တရားရှာ ရဟန်း(ဦးဇင်းငယ်)တစ်ပါး၏ ကိုယ်တွေ့မှတ်တမ်း
ထိုရဟန်းသည် သူ့သူငယ်ချင်း စာသင်ဖက်တွေနဲ့ စကားပြောနေတယ်၊ နေရာက တောင်ကြီးမြို့မှာ ဖြစ်တယ်။
“ဦးဇင်းတို့ တွေ့ခဲ့လား”
“သိပ်မချော့ရပါဘူး”
“ဘယ်မှာ နေတာလဲ”
“မြို့လွန်တော့ တွေ့တဲ့ရွာကလေးရဲ့ သင်္ချိုင်းထဲမှာ” “ဘယ်လိုလဲ”
“တရားဟောခိုင်းလို့ မရဘူး၊ လက်တွေ့လုပ်ရမှာပဲ ပြောပြီး တရားဟောတာကို ငြင်းဆန်တယ်” ဒါဆို “လုပ်ခဲ့လား”
“ရောက်မှ မထူးဘူးဆိုပြီး လုပ်ရတာပေါ့” “ဘယ်လိုလုပ် ရတာလဲ”
“ဆန်းဆန်းပြားပြားပဲ” “ပြောပါဦး”
“တို့နှစ်ပါးကို ယှဉ်ပြီး အထိုင်ခိုင်းထားတယ်။ သူက အခန်းထဲ ဝင်သွားပြီး သေတ္တာပုံးကလေးကို ကိုးပေ၊ ဆယ်ပေအကွာလောက်မှာ လာချတယ်။ ပြီးတော့ ဆယ်လက်မ လောက်ရှိတဲ့ ကျောက်ဆင်းတုကလေး လာတင်တယ်”
“နောက် သူက ကုလားထိုင်မှာထိုင်ပြီး တို့နှစ်ပါးကို အမိန့်ပေးတာပဲ”
“ကိုယ်တော်တို့ ရှေ့ကဘုရားကို ကြည့်နေပါတဲ့၊ သုံးမိနစ်လောက်ကြာတော့ “မျက်စိမှိတ်လိုက်တဲ့၊ ပြီးတော့ ဘုရားကို မြင်ပါရဲ့လားတဲ့”
“ဒီတော့ ဘယ်လိုဖြေလဲ”
“မျက်စိမှိတ်ထားမှ ဘယ်မြင်မလဲ၊ မမြင်ဘူးပေါ့” “သည်တော့ ဘာပြောလဲ”
“ဖွင့်၊ ဘုရားထပ်ဖူးပါပေါ့။ ခဏကြာတော့ ထပ်အမှိတ်ခိုင်းပြီး ဘုရားမြင်ပြီလား” မေးတယ်။ “မမြင်ဘူဘဲလို့ ကိုယ်တော်တို့က ပြောသလား”
“မပြောဘူး၊ မှိတ်ထားပြီး-မြင်သလားမေးတာဟာ မှန်းခိုင်းတာပဲဖြစ်ရမယ်။” သည်တော့ “မြင်တယ်လို့ ပြောလိုက်တယ်” “နောက် ဘာဆက်လုပ်ရသလဲ”
“မျက်စိမှိတ်ပြီး၊ မြင်တဲ့ဘုရားကို ကိုယ့်ခေါင်းပေါ်ပင့်ထားပါလို့ အမိန့်ပေးတယ်”။
ခိုင်းတာက စိတ်ကူးနဲ့ ခိုင်းတာဆိုတော့ အမြန်ပဲ ပင့်ပြီးပြီလို့ ပြောလိုက်တယ်။ နောက် “ဘုရားကို ကိုယ့်မျက်နှာလှည့်တဲ့ဘက် လှည့်လိုက်ပါလို့ အမိန့်ပေးတယ်”
“ဘုရားက ဘယ်လို နေလို့လဲ”
