naywoon niApril 6, 20121min21613
အလိုက်သင့်မစီးမျောတတ်တဲ့ ဒိုက်ပုံလိုသာပ….။ ငါလည်းလောကစီးကြောင်းထဲမှာတစ်လည်လည်နဲ့ ဟိုသောင်မှာတင် ဒီကမ်းမှာကပ်ရယ်နဲ့ လိုရာခရီးမရောက်သလို ပန်းတိုင်ဆိုတာလည်းပျောက်ခဲ့ပြီ…..။ “ကြောက်စိတ်ကင်းခြင်းဆိုတဲ့ သူရဲ့ပြတင်း အမေ့သားတံခါးတွေဖွင့်ပေးပါ….။” ယက်တူရှင်ကိုရဲ့ ကဗျာ စာသား နားဝမှာကြားယောင်ရင်းနဲ့ အမှိုက်ပုံ ဒိုက်ပုံမာန်တင်း လေးလံနေတဲ့ သူ့ခန္ဓာ သူပြန်ထိန်းရင်း ရေစီးကြောင်း (လောကစီးကြောင်းထဲမှာ) တစ်ရွေ့ရွေ့ ဆက်လက်စီးမျောနေလေရဲ့……….။ နေဝန်းနီ


naywoon niMarch 26, 20121min1454
အမြဲတမ်းမောင်းနှင် ကြိတ်ဝါးနေတဲ့ စက်အစုံငဲ့…………..။ အသင်ကြိတ်ဝါးနေတဲ့ အရာတွေကနေပြီး စွမ်းအင်ပြန်ရပြီးဆက်လက်မောင်းနှင် မရပ်မနား တစ်ကယ့်တစ်လစပ်မောင်းနေခဲ့ အိုး မောင်းနှင်ပြီးရင်းမောင်းနှင် စက်ပူလို့မနား ရေဆူလို့မနား ကြမ်းဝါးရမဲ့ကုန်ကြမ်းတွေသာ လာစမ်းပါ…. ထည့်လိုက်စမ်းပါနဲ့ ကြိတ်ဝါးပြိးသား ဝါးဖတ်တွေသာဖယ်ပေးပါတဲ့ အိုအသင်……….. မာန်ကြီးလှချေသည်တစ်ကား……….. အိုအသင် သင့်တာဝန်ကိုမလစ်စေပါတစ်ကား…….. အိုအသင် ဘယ်အချိန်ရပ်မည် သင်စိတ်ကူးပါသလား….။ နေဝန်းနီ


naywoon niMarch 22, 20121min33816
တို့တွေရဲ့ ကိုယ်တွေပေါ်မှာ တစ်ချိန်လုံး ထမ်းပိုးလာရတဲ့ ပေတံတွေ စံနှုန်းတွေ နီတိတွေ နေစဉ်အမျှ ခေတ္တခဏလေးတောင်ချထားမရတဲ့ဘဝတွေ….။ လူဘဝတစ်သက်တာပတ်လုံး သင်ယူလာခဲ့ရသမျှှ လေ့လာခဲ့ရသမျှ ဖတ်မှတ်လာခဲ့ရသမျှှ တစ်နေ့ထက်တစ်နေ့ ကျောပေါ်မှာပေတံတွေသာတိုးလာတယ်…..။ ပိုပြီးသင်ယူနိုင်လေ ပိုပြီးလေ့လာလေ ပေတံတွေ တိုးလာလေပါပဲ…..။ ကျောပေါ်မှာ……… ပေတံတွေ စံနှုန်းတွေများများသယ်ပိုးနိုင်သူသာ လူတော်တွေအဖြစ်သတ်မှတ်ထားကြ…..။ အကြောင်းကိစ္စတစ်ခုခုနဲ့ကြုံတိုင်း ကျောပေါ်ကပေတံတွေစံနှုန်းတွေချချပြီး တိုင်းတာဆုံးဖြတ်…….။ ပေတံတွေ စံနှုန်းတွေ အမျိုးအစားကလည်းများပါ့ ဘာသာရေး………. လူမှုရေး……… ဓလေ့ထုံးစံ ……… ယဉ်ကျေးမှု………… ဒါတွေနဲ့သာတိုင်းတာဆုံးဖြတ် ဒီထက်ပိုပြိးတော့လည်း ဘာမျှအသုံးချမရပေတံတွေသာ………..။ အဲဒိတော့……………… ဘယ်မှာလဲ? ကိုယ်ပိုင်ပညာ ကိုယ်ပိုင်အသိ တစ်ခုမှမရှိ နတ္ထိ…………….။ နေဝန်းနီ


