“သူတို့ဆီအရောက်…………(ကျယ်ဂေါင်)သို့အဝင်” ထမင်းစားပြီးကွတ်ခိုင်ကထွက်လာတဲ့အခါ ပိုသာယာလာသလိုပါဘဲ၊ တောင်တန်းတွေရဲ့ရင်ခွင်ထဲကို ဝင်ပြီးလမ်းကလေးတွေဖောက်ထားပါတယ်။ တောင်ပေါ်အရောက်အောက်ပြန်ငုံ့ကြည့်တော့ ဖဲကြိုးလေးကို ချထားသလို မြင်ရ။ မိုးတိမ်ခိုး မှောင်မှောင်က တောင်ရဲ့အထက်မှာစီးမိုးလို့နေပါတယ်။ ညနေပိုင်းရောက်လေ မိုးတိမ်ညိုတွေက များလာပါတယ်။ အဆင့်ဆင့်အထပ်ထပ် တောင်ကုန်းတွေပေါ်မှာတော့ နေအလင်းရောက်ရနေတဲ့အပိုင်းက အစိမ်းလွင်လွင် တိမ်အုပ်ကြောင့်အရိပ်ကျနေတဲ့ အပိုင်းက အစိမ်းညို့ညို့။ တစ်နေရာအရောက်မှာတော့ စိမ်းမြတဲ့အလယ်က မြေနီလမ်းကလေး….. (ဒီအချိန်တွေဆို အမြဲတွေ့နေကျပါ…………….. မြေနီလမ်းကလေးကို မင်းသတိရပါ……………………………….)ဆိုတဲ့ ဘိုဖြူသီချင်းက ရင်ထဲကိုအပြေးအလွှား ရောက်လာပြန်ပါတယ်။ ဒီနေရာလေးရောက်တော့ လမ်းနံဘေးမှာ လယ်တဲလေးတွေ တွေ့ရတာစိတ်လာပါတယ်။ လူနေအိမ်ခြေနဲ့နီးတဲ့တစ်နေရာမှာတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ လုပ်ငန်းခွင်လေးကိုလှမ်းမြင်ရပါတယ်။ ဒီတစ်ခါတင်ထားကြတာကတော့ မီးသွေးအိတ်တွေပါ။ အတော်လေးသွားမိတော့ လမ်းမှာကားတွေတန်းစီရပ်နေပါတယ်။ […]