မေ့မရသည့် တက္ကသိုလ် နွေတစ်ည – ပြည်သွေးနိုင်

black chawMarch 8, 20121min33314

မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က
စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။
စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။
အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ကိုသစ်မင်းနဲ့လည်း တစ်ချိန်တည်း တစ်ဆောင်တည်း တက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် လွမ်းနေတဲ့ သမိုင်းဝင်း အကြောင်းလည်း အလွမ်းပြေ ဖတ်ရပါမယ်။ သူကြီးတို့ စက်မှုတက္ကသိုလ်နဲ့ ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်ရဲ့ ရင်းနှီးမှုကိုလည်း ဖတ်ရပါမယ်။ ၈၈ ရဲ့ သမိုင်းကြောင်း တစ်စွန်းတစ်စကိုလည်း သင်ခန်းစာယူလို့ရပါတယ်။
မန္တလေး ဂဇက် မှာ ဒီဆောင်းပါးလေး ကို ဖေါ်ပြချင်လာတဲ့ စိတ်ဖြစ်မိတဲ့အတွက် ဆရာပြည်သွေးနိုင်ထံ ဖုန်းဆက်ပြီး ခွင့်ပြုပေးဖို့ ခွင့်တောင်းတဲ့အခါ ဆရာက လိုလိုလားလား ခွင့်ပြုပေးခဲ့ပါတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေလည်း ပြောဖြစ်ကြပါတယ်။ ဒီပို့စ်တင်ပြီးတာနဲ့ ဆရာ့ကို လင့်လေးပို့ပေးဖို့ လည်း ကတိပေးဖြစ်ပါတယ်။ ဆောင်းပါး ဖေါ်ပြခွင့်ပြုတဲ့ ဆရာ ပြည်သွေးနိုင် အား ကျွန်တော်တို့ ရွာသူရွာသားတွေကိုယ်စား ကျေးဇူးတင်ကြောင်း လေးလေးစားစား ပြောပါရစေခင်ဗျာ။

မတ်လ ၁၃ ရက်၊ ၁၉၈၈။

သမိုင်းဝင်ညနေသည် ယခင်ညများ ကဲ့သို့ပင် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ အဆောင်ရှေ့ကွင်းပြင်ထဲတွင် ဘောလုံးကန်သူကန်၊ ခြင်းလုံးခတ်သူခတ်၊ ကြက်တောင်ရိုက်သူရိုက်၊ ဘက်စကက်ဘောကစားသူ ကစားနှင့် လှုပ်ရှားသက်ဝင်လျက်ရှိသည်။ တချို့လည်း အတန်း(CLASS) မှ ပြန်လာကြပြီး ရေမိုးချိုး အကောင်းဆုံးပြင်ဆင် စတိုင်ထုတ်ကာ ၆မိုင်ခွဲဘက်ချီတက်သူချီတက်။ သရဖီ၊ နှင်းဆီ၊ ကံ့ကော်နှင့် ဂန္ဓမာဆောင်စသည့် မိန်းကလေးဆောင် တွေဘက် ခြေဦးလှည့်သူက လှည့်လို့နေကြသည်။ ကျောင်းသားဘဝ ကျောင်းသားအရွယ်တို့၏ ထုံးစံအတိုင်း အပူအပင်ကင်းစွာ အယူအစွဲကင်းစွာနှင့် ပညာရှာရင်း ဘဝကိုယ်စီ၏ အနာဂတ်တွေအတွက် ကိုယ်ပိုင်အိပ်မက်အသီးသီးကို ထုဆစ်ပုံဖေါ်နိုင်ဖို့ ရွှင်လန်းတက်ကြွစွာ ဖြတ်သန်းနေကြသည့် ကာလလည်း ဖြစ်ပါသည်။ သို့သော် ဘဝဖြစ်စဉ်တွေက ထူးခြားဆန်းကျယ်သည့် သဘောရှိသည်။ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်တတ်၏။ ကံဇာတ်ဆရာ၏အလိုကျ ကရသည် ဆိုသည့်အတိုင်း ကျွန်တော်တို့၏ ကိုယ်ပိုင်အိပ်မက်အသီးသီးသည် ထိုညနေမှာ အဆုံးသတ်ခဲ့ရပါ၏။ သမိုင်းဝင်း၏ ပုံမှန်ညနေများသည်လည်း ထိုနေ့မှာပင် အဆုံးသတ်ခဲ့ရပါတော့သည်။