naywoon niMarch 17, 20121min41616
ရှိတာလေးနဲ့ဘဲ ရောင့်ရဲ အဟာရမဖြစ်တဲ့ ဝမ်းပြည့်စာတွေနဲ့သာ နေ့စဉ်ဘဝမှာ အူမတောင့်စေခဲ့ရ…..။ ဝမ်းဝ နေပေမဲ့ အဟာရဆိုတာကမှ မပါ အားဆိုတာကအရိုးထဲကညှစ်ထုတ်နေရတော့ ချဉ်ဆီဆိုတာတွေလည်း ခမ်းတော့မပေါ့….။ အစားအသောက်တင်ပဲလား နေရထိုင်ရတာကကော အများနဲ့တန်းတူ ကျောတစ်နေရာစာယူရင်း ဆူညံသံတွေကြားမှာအိပ်စက် မနက်လင်းတော့ကော မနေ့ကလိုပဲ ဝမ်းပြည့်လွယ်မဲ့အစာမာမာတွေနဲ့ပဲ နှစ်ပါးသွားလိုက်ရ……။ အိပ်မက်ဆိုတာလည်း မမက်ဖူးတာကြာပေါ့…။ ဒီလိုနဲ့ပဲနေတော့မလား ဟင် ဘဝကိုကဒီလိုကျနေတာ ဒါဖြင့်…….. ကင်းမြီးကောက်ထောင်နေရမလား ဆိုတော့ မနောက်ပါနဲ့တဲ့….။ ဟုတ်တယ်လေ….။ နေ့စဉ်ဘဝ ဝမ်းရေး ….ဝမ်းရေး ….ဝမ်းရေး…ဗျ အဘယ်သူအလျဉ်မီအောင် လာဖြေရှင်းပေးနေလို့လဲ…..။ အတတ်ပညာ-အရင်းအနှီးနဲ့ အချိန်အခါ ဒေါက်သုံးဒေါက်မဏ္ဍိုင် ပြိုလဲရင် သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းမိဦးမယ် မပြောချင်တော့ဘူး…..။ နေဝန်းနီ


naywoon niFebruary 6, 20121min2047
ပန်းပွင့်လေးတွေဟာ အချိန်တန်ရင် ကြွေတာပဲလို့ချည့်ပြောနေကြ လူတွေကတော့ မသေတဲ့အတိုင်း…..။ ပန်းကြွေလေးတွေတောင် သူတို့ရနံ့နဲ့ လူတွေကိုလွမ်းအောင်လုပ်နိုင်သေးရင်….. ငါတို့တွေလည်း နေစဉ်ခဏ ရိက္ခာ ပြည့်အောင် ကြိုးစားချိန်မှာ လူထဲကလူ လူ့အသိစိတ် လူ-လူ ချင်း လူလိုမြင်တဲ့ လူသားဆန်တဲ့ စိတ်ပြည့်ဖို့တော့ လိုလိမ့်မယ်နော်……။ နေဝန်းနီ


