မလေးရှားသို့ တစ်ခေါက်တစ်ခါ (၄)

Diamond KeyDecember 10, 20111min20414

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၄)

          ဒီလိုနဲ့ မလေးရောက်ပြီး အပျော်ခရီး ထွက်လာသူ တစ်ယောက်လို လျှောက်လည်နေတဲ့ ရက်တွေ တစ်ပတ်ပြည့်ခါနီးမှာတော့ အလုပ်စဝင်နိုင်ဖို့ ပြင်ရပါတော့တယ်။ ကိုယ့်ကို အလုပ်ဝိုင်းရှာပေးနေသူများက အလုပ်မျိုးစုံ ညွှန်းနေကြတဲ့ အထဲမှာ မဲအများဆုံးက ပိုက်ဆံရလွယ်၊ လစာကောင်း၊ လူသက်သာတယ်ဆိုတဲ့ Game ဆိုင်အလုပ်ကို ဝိုင်းညွှန်းကြပါတယ်။ ကိုယ်ကတော့ ပိုက်ဆံ (လစာ) အမြန်ဆုံး ရလိုသူဆိုတော့ ဘယ်အလုပ် ရရဖြစ်တယ်လို့ ပြောထားတာပါ။

ဒါနဲ့ သူတို့ပြောတဲ့ Game ဆိုင်လောကမှာ နှစ်ကာလအတော်ကြာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က အာမခံပေးလို့ သူဌေးရဲ့ လူယူံ Supervisor ဆိုသူနဲ့ ဒီနေ့ တွေ့ရမယ်လို့ ဆိုလာပါတယ်။ ဒီမှာ တစ်ခုပြောစရာ ရှိတာက ကျွန်တော်က မလေးမလာခင်မှာ မလေးစကားကို စာအုပ်တွေ၊ တိပ်ခွေတွေနဲ့  ကြိုတင်လေ့လာ ထားသေးသဗျ။ အဲ..အထင်တော့မကြီးပါနဲ့ ဆရာနဲ့ သင်ထားတာလည်း မဟုတ်လေတော့ တစ်ကယ်အဖြစ် မပြောနိုင်သေးပေမယ့် တစ် နှစ် သုံး လေး ငါး၊ နှတ်ဆက်တာနဲ့ ကျေးဇူးတင်လောက်တော့ ရသဗျ။ ဒါပေမယ့် မလေးလိုအတော်အတင့် မပြောနိုင်သေးလို့ အလုပ်လုပ်မယ့်နေရာ တော်တော်ရွှေးပေးထားရတာလို့ အလုပ်ရှာပေးသူ မိတ်ဆွေက ဆိုပါတယ်။ သူပြောတာက အခုလုပ်ရမယ့်နေရာက တရုတ်ကုမ္ပဏီတွေများတဲ့ နေရာမှာရှိတဲ့ Game ဆိုင်မှာ ပြောထားပေးတာလို့ ဆိုပါတယ်။ (တရုတ်ကုမ္ပဏီတွေ ဆိုတော့ E လိုပြောလို့ရတယ်လို့ ဆိုပါတယ်)။ မလေးမှာက မလေးနိုင်ငံသား တရုတ်လူမျိုးတွေက အများကြီးပါ။

