Yangon မှာ ရကောက် ရထားကြီးပျော်ပျော်စီးရအောင်…

susunosukiJune 21, 20111min20113

ရန်ကုန်မြို့ရှိမြို့ပါတ်ရထားများ ပြုပြင်ရန်လိုအပ်လျက်ရှိနေသည်။ မြန်မာ့မီးရထားတိုင်း ( ရ ) အတွက်ရထားတွဲများ ပြုပြင်ခြင်း ဆေးသုတ်ခြင်းများပြုလုပ်နေသည်ဆိုသော်လည်း အများစုမှာ အရင့်အရင်က ပုံစံအတိုင်း ခပ်မှိုင်းမှိုင်းပင်။ ကြမ်းပိုးကိုက်သည်ကတော့ အရင်ထက်စာလျှင် သက်သာသွားသည်ဟုပြောနိုင်သည်။ အောက်မှပုံမှာ ဒညင်းကုန်းဘူတာ မှ ဗွက်လည်နေသော ဈေးတန်းဖြစ်သည်။ ဘူတာကို ရထားဆိုက်ချိန်ဆိုလျှင် ကုန်တင်ကုန်ချလုပ်သူများ ခရီးသည်များနှင့် ရှုပ်ထွေးနေတတ်သည်။ ဘူတာမှ လူတစ်ဦးမှာ အော်လံတစ်ခု နှင့် အဆက်မပြတ်အော်နေရသည်။

ဒညင်းကုန်းဘူတာမှ ဗွက်လည်နေသော ဈေးတန်း
ဒညင်းကုန်းဘူတာမှ ဗွက်လည်နေသော ဈေးတန်း

ရထားတွဲများသာ ပြုပြင်ရန်လိုအပ်နေသည်မဟုတ်။ ရထားလမ်းများမှာလည်း မညီမညာ၊ ရွာမဘူတာမှ အထွက်ဆိုလျှင် ရထားတွဲမှာ ညင်သာသော အရှိန်နှင့်ပင် အတော်လူးနေပေသည်။ ဒဂုံတက္ကသိုလ် ရထားလမ်းများလည်းထိုအတိုင်းပင်။ မြန်မာ့သက်တမ်းအကြာဆုံး ရန်ကုန်-ပြည်ရထားလမ်းပိုင်းပေါ်မှ အုတ်ကျင်းဘူတာ သံလမ်းပေါ်မှာပင် အမှိုက်ပုံရှိနေပေသည်။ တခြားသံလမ်းဘေးတလျှောက်မှ အမှိုက်ပုံများမှာလည်း မရေမတွက်နိုင်အောင်ပင်။ ပုံတွင်ကြည့်ပါ။

အုတ်ကျင်းဘူတာမှ သံလမ်းအမှိုက်ပုံ...
အုတ်ကျင်းဘူတာမှ သံလမ်းအမှိုက်ပုံ...

ထိုထက်ဆိုးသည့်အချက်ကား ရထားများပေါ်တွင် ကွမ်းစား၊ ဆေးလိပ်သောက်ကြခြင်းပင်။ ခရီးသည်အများစုမှာ မိမိကိုယ်တိုင် ဆေးလိပ်မသောက်တတ်ပါပဲနဲ့ နေ့စဉ်နှင့်အမျှ second person ဖြစ်နေကြသည်။ ကွမ်းစားခြင်းက ဘေးလူကို ပြဿနာ တိုက်ရိုက်မရှိစေပေမယ့် ရထားတွဲထောင့်ချိုးများမှ ကွမ်းတံထွေးများကတော့ အမြင်မတင့်တယ်သည့် အပြင် ကျန်းမာရေးအမြင်နှင့် ကြည့်လျှင်လည်း မသင့်တော်ပါ။ ခရီးသည်အချင်းချင်းတားမြစ်ဖို့ ကျပြန်တော့ ဆေးလိပ်သောက်သူမှာ တစ်ယောက်တည်းမဟုတ်။ ကျွန်တော်မှတ်ထားသည့် စာရင်းအရဆိုလျှင် တွဲတစ်တွဲတည်းတွင်ပင် ၂ ဦးမှ ၅ ဦးအထိရှိနေတတ်သည်။ တစ်ခါတစ်လေ ထိုထက်ပိုများတတ်သည်။

ရထားပေါ်မှာ ဆေးလိပ်သောက်နေသူတစ်ဦး
ရထားပေါ်မှာ ဆေးလိပ်သောက်နေသူတစ်ဦး

မြန်မာမီးရထား၏ အလုပ်တွေထဲမှာ ရထားပြင်ဖို့ လမ်းပြင်ဖို့သာမက လူများ၏ အကျင့်ကိုပါပြင်ဖို့ လိုသလိုပင်ဖြစ်နေပေသည်။

13 comments

  • လင်းဝေကျော်

    June 21, 2011 at 7:15 am

    Infrastructure တွေမရှိလို့ မပြည့်စုံလို ပြောကြတယ်။
    ရှိထားပြီးသား အရာကိုလည်း မထိမ်းသိမ်းနိုင်ဘူး။
    ကိုယ့်လူမျိုးပုံတွေ ကိုယ်ပြန်ကြည့်ရတာ လူရိုင်းတွေ အဆင့်နိမ့်လူသားတွေလိုဖြစ်နေပြီ။
    အာဖရိက မှာတောင် အဲသလောက် ဆိုးပါဦးတော့မလား မသိဘူး။