naywoon niFebruary 1, 20121min38121
ခြောက်သွေ့တဲ့ မြေမာအက်အက်ထဲက နှင်းဆီပန်းပင်လေးပေါ်မှာ ပန်းဖူးလေး တစ်ဖူး ပွင့်အာထွက်လာပြီး အောက်ခြေကိုစောင်းငဲ့ကြည့်ရင်းပြောလိုက်တယ်….။ “ အံမယ်…. ငါ့မှာ ကိုယ်ရံတော်တွေအပြည့်ပဲ” တဲ့…..။ အနားက kiss me ပန်းအိုးကလည်းအားကျမခံ “အေး ငါ့မှာလည်း ကိုယ်ရံတော်တွေနဲ့” တဲ့……။ အဲဒိတော့ အနီးမှာရှိတဲ့ စပယ်ရုံ အသာပြုံးရှာတယ်…။ သူပြောလိုက်တာကတော့ “ ဖြူစင်သန့်ရှင်းပြီး မွှေးရနံ့ သင်းပျံ့နေသူတွေအတွက် ကိုယ်ရံတော်ဆိုတာက အပိုတွေပါပဲ” တဲ့လေ………။ နေဝန်းနီ


naywoon niJanuary 30, 20121min1544
အဲဒိနေ့ကပေါ့…… ပျင်းပျင်းရှိတာနဲ့ ငါ့ရင်ဘတ်ထဲ ဖွက်ထားဖူးခဲ့တဲ့ မသိခြင်းသေတ္တာကို ပြန်လည်တူးဆွ နားမည်ခြင်း password နဲ့ဖွင့်လိုက်တော့ တံဆိပ်သာမြင်ဖူးပြီး အရသာမမြည်းစမ်းဖူးသေးတဲ့ အရက်ပုလင်းတွေရယ်………… ခေါင်းစဉ်သာတွေ့ဖူးပြီး ခုထိမဖတ်ဖြစ်သေးတဲ့ ဝတ္ထုစာအုပ်တွေရယ်…….. ခေါင်းစဉ်သာတပ်ထားပြီး မရေးဖြစ်ခဲ့တဲ့ ကဗျာခေါင်းစဉ်သာပါတဲ့စာရွက်အလွတ်တစ်ချို့ရယ်………….. ထွက်ကျလာခဲ့ပေါ့…..။ အဲဒိနေ့ကပေါ့ ဂျွမ်းမထိုးတတ်တာရယ် ကြိုးတန်းပေါ်လမ်းမလျှောက်တတ်တာရယ်နဲ့ ဟော့ဒိဇာတ်ခုံပေါ်မှာ မင်းသားမဖြစ်လိုက်ရဖူး……။ ခွေးလိုအူပြီး မျောက်လိုကနေတဲ့ကောင်ကိုကျတော့ ဆုတွေဘာတွေချလို့………… ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြရဲ့ ဒါနဲ့ ငါလည်းနေရာကလှည့်ထွက်ခဲ့တော့တယ်…..။ အဲဒိလိုနဲ့………….. မသိခြင်းသေတ္တာကို ငါ့ရင်ဘတ်ထဲမှာပဲ သေသေချာချာ ပြန်ဖွက်ထားပြီး နေ့တစ်နေ့ဆီကို ခရီးဆက်ခဲ့တာပေါ့……………..။ နေဝန်းနီ


naywoon niJanuary 18, 20121min2329
ကိုယ့်မေ့နေတဲ့ ကိုယ့်အကြောင်းများ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဆိုရိုးစကားတွေတွင်တွင်ကျယ်ကျယ်သုံးပြီး ဇာတ်လမ်းတွေဆင်……. ဇာတ်ကွက်တွေချ ဝတ္ထုတွေ ရေးနေလိုက်ကြတာ လူတစ်ယောက်ချင်းစီမှာ ဝတ္ထုတစ်ပုဒ်အနဲဆုံးရှိတယ်……….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ကာရံတွေညှိ နဘေတွေထပ်ပြီး ပုံသေနည်းတွေ နည်းပညာအသစ်တွေနဲ့ စကားလုံးတွေစီပြီး ကဗျာတွေရေးဖွဲ့နေကြ လူတစ်ယောက်ချင်းစီမှာ ကဗျာတစ်ပုဒ်အနဲဆုံးရှိတယ်….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဖလင်မသုံး ကင်မရာမပါပဲ ကြည့်မှန်တစ်ချပ်နဲ့တင် အိုက်တင်တွေပေး ဒိုင်ယာလော့ဒ်တွေပြောပြောပြီး ဆက်တင်အမျိုးမျိုးဆောက်ရင်း ရုပ်ရှင်တွေရိုက်နေကြ လူတစ်ယောက်ချင်းစီမှာ ရုပ်ရှင်တစ်ကားတော့ ရှိကြ အဲဒါအနဲဆုံးပါပဲ….။ အဲဒိလိုတွေရှိနေပါရဲ့နဲ့ ကိုယ့်ဝတ္ထုထက်သူများဝတ္ထုကို ပိုစိတ်ဝင်စားနေကြ ကိုယ့်ကဗျာထက်သူများရေးတဲ့ကဗျာ ပိုသဘောကျနေကြ ကိုယ်တိုင်ပါဝင်တဲ့ရုပ်ရှင်ထက် သူများတွေရဲ့ရုပ်ရှင်တွေကိုပဲ အကယ်ဒမီတွေပေးလိုက်ကြ ကိုယ့်ဝတ္ထုကိုယ်မေ့ ကိုယ့်ကဗျာကိုယ်သတိမရ ကိုယ့်ရုပ်ရှင်ကိုယ်စိတ်မဝင်စားတော့ပဲ ညညဆိုရင် ကိုရီးယားဇာတ်လမ်းတွေ ပဲ ထိုင်ကြည့်နေကြတော့တာပေါ့…………။ နေဝန်းနီ