မိတ်ဆွေက လိုက်ပို့လို့ အဲဒီနေရာရောက်သွားတော့ Supervisor ဆိုတဲ့ တရုတ်နဲ့ တွေ့ပေးပါတယ်။ သူက ကျွန်တော်ကို ဟိုမေးဒီမေးလုပ်ပြီး လစာ မလေးငွေ ( ၈၀၀)၊ အဲဒီဂိမ်းဆိုင်မှာ နေရမယ် လို့ပြောပြီး ကျွန်တော် Passport ကိုသိမ်းပါတယ်။ Passport ကို သိမ်းတယ်ဆိုတာက ငွေနဲ့ အလုပ်လုပ်ရမယ့် နေရာဖြစ်လို့ လစ်မပြေးအောင် သိမ်းတာပါ။ တစ်ကယ်က ဒီလို အလုပ်ကို လုပ်တဲ့ သူတွေက ကိုယ့် passport အစစ်ကို မပေးကြပဲ အတုကိုပေးထားကြတယ်။ ကျွန်တော်က ဘုမသိဘမသိနဲ့ (အတွေ့အကြုံလည်း မရှိသေးတော့) ကိုယ့်စာအုပ် အစစ်ကို ပေးလိုက်မိတာပါ။ (ဒီအကြောင်း နောက်ဆက်ရေးပါမယ်။) မလေးငွေ ၃ကျပ်ကျော် ဟာ တစ်ဒေါ်လာနဲ့ ညီနေတဲ့ အချိန်ဆိုတော့ မဆိုးဘူးလို့လည်း ကိုယ်ဘာသာကိုယ် တွက်လိုက်ပါတယ်။ မလေးရောက်တာ မကြာသေးတဲ့ အချိန်၊ ဒီမှာ ဘာအလုပ် အတွေ့အကြုံမှလည်း မရှိသေးလေတော့ ဒီလစာကို ကျေနပ်ပါတယ်လေ။

ဒါနဲ့ အလုပ်ခန့်တယ်ဆိုတော့ ငါ့ပစ္စည်းတွေ သွားယူပြီး အလုပ်ဝင်မယ်လို့ ပြောကာ ပစ္စည်းတွေ ပြန်သွားယူရပါတယ်။ မိတ်ဆွေတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေ မှတ်ထားဖို့နဲ့ လိုရင် ဆက်ဖို့ မှာရှာပါတယ်။ အလုပ်လုပ်မယ့် ဆိုင်ရောက်တော့ အဲဒီမှာ ကိုယ့်အရင်ရောက်ကာ အလုပ်လုပ်နေတဲ့ မြန်မာနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ တစ်ယောက်က ကိုရောဘတ်၊ နောက်တစ်ရောက်က ကိုဂျက်ပါ။ အဲဒီမှာ မြန်မာတွေက ခေါ်ရလွယ်အောင် အင်္ဂလိပ်အမည်တွေ ပေးထားကြပါတယ်။ ကျွန်တော်ကိုတော့ ဒေးဗစ်လို့ ခေါ်ပါတယ်။ အဲဒီမှာ မြန်မာ ၃ယောက်ရယ် (ကျွန်တော်အပါအဝင်)၊ “အ”မ ၃ယောက် (အင်ဒိုနီးရှား) ရယ် အလုပ်လုပ် ရပါတယ်။ ၃ ဆိုင်း တစ်ဆိုင်းကို ၈ နာရီ လုပ်ရပါတယ်။ ကျွန်တော်စဝင်ရတဲ့ အဆိုင်းက ညဆိုင်းမှာ ဆိုတော့ ည ၉နာရီကနေ မနက်ခင်း ၅ နာရီ အထိပါ။ ကျွန်တော်ကံကောင်းတာက ရှေ့ကလုပ်နေနှင့်တဲ့ မြန်မာနှစ်ယောက်က တော်တော်ကို ကူညီကြပါတယ်။ အလုပ်ခွင်ပညာတွေ ဆရာစားမချန် သင်ပြပေးကြ ပါတယ်။ လုပ်ရတာက ကျွန်တော်တို့ ရွှေ သုံးယောက်က Cashier ၊ အ မ၃ယောက်က အကူ ၊ နှစ်ယောက်တစ်တွဲစီ လုပ်ရပါတယ်။ နေရတာက ဆိုင်အပေါ်ထပ်မှာပါ။