  • manawphyulay

    June 21, 2011 at 7:34 am

    ဒီပိုစ့်ကိုဖတ်မိတော့ အရင် အလုပ်သွားရင် ရထားစီးတုန်းက အတွေ့အကြုံ ဝန်းကျင်လေးတွေကို တင်ပြချင်စိတ်တွေ ပေါက်လာမိပါတယ်။ ကော့မန့် ၁ဝ အတွက် တန်ဖိုးမရှိဘူးလို့ လူတွေက ထင်ပေမယ့် ၁ဝ ဆိုတဲ့အရာလေးတစ်ခုဟာ မနောအတွက်တော့ မနက်ပိုင်း အလုပ်လာဖို့ ရထားစီးတဲ့ အခအဖြစ် တန်ဖိုးရှိနေခဲ့ပါတယ်ရှင့်…..

    • etone

      June 21, 2011 at 7:46 am

      မနောပြောသလို 10နဲ့ ရထားစီးလို့ ရပေမဲ့ … ရထားက ကားလို ဘရိတ်မရှိတာရယ် ၊ အချိန် မမှန်တတ်တာရယ်ကြောင့် အပျင်းပြေ မြို့ပတ် စီးတာကလွဲလို့ အဆင်မပြေဘူးလေ … ။ အဝေးခရီးသွားလျှင်လည်း အချိန်မပေးနိုင်တာကြောင့် ရထားမစီးရပါဘူး ။
      အရင်က တနင်္ဂနွေ ရုုံးပိတ်လျှင် မြို့ပတ်လိုက်စီးတယ် … ။ နောက်ပိုင်း ဂျပိုးကိုက်တာရယ် ၊ လူတွေက စည်းကမ်းမရှိ သေးပေါက်တာရယ်… ၊ စရိုက်လို လူတွေကလည်း ရထားစီးတာမို့ … … လိုက်မစီးရဲတော့ပါဘူး … ။

  • weiwei

    June 21, 2011 at 7:35 am

    ရွာထဲက မမ (မြန်မာ့မီးရထား) ရေ .. ဘယ်လိုလုပ်ကြမလဲ 😛

  • ဆူး

    June 21, 2011 at 7:57 am

    ပိုစ်လေး အလွန်ကောင်း၏။
    လူတွေရဲ့ အကျင့်စရိုက်တွေ ပြင်ဖို့ တော်တော် အားထုတ်ရမယ် ထင်တယ်။
    တဦးတယောက်ချင်းစီကနေ လူအများ တဖြေးဖြေး ပြင်ရင် ရမယ် ထင်တယ်။
    ငယ်ငယ်က ကျောင်းတုန်းက ဆရာမ က ပြောတယ် ငါတို့ ကျောင်းက စည်းကမ်းကြီးပြီး ကျောင်းသူတွေ စည်းကမ်းလိုက်တာ ပုံများ တက္ကသိုလ် ရောက်တဲ့ အထိ အဲဒီ စည်းကမ်းကြီးကြီး နေတတ်လို့ အများကြားမှာ ထင်ပေါ်တယ်တဲ့.. ကျောင်းမှာဆို အမှိုက် တစ မရှိဘူးတဲ့..
    အခုတော့ အဲဒိ ကျောင်းထွက်လည်း ဒီလိုပဲ.. ဘာမှ မထူးဘူး..
    စည်းကမ်းမဲ့ခြင်းက ကူးစက်မြန် ရောဂါလိုပါပဲ။
    တယောက် စည်းကမ်းမဲ့တာကို အများက ဝိုင်းပြီး ကန့်ကွက်မှ ကန့်ကွက်ခံရသူက နောင်ကျင်ပြီး နောက်မလုပ်ရဲတော့မှာ.. အဲဒီလိုမျိုး ဖြစ်သင့်တယ်။

  • စုံ စုံ

    June 21, 2011 at 8:20 am

    ဟိုးလွန်ခဲ့တဲ့၄နှစ်လောက်တုန်းကလစာနဲနဲလေးဘဲရခဲ့စဉ်က
    မြို့ပတ်ရထားစီးခဲ့ဖူးတယ်
    ရထားစီးနေစဉ်ကော ရထားစောင့်နေစဉ်မှာပါ လူအမျိုးမျိုးစရိုက်အမျိုးမျိုးကြောင့်
    အတွေ့အကြုံဗဟုသုတတွေတော်တော်ရခဲ့ဖူးပါတယ်
    အခုနောက်ပိုင်းတော့ရထားမစီးဖြစ်တာတော်တော်ကိုကြာသွားပါပြီ
    လူတွေလဲစည်းကမ်းရှိကြမယ် ရထားချိန်လဲမှန်မယ် ရထားကော ရထားဘူတာရုံပါသန့်ရှင်း
    နေမယ်ဆိုရင် ရထားစီးရတာလဲတမျိုးလေးကောင်းပါတယ်