naywoon niJanuary 10, 20121min2065
ပုပ်သိုးနေတဲ့ အရာတစ်ခုကို နံ့သာလူးဖို့ ကြံစည်နေပါသလား…………..? တွေဝေမှုကင်းစွာနဲ့ ပျော်ရွှင်လာခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည် တ,သ နေစရာမလို အတိတ်ကိုချော့သိပ်နေမဲ့အစား အနာဂါတ်ကို နှိုးလိုက်စမ်းပါ…..။ ဘယ်အရာမဆို သူ့အလိုလိုတော့ ဖြစ်မလာ ကြမ္မာနှိုးစက်တစ်ပတ်လည်ချိန်မှာ ငါ………. သို့မဟုတ် ရုပ်ဝတ္ထုတစ်ခု ပျက်စီးခြင်းအမှု ကိုယ်တိုင်အမှုရဲ့ အကျိုးရလာဒ် ကျေနပ်စွာခံယူရင်း လောကရဲ့ အကောင်းအဆိုး ဖြစ်သမျှ အကောင်းဖြစ်သမို့ ထပ်လောင်းလို့ ပြောလိုက်ချင်တယ်…..။ ပုပ်သိုးနေတဲ့ အရာတစ်ခုကို နံ့သာလူးဖို့ ကြံစည်မနေနဲ့လို့လေ………..။ နေဝန်းနီ


naywoon niJanuary 10, 20121min2356
• ပြတော့ ပြနေတာပဲ မြင်ကွင်းက ကျဉ်းပြီး ရှင်းလင်းပြတ်သားမှုမရှိသေးဘူး…..။ • ပြောတော့ ပြောနေတာပဲ အသံတွေက တုန်ခါနေပြီး တိုးလွန်းနေသေးတယ်….။ • ချစ်တယ်လို့တော့ ပြောနေတာပဲ ဘယ်အတိုင်းအတာထိလဲဆိုတာတော့ မစမ်းသပ်ရသေးဘူး……..။ • ဖြစ်တယ်လို့တော့ ပြောနေတာပဲ ဒါပေမဲ့ ဖဲချပ်တွေကို သူခင်းမပြသေးပါဘူး……….။ • ထိတယ်ဆိုတာတော့ သိနေတယ်….. ဒါပေမဲ့ နူးညံ့သလား ကြမ်းရှ သလားဆိုတာကိုတော့ ငါမခံစားနိုင်သေးဘူး…………။ နေဝန်းနီ