၁၉၈၆ ခုနှစ်၏ နောက်ဆုံးသီတင်းပတ်ထဲတွင် ရန်ကုန်မြို့တော်ကြီးကို စတင်ခြေချခွင့်ရခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ပထမနှစ်တက်ရောက်ရန် ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော် ပထမဆုံးအကြိမ် ရန်ကုန်ရောက်ဖူးခြင်းပင်ဖြစ်ပါ၏။ တောသားမြို့ရောက်ဆိုသည့်အတိုင်း အသစ်အဆန်းတွေချည့်ပင်။ ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ရသည့် ရုပ်ရှင်တွေထဲမှာ မြင်ခဲ့ရသည့် မြကျွန်းညိုညိုတက္ကသိုလ်နယ်မြေဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့ပါပြီ။ ကျွန်တော့်အတွက် အိပ်မက်သဖွယ်ပါ။ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ အဓိပတိလမ်းနှင့် ကံ့ကော်တန်းပြီးတော့ အင်းလျား။ ပြက်ပြက်ထင်ထင် မြင်တွေ့နေရပါပြီ။ အိပ်မက်မဟုတ်ပါ။ တစ်ဖန်အိပ်မက်ဟုလည်း ဆိုနိုင်ပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့ဘဝအနာဂတ်အတွက် အရေးပါသည့် အချိန်ကာလ၊ ယင်းသည် ကျွန်တော်တို့ အိပ်မက်ပင်ဖြစ်ပါ၏။
ကျွန်တော်တို့ တက္ကသိုလ်ရောက်စဉ်အခါက စီးပွားရေးတက္ကသိုလ်သည် ရန်ကုန်မှာပဲ ရှိသည့် ကာလဖြစ်သည်။ တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသော တက္ကသိုလ်ဆို၍ အီကိုနှင့် စက်မှုတက္ကသိုလ် (RIT) သာရှိသည်။ အီကိုနှင့် RIT သည် ရန်ကုန်မြို့တော်၌သာရှိပြီး ကျောင်းသားကျောင်းသူများနေထိုင်ရာ အဆောင်များသည်လည်း သမိုင်းဝင်းထဲ၌ အတူတကွ ရှိကြသည်။ မေခ၊ ဇွဲကပင်၊ ဟန်လင်း၊ အုန်းတောနှင့် ခပေါင်းတို့သည် အီကိုကျောင်းသားများ နေထိုင်သည့် အဆောင်များဖြစ်သည်။ ထို့အတူ စဉ့်ကူ၊ ဇီဝက၊ ဒူးယား၊ ပုပ္ပါးဆောင်တို့၌ RIT ကျောင်းသားများ နေထိုင်ကြပါ၏။ သဇင်ဆောင်သည် RIT ကျောင်းသူများနေထိုင်ရာ အဆောင်ဖြစ်ပြီး သရဖီ၊ နှင်းဆီ၊ ကံ့ကော် နှင့် ဂန္ဓမာဆောင်တို့သည် အီကိုကျောင်းသူအဆောင်များ ဖြစ်ပါသည်။ ယင်းမှာ တူညီသောအချက်များဖြစ်သည်။
မတူညီသော အကြောင်းများလည်း ရှိသေးသည်။ RIT တွင် ကျောင်းသားက အများစုဖြစ်ပြီး ၇၅ ရာခိုင်နှုန်းမှာ ကျောင်းသားများဖြစ်၏။ ကျွန်တော်တို့ အီကိုတွင် ကျောင်းသူဦးရေက ကျောင်းသားဦးရေထက် သုံးဆခန့်များသည်။ ထို့ကြောင့်လည်း အီကို ကို မိန်းမလှကျွန်းဟု တင်စားပြောကြခြင်း ဖြစ်လိမ့်မည်။ ထင်ရှားကျော်ကြားသည့် သီချင်းကောင်းတစ်ပုဒ်ဖြစ်သည့် “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းသည် အီကို ကျောင်းသူတစ်ဦးကို အကြောင်းပြု၍ ရေးဖွဲ့ခဲ့ရသည် မဟုတ်ပါလော။
အဆိုပါ တက္ကသိုလ်နယ်မြေတို့၌ မကြာခဏဆိုသလိုပင် မုန်တိုင်းများ ထန်ခဲ့ပါ၏။ ကျွန်တော်တို့သည် မုန်တိုင်းမလာခင် အငြိမ်သက်ဆုံးကာလ၏ အစွန်အဖျားကို မှီလိုက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ငြိမ်းချမ်းနယ်မြေ၏ ပျော်ရွှင်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝကို မြည်းစမ်းခွင့်ရခဲ့ပါ၏။ ကျောင်းဖွင့်စတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ရှိသည်။ ထိုကြိုဆိုပွဲအပြီးတွင် King နှင့် Queen တို့ ထွက်ပေါ်လာလေ့ရှိသည်။ ကျောင်းသားတွေက Queen ကို ရွေးပြီး ကျောင်းသူတွေက King ကို ရွေးကြသည်။ ထို့ပြင် မြို့နယ်အသင်းတွေကိုလည်း ဖွဲ့ကြသည်။ မန္တလေးအသင်း၊ မော်လမြိုင်အသင်း၊ ပြည်အသင်း၊ ချင်းတွင်းအသင်း စသည်ဖြင့်ဖွဲ့ကြသည်။ မန္တလေးနှင့် ချင်းတွင်းအသင်းတို့သည် နာမည်ကြီးအသင်းများဖြစ်ပြီး ကျောင်းသားဦးရေလည်း များကြသည်။ အသင်းဝင်တွေစုပေါင်းပြီး တစ်နှစ်တစ်ကြိမ် လေ့လာရေးနှင့် ပျော်ပွဲစားခရီးများ ထွက်တတ်ကြသည်။ ယင်းအလေ့အထသည် အချင်းချင်းရင်းနှီးမှုရစေပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများကို မွေးဖွားပေးရာလည်း ရောက်ပါ၏။
