Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရှဲရှဲနီ…နံနက်ခင်း”

pazflorMay 11, 20131min84515

“ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ”
“ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ် ယောက်တည်းဂျာနယ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေ သော စားပွဲသို့လူနှစ်ယောက်လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံ ကိုယ်စီနှင့် မန္တလေးကျုံးနံဘေးလမ်းလျှောက်ပြီးပြန်လာကြသူများဖြစ်မည် ထင်သည်။ တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ် ယောက်က တရုတ်လူမျိုးအဘိုးအို၊ သူက “ကန်းစွန်းတစ်ခင်းပေးမယ်၊ ဘာ လုပ်မလဲ” ဟုမြန်မာသံမပီမသဖြင့်မေးသည်။ သူ့မေးခွန်းကို ကျွန်တော်စိတ် ဝင်စားသွားသည်။ ကျန်တစ်ယောက်ကပြုံးပြီးဖြေသည်။

“ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစီးကိုတရာနဲ့ဈေးမှာ ရောင်းစားမယ်ဗျာ၊ ဘာခက်တာမှတ်လို့”
အဖြေစကားကိုကြား၍ တရုတ်အဘိုးကြီးက ခေါင်းခါလိုက်သည်။
“အီဒါပဲဗျ၊ ခီများတို့က ကန်စွန်းရွက်ကို ခူးပြီးရောင်းစားမယ်၊ ဒါပဲသိ လယ်။ ငေါ်ကတော့ အဲဒီကီစွန်းရွက်ကို ကီစွန်းရွက်ကြောလုပ်ပြီးငွေရှာ မယ်။ ခီများတို့က တက်တာဖို့ပဲစဉ်းစားတယ်၊ တူးတက်ဖို့မီစဉ်းစားဘူး”
ထိုသို့အခြေအတင်စကားတွေပြောပြီး လက်ဖက်ရည်ဆိုင်မှထသွားကြ သည်။
ကျွန်တော်ဖတ်နေသော ဂျာနယ်ထဲတွင် မန္တလေးမြို့အတွက် မင်္ဂလာအိမ် ရာစီမံကိန်းအကြောင်း တံတားဦးလေဆိပ်ကို ဒီထက်အဆင့်မြှင့်တင်မည့် အကြောင်း၊ ဟိုတယ်ဇုန်များတိုးချဲ့ဆောက်လုပ်မည့်အကြောင်း ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားငွေတိုးချဲ့ရှာနိုင်မည့်နည်းလမ်းများအကြောင်းကို ဖတ် ရင်း လက်ဖက်ရည်ဆိုင်တွင်ဆက်ပြီးထိုင်နေမိသည်။
×××
နာရီကိုငုံ့ကြည့်လိုက်သည်။ ၈နာရီကျော်ပြီ၊ ဆိုင်မှာလည်းလူစုံလာသည်။
ကျွန်တော့်သူငယ်ချင်း ကိုဝင်းမြင့်ရောက်လာသည်။ သူက Acid Man အမည်ဖြင့်စာရေးသည်။ Spider Man, Bad Man ကိုအားကျပြီး Acid Man ဟုအမည်ပေးထားခြင်ဖြစ်သည်။ လွဲရင်ချော်ရင် သရော်မယ်ဆိုတဲ့ ကလောင်အမည်မျိုးပေါ့။ သူက သူ့သမီး “ပိစိ” ကို ဒေါ်မမနိုင်၏ အင်္ဂလိပ် စကားပြောသင်တန်းတွင် အပ်နှံထားသည်။ သင်တန်းက ၁ဝနာရီမှဆင်း မည်။ သူ့သမီးကို စောင့်ရင်း “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်သို့ရောက်လာ ခြင်းဖြစ်သည်။
