ဟော်မုန်းများမှ အလိုအလျောက် လှုံ့ဆော်မှုများကြောင့် ဖုသည့်နေရာဖု၊ နုသည့်နေရာနုနှင့် အတော်လေးပင် ကြည့်ကောင်းလာလေသည်။ ကံကောင်းလွန်းလှသူများသည်ကား အလှပဂေးဝင်ဖြစ်ပြီး ယောကျာ်း၊ မိန်းမတိုင်းအားကျရာ ချစ်ခင်မြတ်နိုးရာကို အတော်လေး ခံကြရပေသည်။

မိန်းမသားများအား ပိုင်ဆိုင်ခွင့်ရသော ယောကျာ်းသားများအတွက်မူ မိန်းမသားများသည် အမျိုးသားယောကျာ်းတို့အား ခံစားမှုရသအမျိုးမျိုးတို့ကို ပေးစွမ်းနိုင်ခြင်း ရှိကြသေးသည်။ ယောကျာ်းသားများအား အမြဲတမ်း အနိုင်ရနေသူဟု ၎င်းတို့ကိုယ်တိုင် တွေးယူကာ ကျေနပ်နှစ်သိမ့်စေခြင်း၊ မိန်းမသားတစ်ယောက်ဘဝအား ကာကွယ်စောင့်ရှောက်ပေးနိုင်သူဟု အထင်ကြီးစိတ်ဝင်စေခြင်း၊ လူသားမျိုးနွယ်၊ မိမိမျိုးနွယ်စုအား ဆက်လက်ရှင်သန်ကြီးထွားစေရန် အရေးကြီးသောနေရာမှ ဝင်ရောက်ဆောင်ရွက်နေသူဟု ယူဆစေခြင်းနှင့် သန်းခြောက်ထောင်ကျော်သော လူသားမျိုးနွယ်စုထဲတွင် မိမိကို်ယ်မိမိ လူသားတစ်ယောက်ပီသစေခြင်းတို့ကို စွမ်းဆောင်စေနိုင်ခြင်းဖြစ်ပေသည်။

ထိုအကြောင်းကြောင့် ကျွန်တော်သည် မိန်းမများကို အတော်လေးပင် ချစ်တတ်ပါ၏။ ကျွန်တော့်၏ မိန်းကလေးမှာမူကား ဆိုဖွယ်ရာပင် မရှိတော့လေပြီ။ အခြားသော ယောကျာ်းများသည်လည်း ကျွန်တော့်နည်းတူပင် ဖြစ်ပါလေလိမ့်မည်ဟု မျှော်လင့်ရင်း ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်လေးတစ်ခုကို အစပျိုးမိခဲ့ပါကြောင်း…။

15 comments

  • KoNyeinChan

    April 22, 2011 at 2:31 am

    မငြင်းပါဘူးဗျာ.. မှန်တာပြောတာကိုး.. ဒါနဲ ့စာရေးသူ မိန်းမကျမ်းကြေပုံထောက်တယ်.. အိတ်ထိယ ကျမ်းဖတ်ရသလိုဘဲ ဟီးးးးး လူတွေတင်စားကြတာလည်း ယောကျင်္ားနဲ ့မိန်းမဟာ ခန္ဓာကိုယ်က အရိုးနဲ ့အကြောလိုဘဲတဲ့..အရိုးဟာအကြောမရှိရင်အသက်မဝင်သလို.. အကြောဟာလည်အရိုးမရှိရင် မရပ်တည်နိုင်ဘူးလေ.. တင်စားကြတာပြောပါတယ်….

  • ဆူး

    April 22, 2011 at 5:41 am

    ချစ်တုန်းက ချစ်ပြီးမှ ဘာအခုမှ ချစ်သင့်ပါသလောလဲ..

    အဲဒီ စကား မချစ်ခင်က အရင်တွေးပြီး ချင့်ချိန်ရမှာ.. (((ဒါဆို လူပိုကြီး ဘဝ နဲ့ အရိုးထုတ်သွားရမယ်။)))

  • etone

    April 22, 2011 at 6:43 am

    ယောကျာင်္းတွေလည်း မိန်းမတွေလို လှချင်လျှင် လှလို့ ရပါတယ်… ။
    ထိုင်းမှာဆို ပေါမှပေါ ၊ ဖြတ် ဖောက် ချုပ် လုပ်လိုက်လျှင် မိန်းမစစ်စစ် အလန်းလေးတွေတောင် လိုက်မမီဘူးဆိုပဲ … ။

  • hmee

    April 22, 2011 at 7:15 am

    ရှုံး….လူ ပြောမှပဲ ကိုယ်ဘာသာ ဘယ်ပန်းအမျိုးအစားလဲ စဉ်းစားနေရပြီ။ အဖူးအငုံပန်း ၊ ပွင့်အာနေတဲ.ပန်း၊ ပွင့်ဖတ်တုံးတဲ့ပန်း အင်း ဘယ်ထဲမှာ ပါပါလိမ့်….း)