“တို့ဘက်လှည့်လျက်နဲ့ ခေါင်းပေါ်ကိုလာလျင်၊ ခေါင်းပေါ်မှာ တို့နောက်ဘက်ကို လှည့်လျက်ရောက်နေမယ်ပေါ့” “အင်း ဟုတ်သား”
“တို့က သည်လိုမဟုတ်ဘူး၊ တခါတည်း ရှေ့လှည့်ပြီးသား” “သည်တော့”
“သူက အမိန့်ပေးလိုက်မှ တို့ဘုရားက ချာကနဲ နောက်လှည့်သွားတော့ တို့မရယ်ဘဲ မနေနိုင်ဘူး။ သူပြောတဲ့အတိုင်း ပြန်လှည့်ရတာပေါ့” “အင်း ကိုယ်တော်တို့ဟာ ရယ်စရာကြီးပဲ”
“သူက တို့နှစ်ပါးကို ပက်လက်အိပ်ဖို့ အမိန့်ပေးတယ်”
“အိပ်ပြီး ဘာလုပ်ခိုင်းသေးလဲ”
“တို့လည်း အိပ်ရတာပေါ့ ဆက်ပြီး နဖူးပေါ် ဘုရားပင်ပါလို့ အမိန့်ပေးတယ်။ ညာဘက် စောင်းအိပ်ပါ၊ နားထင်ပေါ် ဘုရားပင့်ပါ၊ ဘယ်ဘက်စောင်းအိပ်ပါ။ ဘုရားပင့်ပါပေါ့”
“အင်း ကိုယ်တော်တို့ဟာ မလွယ်ပါလား”
“တို့လည်း နေ့ခင်းကြောင်တောင် အိပ်လိုက်၊ စောင်းလိုက်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ပေမဲ့ လုပ်ရတာပဲ”
“ဒုက္ခပဲ”
“ဒါတွေပြီးတော့ တို့ကို သကြားကျွေးတယ်” “ပြီးပြီလား”
“မပြီးသေးဘူး၊ သကြားစားနေတုန်းမှာ ဘုရားကို ခေါင်းပေါ်တင် ထားဖို့ အမိန့်ပေးတယ်”
“တို့လည်း တစ်ပါးကို တစ်ပါးကြည့်ပြီး မပြုံးမိအောင် မတတ်နိုင်ကြဘူး”။
“အေးလေကွာ၊ သူ့ဟာက ရယ်ရမလို၊ ငိုရမလို လို ကြီးပဲ”။
“အဲဒါပြီးတော့ သည့်နေ့ဒါပဲဆိုပြီး ပြန်လွှတ်တယ်”
“ဘယ်လိုလဲကွာ တရားပြတာလဲ”
“ဘုရားကို ထိုင်ရင်း၊ စားရင်း၊ အိပ်ရင် အာရုံပြုဘို့ပေါ့”
“အော် ဗုဒ္ဓါနုဿတိပေါ့”
“အေးပေါ့ကွာ၊ ဒါကို ပါးစပ်ကမပြောနိုင်ဘူး၊ လက်တွေ့ပြမှဖြစ်မယ် ဆိုတော့ မလွန်လွန်းဘူးလားကွာ” “ပြောလို့ နားမလည်နိုင်တာလည်း ဘာပါလို့လဲ”
“ဒါနဲ့ ငါလည်း ကျောင်းကထွက်တယ်ဆိုလျင်ပဲ ပြောထားခဲ့တယ်”
“တော်ဟ၊ ဘိတ်တုံးတွေလို့ပဲ”
“မင်းတို့က ဘာလုပ်ဖို့ သွားတာလဲ”