သူ့ကို ကျွန်တော်နှင့်အတူထိုင်ဖို့လှမ်းပြီးခေါ်လိုက်သည်။
“လာဗျာ။ လက်ဖက်ရည်သောက်ဦး၊ ဘာစားမလဲ”
“ဖန်ချိုတစ်ချိုတစ်ခွက်၊ ပေါက်စီချဟေ့”
သူစားနေစဉ် ကျွန်တော်က မေးခွန်းတစ်ခုမေးလိုက်သည်။
“ခင်ဗျားကို ကန်စွန်းတစ်ခင်းပေးထားမယ်။ ခင်ဗျားအဲဒီကန်စွန်းခင်းကို ဘာလုပ်မလဲ”
“ခင်ဗျားမေးခွန်းကလည်း ဘာခက်တာမှတ်လို့၊ ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက်ကိုခူးမယ်၊ အစည်းလေးတွေလုပ်မယ်၊ ပြီးရင်တစ်စည်းကို တစ် ဆယ်ဗျာ၊ တစ်ရာဖိုးကို ဆယ့်ငါးစည်းပေးမယ်။ ဟဲ…ဟဲ…ဟဲ”
“ဒါဆိုရင်ဗျာ၊ ခင်ဗျားကို မန္တလေးမြို့ကြီးပေးမယ်၊ ခင်ဗျားဘာလုပ်မလဲ”
“ဒါလေးများ၊ ခက်တာမှတ်လို့၊ ကျုပ်ကို မန္တလေးမြို့ကြီးတကယ်ပေးမယ် ဆိုရင် မြေတွေကို တစ်ကွက်ပြီးတစ်ကွက်ရောင်းစားမှာပေါ့”
သူ့အဖြေကြောင့် ကျွန်တော်စိတ်ပျက်မိသည်။ ဒါမြန်မာ့အတွေးပဲ၊ ဒါမန္တလေးသားအတွေးပဲ၊ ကျွန်တော်တို့က ဖောက်ထွက်ပြီးမတွေးဘူး၊ ဖြန့် ထွက်ပြီးမတွေးဘူး၊ ပြောင်းပြန်မတွေးဘူး၊ အတွေးမရဲဘူး၊ အတွေးရိုးတယ်။
“အတွေးမဆန်း” တော့ “သွေးမလန်း” ဘူး။
“အတွေးရိုး” တော့ “သွေးမိုး”ခံရတာပေါ့။
“အတွေးမသစ်” တော့ “ခွေးဖြစ်” တော့တယ်။
“အတွေးရဲ” မှ “ခွေးဆွဲ” မခံရမှာဗျ။
“ကိုဝင်းမြင့်ရယ်၊ ကျုပ်ကိုမန္တလေးမြို့ကြီးပေးစမ်းပါ။ ကျုပ်ဘာလုပ်မယ် ထင်လဲ၊ ခင်ဗျားလိုတော့ မြေကွက်တွေကိုရောင်းစားမှာမဟုတ်ဘူး”
“ဆရာဘုန်း၊ ဒါဆိုခင်ဗျားက ဘာလုပ်မလဲ”
“ကဲ…. ဟိုမယ်ကြည့်၊ မန္တလေးကျုံးတော်ကြီး၊ ဘယ်လောက်လှသလဲ၊ ရေပြင်စိမ်းစိမ်းရှိတယ်ဗျာ။ မြောက်ဘက်မှာ စိမ်းစိုနေတဲ့ မန္တလေးတောင် တော်ကြီးရှိတယ်ဗျာ၊ အရှေ့ဘက်မှာဆိုရင်လည်း ရန်ကင်းတောင်ကြီး၊ သိပ် လှတဲ့ ကျုံးမြို့ရိုးနဲ့ မန္တလေးနန်းတော်ကြီးဗ၊ မြို့တစ်မြို့မှာရေတွေ၊ အင်း တွေ၊ အိုင်တွေ၊ တောင်တွေ၊ တောတွေပါတာ ကမ္ဘာပေါ်ရှားတယ်ဗျ၊ ကျုပ် တို့ မန္တလေးက အရှားအပါးဆုံးအလှအပကို ပိုင်ဆိုင်ထားတဲ့ နတ်မိမယ်ရဲ့ မျက်ဝန်းဗျ”