  • dream

    April 22, 2011 at 7:28 am

    မိန်းမဆိုတာ မရှိမကောင်း ရှိမကောင်းလို့တော့ ကြားဖူးတာပဲ
    ဒါနဲ့ စကားမစပ် ဆူးတွေနဲ့ ပန်းရော ရှိလားဟင် 😛

  • pisikway

    April 22, 2011 at 9:11 am

    မိန်းကလေးတွေက ထူးခြားလှပတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရှိရုံလောက်ပဲမဟုတ်ပဲ အမေတစ်ယောက်လို နွေးထွေးကြင်နာတတ်တယ် ၊ အစ်မတစ်ယောက်လို် အားပေးနှစ်သိပ်တတ်တယ်၊ အစ်ကိုတစ်ယောက်လို စိတ်ခွန်အားပေးနိုုင်တယ် ၊ ညီငယ်တစ်ယောက်လို အားကိုးတွယ်တာတတ်တယ် ၊ ညီမလေးတစ်ယောက်လိုဆိုးနွဲ့တတ်တယ် ၊ သူငယ်ချင်းကောင်းတစ်ယောက်လို တိုင်ပင်ဆွေးနွေးပေးတတ်တယ်။

  • KoNyeinChan

    April 22, 2011 at 9:54 am

    pisikway ဘယ်လိုသက်သေပြနိုင်မလဲ…

  • Shwe Tike Soe

    April 22, 2011 at 10:21 am

    အင်း ပိစိကွေးပြော သလို မိန်းမဆို ရင်တော့ မစဉ်းစားနဲ.ချစ်လိုက်….

  • OQ23

    April 22, 2011 at 3:03 pm

    မိန်းမဆိုတာမျိူးကကောင်းတာရှိသလို၊မကောင်းတာတွေလဲအများကြီး
    ချစ်တာကတော့မိန်းမမှမဟုတ်ပါဘူး။
    လူသားအားလုံးကိုချစ်လို့ရပါတယ်။
    ကိုယ့်အတွေးနဲ့ကိုယ်ပေါ။့

  • kai

    April 22, 2011 at 6:37 pm

    ချစ်ကြ..ချစ်ကြ..
    ချစ်မေတ္တာဆိုတာ ..ကောင်းတဲ့အလုပ်ပ..။
    အဖိုက အမကိုချစ်..
    အမကလည်းအဖိုကိုချစ်.. ဒါကသဘာဝ..။
    ချစ်ယုံတင်မက… အဆစ်တွေပါထွက်လာအောင်လုပ်ဟ။
    ဒါမှ.. အဖိုအမ တာဝန်ကြေမယ်ခင်ဗျ..။ 🙂

  • niyezaw

    April 23, 2011 at 9:17 am

    မိန်းမဟူဘိ
    ထို ဣိတ္ထိကား
    မရှိမကောင်း
    ရှိမှကောင်း၏
    မပေါင်းလည်းခက်
    ပေါင်းလည်းမက်၏
    -း)

    မန်လည်ဆရာတော်ကြီးရှိသေးရင်တော့ ကြိမ်လုံးနဲ့လာဆော်မယ်နဲ့တူတယ်။

  • naywoonni

    April 23, 2011 at 1:59 pm

    သူကြီးရေ…….. တာဝန်ကျေရုံလောက်ပဲ ချစ်မယ်ဆိုရင်တော့ မကောင်းသေးဘူးနဲ့တူပါရဲ့…..။ အဟဲ ကြင်နာယုယ နားလည်းမှုလေးတွေလည်းပါမှဗျ…….

  • noob

    April 23, 2011 at 7:04 pm

    မိန်းကလေးတိုင်း ချစ်ဖို(သင့်တယ်)ကောင်းတယ် ဂျီးမများဘူးဆိုရင်ပေါ့ အဆိုတော်မာမာအေး သာအပျို ကလေးအရွယ်ဆိုလိုကတော့ ချစ်ရေးကိုဆိုပစ်မှာ

  • မမလေး

    April 25, 2011 at 11:42 am

    ဟုတ်ပါ့ … ချစ်တုန်းကတော့ချစ်ပြီ ရှုံးနိမ့်တော့မှာ ဘာအချိုးချိုးတာလဲ … ပြောနော်မှန်မှန်

  • kopauk mandalay

    April 25, 2011 at 3:48 pm

    အဒမ်တစ်ယောက်ထဲနေမရလို့
    ဧဝကို ဖန်ဆင်းခဲ့တယ်။
    အဲဒီတုန်းကသာ ဒီမေးခွန်းဖတ်မိရင်
    ဖန်ဆင်းဖြစ်မယ်မထင်ဘူး။
    ကျနော်အဖေ ကျနော်အမေကိုချစ်ရေးဆိုခဲ့တယ်။
    အဲဒီတုန်းကသာ ဒီမေးခွန်းကိုဖတ်မိရင်
    ကိုပေါက် ဆိုတာဖြစ်လာချင်မှဖြစ်လာမယ်။
    ကဲ ရှူံးနိမ့်မှုများနဲ့.. လူရေ
    ကျုုပ်ကတေတာ့ မိန်းမဆိုတာချစ်သင့်တယ်ထင်လို့
    …………………………………………………………………….တိန်

Leave a Reply