နေ့မသင့်နံမသင့် ဆုတောင်းယူမိသော အနာများ (၁)

သူရႆဝါMay 2, 201014min1514



“နေ့မသင့်နံမသင့် ဆုတောင်းယူမိသော အနာများ (၁)”

“လူငယ်သည် တနင်္လာတွင် …..”

တနင်္လာနေ့မှာ

နမိုးနီးယားရောဂါ၊ အကုသိုလ်အနည်းအကျဉ်း

နေ့ခင်းဘက်ကျရောက်တတ်သောအမှောင်နဲ့

လူငယ်တစ်ယောက်

တနင်္လာကိုထိုင်ကြည့်နေတယ်။

ကြယ်ပန်းလူ

(တနင်္လာ) မှာ တံဆိပ်ခေါင်းကပ်ထားတယ် … မှ

တစ်ခုခု ရလိုရငြား ကုတ်ခြစ်ယူကြည့်တော့ တနင်္လာဟာ အစိမ်းလိုက် ထွက်ကျလာခဲ့ …။ တနင်္လာဟာ ရောဂါတစ်ခုလို စွဲကပ်ငြိတွယ်လို့ …. တနင်္လာဟာ လူငယ်ကို လမ်းပြခေါ်ဆောင်သွားပြီ။ နမိုးနီးယားရောဂါက တနင်္လာထဲမှာ၊ အကုသိုလ် အနည်းအကျဉ်းက တနင်္လာထဲမှာ၊ လူငယ်တစ်ယောက်လည်း တနင်္လာထဲမှာ …. ဒီလိုနဲ့ တနင်္လာကို ထိုင်ကြည့်နေတယ်။ တနင်္လာနေ့ရောက်တိုင်း မိုးတိမ်တို့ အုံ့ဆိုင်းကြပြီ။ တနင်္လာနေ့ ရောက်တိုင်း ကချေသည်ဟာ ပဉ္စလက်မီးအိမ်ထဲက ထွက်ပေါ်လာ။ တနင်္လာဟာ ကမ္ဘာကို အမှောင်ချ … လူငယ်လည်း ကျိုးပြတ်ပြာကျပြီ။ တာဝန်တစ်ခု ပြီးမြောက်သွားသလို ကျေကျေနပ်နပ်အကြည့်နဲ့ တနင်္လာ ….. တိုး ဝင် ပျောက် ကွယ် …. တစ်နေ့မှာ “တနင်္လာနဲ့လူငယ်” ပုံပြင်ကို တစ်ခုခု ရလိုရငြား ကုတ်ခြစ်ယူကြည့်တော့ လူငယ်ဟာ တနင်္လာထဲက ….. အစိမ်းလိုက် ထွက်ကျလာ ……..။


“မောပန်းတမ်းတ”

ဘုရားသခင်

အရှင် …

မောနေခဲ့သလား။

ရုပ်သေး

ဗုဒ္ဓဟူး … မှ

ကျွန်တော်တို့ ဘဝမှာ ဘယ်လိုမောပန်းမှုမျိုးတွေကို ကြုံတွေ့ခဲ့ကြပြီးပြီလဲ။ ငွေကြေးစက္ကူအတွက်၊ ဂုဏ်သိက္ခာခြုံလွှာအတွက်၊ နှလုံးသားရေးရာအတွက် … ကျွန်တော်တို့ ခင်ဗျားတို့ မောပန်းခဲ့ကြဖူးပါလိမ့်မည်။ ကျွန်တော်တို့ ဘဝများစွာကို တင်ဆောင်ထားသော မောပန်းမှုအား တစ်နည်းနည်းနှင့် လှည့်စားရန် … ကျွန်တော်တို့ မတတ်နိုင်ကပါ။ ထိုသို့အားဖြင့် ကျွန်တော်တို့၏ ဒွါရပေါက်အချို့မှ လွင့်စင်ဖိတ်ကျသွားသော သက်ပြင်းမော အချို့သည် ဘုရားသခင်ထံသို့ ပြန်လည်၍ လွင့်စင်ဖိတ်ကျကောင်း ဖိတ်ကျသွားနိုင်ပါသည်။ ထို မောပန်းနွမ်းနယ်မှုများကို ရေတွက်၍ ကျွန်တော်တို့ကို ကယ်တင်စောင်မရန်အတွက် ကျွန်တော်တို့ တိုင်တည်ရာ ပုဂ္ဂိုလ်သည်လည်း ပင့်သက်ရှိုက်မ ချကောင်းချနေနိုင်သည်။ ကျွန်တော်တို့ မည်သို့မျှ မသိရှိနိုင်ပါ။ မေးခွင့် ရှိလျှင်တော့ မေးချင်ပါသည်။