“မနေ့က အဲဒီဆရာတော်နဲ့တွေ့တော့ သူ့တရားက နောက်ဘဝ ဘယ်နှစ်ခုကို ဘယ်နှစ်ရက်ကျင့်ရင် မြင်တယ်လို့ပြောတာလေ။ ဒါကို ကိုယ်နဲ့ အတူသွားတဲ့ ဦဇင်းက သွားရအောင် ပူဆာလို့ သွားကြတာပဲ”
“သူအပြောအတိုင်း သူကရော တကယ်သိသလား”
“အထင်ပေါ့”
တရားဂုဏ်တော် ၆ပါးနှင့်ညီသော တရားတော်များကို ကျင့်ကြံပွားများနိုင်ကြပါစေကြောင်း အသိပေးတိုက်တွန်းပါတယ် ဘုရား။
6 comments
Khaing Khaing
July 27, 2012 at 10:08 am
ဦးဇင်း ……. ဒီပို့စ်လေးကို နားလည်သလိုဖတ်သွားပြီး မြတ်စွာဘုရားကိုပဲ အာရုံသွင်းထားပါကြောင်း ………
မွန်မွန်
July 27, 2012 at 11:16 am
အမြင်လေးပြောရရင် ရဟန်းတော်များအနေနဲ့ ဘုရားကို တစ်ချိန်လုံးအာရုံပြုနေဖို့ပဲ မဟုတ်ပါဘူး။ ရှေးဘဝတွေကို ကြိုမြင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျင့်ကြံဖို့လည်း မလိုပါဘူး။ ဗုဒ္ဓရဲ့ တရားတော်တွေကို သေချာဆင်ခြင်ပြီး တရားတော်နဲ့အညီ ကျင့်ကြံအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ် ကို ရောက်ရှိနိုင်မယ် ထင်ပါတယ်။
ရဟန်းတော်တစ်ပါးအနေနဲ့ သာသနာသုံးရပ်ကို လိုက်နာဖို့လိုပါတယ်။
ဘဝတွေကြိုမြင်နိုင်အောင် တရားလုပ်မယ်ဆိုရင်တော့ မှားနေတယ်လို့ပဲ မြင်မိပါတယ်။
Ko Malt
July 28, 2012 at 9:37 pm
ဟုတ်ပါသည်. ရှေ့ဘဝ နောက်ဘဝ ကို မြင်ဖို့ အတွက်ပဲ ကျင့်ကြံအားထုတ် တာမှန်တယ်ဆိုရင်တော့ သမထ အာရုံသက်သက်သာ ဖြစ်ပါတယ်. သာသနာတွင်းမှာ မဂ်ဆိုက်ဖို့ ကတာ အဓိကဖြစ်ပါတယ်. ဘဝတွေမြင်ပြီး သံဝေဂ ရဖို့အတွက် ဝိပဿနာကို ထောက်ကူဖို့ဆိုရင်တော့ မှန်ပါသည်. သို့ပေမယ့် လိုသေးသလား လို့မေးရင်တော့ လိုသေးတယ်လို့ပဲ ဖြေရပါတော့မည်.။ ဥပမာအားဖြင့် … စိန်တောင် ကို စိန်တူးဖို့သွားသည်ကို .. ကျောက်စရစ်ခဲသာ ယူပြန်ခဲ့သည် မှာ မဖြစ်သင့်ကြောင်းပါ ။
ဦးဦးပါလေရာ
July 27, 2012 at 3:48 pm
ဒီပိုစ့်ကို သိပ်နားမလည်ပါဘူး..