အလုပ်လုပ်ရတဲ့နေရာက ပေ ၈ဝ ၊ ပေ ၁၅ဝ လောက်ရှိတဲ့ အခန်းကြီးမှာ အကြွေစေ (မလေးငွေ တစ် ရင်းဂစ်၊ ကျွန်တော်တို့ကတော့ တစ်ကျပ်လို့ပဲ သုံးကြပါတယ်) ထည့်ကစားရတဲ့ ဂိမ်းစက် ၃ဝ လောက်ရယ်၊ ဘိလိယက် ခုံကြီး နှစ်ခုံရယ် ရှိတာပါ။ ဆိုင်ကြီး တစ်ဆိုင်လုံးက အလင်းရောင် ရှိလေတယ်ဆိုရုံ မှိန်မှိန်လေးဖြစ်အောင် ရောင်စုံမီးတွေ ထွန်းထားပြီး၊ သီချင်းသံနဲ့ ဂိမ်းစက်တွေရဲ့ အသံတွေက အမြဲတမ်း ဆူညံပွက် နေပါတယ်။ ပထမ ၃ / ၄ ရက်မှာ ကျွန်တော့်ကို အရင် ၂ယောက်ကတစ်လှည့်စီ တွဲသင်ပေးပြီး နောက်ရက်တွေ မှာတော့ ကိုယ့်ဘာကို လုပ်ရပါတော့တယ်။

ဒီလိုဂိမ်းဆိုင်တွေက မလေးမှာ တရားမဝင်(တဝင်) ဖွင့်ထားတာပါ။ သူတို့က အစိုးရဆီမှာ အပျော်တမ်းဂိမ်းစက်နဲ့ ဘိလိယက်ဆိုင်ဆိုပြီး လိုင်စင်ယူကာ ဘိလိယက်ခုံ တစ်ခုံ၊နှစ်ခုံ ထည့်ကာ အကြွေစေ့ လောင်းကစား စက်တွေ (မလေးမှာ နာမည်ကြီးတဲ့ မြင်းလောင်းတဲ့စက်တွေ အပါအဝင်) ထည့်ပြီး လောင်းကစားဆိုင်တွေ ဖွင့်ထားကြတာပါ။ ဒီအတွက် မြန်မာပြည်က စည်ပင်လို အဖွဲ့အစည်းမျိုးဖြစ်တဲ့ MPPJ ဆိုတာကို အမြဲကြောက်နေ ရပါတယ်။ သူတို့တွေက မထင်တဲ့အချိန် ဝင်ဝင်ဖမ်းတတ်ပါတယ်။

Cashier လုပ်ရသူက ကောင်တာခန်း (ငွေခန်း) ထဲမှာ အမြဲနေရပါတယ်။ Customer လာရင် သူလဲလိုသလောက် ငွေအကြွေစေ့ကို လဲပေးရပါတယ်။ အကြွေစေ့ တစ်ရာပါတဲ့ ကဒ်လေးတွေ အဆင်သင့်ထည့်ထားရပါတယ်။ ဧည့်သည်က လောင်းကစားလို့ ရပ်လိုပြီဆိုရင်  (မလေးစကားနဲ့ ကျူကျီ  – ရှင်းလင်းတာ၊ Clearance) ကောင်တာကို လှမ်းခေါ်ရင် သူကစားနေတဲ့ စက်မှာရှိနေတဲ့ Credit အမှတ်ကို ကြည့်ပြီး ငွေပြန်ရှင်းပေးရပါတယ်။ ငွေခန်းအပြင်က “အ”မလေးတော့ Customer ငွေထပ်လဲလိုရင် လဲပေးတာ၊ အအေး ဆေးလိပ် ဝယ်ပေးရတာ၊ ကောင်တာကို ကျူကျီ လှမ်းခေါ်ပေးရတာ မျိုးတွေ လုပ်ပေးရပါတယ်။ ဆိုင်ထဲမှာ သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ဘိလိယက်ထိုးမယ့်သူတွေ လာရင် ကောင်တာကနေ ဘိလိယက်ခုံပေါ်က မီးဆလောင်းကို ခလုပ်နှိပ် ဖွင့်ပေးရပါတယ်။ အဲဒီမီးခလုပ်ကို ဖွင့်လိုက်ရင် ကောင်တာမှတ်တဲ့ Timer လေးက အချိန်မှတ်ပေးနေပါတယ်။ ကစားပြီးလို့ မီးပြန်ပိတ်လိုက်မှ ရပ်သွားပါတယ်။ အဲဒီအချိန်လေးကို ကြည့်ပြီး ကျသင့်ငွေတောင်းရတာပါ။

