TELEVISION, COMPUTER VISION AND YOUR EYES

zaylayJuly 18, 20101min660

TELEVISION, COMPUTER VISION AND YOUR EYES

တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ

ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် … ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ်
မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ
ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc
(OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။
ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။
ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ
ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင်
ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ
ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်းကိုက်
ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။

မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက်လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။
မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စိုစွတ် နေဖို့ လိုတယ်။ မျက်ရည်
ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ်
မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊
မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင်
မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည်
ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ
ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြာဲ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့်
သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး
စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း တစ်နာရီ ကျော် ကြာကြာ
ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင်ကွင်းကို
ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့
လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင်
တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့်ရင် အဆင် မပြေ
ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။

မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊
resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တယ်။ အရုပ် ပီသ
ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊
မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။
အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက်
တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ
ဓါတ်ရောင်ခြည်ရှိတယ်။

ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ်
သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည်
ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက်
တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လု့ိ အန္တရာယ်တော့ နည်းပါတယ်။
နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ဝ.၅
မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ
ရှိလု့ိ၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့
လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား
နိုင်တယ်။

မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့
သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့တည့်တည့်
ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။
ကိုယ်က မြင့်နေရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင်
ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့
ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။

မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလိုု အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။

မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ
မျက်စိ မထိခိုက်အောင် သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။

(၂၀၀၈ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ် မော်ဒန်ဂျာနယ်)
အဆင်ပြေကြပါစေ။


Best Regards,