ထိုမျှမကသေးပါ။ ပြည်နယ်နေ့များတွင် တိုင်းရင်းသားရိုးရာ အစားအစာရောင်းပွဲများကို RC ထဲတွင်ပြုလုပ်ရင်းတက္ကသိုလ်ပေါင်းစုံမှ တိုင်းရင်းသားတို့ ဆုံတွေ့ခွင့်ရကြပြန်ပါ၏။ ထို့ပြင် အားကစားပြိုင်ပွဲများ၊ အနုပညာအသင်း၏ လှုပ်ရှားမှုများသည် ကျောင်းသားကျောင်းသူများ မိမိတို့ဝါသနာပါရာ အားသန်ရာကို ပါဝင်လှုပ်ရှား လေ့လာနိုင်သော အခွင့်အလမ်းများပင်ဖြစ်ပါသည်။
တက္ကသိုလ်သည် စာသင်ယူရုံ သက်သက်မျှသာမဟုတ်ပါ။ ထို့အတူ ဘွဲ့လက်မှတ်ရရုံ သက်သက်မျှနေရာလည်း မဟုတ်ပါ။ သည့်ထက်ပိုမိုကျယ်ပြန့်ပြီး လေးနက်သည့် အဓိပ္ပာယ်များ လွှမ်းခြုံနေသည်ဟု ဆိုနိုင်ပါသည်။ လေးနှစ်တာ ကာလအတွင်း မိမိဘဝအနာဂတ်အတွက် ပန္နက်ချရာမြေဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း နေရာဒေသအစုံ၊ အလွှာစုံမှ သူငယ်ချင်း မိတ်ဆွေများ ရနိုင်ပါသည်။ စာပေ၊ ဂီတ၊ ပန်းချီ၊ ကိုယ်ဝါသနာပါရာ အားသန်ရာကို လေ့လာလိုက်စားနိုင်သည့် အခွင့်အလမ်းများရှိသည့် နေရာဖြစ်ပါသည်။ သို့ဖြစ်၍ တက္ကသိုလ်သည် ယူနိုင်သမျှ ရနိုင်သော သယံဇာတ အသိုက်ကြီးပင် ဖြစ်ပါ၏။
သမိုင်းဝင်၏ ညနေသည် ပုံမှန်အတိုင်း သက်ဝင်လှုပ်ရှားလျက်ရှိပါသည်။ ဒီနေ့ ကျွန်တော်တို့အဖွဲ့ ၆ခွဲဘက် မသွားဖြစ်ကြ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည် ညနေပိုင်းတွင် ၆ခွဲဘက်သို့ လမ်းလျှောက်ထွက်လေ့ရှိသည်။ ၆ခွဲတွင် ကျောင်းသားများစွဲလမ်းနှစ်ခြိုက်သည့် ရွှေကြယ် လဖက်ရည်ဆိုင်ရှိသည်။ အပြင်ဆောင်များ၌နေသော သူငယ်ချင်းများရှိသည်။ သူငယ်ချင်းများနှင့် လဖက်ရည်ဆိုင်ထိုင်ရင်း သီချင်းနားထောင်တတ်ကြသည်။ သို့သော် သည်ညနေ မသွားဖြစ်ကြ။
ညနေ ရ နာရီကျော်ကျော်လောက်မှ ဆရာကျော်နှင့် ကျွန်တော်တို့အဖွဲ့ အဆောင်ကဲန်တင်း (Canteen) ဘက် ထွက်ခဲ့ကြသည်။ ဆရာကျော်က ကျွန်တော်တို့ရဲ့ ဟောလ်ကျူတာ။ မာစတာတန်းတက်နေသည့် ကျောင်းသားကြီး ကိုကျော်ကျော်အေးဝင်း၊ နေမျိုးလှိုင် (မြောင်းမြ)၊ ဇော်မိုး (ဆင်မြီးဆွဲ)၊ သက်လွင်ရွှေ (ပုသိမ်)၊ သာမိုး (မော်လမြိုင်) နှင့် ကျွန်တော် (အေလာ) တို့ဖြစ်သည်။ အဆောင်ကဲန်တင်းက ယောက်ျားလေးဆောင်နှင့် မိန်းကလေး အဆောင်တွေကြားက ကွင်းကြီးအလယ်မှာရှိသည်။ လွမ်းစရာကောင်းသည့် ဈေးနှုန်းများကို မှတ်မိသေးသည်။ လဖက်ရည်တစ်ခွက် တစ်ကျပ်ခွဲ၊ ဆီချက်တစ်ပွဲ သုံးကျပ်၊ ခေါက်ဆွဲကြော်တစ်ပွဲ ရှစ်ကျပ်။ အဆောင်ကြေးက ၁၂ဝ ကျပ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ထမင်းကျွေးသည်။ ရေခ၊ မီးခ သီးခြားပေးစရာမလို။ ကျောင်းလခက ၃ဝ ကျပ်။ အိမ်က တစ်လ ၅၀ဝ ကျပ်ပို့လျှင် အတော်လေး အဆင်ပြေနေသော ခေတ်ဖြစ်သည်။ ဆရာကျော်က စကားပြောကောင်းသူ၊ ရယ်စရာ အသောအထေ့များပြောတတ်သည်။
