ကုမ္ပဏီတချို့ဝန်ထမ်းတွေအပေါ်အလျော်အစားပုံစံပြုလုပ်လာကြ

klnMay 22, 20101min420

ကုမ္ပဏီတချို့မိမိဝန်ထမ်းတွေကို ဆုံးရှုံးမှုတစ်ခုဖြစ်ရင် အလျော်အစားသဘောမျိုးပြုလုပ် ခိုင်းလာတာ သည်ဘက်နှစ်ပိုင်းမှာတွေ့ရတယ်။ မိမ်ိတာဝန်ယူထားတဲ့ကိစ္စတစ်ခု လွဲချော်လို့ဆုံးရှုံးမှုဖြစ်ရင် တာဝန်ယူထားတဲ့ သူကို လစာဖြတ်တာ၊ ဆုံးရှုံးမှု ပမာဏပေါ်မူတည်ပြီးပေးလျော်စေတာမျိုးပါ။ ကုမ္ပဏီတချို့မှာ ဆိုရင် ဝန်ထမ်းအတွက် သတ်မှတ်ထားတဲ့ ရောင်းအားမမီရင် လစာထဲက ရာခိုင်းနှုန်းနဲ့ဖြတ်တာမျိုးပြုလုပ်တယ်လို့သိရတယ်။ မားကတ်ကဲအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက စီအီးအို ဦးအောင်မြင့်က ‘ကုမ္ပဏီအကြီးစားအချို့နဲ့ထုတ်ကုန်ပိုင်းတွေက ဒီလိုအလျော်အစားပုံစံလုပ်တာများတယ်၊ ဒီလိုလုပ်တာကဝန်ထမ်းတွေကို အကျိုးခံစားခွင့်ပေးသလိုပြစ်ဒဏ်လဲထိထိရောက်ရောက်ချမှတ်တဲ့သဘောပဲ၊ ဒီလိုမလုပ်ရင် အလုပ်မတွင်ကျယ်မှာစိုးလို့ လုပ်ကြတာ’ လို့သူ့အမြင်ပြောတယ်။ လုပ်ငန်းကြီးတချို့သာမကလုပ်ငန်းအသေးစားဖြစ်တဲ့ စတိုးဆိုင်နဲ့ အလယ်အလတ်လုပ်ငန်းတချို့လည်းသည်လို ပုံစံပြုလုပ်လာတယ်လို့ဆိုတယ်။ စတိုးဆိုင်တချို့မှာပစ္စည်းပျောက်တာ၊ကွဲတာရှတာမျိုးဖြစ်ရင် အရောင်းစာရေးကို လစာထဲကပြန်ဖြတ်ပါတယ်။ ကုမ္ပဏီအလတ်စားတစ်ခု ဖြစ်တဲ့ကြော်ငြာကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်သူတစ်ဦးက ‘ကျွန်မတို့ကုမ္ပဏီမှာအလျော်အစားပုံစံနဲ့ပဲလုပ်တယ်၊ ကိုယ်တာဝန်ယူပြီးလက်ခံတဲ့အလုပ်ကို အကြွေးချရင် အကြွေးမရတဲ့အခါ လစာထဲက ဖြတ်ပြီးလျော်ရတယ်’လို့သူအတွေ့အကြုံပြောပါတယ်။ အလျော်အစားလုပ်တဲ့အခါဝန်ထမ်းက သတ်မှတ်ထားတဲ့ပမာဏထက်ကျော်ပြီး ရောင်းရတာ၊ အလုပ်အောင်မြင်အောင်လုပ်တာမျိုးဆိုရင် ကော်မရှင်ခံစားခွင့်ပေးတယ်လို့သိရပါတယ်။ သည်လိုလုပ်တဲ့အတွက် အရည်အချင်းရှိတဲ့ဝန်ထမ်းအနေနဲ့ မိမိအရည်အချင်းကို ပြသဖို့အခွင့်အရေးရတယ်လို့ သုံးသပ်သူလည်းရှိတယ်။ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ‘ဝန်ထမ်းအားလုံးကို တာဝန်ခွဲပေးထားတယ်၊ တာဝန်ယူတတ်အောင် အလျော်အစားပုံစံနဲ့လုပ်တယ်၊ ဒီလိုမလုပ်ရင် တစ်ခုခုဖြစ်တဲ့အခါ တာဝန်ယူမယ့်သူမရှိဘဲဟိုလူလိုလို ဒီလူလိုလိုဖြစ်တဲ့အတွက် လုပ်ဖြစ်တာ’လို့ပြောပါတယ်။ ဝန်ထမ်းတွေအနေနဲ့ တာဝန်ယူရလို့တာဝန်ကြီးပေးမဲ့ကြိုးစားရင်ကြိုးစားသလိုအကျိုးခံစားခွင့်ရှိတာကြောင့် အလုပ်လုပ်ရတာစိတ်ဝင်စားပြီးပိုတက်ကြွတယ်လို့သိရကြောင်း ၂၀၁ဝခုနှစ်မေလ ၂၁ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။