လောင်းကစားဆိုင် ဖြစ်လေတော့ ဘယ်လို တရုတ်တွေ အများဆုံးရှိတယ်ဆိုတဲ့ နေရာ ဖြစ်ပါစေ လူပေါင်းစုံ လာပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသူတွေလည်း ရှိသမို့ ပြသနာတွေကလည်း နေ့စဉ် မရိုးနိုင်အောင်ရှိပါတယ်။ ပညာတွေကလည်း နေစဉ်ရပါတယ်။ ဂိမ်းဆိုင်မှာက သတိကြီးကြီးနဲ့ အမြဲနေရပါတယ်။ မဟုတ်တာ လုပ်လာလုပ်တဲ့ သူတွေကြောင့် ခံလိုက်ရရင် အချီကြီး စိုက်လျော်ရတတ်ပါတယ်။ ဓါးပြတွေ၊ လုတဲ့ သူတွေလည်း ကြောက်နေရပါတယ်။ LPPJ လာဖမ်းတတ်တာကိုလည်း သတိကြီးကြီးနဲ့ နေရတယ်။ ရဲက ပိုက်ဆံလာတောင်းတာလည်း ပေးနေရပါတယ်။ ဂိုဏ်းစတား ဆိုတာလည်း ကြောက်ရနဲ့ပါ။ (ဒီအကြောင်းတွေ နောက်အသေးစိတ် ဆက်ရေးပါမယ်)။

ဒီလိုနဲ့ပဲ စပါပြီဗျာ မလေးရှား လောင်းကစား ဂိမ်းဆိုင်က Cashier တစ်ယောက်ဘဝ။

(ဆက်ပါအုံးမယ်)။

PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ  အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။

14 comments

  • thit min

    December 10, 2011 at 11:13 am

    ခုလိုစာလေးတွေက ဖတ်လို့ကောင်းသလို၊ဗဟုသုတနဲ့ သင်ခန်းစာတွေ ရတတ်တာမို့
    ကျေးဇူးပါ ကိုစိန်သော့ရေ။
    ဘဝ အတွေ့အကြုံများ ရေးသားဖော်ပြကြတဲ့ အခါ နောင်လာ နောင်သားများကို
    သင်ခန်းစာ ရ စေချင်တဲ့ စေတနာ ဆိုတာလည်း အဓိက တစိတ်တပိုင်းတော့ ပါကြတယ်ဗျ။
    ဒါပေမဲ့ ကိုစိန်သော့ရေ မိတ္တဝိန္နက ဇာတ်ကြောင်းလိုပါဘဲ၊ ငရဲပန်းပါဗျာ ရွှေပန်းမဟုတ်ပါ
    ဘူးဆိုလည်း နားမထောင်ကြ (သို့) နားထောင်နိုင်ဖို့ထက်ရွေးစရာလမ်း က မရှိလို့
    ဆိုတာမျိုးတွေနဲ့ အဲဒီလို “တရားမဝင်အလုပ်တွေရှိနေတဲ့ နိုင်ငံတွေရဲ့အလုပ်တွေမှာ
    တရားမဝင်စွာနဲ့ ကျနော်တို့နိုင်ငံက အရည်အချင်းရှိသူတွေ နစ်မြုပ်လျှက်ပါဘဲ။”
    အရင်းစစ်တော့ အမြစ်မြေက ဆိုသလို မြေကပေါ့ဗျာ။ ကျနော်တို့ခင်ဗျားတို့ရဲ့ မြေကပေါ့။
    ဘာဘဲ ဖြစ်ဖြစ် ပါ၊ရွှေတွေ တကယ် ရွှေ ဖြစ်မဲ့ ရက်ကိုတော့ ရောက်ရမှာပေါ့ဗျာ။

