ရန်သူလာမိတ်ဆွေလား (ဟာသလေးနော်)

moethihaMay 29, 20101min603

ဂြိုလ်ကောင် (၂)
မင်းအာဒမ်
အလုပ်မှအပြန်အဆောင်သို့ရောက်ချိန်၌အဆောင်တွင်မည်သူမျှမရှိသည်မို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ထို့ကြောင့် သိပ်သွားချင်လှသည်မဟုတ်ဘဲ သိပ်မသွားချင်ရှာသော ဘီယာဆိုင်သို့ချီတတ်ခဲ့လေသည်။
ကျွန်တော်ဘီယာဆိုင်ထဲသို့ရောက်ချိန်တွင်သောက်ဖော်သောက်ဖက်တွေလည်းစုံလင်နေပြီ။ တစ်ဆိုင်လုံးလည်းဆူညံလို့နေသည်။ ဘော်ဒါတွေ၏ ဝိုင်းတွင် လူကျပ်နေသည်မို့ ကပ်လျက်ခုံတွင်သာဝင်ထိုင်လိုုက်ပြီး ဘီယာတစ်လုံးနှင့်မွှေကြော်မှာလိုက်သည်။
“ဒီမှာ လာထိုင်လေကွာ၊ဘာလဲ ဘဝင်မြင့်နေတာလား”
ဘေးကပ်လျက် ဝိုင်းမှ ကိုမျိုးကရိခြင်းပင်။
“ဒီလောက်တောင်လူကျပ်နေတာ ဘယ်နားသွားထိုင်မလဲ”
“ထိုင်လို့မရရင် မတ်တပ်ရပ်သောက်ပေ့ကွာ၊လာပါ၊မင်းကို ငါ့ ကိုုယ်တွေ့ဟာသလေး တစ်ခု ပြောပြမယ်၊ မင်းဝတ္ထုရေးလို့ရတာပေါ့”
“မလာဘူးဗျာ၊ အဲ့ဒီကနေ အော်ပြော”
ကျွန်တော့့်စကားကြောင့်မျက်နှာလေးထောင့်နှင့် ကိုမျိုး တစ်ဆို့ကြီးဖြစ်သွားပြီး……
“မလာချင်နေကွာ၊ ကြီးကျယ်လို့၊ ငါနေ့ခင်းတုန်းက စာအုပ်ဆိုင်တွေမှာ ပိုက်ဆံလိုက်သိမ်းရင်း ရယ်စရာအဖြစ်တစ်ခု ကြုံခဲ့ရသေးတယ်”
“အဲ့ဒါဘာဖြစ်လဲ”
“ဘာမှမဖြစ်ဘူးကွာ၊ သွား….. တော်ပြီင်္ မပြောတော့ဘူး”
ကိုမျိုးနှာကစ်သွားလေပြီဖြစ်သည်။
ထိုအချိန်၌ကျွန်တော့်ဝိုင်းသို့်လူငယ်တစ်ယောက်လာဝင်ထိုင်သည်။စားပွဲပေါ်တွင်တင်လိုက်သော စာအုပ်နှစ်အုပ်နှင့် သူတပ်ထားသောပုလင်းဖင်ခန့်ထူသည့်မျက်မှန် ကိုကြည့်ခြင်းအားဖြင့် စာကြမ်းပိုးတစ်ယောက်ဖြစ်မှန်းသိသာသည်။ ဝီစကီနှစ်ပက်မှာပြီး ဆိတ်သားကင်နှင့်မြည်းကာ အေးအေးလူလူပင် ထိုင်သောက်နေ၏။ ကျွန်တော်ကတော့ ဘီယာသောက်ရင်း နှာကစ်သွားသော ကိုမျိုးကိုထပ်ကလိဦးမည်။
“ကိုမျိုး၊ နေ့ခင်းကကြုံရတယ့် အဖြစ်အပျက်ကို ပြောမပြရင် နေတိုင်းမော့နေတယ်လိုု့ ဇီးကုန်းမိဘတွေဆီ အကြောင်းကြားလိုက်မယ်”
“ဟေ့ကောင်….. ဟေ့ကောင်…… ပေါက်ကရတွေ သွားမချွန်နဲ့၊ငါက ပျင်းပျင်းရှိမှသောက်တာကွ”
“မပျင်းတဲ့အခါလည်း ကိုယ့်ကို်ကိုယ် အတင်းပျင်းခိုင်းပြီး သောက်တယ်မဟုတ်လား”
“ဘာမှအတင်းမပျင်းခို်င်းဘူး”