ဘုရားသခင်၊ အရှင် … မောနေခဲ့ပါသလား …..

“ရာဟုမှာကျိုးလွယ်ကြေလွယ်”

ငါလဲ လက်သည်းကိုက်ပြီးတွေးနေလိုက်တယ်

အဲဒီသင်းကွဲရက်စွဲရဲ့အလယ်

ရာဟုသမီးလေး ဘယ့်နှယ်ရှောင်ပြေးသလဲလို့

စူဠသုဘဒ္ဒါလက်ထဲမှာမှ ငါ့အစွယ်တွေ

နိမိတ်ကျိုးခဲ့

Nelay

ရာဟု … မှ

တစ်ယောက်တည်းဖြစ်ခဲ့ရခြင်းမှာ ထူးခြားမှုကင်းမဲ့ … ဒီလိုနဲ့ပဲ စိတ်ထဲ ရက်လွန်ပန်းသီးတစ်လုံး ထည့်ပေးလိုက်တယ်။ ခြေဦးတည့်ရာ စိတ်လွှင့်ခဲ့တယ်။ ဆူးလေမှာ တစ်ယောက်တည်း ထိုင်ခဲ့တယ်။ နေဝင်ချိန်ကို မမြင်ရမယ့်နေရာက ထိုင်ကြည့်ခဲ့တယ်။ နောင်မပျံသန်းတော့ပါဘူးလို့ ကိုယ့်အတောင်ပံတွေကို ပြန်ကတိပေးခဲ့တယ်။ အဲဒီတစ်နေ့တည်း … အဲဒီ အတောအတွင်းမှာပေါ့။ ရာဟုသမီးလေး ဘယ်ကို ပြေးသွားသလဲ အစ၊ ရာဟုသမီးလေးနဲ့ ဘယ်လိုဝေးခဲ့တယ် အစ၊ စူဠသုဘဒ္ဒါ နိမိတ်အရိပ်တွေကအစ … အဲဒီလိုနဲ့ … စလာလိုက်တာ …. အနက်ပွင့်တွေထဲ စူးနစ်ကျရှုံး၊ အဲဒီအချိန်ကျမှပဲ ရာဟုငရဲဟာ ဆုံးတော့တယ်။

“လွှင့်တင်ပေးပို့လိုက်ပါသည်”

ဘုရားဆီ အသံတွေလွှတ်လိုက်တယ်

စကားတွေလွှတ်လိုက်တယ်

မျက်ရည်တွေလွှတ်လိုက်တယ်

နောက် …

အရောင်တွေလွှတ်လိုက်တယ်

ဇာတိ

ဆုတောင်းကြမ်းသူ (၃) … မှ

မခို့တရို့ … ဖဲကြိုးစလေးတွေပို့ပြီး နင့်ကိုညှို့တာ ….

နင် … ကြားချင်မယ်ထင်လို့ ငါအလွတ်ကျက်ထားတဲ့အသံတွေ နင့်ဆီလွှတ်လိုက်တယ်။

…………………………………. တိတ် ……….. ဆိတ် …………………….

နင့်ဘက်က တိတ်ဆိတ်တယ်ဆိုတာထက် ကျယ်ကျယ်လောင်လောင်တိတ်ဆိတ် …… လိုတာထက်ပိုပြီး တိတ်ဆိတ် …..