    • Diamond Key

      December 10, 2011 at 11:35 am

      ကျွန်တော်တို့တွေ အားလုံးက ကိုသစ်မင်းပြောသလို ရွှေတွေ တကယ် ရွှေ ဖြစ်မဲ့ ရက်၊ အရှေ့မှာ မြန်မာနေဝန်းတက်လာမယ့် အချိန်ကို တစ်ညလုံး မျှော်လင့်တကြီးနဲ့ စောင့်နေကြသူတွေပါ။ သေချာပေါက်တော့ ရောက်လာ (ရ) မှာပါ။ ကိုယ်လည်း မှီလိုက်ချင် (မြင်ခဲ့ချင်) တာလေးပဲ ရှိတာ 😀
      အခုချိန်များမှာတော့ တရံရောအခါက ကျွန်တော်ကြားဖူးတဲ့ စကားလေးလို ” တစ်နေ့လုံး အလုပ်တွေလုပ်၊ “ည” ရောက်ရင် ကားဝယ်စီးနိုင်မယ်ထင်ခဲ့တာ ” လ” ထွက်တာတောင် မစီးနိုင်သေးပါ” ဆိုတာထက် “၁လ/ xxxx ” ထွက်ရင်တောင်မစီးနိုင်သေးတဲ့ အခြေအနေနဲ့ ဘဝတွေပါ။ 😆
      ကျနော်တို့နိုင်ငံက အရည်အချင်းရှိသူတွေ ကိုယ့်မြေပေါ်မှာပဲ သူတို့လိုချင်တဲ့ အခြေခံပြည့်စုံတဲ့ အခြေအနေလေးတွေနဲ့ အလုပ်အခွင့်အရေးတွေ အမြန်ဆုံး ရနိုင်ပါစေလို့ပဲ……………

  • ကြောင်လတ်

    December 10, 2011 at 2:24 pm

    ကိုယ်လည်း မှီလိုက်ချင် (မြင်ခဲ့ချင်) တာလေးပဲ ရှိတာ။

    ရွာထဲက အသက်ကြီးပိုင်းတွေကတော့ သင်္ခါရတွေ တွေးကြပြောကြလုပ်နေကြပြီ၊
    အသင့်ဖြစ်၏………..ထဲမှာလဲ ကိုပေါက်က သွားရတော့မယ့်အကြောင်းတွေ ပြောနေပြီ၊
    ကိုရင်စည်တို့ ကိုရင်ဂီတို့ အဖွဲ့ကတော့……….အခုမှ လာတောင်မလာရသေးဘူးတဲ့။