ကိုဝင်းမြင့်က ပြုံးသည်
“ကျုပ် အိနိ္ဒယနိုင်ငံက “တက်ချ်မဟာဂူဗိမာန်”ရောပ်ဖူးတယ်။ ဘာမှ မဟုတ်တဲ့အချစ်ဇာတ်လမ်းကို ဇာတ်အိမ်ဖွဲ့ပြီးသမိုင်းလုပ်ထားတယ်။ “တက်ချ်မဟာ”နဲ့ကပ်လျက်မှာ ရေမဲ့သောင်ထွန်းနေတဲ့ “ယမုံနာမြစ်သေ ကြီး” ရှိတယ်။ မနီးမဝေးမှာလည်း “အာဂရာ” ဆိုတဲ့နန်းတော်ကြီးရှိတယ်။ ကျုပ်တို့မန္တလေးကျုံးတော်ကြိးလောက်မလှဘူး၊ တောင်မရှိဘူး၊ တောမရှိ ဘူး၊ ရေမရှိဘူးဗျာ။ အဲဒီ “အာဂရာ” ဆိုတဲ့နန်းတော်ကြီးထဲကို ပိုက်ဆံပေး ပြီးမှဝင်ကြည့်ခွင့်ရတယ်၊ အိန္ဒိယနိုင်ငံသားဆိုရင်တော့ အိန္ဒိယ ၅ရူပီးပေးရ တယ်။ ကျောင်းသားကျောင်းသူတွေဆိုရင် အခမဲ့၊ နိုင်ငံခြားသားဆိုရင် တော့ အိန္ဒိယရူပီး ၁၀ဝပေးရတယ်။ ကျုပ်တို့ရဲ့ မန္တလေးကျုံးတော်ကြီးနဲ့ နန်းတော်ကြီးကို ကျုပ်ကသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ပြီး နိုင်ငံခြားသား တွေရဲ့ အိတ်ထောင်ထဲက ပိုက်ဆံကိုရအောင်ယူချင်တာဗျ”
“ကဲ… ဆိုစမ်းပါဦးဗျာ။ ခင်ဗျားကို မန္တလေးတောင်ကြီးပေးပါပြီတဲ့။ ဘာ လုပ်မလဲ”
ကိုဝင်းမြင့်က မခို့တရို့ပြုံးပြီး ကျွန်တော့်ကို ရန်စသလိုမေးခွန်းမေး သည်။
“ပထမဆုံးဗျာ၊ နန်းတော်ထဲမှာရှိတဲ့ စစ်တပ်ကြီးကို ရန်ကင်းတောင်ခြေ၊ ဒါမှမဟုတ် သင့်တော်တဲ့တစ်နေရာကို ရွှေ့မယ်၊ တပ်မတော်သားတွေအ တွက် နေစရာလိုင်းခန်းတွေကိုလည်း သပ်သပ်ရပ်ရပ်ဆောက်ပေးမယ်။ နန်း တော်ထဲမှာ စစ်တပ်ကြီးမရှိတော့ဘူးဆိုရင် “ရတနာပုံမင်းနေပြည်ခေတ်” အတိုင်း နန်းတော်အတွင်းကိုပြုပြင်မယ်။ မွမ်းမံမယ်၊ “မြနန်းစံကျော်ရွှေ နန်းတော်ကြီး”ကို ဒီထက်သန့်ရှင်းသပ်ရပ်အောင်လုပ်မယ်။ မြင်းတပ်တွေ၊ ဆင်တပ်တွေထားမယ်။

ရှေးတုန်းက မြန်မာအမျိုးသမီးကြီးများ၊ မြန်မာအမျိုးသားကြီးများ ဝတ်စားဆင်ယင်သလိုမျိုးဖန်တီးထားမယ်။ သျှောင်ထုံးကြီးတွေထုံး၊ ထိုး ကွင်းမင်ကြောင်ထိုးထားတဲ့ အမျိုးသားတွေ ညနေပိုင်းဆိုရင် “ဝိုင်းခြင်း” တွေခတ်ကြမယ်ဗျာ။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာပြီး “ဝိုင်းခြင်း” ခတ် နေတာကိုကြည့်နေကြတဲ့ ပရိသတ်တွေဖန်တီးထားမယ်၊ ပြီးတော့ သစ်သား ဘီးတပ်နွားလှည်းကြီးတွေ၊ ရထားလုံးတွေလုပ်မယ်၊ နန်းတော်ထဲကိုလာတဲ့ နိုင်ငံခြားသားတွေကိုပြစားမယ်။ Taxi ဆွဲစားမယ်။ နန်းတော်ထဲကို အင်ဂျင် တပ်မီးခိုးထွက် ဘယ်မော်တော်ကားမှ ဝင်ခွင့်မပေးဘူး၊ ဒီနန်းတော်ကြီးထဲ ရောက်လိုက်တာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝကိုပြန်ရောက်သွားသလိုမျိုး ခံစားစေရမယ်။ အဲဒီခေတ် အခင်းအကျင်းမျိုးကိုပြထားမယ်ဗျာ”
ကိုဝင်းမြင့်က မဖြစ်နိုင်ဘူးဆိုသောအကြည့်ဖြင့် ကျွန်တော့်စကားကို သည်းခံပြီးနားထောင်ပေးနေသည်။
“ကဲ…. ဆိုစမ်းပါဦးဆရာဘုန်းရဲ့၊ ဒါပဲလား”
“ဒါတင်ဘယ်ကမလဲဗျ၊ နန်းတော်ကြီးတစ်ခုလုံးကို ဥယျာဉ်ကြီးလုပ်ပစ် မယ်။ မြက်ခင်းစိမ်းစိမ်းတွေစိုက်မယ်ဗျာ၊ နန်းတော်ထဲမှာ အရိပ်ရတဲ့ မန် ကျည်းပင်တွေ၊ ကုက္ကိုပင်တွေဆိုတာအများကြီးပဲ။ ပြီးတော့ နန်းတော်ရဲ့ သင့်တော်တဲ့နေရာတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကျေးရွာပုံစံတွေ ဖန် တီးထားမယ်။ သူတို့ရဲ့ ရိုးရာအဝတ်အထည်တွေ၊ ပစ္စည်းတွေပြထားမယ်။ ရောင်းချမယ်။ ရိုးရာပစ္စည်းတွေတစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ပြုလုပ်ပုံကို လည်း လေ့လာနိုင်ဖို့ ဖန်တီးထားဦးမယ်။ ပြီးတော့ ရိုးရာအစားအစာတွေကို လည်းရောင်းချမယ်၊ စားသောက်စေမယ်”
ကျွန်တော်က မန္တလေးကျုံးတော်ကြီးကို ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောသည်။ ကိုဝင်းမြင့်က စိတ်မဝင်စားပါ။
“ခင်းဗျားစိတ်ကူးက ဖြစ်နိုင်ပါ့မလားဆရာဘုန်းရဲ့”
“စိတ်ကူးပဲဗျာ၊ တစ်ချိန်ချိန်တော့ဖြစ်ရမျာပေါ့၊ အဲဒီနန်းတော်ကြီးထဲမှာ ရှေးဟောင်းပစ္စည်းတွေရောင်းမယ်၊ ကျောက်ဆစ်ထုလုပ်တဲ့ဈေးတန်းတွေ ထားမယ်၊ ကြေးသွန်းလုပ်တဲ့ဈေးတန်းတွေထားမယ်၊ ရွှေချည်ထိုးငွေချည် ထိုး၊ ပန်းချီ၊ ပန်းပုလုပ်ငန်းတွေကိုလည်းပြထားမယ်။ စည်းကမ်းတကျပေါ့ ဗျာ၊ နန်းတော်ကြီးထဲကိုတစ်ရက်လောက်ဝင်ကြည့်ရုံနဲ့ ကြည့်လို့မဝအောင် လုပ်ထားမယ်။ အနည်းဆုံး မန္တလေးနန်းတော်ကြီးကို ၃၊ ၄ရက်လောက်ဝင် ပြီးလေ့လာမှဖြစ်မယ်ဆိုတဲ့ အနေအထားတွေကျုပ်ကလုပ်ချင်တာ၊ ပြီးတော့ ဗျာ “မြေဝိုင်းဇာတ်” တွေကမယ်။ ရေနံကြီးမီးတိုင်တွေရဲ့အလယ်မှာ ဖျာ ချောကိုခင်းပြီးနားထောင်ကြမယ်။ ညဘက်ဆိုရင် လျှပ်စစ်မီးရောင်မှိန်မှိန် ထွန်းပေးထားမယ်။ စောင်းတီးပညာရှင်တွေကို နေရာပေးမယ်။ ရှေးသီချင်း ကြီး၊ သီချင်းခန့်တွေကို သီဆိုကြမယ်။ “ဦးပုည” တို့၊ “အချုပ်တန်း ဆရာဖေ” တို့ရဲ့စာတွေ၊ ကဗျာတွေကိုပြန်လည်ဖော်ထုတ်မယ်၊ သူတို့စာပေ တွေကိုကို အင်္ဂလိပ်လို၊ ပြင်သစ်လို၊ ဂျပန်လို ဘာသာပြန်ပြမယ်။ နိုင်ငံခြား သားတွေအလွန်အင်မတန်စိတ်ဝင်စားမှာဗျ”
ကိုဝင်းမြင့်းက ပြုံးဖြီးဖြီးကြီးလုပ်သည်။

“ဒီလောက်ပဲလားဗျ”
“ဒါတင်ဘယ်ကမလဲဗျာ၊ Special Day တွေ၊ Special Month တွေ၊ Special Season တွေလုပ်မယ်။ နိုင်ငံခြားသားတွေကိုဆွဲဆောင်မယ်။ နန် ဝတ်နန်းစားနဲ့ ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရမယ်၊ ဓာတ်ပုံတွဲရိုက်ရင်လည်း ပိုက်ဆံယူမယ်။ ပြီးတော့ “မြန်မာ့ဆိုင်းဝိုင်းကြီး” တွေထားမယ်။ နတ်ဖိုသံ တွေတီးမယ်။ မှုတ်မယ်။ နိုင်ငံခြားသားတွေဆိုတော့ လမ်းကျယ်ကျယ်ကြီး တွေ၊ တိုက်မြင့်မြင့်ကြီးတွေ၊ အုတ်နဲ့ဘိလပ်မြေနဲ့တည်ဆောက်ထားတဲ့ မြို့ပြ ဆန်ဆန်မြင်ကွင်းတွေကိုမကြည့်ချင်ကြဘူး၊ သူတို့မျက်စိထဲမှာ ရိုးအီ နေပြီ၊ မထူးဆန်းတော့ဘူး၊ မြန်မာဆိုတာ ဒီလိုနေခဲ့တယ်။ ဒီလိုယဉ်ကျေး မှု ရှိခဲ့တယ်။ ရှိနေတယ်ဆိုတာသူတို့ကိုပြလိုက်ချင်တယ်။ သူတို့က အဲဒါမျိုးမှ စိတ်ဝင်စားတာ၊ နိုင်ငံခြားသားတွေနဲ့ တွေ့တိုင်း သူတို့ အမြဲပြောတဲ့ သူတို့ အမြင်တွေရှိတယ်ဗျ”
“ဆိုစမ်းပါဦး ဆရာဘုန်းရဲ့”
“မင်းတို့ဆီက ဟော်တယ်ကြီးတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်ကွ၊ ငါတို့ မျက်လုံးထဲမှာ သိပ်မဆန်းဘူး။ ငါတို့မျက်လုံးထဲကို မင်းတို့ဝင်ကြည့်။ ငါတို့ က ဒေသတစ်ခုကိုရောက်ရင် အဲဒီဒေသရဲ့ မူရင်းအတိုင်းမပျက်စီးသေးတဲ့ သဘာဝကို ကြည့်ချင်တာ။ မင်းတို့နန်းတော်ကြီးကို ရှေးမူအတိုင်းလုပ်လုက် စမ်းပါကွာ။ မင်းတို့ပဲ စဉ်းစားကြည့်၊ နိုင်ငံခြားသားတစ်ယောက်က နိုင်ငံ တစ်ခုကိုအလည်အပတ်သွားရင် ဒေါ်လာ ၃၀၀ဝလောက်အနည်းဆုံးသုံးရ တယ်။ နိုင်ငံခြားသားတစ်သန်းအလည်အပတ်လာရင် ဒေါ်လာ သန်း ၃၀၀ဝ ရမယ်ကွာ။ ယိုးဒယားကိုလာတဲ့ နိုင်ငံခြားဧည့်သည်တိုင်း မြန်မာပြည်ကို လာချင်ကြတဲ့သူတွေချည်းပဲ။ ယိုးဒယားမှာဆိုရင် ယိုးဒယားပြည်ဝင်ခွင့် နိုင်ငံခြားသားတစ်ယောက်ကို ဒေါ်လာ ၄ဝကောက်ခံတယ်။ တစ်နှစ်ကို နိုင်ငံခြားသား ၁၅သန်းလာပြီးလည်ပတ်သတဲ့။ အဲဒီဝင်ငွေကိုက မနည်းမ နော်ပဲ။ သူတို့တိုင်းပြည် သယံဇာတအရင်းအမြစ်တွေ မပျက်စီးဘဲ တိုးတက် နေတာ အဲဒါကြောင့်ကွ။ သူတို့ထက်မင်းတို့ တိုင်းပြည်က အများကြီးသာ ပါတယ်။ သူတို့ ဧည့်သည်တွေကို မင်းတို့ ဆွဲဆောင်နိုင်ရင် သဘာသ သယံ ဇာတအရင်းအမြစ်တွေကို ထိန်းသိမ်းရာရောက်မယ်။ ဝင်ငွေလည်းရမယ်။ အခုလက်ရှိ မပျက်စီးဘဲ ကျန်ရှိနေတဲ့ သဘာဝအရင်းအမြစ်နဲ့ သမိုင်းဆိုင် ရာနေရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်မယ်။ နိုင်ငံခြားဝင်ငွေတိုး လာနိုင်တယ်။ မင်းတို့က ရွှေခွက်နဲ့ခြေဆေးနေတဲ့လူမျိုး”

“ဘယ်လိုပြောလိုက်တယ်။ ရွှေခွက်နဲ့ခြေဆေးနေတယ်ဟုတ်လား။ ဘာသဘောလဲဗျ”
“ရွှေခွက်နဲ့ ခြေဆေးတယ်ဆိုလို့ အထင်ကြိးပြီးပြောတာမထင်နဲ့၊ ရွှေခွက် ကို တန်ဖိုးမထားတတ်ဘူးလို့ပြောတဗျ၊ ခြေဆေးတဲ့ခွက်ကို ဘယ်သူက တန်ဖိုးထားလို့လဲ။ ကိုယ့်တန်ဖိုးကိုယ်မသိတဲ့လူမျိုးလို့ပြောတာဗျ”
“တော်တော်မြင်တတ်တဲ့ နိုင်ငံခြားသားတွေပဲ”
“သူတို့ကပြောတယ်။ မင်းတို့နိုင်ငံမှာ နိုင်ငံခြားဝင်ငွေရှာလို့ရနိုင်တဲ့ သမိုင်းဆိုင်ရာ သဘာဝဆိုင်ရာအရင်းအမြစ်တွေအများကြီးပဲတဲ့၊ စနစ်တကျ ထိန်းသိမ်းပြီး သပ်သပ်ရပ်ရပ်ပြုပြင်လိုက်ရင် အာရှမှာ နိုင်ငံခြားသားဧည့် သည်အလာဆုံးနိုင်ငံဖြစ်သွားနိုင်တယ်။ နိုင်ငံခြားသာ ဆယ်သန်းလောက် လာလိုပကတော့ မင်းတို့နိုင်ငံရဲ့ဝင်ငွေ မင်းတို့တွက်ကြည့်ကွာတဲ့၊ မင်းတို့ လုပ်ရင်ဖြစ်မှာပါတဲ့”
ကိုဝင်းမြင့်က သူ့ထုံးစံအတိုင်း သရော်တော်တာ်မျက်လုံးပြူးကြီးဖြင့် ကျွန်တော့်ကို ကြည့်သည်။
“နန်းမြို့ရိုးနဲ့ ကျုံးတော်ကြီးရဲ့အကြားမှာလည်း ပန်းခြံတွေလုပ်မယ်ဗျာ။ ကျွန်တာ့်တို့ မန္တလေးမြို့ရဲ့အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ရုပ်ထုတွေထားမယ် ဗျာ။ “နန်းတော်ရှေ့ဆရာတင်” တို့၊ “မြို့မငြိမ်း” တို့၊ “စိန်ဗေဒါ” တို့၊ “လေဘာတီမမြရင်” တို့၊ ပြီးတော့ စားသောက်ဆိုင်ဖွင့်မယ်ဗျာ၊ ရိုးရာနဲ့ အနောက်တိုင်းတူရိယာကို လိုက်ဖက်ညီအောင်တွဲဖက်ပြီး တီးခတ်နိုင်တဲ့ “မြို့မ”တေးဂီတကို ဂီတဖျော်ဖြေပွဲတွေ ညတိုင်းကျင်းပမယ်ဗျာ။ ပြီးတော့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ညဈေးတန်းကြီးတွေ၊ Night Bazaar တွေ၊ မန္တလေးမြို့ပေါ်မှာ သုံးလေးနေရာလောက်ဖန်တီးမယ်ဗျာ”