ကိုမျိုးက သူ နေ့တိုင်းသောက်ကြောင်း ဇာတိမြေဇီးကုန်းက မိဘတွေတော့သိသွားမှာ စိုးရိမ်ရှာသည်။ သူ့ ဖခင်၏ ဖြေင့်လက်သီး နှင့် ဒူးပျံကိုကြောက်တာ ဖြစ်နိုင်သည်၊
“ကိုမျိုး…. ပြောမှာလား၊မပြောဘူးလား၊ မပြောရင် နေ့တိုင်းသောက်တယ်လို့ ဝတ္ထုထဲ မှာထည့်ရေးလိုက်မှာနော်”
နေ့တိုင်းမော့သည့်အကြောင်း ဝတ္ထုထဲ ထည့်ရေးမှာတော့ကြောက်ရှာသည်။
ကိုမျိုး၏မိဘများမှာ ဇီးကုန်းတွင် စာအုပ်အဌားဆိုင်ဖွင့်ထားသည်မို့……..
“ဒီလိုကွ၊ ငါနေ့ခင်းတုန်းက စာအုပ်ဆိုင်တွေမှာ ပိုက်ဆံလိုက်သိမ်းတော့ ၃၅ လမ်းအရောက်မှာ နိုင်ငံခြားသူတစ်ယောက် ပစ္စည်း တစ်ခုပြုတ်ကကျန်ခဲ့တာ ငါမြင်လိုက်တယ်၊ ငါလည်းစေတနာ ဗရပွနဲ့ လိုက်ပေးဖို့သွားကောက်လိုက်တော့….”
“ဘာလဲပိုက်ဆံအိတ်လား”
“ဟင့်အင်း…..အမျိုးသမီး လစဉ်သုံပစ္စည်းကြီးကွ”
တစ်ဝိုင်းလုံ ဗြန်းဗြန်းကွဲ ထရယ်ကြလေတော့သည်။
“အဲ့ဒါကြီးကို ကိုမျိုးက ကောက်ပြီးလိုုက်ပေးတယ်ပေါ့”
“ကောက်စရာလားကွ၊ မင်းအလှည့်ကျမှ သွားကောက်ပြီးလိုက်ပေး၊ ဘယ့်နှယ့်လဲ မင်းဝတ္ထရေးမှာလား”
“မရေးဘူး၊ ဝါကျလေး ငါးကြောင်းလောက်နဲ့ ရွှတ်ဆိုပြီးသွားမယ့်ဟာ မရေးဘူး”
“မရေးရင် နေကွာ၊ သွား….. မင်းအခွက်ကြီး ဒီဘက်မလှည့်နဲ့”
ကိုမျိုးနှာကစ်သွာပြန်ပြီ ဖြစ်သည်။
ကျွန်တော်လည်း ထပ်မကလိတော့ဘဲ ကျွန်တော့ ဝိုင်းတွင် ထိုင်နေသော လူငယ်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။
ထိုလူငယ်က…..
“အဲ့ဒီ အစ်ကိုကြီးက စာပေတိုက်တစ်ခုမှာ အလုပ်လုပ်တယ်မဟုတ်လား”
“အင်း……ဟုတ်တယ်၊ သူ့နာမည်က သမိန်ပေါသွပ်တဲ့ကွ မင်းသိလား”
“အင်း……သိတော့သိတယ်၊သိပ်တော့မရင်းနှီးပါဘူး”
“ဒါနဲ့မင်းကိုကြည့်ရတာစာဖတ်တော်တော်ကြမ်းမယ့်ပုံပဲ”
“ဟုတ်ကဲ့၊ ကျွန်တော်ကစာဖတ်ဝါသနာပါလွန်တယ်၊ အစ်ကိုရော”
“အင်း…… အနည်းအကျဉ်းလောက်တော့ဖတ်ဖြစ်တယ်”
ထိုလူငယ်က ဘာမျှ ဆက်မမေးတော့ဘဲ ဝီစကီ တစ်ချက်မော့လိုက်သည်မို့ ကျွန်တော်လည်း ဘီထာတစ်စုပ် ကောက်စုပ်လိုုက်သည်။
“အစ်ကို၊ ဟစ်တလာကို ဘယ်လိုမြင်လဲဟင်”
လူငယ်၏ အမေးကို ကျွန်တေ်ချက်ချင်းမဖြေတတ်၊ ခဏ စဉ်းစားလိုက်ပြီးမှ…..