  • zaw min

    December 10, 2011 at 3:11 pm

    ကိုစိန်သော့ရေးသားဖေါ်ပြပေးတာကျေးဇူးပါ…ကျနော့်ကိုယ်တွေ့ အကြောင်းအရာလေးတွေကို အချိန်ရရင်ရသလိုရေးပါအုံးမယ်…တကယ်ပဲ မလေးမှာရောက်ရှိနေတဲ့ လူတော်တော်များများဟာ အောင်မြင်မူနဲ့အလှမ်းဝေးနေတဲ့သူတွေကအများကြီးပါ၊ဘာကြောင့်လဲ…အကြောင်းအရင်းခံတွေရှိပါတယ်…မိမိဘဝတွက်လိုအပ်တဲ့ အသိပညာတွေ၊အတတ်ပညာတွေကို လေ့လာလိုက်စားမူအားနည်းနေလို့ပါ။အတုယူမူ၊အတုခိုးမူတွေကလည်း လမ်းလွဲနေပါသေးတယ်…ဒီမှာရောက်နေတာ ၁၈နှစ်ကျော်ရှိနေပြီး သူများဆီမှာရရစားစားအလုပ်သမားဘဝနဲ့နေတဲ့ လူတွေ ဒုနဲ့ဒေးပါပဲ…စက်ရုံတွေနားဖွင့်ထားတဲ့ မြန်မာဆိုင်တွေ ကားတွေဝယ်အိမ်တွေဝယ်နဲ့ချမ်းသားသွားကြပါတယ်…ဘာကြောင့်လဲ အရက်ကိုလစာပေးပြီးသောက်လို့ရပါတယ်..၂၄နာရီ ဝန်ဆောင်မူပေးတယ်..ဖုန်းလေးသာဆက်လိုက် အိမ်အရောက်ပို့ပေး၊အကြွေးလည်းရောင်းပေးတယ်..ကို.ရွေဗမာတွေ လစာထုတ်ပြီးရင် ပိုက်တွေဘယ်ရောက်သွားလဲ….ဆိုင်ရှင်မမတွေက လက်တွေမှာ လက်ကောက်တွေအပြည့်ပေါ့…

    • Diamond Key

      December 10, 2011 at 3:32 pm

      ဟုတ်ပကိုဇော်မင်းရေ၊
      မလေးမှာ ရောက်လာတဲ့ လူသစ်တွေကို လူဟောင်းရွှေတွေက ဆုံးမရင် –
      ” ငါးမစားနဲ့ ။ မြင်းမစီးနဲ့ ။ ဖါးမခုန်နဲ့ ” အပါအဝင် ဆုံးမတာတွေ ကြားဖူးပါတယ်။
      မလေးမှာ ငါး လို့ခေါ်သုံးနေတဲ့ ဖင်ဆီဒိုင်း အပါအဝင် နံပါတ် ၁၊၂၊၃၊၄ မူးယစ်ဆေးတွေ အဆုံး၊
      ဂိမ်းဆိုင်တွေမှာ မြင်းစက်ဝင်လောင်းတာ အပါအဝင် လောင်းကစားအားလုံး၊
      ဖါးခုန်တာတော့ အသေးစိတ် မရေးတော့ပါဘူးနော် (ကိုဇော် အချိန်ရရင်ရသလို ရေးမယ့် အကြောင်းလေးတွေ များအောင် ချန်ပေးတာ :mrgreen: ) ဘက်ပေါင်းစုံက ငွေကုန်ပေါက်တွေ အလွယ်တကူ ရှိနေတယ်လေ။ စိတ်ပျော့ရင်တော့၊ လက်လျှော့ရင်တော့ မကောင်းတာတွေ ဖြစ်လာတာပေါ့။
      ကိုဇော်မင်း အချိန်ရရင်ရသလို ရေးမယ့် အကြောင်းလေးတွေ မျှော်နေပါတယ်။ မဖြစ်မနေ ဆက်ဆက်ရေးပေးပါ။
      ကျွန်တော်လည်း မလေးသွားဖို့ ပြင်နေသူတွေများ ပတ်ဝန်ကျင်မှာ ရှိကြရင် ပြောစရာ အကြောင်းအရာလေးတွေ အတွက် ကျွန်တော် ကြားသိထားသမျှလေးတွေ အချိန်ရသလို ရေးနေတာပါ။
      ကိုဇော်မင်းတို့ လိုလူတွေ ဝိုင်းဖြည့်ပေးတော့ ဘက်ပေါင်းစုံတာပေါ့။

  • thit min

    December 10, 2011 at 3:36 pm

    ဖါးမခုန်နဲ့ = ဖားမရိုက်နဲ့၊ ရွှေမကျင်နဲ့၊ ခွေးမမွေးနဲ့ လို့ တော့ ဒီမှာကြားဘူးပါသည်။