ဆရာကျော်နှင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကဲန်တင်းက ပြန်လာတော့ ၉ နာရီခွဲဝန်းကျင်။ အပြန်လမ်းသည် ခါတိုင်းလိုမဟုတ်။ ထူးထူးခြားခြားလူရှင်းနေသည်။ ၉ နာရီခွဲဆိုသည့် အချိန်မှာ သမိုင်းဝင်းအတွက် အတော်စောနေသေးသည့် အချိန်။ ကျောင်းသားများ ဥဒဟိုသွားလာစည်ကားသည့်အချိန်။ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသလိုလို ရှိသည်။
တစ်မျိုးကြီးခံစားနေရခြင်းမဟုတ်ပါ။ တစ်ခုခုဖြစ်နေခြင်းဖြစ်သည်။ ကျွန်တော်တို့၏ မေခဆောင်ပြန်ရောက်တော့ အဆောင်ထဲဝင်သည့် တံခါးမကြီး ပိတ်ထားသည်။ တံခါးဝတွင် အဆောင်မှူးနှင့် ဟောလ်ကျူတာများကို တွေ့ရသည်။ အဆောင်မှူးက ကျွန်တော်တို့ကို ဘယ်ကပြန်လာတာလဲမေးပြီး အဆောင်ထဲမှာပဲ အေးအေးဆေးဆေး နေကြ၊ အပြင်ပြန်မထွက်ကြနဲ့တော့ဟု ဆိုသည်။ ကျွန်တော်က မနေနိုင်၊ ဘာဖြစ်လို့လဲ ဆရာဟု အထွန့်တက်ရင်း စပ်စုလိုက်မိသည်။ အဆောင်မှူးက ကြို့ကုန်းဘက်မှာ မီးလောင်လို့ပါကွာဟု ဖြေသည်။
အဆောင်ထဲပြန်ရောက်တော့ ကိုယ့်အခန်းထဲတွင် နေလို့မရ။ ဟိုအခန်းတစ်စု၊ သည်အခန်းတစ်စုနှင့် သို့လောသို့လောမေးမြန်းဆွေးနွေးနေကြသည်။ ပြီးတော့ ဘယ်လိုဖြစ်တာလဲ သိချင်စိတ်က တားမနိုင်ဆီးမရ။ ကျွန်တော်တို့ အဆောင်ရှေ့လမ်းမပေါ်ထွက်ခဲ့ကြသည်။ ကြို့ကုန်းမှ ရောက်လာသော ကျောင်းသားများနှင့်အတူ အခြားအဆောင်များရှေ့သို့ လိုက်ပါခဲ့သည်။ ထိုညသည် အဆောင်နေ့ရက်များ၏ အဆုံးသတ်ဟူသည်ကို မတွေးမိသေး။ သေချာသည်က အိပ်၍မရ။ နောက်တစ်နေ့ မနက်စောစော RIT ထဲသွားဖို့ စိတ်စောနေမိပါ၏။
နောက်တစ်နေ့မနက်စောစောတွင် RIT ရှိရာ ကြို့ကုန်းဘက်သို့ ထွက်ခဲ့ကြ သည်။ ကျွန်တော်နှင့်အတူ ထွန်းလင်းအောင်(သဲတော)၊ အေးဝင်း (သာဂရ)၊ တို့ ပါသည်။ သမိုင်းလမ်းဆုံအရောက်တွင် လမ်းပိတ်ထားသည့်အတွက် ကားများဆက်သွားလို့မရတော့ လူတွေကိုတော့ လမ်းလျှောက်ခွင့်ပြုတာတွေ့ရသည်။ ကျွန်တော်တို့ လမ်းလျှောက်လိုက်ကြသည်။ RIT ရောက်တော့ မှတ်တိုင်ဘေးမှ ဝင်ပေါက်ကို စာသင်ခုံများနှင့် ပိတ်ဆို့ကာရံထားတာ တွေ့ရသည်။ ဝင်၍မရ။ ကျွန်တော်တို့ အုတ်တံတိုင်းကို ကျော်၍ ခုန်ဆင်းလိုက်ကြသည်။
ကိုဘုန်းမော် ကိစ္စသည် ကျောင်းသားနှင့်အရပ်သားတချို့ လဖက်ရည်ဆိုင်တွင် အချင်းများ ရန်ဖြစ်ရာက စခဲ့ခြင်းဖြစ်သည်။ လဖက်ရည်ဆိုင်တွင် ရန်ဖြစ်ခြင်းသည် ထူးဆန်းသည့် ကြီးကျယ်သည့် ကိစ္စမဟုတ်။ ဖြစ်လေ့ဖြစ်ထရှိသော သာမန်ကိစ္စတစ်ခုမျှသာ။ မတ်လ ၁၃ ရက်နေ့ည ကိုဘုန်းမော်ကိစ္စသည်က ထူးဆန်းနေသည်။ ကြီးကျယ်နေသည်။ အမှိုက်ကစ ပြာသာဒ်မီးလောင်ဖြစ်ခဲ့ရ၏။ ယင်းသို့ဖြစ်ခဲ့ရခြင်းမှာ တာဝန်ရှိသူတို့၏ ကိုင်တွယ်ဖြေရှင်းပုံကြောင့်ဟု ဆိုနိုင်သည်။ ပြသနာ၏ အရင်းခံအကြောင်းတရားကို ရှာဖွေစိစစ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဟု ဆိုနိုင်သည်။ အကျိုးဆက်သည်ကား ၈၈ အရေးအခင်းကြီးဆီ ဦးတည်စေခဲ့သည်။ နိုင်ငံအဝန်း အလွှာအသီးသီး ပါဝင်သော ပြည်သူလူထုဆန္ဒပြပွဲများ၊ ဒီမိုကရေစီတောင်းဆိုပွဲများ ပေါ်ပေါက်ခဲ့ရသည်။ ၂၆ နှစ်ကြာ အုပ်စိုးခဲ့သော လမ်းစဉ်ပါတီ ပြုတ်ကျခဲ့ရသည်။
ကျွန်တော်တို့၏ အိပ်မက်ဖြစ်စဉ်များ ရပ်တန့်ခဲ့ရသည်။ ပျော်ရွှင်ကြည်နူးဖွယ် လွတ်လပ်ညနေများကို စွန့်ခွာခဲ့ကြရသည်။ ထိုဖြစ်စဉ်၏ အကျိုးဆက်သည်ကား ယနေ့ထက်တိုင် ခံစားနေရဆဲဟု ဆိုနိုင်ပါလိမ့်မည် ထင်ပါသည်။
ပြည်သွေးနိုင်
၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ် မဂ္ဂဇင်း