“ဟင်း…. ဟစ်တလာအပေါ် ငါ့အမြင်ကတော့ တို့ဗုဒ္ဓဘုရားရှင်ဟာ ကျွတ်သင့်ကျွတ်ထိုက်တဲကသတ္တဝါကို တရာပြဆုံးမပြီးချွတ်သွားတယ်၊ ဟစ်တလာကတော့ ဂျူးတွေကို ကျွတ်သင့်တဲ့လူရော မကျွတ်သင့်တဲ့လူရော ရောသမမွှေပြီး အကြမ်းနည်းနဲ့ ချွတ်သွားတယ် ထင်တာပဲ ခစ်… ခစ်… ခစ်”
ကျွန်တော့အဖြေကြောင့် လူငယ်မှာ ပြုံးစိစိဖြစ်သွားပြီး…..
“ရုရှားရင်ငွေ့လှုံရင်ပျောက်စေဆရာကြီး ရပ်စပြူတင်ကိုရော အစ်ကိုဘယ်လိုမြင်လဲ”
“အလကားကောင်ကြီးပါကွာ၊ တဏှားရူးစစ်စစ် နှာဘူးကြီးပါ၊ နေပါဦး မင်းဒီလိုမေးတာ အကြောင်းရှိလိုမ့်မယ်ထင်တယ်”
ကျွန်တော့စကားကြောင်း ထိုလူငယ်ရှက်ကိုရှက်ကန်း ဖြစ်သွားသည် ဟု ထင်ရသည်။
ခေတ္တနှုတ်ဆိတ်နေပြီးမှ…
“ဒီလို အစ်ကိုရဲ့၊ ကျွန်တော်ပဲ အတွေးခေါင်တာလားတော့မသိဘူး။ ဟစ်တလာတို့၊ ရပ်စပြူတင်တို့လို မကောင်းသတင်းတွေနဲ့ကျော်ကြားတဲ့သူတွေ၊ အိုင်းစတိုင်း၊နယူတန်တို့လို ကောင်းသတင်းနဲ့ကျော်ကြားတဲ့သူတွေကို ကျွန်တော် က ဂြိုလ်သားတွေနဲ့ ပတ်သက်မယ် ထင်မိလို့ပါ”
လူငယ်၏ စကားကြောင့် ကျွန်တော် နည်းနည်းတော့ အံ့ဩသွား၏။ ထို့ကြောင့်…..
“ဂြိုလ်သားတွေနဲ့ဘယ်လိုပတ်သက်တာလဲ၊ ဂြိုလ်သားတွေရှိတယ်လို့ကော မင်းကယုံလို့လား”
“ယုံတယ်အစ်ကို၊ ဒီကမာ္ဘမြေတည်ရှိတယ့် စကြာဝဋ္ဌာလိုု စကြာဝဋ္ဌာအများကြီး ပဲဟာ၊ ဂြိုလ်တွေ၊ ကြယ်တွေလဲအများကြီးပဲလေ၊ အဲ့ဒါကြောင့် ဂြိုလ်တွေမှာလဲ သက်ရှိတွေရှိနိုင်တာပဲ ပြီးတော့ အင်း…… ကျန်ခဲ့တဲက သုံးနှစ်ကျော်လောက်ကဖြစ်မယ် ထင်တယ်၊ မိုက်ကယ်ဂျက်ဆင်ဟာ ဂြိုလ်သားတဲ့၊ သူ့ရဲ့ ဂြိုလ်သားမိဘနှစ်ပါးက လူသားမိဘ တွေဆီ မွေးစားဖို့ပို့ပေးလိုက်တာဆိုပဲ၊ ရေးတဲ့သူကလဲခပ်တည်တည်ကြီးရေးချသွားတော့ ကျွန်တော်လဲ ဇဝေဇဝါဖြစ်သွားတယ်၊ ပြီးတော့စူပါမင်းလည်း လူသားတွေ မွေးစားထားတဲ့ အခြား ကမ္ဘာကဂြိုလ်သားပဲလေ၊ နောက်ထပ်ရှိသေးတယ်၊ ဒီရဲဂျာရဲ့ရုပ်ပြကာတွန်းထင်တယ်၊ စာအုပ်နာမည်က ကန္တာရမြွေဟောက်တဲ့။ အဲ့ဒီရုပ်ပြစာအုပ်ထဲမှာ လူသားဆရာဝန်က ဂြိုလ်သားသေးသေးလေးတွေ ရဲ့သွေးနဲ့ အမျိုးသမီးတစ်ယောက်ကိုအကူအညီတောင်းပြီး အဌားကိုယ်ဝန်ဆောင်ခိုင်းတယ်။ မွေးလာတော့ယောက်ျားလေးနှစ်ယောက်၊ တစ်ယောက်က အားကစားဘက်မှာထူးချွန်တယ်၊ကျန်တဲ့တစ်ယောက်ကတော့အရမ်းအဆိပ်ပြင်းတဲ့ ကန္တာရမြွေဟောက် ကိုက်တာတောင် မသေဘူးဗျ”