    • Diamond Key

      December 10, 2011 at 3:41 pm

      ကိုသစ်မင်း၊ ရွှေမကျင်နဲ့၊ ခွေးမမွေးနဲ့ ဆိုတာလေး လင်းပေးပါလား။

      • thit min

        December 10, 2011 at 3:52 pm

        shwe= Myanmar
        ပီအမ် ပို့လိုက်မယ်နော်။ စိတ်ချည်းဘဲ။ မ(^^)

        • inz@ghi

          December 10, 2011 at 4:22 pm

          ကစ်သိုမှန်အိ

          ပုံ
          ခွေးမွေးမိသူ ငမိုက်သားဂျီး
          ဂီဂီ

  • koaung

    December 10, 2011 at 7:03 pm

    ကောင်းပါတယ်ဗျာအတွေ့အကြုံတွေဖလှယ်ကြတာ ဆက်ပါဦးဗျိုး

  • DAL

    December 10, 2011 at 10:48 pm

    ရေးထားတာတွေက အပိုမရှိ အလိုမရှိ အတိအကျ ပါပဲလား။
    ကိုယ်တိုင်ရောက် ကိုယ်တိုင်ကြံ ု ကိုယ်တိုင်လုပ်ဖူးသလား မှတ်ရတယ်။
    တဆင် ့ခံအတွေးနဲ ့ရေးတာတောင် ပြေးကြည် ့တာထက် မှန်နေသေးတယ်။

    လေးစားလျှက်
    (မလေးမြေ မှ)

  • windtalker

    December 14, 2011 at 10:04 pm

    အေးဓါးပြတွေ ခွေးလာကြ တာ ကြောက်ရတဲ့ ကက်ရှာသမားလေး ဘဝ ပေါ့နော်

  • တညင်သား

    December 14, 2011 at 11:45 pm

    မလေး ရှားကို ရောက်ရောက်ခြင်း ဒီအလုပ်ကို လုပ်တာ တော်တော်ချီးကျူး ဖို့ ကောင်းတယ် ဒီအလုပ်က ကိုလဲ လိုက်မိုက်မှရတာ..စကားလဲ ကျွမ်းရမယ် ..မလေးမှာ အနေကြာပြီး ခပ်ပေပေနေတဲ့သူ အများစု လုပ်တဲ့အလုပ်လို့ထင်မိတယ်.. ရေကျော်ကုလားတွေကိုလဲ ကြောက်ရတယ် (ရေလမ်းခရီးမှ ဝင်ရောက်နေထိုင်နေသူများ).. တိုက်ကော ( ဂိုင်းစတား) တွေက ဆက်ကြေးပေးနိင်ရင် ပေါင်းလို့ရတယ်.. ကျွန်တော်သာဆို အဲဒီအလုပ် ကို အခုမှရောက်တဲ့ လူသစ် ပေးမသွင်းဘူး..
    အပေါ်က အကိုတွေ ပြောတာကတော့ တရွာတပုဒ် ဆန်း ဆိုသလိုပါပဲ… ကျွန်တော်တို့ တုန်းကတော့ ( ဖ.ဖ.ဖ.ဖ) ဖိုး ၊ ဖာ ၊ဖဲ ၊ဖုန်း
    ” ဖ” လေးလုံးပေါ့ အခု စင်္ကာပူမှာ ပြောနေတာတော့… ဖားမရိုက်နဲ့ ငါးမများနဲ့ ရွှေမကျင်နဲ့တဲ့ ..
    ဖား > ဖီလီပင်း
    ငါး > မူးရစ်ဆေးတမျိုး
    ရွှေ > ?????

    အဘမ်း…တာရီမားကာစိ

    • Diamond Key

      December 15, 2011 at 1:10 pm

      Terimakasih တညင်သား၊
      Selamat Datang ပါ ပို့စ်လေးတွေ အတွက် 😀
      ကူဖြည့် ပေးပါအုံးနော် Jumpa Lagi :mrgreen:

Leave a Reply