ဒါပေမယ့် ဒီပိုစ့်မှာ ရဟန်းဆိုတဲ့ အခေါ်ကိုတွေ့ရလို့
မြန်မာပြည်ထဲမှာ တစုံတယောက်ကို ရဟန်းလို့ ခေါ်ရင် အကြမ်းအားဖြင့် အဲဒါကို “ထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်း” လို့ နားလည်လိုက်တတ်ကြပါတယ်။
အဲဒါကြောင့် ဖတ်သူတွေ အထင်မှားမှာစိုးလို့ ဒီကွန်မင့်ကိုရေးရပါတယ်။
ဒီပိုစ့်မှာပါတဲ့ ဘုရားဆင်းတုတော်ကို ကြည့်ပြီး မျက်စိမှိတ်ပြန်အာရုံပြုတာဟာ ဗုဒ္ဓါနုဿတိ လုံးဝ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဘုရားဆင်းတုတော်ဟာ ဘုရားမဟုတ်တဲ့အပြင် ၊ ဘုရားနဲ့ ဘယ်နှစ်ရာခိုင်နှုံးတူတယ်လို့တောင် သို့မဟုတ် ဘုရားနဲ့ ဘယ်အစိတ်အပိုင်းမှာတူတယ်လို့တောင် လုံးဝမပြောနိုင်ပါဘူး။ ဒါကြောင့် ကျောက်ဆင်းတုကို နှလုံးသွင်းရင် ကျောက်ဆင်းတုနုဿတိ လို့သာ ခေါ်ထိုက်ပါတယ်။
ဗုဒ္ဓါနုဿတိဆိုတာ ဘုရားရဲ့ဂုဏ်တော်တွေကို စိတ်နှလုံးထဲ အဖန်ဖန်နှလုံးသွင်းဆင်ခြင်ရတာဖြစ်ပြီး၊ အဲသလို အဖန်ဖန်နှလုံးသွင်းခြင်းကိုပဲ “ ပွား ” တယ် လို့ ဆိုရတာဖြစ်ပါတယ်။
Ko Malt
July 28, 2012 at 9:46 pm
ဘုရားရှင်၏ မျက်နှာတော် ကို အာရုံပြုပြီး သမာဓိတည်အောင်လုပ် ကသိုင်းပွား (တနည်း နိမိတ်ယူ ) တာဖြစ်ပါလိမ့်မည်၊ မှားသည်ရယ်လို့တော့တပ်အပ် မဆိုနိုင်ပါ၊ သို့ပေမယ့် နိမိတ်ရလျှင် ဝိပဿနာ ကိုပြောင်းပေးသည့် ဆရာကောင်း၊ တရားကောင်းရှိဖို့က ဒီအချိန်မျာ အရေးကြီးပါသည်၊ သမာဓိသည် သွားရသော ခြေထောက်နဲ့တူပြီး၊ မျက်လုံးတည်းဟူသော ဝိပဿနာ ပါမှ လိုရာခရီးရောက်နိုင်ပါလိမ့်မည်။
uzin
July 30, 2012 at 8:40 am
ဦးဦးပါလေရာပြောတာ မှန်ပါတယ်။ ဒီလို လုပ်တာဟာ ဗုဒ္ဓါနုဿတိ မဟုတ်ပါဘူး။ uzin လည်း ဒီဖြစ်စဉ်ထဲမှာ ပါတဲ့ (ဦးဇင်းငယ်)ယခုဘုန်းကြီးမှ ပြောပြချက်ကို တဆင့်ဖောက်သည်ချတာပါ။ ကျုပ်တို့ ဗုဒ္ဓဘာသာမှာလည်း အမျိုးမျိုးအဖုံဖုံ ကွဲလွှဲနေတာမဟုတ်လား၊ ဒီလို ကွဲလွှဲတာလည်း အပြစ်လို့ပြောလို့ သိပ်မကောင်းဘူး မဟုတ်လား။ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား၊ ပညာရှိ လမ်းညွှန်တာကို နာခံ၊ ကိုယ်တိုင် ကျင့်သုံး၊ လက်တွေ့ကျ မှန်ကန်မှ ခံယူဆောက်တည်။
မွန်မွန်ပြောသလိုလည်း ရှေ့နောက် ကြိုမြင်ချင်လို့ တရားကျင့်တာတော့ မဟုတ်လောက်ပါဘူး။ အဲဒီ ဦးဇင်းငယ်ရဲ့ ပင်ကိုယ်စိတ်ကိုက လေ့လာစူးစမ်းမှုပြင်းပြတာလည်း ပါပါတယ်။ uzin အနေနဲ့ကတော့ ဒီသာသနာမှာ ဒီလို လေ့လာစူးစမ်းတဲ့ ဦးဇင်းငယ်တွေ ရှိသလို ဒီလို တရားပြနေတဲ့ ဘုန်းကြီးတွေလည်း မထင်မပေါ်ပဲ ဟိုနားနဲနဲ ဒီနားနဲနဲ ရှိပါလားလို့ သိရပြီး တင်ပြခြင်းဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကတော့ ဟိုး…လွန်ခဲ့တဲ့ နှစ် ၃ဝကျော် ၄ဝနီးပါက ဖြစ်စဉ်ပါ။