လူငယ်ကစကားစကိုဖြတ်ပြီး ဝီစကီတစ်ငုံမော့လိုက်သည်။ ကျွန်တော်လဲ ဘီယာတစ်စုပ်ကောက်စုပ်လိုက်ပြီး အနည်းငယ်စိတ်ဝင်စားမိနေပြီဖြစ်သောလူငယ်၏စကားကို နားစွင့်ထားလိုက်သည်။
“အဲ့ဒါကြောင့် ကျွန်တော်အတွေခေါင်မိတာက လူထက်အရာရာအဆင့်မြင့်တဲ့ တစ်ခြား ကမာ္ဘက ဂြိုလ်သားတွေဟာ တစ်နေ့တစ်ခြား နည်းပညာတွေတိုးတတ်နေတဲ့ လူသားတွေ နေစကြာဝဋ္ဌာနဲ့ အခြားစကြာဝဋ္ဌာတွေကိုပါ စိုးမိုးခြယ်လှယ်သွားမှာမရှုစိမ့်လို့ လူသားတွေ ပျက်စီးရာ ပျက်စီးကြောင်း အနေနဲက လူတူဂြိုလ်သားလေးတစ်ယောက်ကို ကမာ္ဘမြေက လူမိသားစုဆီ စွန့်ပစ်ကလေးအနေနဲ့ ဖြစ်စေ၊ လူသားမိခင်တစ်ဦးကိုဖမ်းခေါ်သွား
ပြီး လူတူဂြိုလ်သား သန္ဓေတည်ပေးလိုက်လို့ဖြစ်စေ၊ကမာ္ဘမြေပေါ် လူတူဂြိုလ်သားလေး တစ်ယောက်ရောက်ရှိလာတယ်ဆိုပါတော့၊ အဲ့ဒီ လူတူဂြိုလ်သားလေးဟာ ဂျင်ဂစ်ခန်အဖြစ် ဟစ်တလာအဖြစ် ကြီးပြင်းလာရင်…….”
လူငယ်က စကားကိုမဆက်တော့ပဲ ကျွန်တော့အကဲဖမ်းနေတော့သည်။ ကျွန်တော့် အနေနှင့်တော့ဘာထင်ကြေးှမျှမပေးတတ်ပေ။
“နောက်တစ်မျိုးစဉ်းစားလို့ရသေးတယ်၊ လူထက် အရာရာ အဆင့်မြင့်တဲ အခြားကမာ္ဘ ကဂြိုလ်သားတွေပဲပေ့ါ၊ သူတို့နဲ့ ယှဉ်ကြည့်လိုက်ရင် နည်းပညာတွေက ခရုသွားသလို တိုးတတ်နေတဲကမာ္ဘမြေက လူသားတွေအပေါ် မြန်မြန်တိုးတတ်စေချင်လို့ အကူအညီပေးတဲ့ အနေနဲ့ လူတူဂြိုလ်သားပေါက်စလေးကို လူသားမိဘတစ်ခုထဲ စွန့်ပစ်ကလေးအနေနဲ့ဖြစ်စေ၊ လူသားမိခင်တစ်ဦးကိုဖမ်းခေါ်သွားပြီး လူတူဂြိုလ်သားသန္ဓေတည်ပေးလိုက်လို့ဖြစ်စေ၊ ကမာ္ဘမြေ ပေါ်မှာ လူတူဂြိုလ်သားလေးတစ်ယောက်ရောက်ရှိလာတယ်ဆိုပါတော့၊ အဲ့ဒီလူတူဂြိုလ်သားဟာ အိုင်စတိုင်းအဖြစ်၊ ချားစ်ဒါဝင်အဖြစ် ကြီးပြင်းလာခဲ့ရင်……”
လူငယ်က သူ့စကားကိုမဆက်ပါ။ ကျွန်တော်ဇဝေဇဝါသာဖြစ်ပြီး ဘာထင်ကြေးမှ မပေးတတ်ရှာ…။
“အသည်အသန်ကြီးတော့လိုက်မစဉ်းစားပါနဲ့ အစ်ကိုရာ၊ကျွန်တော်လဲတွေးမိတာလေး ကိုပြောပြတဲ့သဘောပါ၊ ဒီမစ်ကီဝေးကြယ်စုကြီးထဲမှာတော့မဖြစ်နိုင်တာမရှိဘူးတဲ့။ Why not တဲ့၊ အစ်ကိုမယုံကြည်ရင်လည်းဒါကပြဿနာမဟုတ်တာ၊ As you like”
Why not …….. Why not ……..ဘာကြောင့်မဖြစ်နိုင်ရမှာလဲ၊ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော့ခေါင်းထဲတွင် စကားလုံးမုန်တိုင်းများ တိုက်ခတ်ကုန်တော့သည်။ Why not …….
