ပဲခူးတိုင်းအတွင်းရှိ သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် ပြည်သူများသောက်သုံးရေ လုံလောက်စွာ ရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိ

klnMay 13, 20101min400

မြန်မာနိုင်ငံဒေသအချို့တွင် ယခုနွေနှောင်းပိုင်းကာလများအတွင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါသောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့်ဒေသများ၌ နိုင်ငံတော်အစိုးရ၏ စီမံညွှန်ကြားမှုဖြင့် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ သောက်သုံးရေလုံလောက်စွာ ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မေ(၁၀)ရက်တွင် ပဲခူးတိုင်းသနပ်ပင်မြို့နယ်စက်ကုန်းပိုင်းရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ငါးချဉ်ပိုင်းရပ်ကွက်၊ သီတာအေးရပ်ကွက်၊ ရွာသစ်(၄)ရပ်ကွက်၊ ကန်ကုန်း(၄)ရပ်ကွက်၊ ဘူတာပိုင်းရပ်ကွက်နှင့် ရွှေကျီးပင်ကွက်သသစ်များရှိ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရသည့် သံဃာများ၊ ပြည်သူများသို့ စေတနာရှင်ပြည်သူများ၊ ရေအလှူရှင်အဖွဲ့များနှင့် စည်ပင်သာယာဈေးအဖွဲ့တို့ ပူးပေါင်း၍ လီတာ ၂ဝ ဝင်ရေသန့်ဘူးများ၊ ရေစည်များ၊ ရေသယ်ကားများဖြင့် သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။ အလားတူ သနပ်ပင်မြို့နယ်မင်းရွာ၊ ရွှေကျီးပင်၊ ရစ်ကန်လေး၊ ကမာနတ်၊ ရစ်ကန်ကြီး၊ ကုလားချောင်းကြီး၊ မင်းရွာနှင့် ကမာစဲကျေးရွာအုပ်စုများရှိ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ကျေးလက်ပြည်သူများအား စေတနာရှင်ပြည်သူနှင့် ရေအလှူရှင်အဖွဲ့တို့မှ မော်တော်ယာဉ် ၁၂စီးဖြင့် ရေပုံးများတင်ဆောင်၍ သောက်သုံးရေများ သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။ ထို့အတူ ပဲခူးမြို့တွင်းရှိ စေတနာရှင်ပြည်သူများနှင့် လူမှုအသင်းအဖွဲ့များက သောက်သုံးရေရှားပါးလျက်ရှိသည့် ပဲခူးမြို့နယ်ရှမ်းရွာကြီးကျေးရွာ၊ ပေချောင်ကျေးရွာ၊ စီတီးကျေးရွာနှင့် သနပ်ပင်မြို့နယ် ကျားခေါင်းကျေးရွာနေ ပြည်သူများအတွက်လည်းကောင်း၊ ဝေါမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက ဝေါမြို့နယ်ပုဂံကျေးရွာ၊ တနော်ကျေးရွာနှင့် ကျုံရဲ့ကျေးရွာနေ ပြည်သူများအတွက် လည်းကောင်း ရေဂါလန်၁၆၀ဝ ဆံ့ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများပို့ဆောင် လှူဒါန်းဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။ အလားတူ ပဲခူးတိုင်း သဲကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ သဲကုန်းမြို့နယ်ချားလျှားကုန်းကျေးရွာအုပ်စု ချားလျှားကုန်းရွာ၊ ဖလံကုန်းရွာနှင့် တံခွန်တိုင်ကျေးရွာအုပ်စုမအူကန်ရွာနေ ပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရန်အတွက် ရေသယ်ယာဉ်များဖြင့် သယ်ယူ၍ သောက်သုံးရေများ နေ့စဉ်ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။