ရပါတယ် ….. ဘယ်ပန်းက မဖူးခင် ပွင့်ခဲ့လို့လဲ …. ရပါတယ် ….. ကလေးတွေလို ကြည်လင်ရိုးစင်း ပုံမျိုးနဲ့ ငါတို့အတူတူ ဧဒင်တံခါးကို ဖွင့်ကြမယ် ….. ကလေးတွေရဲ့ ကစားပုံမျိုးနဲ့ ……

“သုံး နှစ် တစ် …. နင့်ကိုငါချစ်တယ်”

မရပ်မနား ငါ့စကားတွေလွှတ်လိုက်ရဲ့။

နောက်တစ်ခါ ….. တိတ်ဆိတ် ……

ရပါတယ် ….. ခဏတိတ်ဆိတ်ပါ ….. စဉ်းစားပါ …. ပြီးရင် တိတ်ဆိတ်မှုကို ပြန်ပြီးတိတ်ဆိတ်ပစ်ပါ ….. ရပါတယ်

နင့်ဆီ …. ငါတောင်းတဲ့ဆုက တစ်ဝက်တိတိပြည့်တယ် ….. နင့်ဆီ လွှတ်လိုက်တဲ့စကားကို နင် နည်းနည်းပြင်တယ် …. နောက် … ငါ့ဆီ ပြန်လွှတ်လိုက်တယ်

“တစ် နှစ် သုံး …. နင့်ကိုငါ မုန်းတယ်” ………………. လို့ နင် ငါ့ဆီ ပြန်လွှတ်ခဲ့ …..

တိတ်ဆိတ် …… ဒီတစ်ခါ … ငါ တိတ်ဆိတ် ….. အကြာကြီး ………… တိတ် ……………… ဆိတ် ………. တိတ်ဆိတ်မှုက ငါ့ကိုပြန်လည်တိတ်ဆိတ် ………..

ဘယ်လို အမှတ်သည်းခြေမရှိမှုမျိုးလဲ ….. ဘယ်လောက် မသိသားဆိုးရွားတဲ့ကောင်လဲ ….. နင့်ဆီ ….. ငါ့မျက်ရည်တွေ လွှတ်မိပြန်တယ်

ဘယ်လို အမှတ်သည်းခြေ မရှိတဲ့နင်လဲ …… ငါ့မျက်ရည်တွေ ငါ့ဆီပြန်ပို့တယ်။

တိတ် …… တ ……. ဆိတ် ……

ကိုယ့်တံခါးကိုယ်ပိတ် ….. တိတ်ဆိတ်သွားတဲ့ ငါ့ကိုမှ …… နင် …. အကျယ်ကြီး လှောင်ရယ်ရက်တယ် …. တစ်လောကလုံး လှောင်ရယ်ရက်တယ် …. ငါ ….. တိတ်ဆိတ်လို့ …. ငါ့ကိုယ်ငါ ကရုဏာသက်လို့ …. တစ်စုံတစ်ဦးက ငါ့ကို သနားကြင်နာ …. ကြည့်လို့ ….. အဲဒီ တစ်စုံတစ်ဦးဟာ …. ဘုရားသခင်ဖြစ်နေ …..

အဲဒီလိုနဲ့ ….. ဘုရားဆီကိုပဲ အသံတွေ …. စကားတွေ …. မျက်ရည်တွေ လွှတ်လိုက်တယ် …. အဲဒီ ပေးပို့မှုမှာ နာမည်မဖော်ပြတတ်တဲ့ …. အရောင်တစ်မျိုးနဲ့ ….. ။

“ရင်ခုန်သံ ဆင့်ပွား / ခွဲထွက်ဖန်တီးခြင်း”