naywoon niJanuary 7, 20121min2259
စိတ်ကူးတစ်ခုဟာ ကိန်းသေအလျင်နဲ့ရွှေ့လျား လားရာတစ်ခုဆီကို ခရီးသွားနေတယ် ဆိုပါစို့……။ တည်မြဲတဲ့ အလျင်ဖြစ်စေဖို့ ဘယ်အရာကို တားဂတ်ထားပြီး သမာဓိယူနေသလဲ? မိန်းကလေးတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ ရုန်းထွက်နေသလား ဒါမှမဟုတ် ဆရာသခင်လား မိဘလား? သားသမီးလား ညီညီမ လေလား…… တစ်ခုခုကိုအာရုံစိုက် ဘဝကိုမောင်းနှင်ခိုက်မှာ အဖြစ်နဲ့ အပျက် ဒွန်တွဲလာရင်တော့ အမှိုက်သရိုက်နဲ့ ဒိုက်ကိုရှင်းလင်း ကိုယ့်ဦးတည်ချက်ကိုယ်ရောက်အောင်သွား လမ်းကြောင်းမပြောင်းစေနဲ့ အသင်လူသား….။ နေဝန်းနီ


naywoon niJanuary 6, 20121min1324
မရှိတာထက် မသိတာကပိုခက်သတဲ့ ရှိကို မရှိတာ အဲဒိမရှိတာကို သိတယ်လေ……….။ ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်သူနဲ့စကားပြောပြော ဘယ်စာဖတ်ဖတ် မရှိတာတွေချည့် လှစ်ဟပြနေတော့တာပါပဲလား……။ မသိတာကစိတ် မရှိတာကရုပ် “ ရုပ်ကမှမလှတာဟာ မမြင်ရတဲ့……. စိတ်ကိုပဲ အရင်ပြင်ရမှာလား ရုပ်အပြလှအောင်အရင်မပြင်သင့်ဘူးလား…….” တဲ့ ကဲ………. နင်ငါ့ကိုယ်စားဖြေလိုက်စမ်းပါ…..။ နေဝန်းနီ


naywoon niJanuary 6, 20121min26012
အလျင်လို လမ်းအိုလိုက်……….တဲ့ ဟုတ်ကဲ့ ကျွန်ုပ်တို့ အလျင်မလိုကြပါ….။ ဒါကြောင့်……. လမ်းဟောင်းကိုဖယ်ပြီး လမ်းသစ်ကောင်းကောင်းတစ်ခုဖောက်ဖို့ ကျွန်ုပ်တို့ဆုံးဖြတ်လိုက်ကြပါတယ်……။ ဒီလမ်းသစ်ဟာ ဟိုးးးး ဇနပုဒ်ကနေ ရွှေမြို့တော်ကြီးအရောက် ရွှေမြို့တော်ကြီးဆီကနေ ဟိုးးးး မှုန်ပြပြလှမ်းမြင်နေရတဲ့ ကမ္ဘာ့ရွာ ဟိုင်းဝေးလမ်းမကြီးအရောက် ဆက်လက်ဖောက်လုပ်သွားမှာပါ….။ အဲသဟာကိုကြည့်ပြီး လမ်းဟောင်းရှင်အသင်တို့ အကူအညီမပေးချင်နေပါ….. အနှောက်အယှက်တော့ မပေးကြပါနဲ့…….။ ဒီလမ်းကြီးသာပြီးသွားရင် ဟိုးးး ဇနပုဒ် သားက ရွှေမြို့တော်ကြီးဆီ မျက်စေ့မှိတ်လမ်းလျှောက်လာပြီး အဲဒိကနေ ဟိုးးးး ကမ္ဘာ့ရွာလမ်းမကြီးပေါ်တက် အသိတွေပွင့် အမြင်တွေရှင်းပြီး ကမ္ဘာ့ရွာကစာကွင်းကြီးမှာ လယ်ဗယ် ညီကစားနိုင်ဖို့ အသိအတတ် နည်းပညာတွေ ခင်ဗျားတို့ မျှဝေပေးကြပါ….။ ကျွန်ုပ်တို့လမ်းသစ်တစ်လျှှောက် ပညာတွေဖြန့်ဝေပေးကြပါ….။ အားလုံးဟာ တစ်သားထဲ လမ်းဟောင်းကိုစွန့်ခွာလို့ လမ်းသစ်တစ်စင်းဖောက်ကြပါစို့……..။ နေဝန်းနီ