14 comments

  • Khaing Khaing

    March 8, 2012 at 10:55 am

    လေးလေး ဘလက်ရေ ဒီအကြောင်းတွေက သိပြီး ကြားပြီးသားတွေဖြစ်ပေမယ့် ပြန်ဖတ်ရပြန်တော့လဲ ရင်ထဲ မှာအသစ်အသစ်တွေလိုခံစားရပြန်ရော နှမြောမိတာတစ်ခုက မီးမီးတို့လက်ထက်ကြတော့ အဆောင်တွေ နယ်ပေါင်းစုံက မိတ်ဆွေတွေနဲ့မတွေ့ရတော့ဘူး သစ်ပုပ်ပင်တို့ အဓိပတိလမ်းတို့ကို ဘွဲ့ယူတုန်းကပဲ သွားခဲ့ လိုက်ရတယ်…. ကျောင်းတက်တုန်းက အားခဲ့ထားတာက ရန်ကုန်မြို့ထဲမှာပဲ ကျောင်းတက်ရရင် သူငယ်ချင်း တွေဆီကိုလျှောက်လည်မယ်.. အင်းယားထိုင်မယ်…. ဒါတွေဟာ ဒဂုံတက္ကသိုလ်ကြီးပေါ်လာတော့ အားလုံးရေ စုန်မြောသွားခဲ့ရတယ်…. တက္ကသိုလ်သီချင်းတွေကြားတိုင်း ရင်ထဲအရမ်းကို ခံစားရတယ် ယနေ့ အချိန်ထိပါပဲ…..1988 အရေးအခင်းနဲ့ပတ်သက်ပြီး သိချင်တာလေးတစ်ခုရှိတယ် လေးလေးတို့က လူကြီးတွေ ဆိုတော့ သိမလားပဲ….????ဘွဲ့နှင်းသဘင်ရဲ့ ရှေ့မျက်နှာစာကို ဆေးသုတ်ရင် အရေးအခင်းဖြစ် တယ်ဆို အဲဒါဟုတ်လားဟင် ပါးစပ်စကားရာဇဝင်လား သိချင်ပါတယ် လေးလေး……လေးလေးလက်လှမ်းမီ သလောက်လေးရှင်းပြပေးစေလိုပါတယ်……..

