မီးကြောင့် အဓိကဆေးဈေးကွက်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး ဖြစ်လာမည်

klnMay 29, 20101min510

မီးကြောင့် အဓိကဆေးဈေးကွက်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး ဖြစ်လာမည်
မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း ရန်ကုန်မြို့ရှိ ဆေးပစ္စည်းဈေးကွက်မှာ ထိခိုက်မှုမရှိနိုင်သလို ယခင်ရန်ကုန်မြို့၏ အဓိကဆေးပစ္စည်းဈေးကွက်ဖြစ်သော မင်္ဂလာဈေးနေရာအစား ဗိုလ်ချုပ်ဈေးဆေးဈေးကွက်မှာ အဓိကဖြစ်လာကြောင်း မြန်မာနိုင်ငံနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးသန့်စင်က ပြောကြားသည်။ ယခင်က ဗိုလ်ချုပ်ဈေးမှာ ရန်ကုန်မြို့ဈေးကွက်၏ ဒုတိယဈေးကွက်ဖြစ်ပြီးယခုအခါတွင် အဓိက ဈေးကွက်အဖြစ်သို့ရောက်ရှိလာကြောင်း ယင်းအသင်းမှ စီးအီးစီ ဦးခင်မောင်အေးကပြောကြားသည်။ “မီးလောင်မှုစဖြစ်တဲ့နေ့ကစပြီး နယ်ကဆေးမှာတဲ့လူတွေကို ဗိုလ်ချုပ်ဈေးမှာရောင်းပေးတယ်။ ဗိုလ်ချုပ်ဈေးဆေးဈေးကွက်ကလည်း တစ်နိုင်ငံလုံးရဲ့ အရန်ဈေးကွက်လို့ပြောလို့ရတယ်။ မင်္ဂလာဈေးပြီးရင် သူကဒုတိယပဲ။ အခုဆေးဈေးကွက်ကလည်း ဗိုချုပ်ဈေးမှာပဲရှိတယ်” ဟု ဦးခင်မောင်အေးကပြောသည်။ မင်္ဂလာဈေးရှိဆေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးသွားသော်လည်း မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရောဂါများအတွက် ဆေးကုမ္ပဏီများတွင် ဆေးဝါးလုံလုံလောက်လောက်ရှိကြောင်းအဆိုပါ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သင်းနွယ်ဝင်းကပြောကြားသည်။ အဆိုပါမီးလောင်မှုကြောင့် ဆေးဈေးကွက်အတွင်း ကြီးကြီးမားမားဆုံးရှုံးမှုများ မရှိနိုင်သလို၊ မီးလောင်ခံရသောဆေးဆိုင်ခန်းပိုင်ရှင်များအား ကုမ္ပဏီများမှ ဆေးများထပ်မံချမပေးခြင်းများလည်းရှိမည်မဟုတ်ကြောင်း ဦးခင်မောင်အေးကပြောကြားသည်။ ကုမ္ပဏီတွေက ဆေးဆိုင်တွေကို ခေါက်ပြန်ကြေးနဲ့ ပေးကြတာများတယ်။ အခုလို မီးလောင်သွားတော့ တချို့က ဆေးတွေကို ကုမ္ပဏီက ထပ်ပြီးချမပေးတော့ဘူးလို့ ထင်နေတယ်။ အကောင်းဆုံးဥပမာ ပြောရရင် မန္တလေးဈေးချိုမီးလောင်တုန်းက ဆေးဆိုင်အများဆုံးပါတယ်။ ကုမ္ပဏီတွေကလည်းခေါက်ပြန်ကြေးနဲ့ အရင်အကြွေးပါ ဆပ်ခိုင်းပြီး ချပေးတာများတယ်။ တချို့ကုမ္ပဏီတွေကလည်း ၃လ၊ ၆လ စောင့်ပေးတာရှိတယ်။ ဒီလိုပဲ ကုမ္ပဏီနဲ့ရောင်းသူတွေနားလည်မှုနဲ့လုပ်ကြတဲ့အတွက် ဈေးကွက်ထိခိုက်မှုမရှိနိုင်ပါဘူး။ ကုမ္ပဏီတွေကလည်း ဆေးတွေကိုတင်သွင်းရန် ၄လစာကနေတစ်နှစ်စာအထိ တင်သွင်းကြတယ်။ ဆိုင်တွေကို ချပေးရင်လည်း ၂ပတ်စာ၊ ၁လစာပဲရှိတယ်။ ကုမ္ပဏီရဲ့လက်ကျန် အနေအထားကြည့်ရင် အကြီးအကျယ်ဆုံးရှုံးမှုမဟုတ်ဘူး။ ဈေးကွက်အတွင်းမှာလည်း ဆေးဝါးလုံလုံလောက်လောက်ရှိတဲ့အတွက် ဈေးကွက်ထိခိုက်တယ်လို့မဆိုလိုနိုင်ပါဘူး” ဟု ဦးခင်မောင်အေးကထပ်မံပြောကြားကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။