“ကဲ… အစ်ကို၊ အဝေးကြီးလျှောက်မစဉ်းစားနဲ့။ကိုယ့်ကိုကိုယ်ပဲပြန်စဉ်းစားကြည့်၊ အစ်ကို့ရဲ့ငယ်ဘဝ အစ်ကို့ရဲ့စရိုက်လက္ခဏာက လူနဲ့တူလား။ လူလွန်မသား ဘာညာပေါ့၊ ကျွန်တော်သွားလိုက်ဦးမယ်“
လူငယ်က သူ့ဘေသူရှင်းပြီး ထပြန်သွားသည်။ ကျွန်တော်ကတော့အတွေးပေါင်း များစွာဖြင့်ကျန်ခဲ့လေတော့သည်။ငါ…. ငါဟာလူလွန်မသားလား၊လူဟိုဒင်းမသားလား၊စဉ်းစား စမ်း……… အဖေနှင့်အမေညားပြီးနောက်ပိုင်း အမေအိမ်က ခေတ္တပျောက်သွားသည်ဟုတစ်ခါ မျှမကြားမိ။ အမေက တောသူမို့ ဂြိုလ်သားတို့စိတ်ဝင်စားမည်မဟုတ်ပေ။ကြွကြွရွရွ လှတပတ မြို့သူများကိုတော့ ဂြိုလ်သားတို့စိတ်ဝင်စားနိုင်သည်။ ငယ်ဘဝက ဘာထူးခြားချက်ရှိလဲ။
စဉ်းစားစမ်း၊ စဉ်းစားစမ်း။
ကျွန်တော်သတိရလေပြီ။ အဖေနှင့်အမေတို့နှင့်ရင်းနှီးသောသူငယ်ချင်းတစ်ချို့ ကျွန်တော့အား
“မင်းကိုမင်းအဖေနဲ့အမေကမွေးထားတာမဟုတ်ဘူး။လှည်းလမ်းကြောင်းပေါ်က ကောက်ရတာ ”
ဟုခဏခဏပြောကြသည်။ ထိုကိစ္စ အမေ့ကိုမေးကြည့်တော့ အမေခေါင်းခါတာ အကြိမ်ကြိမ်။ ကျွန်တော်ရှက်နေမည်စိုး၍ အမေခေါင်းခါခဲ့တာဖြစ်နိုင်သည်။ငယ်ငယ်တုန်းကတော့ သတ်သတ်စတာဟုသာထင်ခဲ့သည်။အခုတော့……
ကျွန်တော်ငယ်ငယ်က ကောက်ညှင်းထုပ်သိပ်ကြိုက်သည်။ အသားငါးကိုမကြိုက်ဘဲ အသီးအနှံကို ပိုကြိုက်ခြင်းက လူထက်ပို မြင့်မြတ်သည့်သဘောလား။ အမေပြောတာတစ်ခု ရှိသည်။ ကျွန်တော်ပုခတ်နှင့်အိပ်သည့်အရွယ်က ပုခက်ကို အမေက လွဲ၍ အခြားအမျိုးသမီး လွှဲပေးလျှင် အော်လွှတ်တတ်သည် ဆိုတော့ ကျွန်တော်ဟာ….။

3 comments

  • galu

    May 29, 2010 at 10:25 am

    ဟာသမဟုတ်ပါဘူးဗျာ.. အတွှေးအခေါ်လေး ပါးပါးလေးပါတယ်… ကျွန်တော်ကတော့ကြိုက်တယ် ဗျို့

  • yannaingech

    May 29, 2010 at 1:56 pm

    တစ်ဝိုင်းတည်းသောက်ခဲ့တဲ့ ချာတိတ်က ဂေါက်နေတာဖြစ်မှာပါဗျာ။

  • intro

    May 30, 2010 at 3:21 am

    ဝင်ဖတ်သွားပါတယ်…. အရေးအသားတော်တော် ကောင်းတယ်ဗျို့… သိတ်လည်း စဉ်းစားမနေပါနဲ့… သူပြောတာ ဟုတ်နေလည်း ဟုတ်ပစေပေါ့ဗျာ… ဟဲဟဲဟဲ

Leave a Reply