    Best.rgds/Khaing Khaing

  • htet way

    March 8, 2012 at 11:02 am

    ကောင်းတယ်ဗျာ ဒီလိုတူးဆွပေးတာလည်းလိုအပ်တယ် ဘာပဲဖြစ်ဖြစ်ဖတ်ဖြစ်တာပေါ့
    စာအုပ်စုဆောင်းတာက အခုလောလောဆယ် ပိုက်ဆံကုန်ပေမယ့်နောင်တစ်ချိန်မှာ
    တန်ဖိုးမဖြတ်နိုင်ဘူး။

  • blackchaw

    March 8, 2012 at 11:18 am

    @ khaingkhaing ;
    အဲဒါ ကျွန်တော်တို့လည်း ကြားခဲ့ဘူးတယ်ဗျ။
    သေသေချာချာ တော့ မကြုံခဲ့ဖူးဘူး။
    အတိအကျ ဆိုရင်တော့ သူကြီးတို့များ သိမလားမသိဘူး။
    :mrgreen:

    @ htet way ;
    ဆရာထက်ရေ။ မတ်လ ၁၃ ရက်နေ့ အတွက် အမှတ်တရ တင်လိုက်တဲ့ ပို့စ်ပါ။
    ဒီနေ့လေးက အစပြုခဲ့တဲ့ ခရီးရှည်ကြီးကို ကြည့်တတ်ရင် မြင်ရမှာပါ။
    အဲဒီ ၁၃-၃-၁၉၈၈ တုန်းက ကျွန်တော်တို့ ၁ဝ တန်း စာမေးပွဲ ဖြေတဲ့အချိန်ပေါ့ဗျာ။
    ကိုယ်မမှီလိုက်ပေမယ့် အရေးကြီးတဲ့ နေ့လေးတစ်နေ့ကို လှမ်းပြီး
    လွမ်းကြည့်နေတာပါ။
    အော် မတ်လ ၁၃ ရက်နေ့တောင် ရောက်တော့မှာပါလားကွယ်။
    :mrgreen:

  • သူရဇော်

    March 8, 2012 at 11:22 am

    အော်အော် ခိုင်ခိုင်တို့လဲ ရှေ့သိနောက်သိ အကုန်သိကြီးပါတကား…….ဦးဘလက်ကြီး ပြန်ပြောတာလဲ တိတိပပဆိုတော့ အားအရသားလားဗျ……….

  • minnannawar

    March 8, 2012 at 11:59 am

    ဟိတ်— ဘွဲ့နှင်းသဘင်ဆေးသုတ်လို့ -အရေးအခင်းဖြစ်တာသေချာရင် ဆေးသွားသုတ်မလို့လား– မစမ်းကြည့် နဲ့နော်. ဒီဘက်ကိုပါလာဘို့ ၇၅% ကျော်နေပြီ၊ ရပြီးသားလေး ပြန်ပါသွားလို့ ဒုံရင်းဖြစ်သွားလိမ့်မယ်။
    အဲဒီခေတ်က တက္ကသိုလ်ဆိုတာ ငြိမ်းချမ်းသာယာသောနယ်မြေလေ၊ ဒို့များဆို အတန်းမတက်ရင်သာရှိမယ် ကျောင်းထဲမှာတော့ မနက် ရးဝဝနာရီကနေ ညနေ၄း၃ဝအထိ မပျက်မကွက်ရှိနေကြတာ ကျောင်းဖွင့်ရက်တိုင်းပဲ။ ကျောင်းတက်ဖို့တင်မဟုတ်ပဲ တခြားစိတ်ဝင်စားစရာတွေကကျောင်းထဲမှာအပြည့်လေ။ အားကစား မျိုးစုံမှာ တက္ကသိုလ်လက်ရွေးစင်တွေနိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတာ အများကြီရှိခဲ့တာပေါ့၊ ပန်းချီ၊ အနုပညာဘက်မှာလည်း နိုင်ငံကျော်တွေအများကြီးပေါ်ခဲ့ဘူးတာပေါ့။ အသင်းအပင်းစိတ်ဝင်းစားရင်လဲ အမျာကြီးဘဲလေ။ တက္ကသိုလ်ကျောင်းသားတွေ တပ်မတော်ကိုချစ်ကြလွန်းလို့ တက္ကသိုလ်အရန်တပ်ရင်းဆိုလည်းပျော်ပျော်ပါးပါးဝင်ခဲ့ကြတာပဲ။ နွေရာသီရောက်လို့ Camp ထွက်ရတော့မယ်ဆိုရင် အရမ်းကိုပျော်ခဲ့ကြတာကလား။ အခုတော့ လွမ်းစရာလေးတွေပါ။