“လင်းပွင့်လက်များ”၏ X-စာ ကဗျာစာအုပ်ကို ဖတ်ပြီးသောအခါ ယခုစာစုများကိုရေးရန် ကျွန်တော် စိတ်ကူးရမိသည်။ မူလက ထိုကဗျာစာအုပ်ကို ဖတ်ညွှန်းအဖြစ် ရေးသားရန် ကြိုးစားခဲ့သော်လည်း ကဗျာများ အားလုံးမှာ ကျွန်တော့်ရင်ခုန်သံနှင့် ကိုက်ညီနေသဖြင့် ကဗျာစာအုပ်တစ်အုပ်လုံးကို ဖတ်ညွှန်းစကားပြေအဖြစ် ပြန်လည်ရေးသားမိလျက်သားဖြစ်နေမည်စိုး၍ ကျွန်တော်နှစ်သက်မိသော ကဗျာစာပိုဒ် အချို့ကိုသာ ရင်ခုန်သံ စာစုများအဖြစ် ပြန်လည် ရေးသားလိုက်ပါသည်။ ထိုသို့ ရေးသားရာတွင် မူလကဗျာဆရာ၏ အတွေးကို ဆင့်ပွားနိုင်ခဲ့သည်များ ရှိကောင်းရှိမည်ဖြစ်သလို ၎င်း၏ကဗျာစာပိုဒ်အပေါ် အခြေခံ၍ အသစ်ခွဲထွက်သွားသော အတွေးများလည်း ရှိနေနိုင်ပါသည်။ ၎င်းစာပိုဒ်များ၏ မူလအတွေးကို မရရအောင် အတင်းမဖန်တီးခဲ့ပါ။ မည်သို့ပင်ဖြစ်ဖြစ် “X-စာ” ကဗျာများ မဖတ်ခဲ့မိလျှင် ယခုစာစုများ ဖြစ်မလာနိုင်သောကြောင့် ထိုကဗျာစာအုပ်ကို ဖန်တီးခဲ့ကြသော “လင်းပွင့်လက်များ” လူငယ်ကဗျာအဖွဲ့ကို ဂုဏ်ယူစွာ ကျေးဇူးတင်ရှိအပ်ပါသည်။

မှတ်ချက် အဆိုပါ “X – စာ” ကဗျာစာအုပ်ကို ဤနေရာ တွင် Download ယူနိုင်ပါသည်။

“လင်းပွင့်လက်များ” ၏ Blog Address မှာ http://handsofenlightenment.blogspot.com ဖြစ်ပါသည်။

သူရဿဝါ

မေလ ၂ ရက် ၊ ၂၀၁ဝ ခုနှစ်

4 comments

  • susunosuki

    May 2, 2010 at 2:54 pm

    ဘယ်လိုခံစားပြီး ရေးထားတာတော့မသိဘူး
    မူးနေတာပဲ

  • kopauk mandalay

    May 2, 2010 at 4:45 pm

    ကဗျာထဲမှာ စကားလုံးကြိုးတန်းပြီးလမ်းလျောက်ပြလိုက်တာ ဖတ်မိလိုက်သူရင်ထဲမှာမောပြီးကျန်ရစ်ပါတယ်။
    ဒါတောင်အမြည်းဘဲရှိသေးတာ တအုပ်လုံးများသာဆိုရင်တော.။
    နားမလည်သောကျနော်သာ ညံ.သေးတယ်လို.ဝန်ခံလိုက်ပါတယ်

  • etone

    May 3, 2010 at 3:20 am

    ဘာကြီးမှန်းလည်းမသိဘူး နော် ။ ကျွန်မကပဲ ဉာဏ်မမှီလို့လားမသိဘူး နားကိုမလည်ဘူး ခံစားလို့လည်းမရဘူး။ ဘယ်လိုရသကိုပေးချင်တာပါလိမ့် ။ အဲ့ဒီလိုpost တွေလုံးဝမကြိုက်ဘူး ။

  • laypyay

    May 3, 2010 at 8:14 am

    ဟိုက် ကဗျာ ကိုဘယ်လိုခံစားပြီးရေးလဲ မသိဘူးဆိုတော့ ဘယ်လိုတွေပြောရမလဲမသိနော်.. မetone ရေ..ကဗျာဆိုတာတော့ ရှိသင့်တဲ့ပိုစ်လေး တွေပါဗျာ .. လုံးဝမကြိုက်တော့လဲ မဖတ်နဲ့ပေါ့ဗျာ.. လူတစ်ကို. စိတ်တစ်မျိုးမို့ ဖြစ်သင့်ပါတယ်.။

Leave a Reply