  • နွယ်ပင်

    June 21, 2011 at 8:36 am

    ရထားကို သာဝမှာ အရင်ကျောင်းတက်တုန်းက စီးဖူးတယ် အလုပ်သွားအလုပ်ပြန်ကိုတော့ တစ်ခါမှ မစီးဘူးဘူး ရထားနောက်ကျတာနဲ့ သွားစီးရမယ့်နေရာကလဲ ဝေးဆိုတော့ … ရထားက အခြေခံလူတန်းစားတွေအတွက်တော့ အားကိုးရာတစ်ခုပါပဲ

  • usnczn

    June 21, 2011 at 10:32 am

    မြို့ပါတ် ရထားရယ် ရထားလမ်းရယ် ပြုပြင် လိုက်နိုင်ရင်တော့
    ရန်ကုန်မြို့ အများကြီး ပြောင်းလဲသွားမှာဘဲနော်။
    နေ့တိုင်း ကားစပါယ်ယာ တွေနဲ့ မပါတ်သက်ရတော့ရင် အသက်လေး ပိုရှည်လာမှာ။
    ဒီလိုစာမျိုး ကြိုက်တယ်။ကျေးဇူးတင်ပါတယ်။

  • eros

    June 21, 2011 at 10:35 am

    ရထားဆိုတာ နိုင်ငံတကာမှာ အဓိက သယ်ယူပို့ဆောင်ရေးတခုပါ။ အစိုးရအနေနဲ့ မီးရထားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။ အခု မြို့ပတ်ရထားလမ်းဟာ လူများစည်ကားရာနေရာတွေနဲ့ အလှမ်းဝေးကွာနေတာကြောင့် အသုံးပြုရခက်ခဲပါတယ်။ အစိုးရအနေနဲ့ ဓာတ်ရထား၊ ထရမ်(tram)၊ မြေအောက်ရထား သယ်ယူပို့ဆောင်ရေးတွေ တိုးတက်အောင်ဆောင်ရွက်သင့်ပါတယ်။ အခြားမြို့ကြီးတွေမှာလည်း အမှန်တကယ် အသုံးဝင်ပြီး လူအများသုံးရအဆင်ပြေစေမယ့် လူအများနေထိုင်ရာနေရာကို ဖြတ်သွားပြီး၊ ဘူတာရုံပါရှိတဲ့ ရထားပို့ဆောင်ရေးစီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်သင့်ပါပြီ။

    မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ မြို့ပတ်ရထားမရှိတာ တော်တော်ဝမ်းနည်းစရာကောင်းတာပဲ။ မြို့တော်ရဲ့ ဂုဏ်ပုဒ်တခု လိုနေသလို ခံစားမိပါတယ်။ ကားလမ်းပေါ်ပြေးတဲ့ ဓာတ်ရထားများရှိရင်ကောင်းမှာပဲ။

    • antimoe

      June 21, 2011 at 2:59 pm

      ဂျူနီယာတစ်ယောက်..စည်ပင်သာယာက..
      ရန်ကုန်မြို့ပတ်ရထားနဲ့ပတ်သက်လို့….စီမံကိန်းအသစ်တွေနဲ့ စာတမ်းတင်ဖူးတယ်။
      ဂငယ်မှာ..လက်ဖက်သုတ်စားရင်းရေးခဲ့တာလေ။
      နောက်တော့…အလုပ်ကထွက်ပြီး..စလုံးကို…အပြီးသွားလိုက်ပြီ။
      မြန်မာကိုတော်တော်ချစ်တဲ့သူပါ။
      မြို့တော်ဝန်အသစ်လက်ထက်မှာ…ချောင်ထိုးခံရတာနဲ့…
      တတ်ထားတာ..ဘာမှ..မသုံးလိုက်ရဘူး။
      ကြာပါပြီ….။

  • good

    June 21, 2011 at 10:57 am

    eros ရေ မြို့တော်ရဲ့ ဂုဏ်ပုဒ်တခု အနေနဲ့ နေပြည်တော် မှာ ရထားလမ်း မရှိလို့ ရှိလာအောင် update အတွက် ထက်

    လက်ရှိ ကွန်ကရစ် လမ်းတွေ တောင် အက်ကွဲကုန်လို့ ဖာ၊ထေး၊ဖြတ်၊ဆက် နဲ့ ငန်းတော်ကြား ဖြစ်နေတယ်။

  • Big Defender

    June 21, 2011 at 1:14 pm

    ကျွန်တော်နိုင်ငံရဲ့ရထားတွေဟာဘာကြောင့်ဂျပိုးကိုက်ရတာလဲဗျာ

  • nature

    June 21, 2011 at 3:39 pm

    ဂျပိုးတွေကရှိပြီဆိုရင် အင်မတန်ရှင်းရခက်တဲ့ အမျိုးပဲ။ ရှင်းချင်ရင် ည၂နာရီလောက်(2am)လောက်ထပြီးရှင်းရတယ်။ အဲဒီအချိန်မှ ဂျပိုးတွေ အပြင်ထွက်တယ်။

Leave a Reply