    • Khaing Khaing

      March 8, 2012 at 2:26 pm

      အို လေးလေး Minnannawar ရေ မီးမီးက လွမ်းပါတယ်ဆိုမှ လွမ်းအောင်ထပ်လုပ်ပြီး ပြောနေပြန် ပြီ….. ဘွဲ့နှင်းသဘင်ကို ဆေးမသုတ်ချင်ပါဘူး (အခုတော့) ဖွားဖွားစုရှိတယ်လေ အရင်ကတော့ ကြံစည်မိဖူးတယ် ညဘက်မသိမသာလေး တိုးတိုးလေးသုတ်ကြည့်မယ်လို့ ဒါမှ အရီးညွှန့်တို့ အရီးရွှေတို့ အရီးငမန်းတို့ အဟိ အဟိ….ကြောတော့ဘူး ……အရူးထောင်ကို ရောက်သွားပါသည် ခိုင်ခိုင် ……

  • MaMa

    March 9, 2012 at 8:53 pm

    မိန်းမလှကျွန်းထွက်ကိုချောကို ဘီလူးကျွန်းအကြောင်း ပြောပြရဦးမယ်။
    ကျောင်းတုန်းက သူငယ်ချင်းတွေ မိန်းမလှကျွန်းကို မကြာခဏ သွားကြတယ်။
    (ဘာသွားလုပ်တယ် မသိ 😆 )
    ပြန်လာပြီးရင်လည်း ပြောတတ်ပါတယ်။
    မိန်းမလှကျွန်းသူတွေအကြောင်း။
    နောက်တော့ ပြောသေးတယ် နင်တို့ရှိလို့ ဘီလူးကျွန်းဖြစ်နေတာတဲ့လေ။
    ဒီတော့လည်း ဘာရမလဲ ပြန်ပြောလိုက်တာပေ့ါ။
    ဘီလူးကျွန်းလို့ ခေါ်တာ ဘီလူးမကျွန်းလို့ ခေါ်တာ မဟုတ်ဘူး သဘောပေါက်လို့ 😆

  • Thel Nu Aye

    March 9, 2012 at 9:47 pm

    တက္ကသိုလ်ဆိုတဲ့အရသာကိုဘာမှန်းမသိရပဲနဲ့ ခြောက်လတတန်းနဲ့ တက်သုတ်ရိုက်ဘွဲ့ရခဲ့တော့ ဒီလိုတက္ကသိုလ်ဘွဲ့လွမ်းချင်းတွေပဲ ဖတ်ပြီးလွမ်းနေရတယ် ဦးဘလက်ရေ။ တင်ပေးလို့ကျေးဇူးပါ။ ကိုဘုန်းမော်ကျဆုံးတာ မတ် ၁၃ လား။ အခုမှသိရတော့တယ်။ မှတ်ထားလိုက်ပါ့မယ်။ ကျေးဇူးပါ။

  • padonmar

    March 9, 2012 at 10:36 pm

    ကိုဘလက်
    ကိုယ်မတက်ရပေမယ့် RASU ဆိုတဲ့ အဲဒီတက္ကသိုလ်ကြီးကို ချစ်ပါတယ်။
    နှစ်တစ်ရာပြည့်တောင်လုပ်တော့မယ်နော်။
    (တက္ကသိုလ်သည် စာသင်ယူရုံ သက်သက်မျှသာမဟုတ်ပါ။ ထို့အတူ ဘွဲ့လက်မှတ်ရရုံ သက်သက်မျှနေရာလည်း မဟုတ်ပါ။ သည့်ထက်ပိုမိုကျယ်ပြန့်ပြီး လေးနက်သည့် အဓိပ္ပာယ်များ လွှမ်းခြုံနေသည်)
    ထောက်ခံပါတယ်။
    အဆောင်မှာ ကျောင်းအိပ်ကျောင်းစားလုပ်ဖူးရင် လူူတွေနဲ့ ပြေလည်အောင် ပေါင်းသင်းဆက်ဆံရေးကို မသင်ပဲတတ်လာမှာပါ။

  • ကြောင်ကြီး

    March 14, 2012 at 9:39 am

    စက်မှုတက္ကသိုလ်ကျောင်းသားဘဝကို လွမ်းသဗျာ…. ခင်ဗျားတို့ ရန်ကုန်မြို့ အင်္ဂလိပ်နာမည် Rangoon ကိုအစွဲပြုခေါ်တဲ့ RIT ပဲသိကြတာ။ အကျွန်ုပ်ကြောင်ကြီးသည်ကား ရန်ကုန်မြို့ မူလနာမည် ဒဂုံမြို့ခေတ်ကထဲက တည်ရှိခဲ့သော DIT စက်မှုကျောင်းတော်သားကြီး ဖြစ်ပေသည်တမုံ့…။ နင်တို့ဖဲသမားတွေလောက်တော့ ပျင်းသေးတယ်…။ ကာစီနိုပျော်ပွဲစားရုံတွေဆီသွားပြီး အလကားကြွေးတဲ့ ထမင်းတီးနေတဲ့ ကြောင်ကြီးကွ…။

  • ရွာစားကျော်

    March 14, 2012 at 12:00 pm

    ပြန်ဝေမျှပေးတာ ကျေးဇူးပါ ဘဘဘလက်ခင်ဗျား
    အဲဒီ အချိန်က အသက်ပေးလမ်းပြသွားတဲ့ ကျောင်းသားရဲဘော်ကြီးတွေရဲ့
    အနစ်နာခံခဲ့မှုနဲ့ ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီရောင်ခြည်သန်းလာခဲ့ပြီထင်ပါတယ်..
    အချိန်အားဖြင့်တော့ အတော်အတန် နောက်ကျပြီးမှပေါ့လေ…

    စကားမစပ်.. ကွန်မင့်တွေမှာ အကြောင်းမဲ့အနီပေးတာတွေ အတော်စိတ်ကုန်တယ်ဗျာ

  • kyeemite

    March 14, 2012 at 2:45 pm

    ကိုဘလက်ရေ..ကျွန်တော်လည်းမတ်လ(၁၃)ရက်
    အကြို ပို့လေးတစ်ခုတင်ထားပါတယ်..
    မသိမှီလိုက်တဲ့ လူငယ်တွေသိရအောင်စေတနာနဲ့ပါ..
    http://myanmargazette.net/107793/arts-humanities
    ကျုပ်တို့သူဂျီးကလည်း ဝင်ပြီးအားပေးဖြည့်စွက်ထားပါတယ်..
    ဖတ်ပီးဝေဘန်ပေးပါအုံးခင်ဗျား..
    လေးစားစွာဖြင့် ကြော်ငြာဝင်သွားပါကြောင်း..
    ခင်တဲ့
    ကြိုက်မီး။

  • blackchaw

    March 14, 2012 at 4:18 pm

    ကိုကျီးမိုက်ရေ။
    ကျွန်တော်ဝင်ဖတ်ပြီးသွားပြီခင်ဗျ။
    ကွန်းမန့်ရေးဖို့ ကြိုးစားပေမယ့် အိုင်ဒီယာမထွက်တာနဲ့ မရေးဖြစ်တာ။
    သူကြီးပြောသလို
    အရပ်သားနဲ့ ကျောင်းသားရန်ဖြစ်တာက စတာပါ ဆိုပြီး
    သေးသိမ်အောင်လုပ်တာတော့ သိမ်ဖျင်းလွန်းပါတယ်။
    ကျွန်တော် ပြောချင်တာကျတော့ တစ်မျိုးဗျ။
    အရပ်သားနဲ့ ကျောင်းသားရန်ဖြစ်တာလောက်နဲ့
    ကျောင်းသားတွေကို သေနတ်နဲ့ ပစ်သတ်ခွင့်ရှိသလား…။
    အဲဒီကစတွေးကြည့်လို်က်မယ်ဆိုရင်…. ။
    ဘာပဲပြောပြောပါ။
    မတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားရရှာတဲ့
    စက်မှုကျောင်းသား တွေအတွက် ဒီပို့စ်လေးကို အမှတ်တရ ဖြစ်အောင် တင်ပေးလိုက်တာပါ။
    တန်ဘိုးထားတတ်ရင် သူတို့ရဲ့သေဆုံးခြင်းကလည်း တန်ဘိုးရှိသော သေဆုံးခြင်းပါပဲဗျာ။

Leave a Reply