နားထောင်နေသော ကိုဝင်းမြင့် ပျော်မပျော်တော့ကျွန်တော်မသိ၊ ကျွန် တော်ကတော့ ကိုယ့်စိတ်ကူးဖြင့် ကိုယ်ပြောနေရင်ပျော်လာမိသည်။
“နန်းတော်ကြီးထဲမှာလည်းဗျာ ….. “ယောမင်းကြီးဦးဖိုးလှိုင်” ရဲ့ပြတိုက်၊ “ကင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “တိုင်တားမင်းကြီး” ရဲ့ပြတိုက်၊ “လှေသင်း အတွင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “စာဆိုဦးပုည” ရဲ့ပြတိုက်၊ “မင်းတုန်းမင်း” တို့၊ “ကနောင်မင်း” တို့၊ “သီပေါမင်း”တို့ရဲ့ပြတိုက်တွေလုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြိးတည်ဆောက်တုန်းက သမိုင်းအထောက်အထားတွေ၊ အင်ဂျင်နီယာဆိုင်ရာဆောက်လုပ်ရေးအယူအဆတွေကိုမှတ်တမ်းတင်ထားတဲ့ ပြတိုက်တွေလည်း လုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြီးကို တည် ဆောက်ခဲ့တဲ့ လူသိနည်းတဲ့ အင်ဂျင်နီယာပညာရှင်ကြီး “ပန်းပဲမင်းကြီး ဦးမှို”။ သူတို့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ခေတ်မီဆော့စ်ဝဲတွေနဲ့ ဆလိုက်ထိုးပြီးပြမယ်။ နန်းတော်ကြီးရဲ့အပြင်ဘက်မှာလည်း စင်္ကာပူလို ရေပန်းဆလိုက်ထိုးဥယျာဉ်ကြီးလုပ်မယ်။”
“ဆရာဘုန်း ခင်ဗျားတော်တော်စိတ်ကူးယဉ်တဲ့လူပဲ”
“ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျုပ်စိတ်ကူးထားတာရှိသေးတယ်။ သီပေါမင်းနဲ့ ဒိုင်း ခင်ခင်တို့ရဲ့ အချစ်ဇာတ်လမ်းကို အင်္ဂလိပ်အသံထွက်ပြဇာတ်ကမယ်ဗျာ။ ကနောင်မင်းကြီးနဲ့ လှိုင်ထိပ်ခေါင်တင်တို့ရဲ့ နှလုံးသားပုံရိပ်ကိုလည်း ဇာတ်အိမ်ဖွဲ့ပြီး ဖျော်ဖြေတင်ဆက်မယ်ဗျာ။ ဒီလိုပဲဗျ၊ ရတနာပုံခေတ်က အဖြစ်အပျက်တွေကို ဇာတ်လမ်းဇာတ်ကွက်တွေလုပ်ပြီး ဂန္တဝင်မြောက်တင် ဆက်ပွဲတွေကျင်းပမယ်ဗျာ”
“ဆရာဘုန်း၊ ခင်ဗျားစိတ်ကူးကဖြစ်နိုင်ပါ့မလားဗျ၊ မဖြစ်နိုင်တဲ့စိတ်ကူး ကို ရူးတယ်လို့ခေါ်တယ်နော်”
ကိုဝင်းမြင့်က ကျွန်တော်ကို သာသာနှင့် နာနာနှက်သည်။
“ဘာပဲဖြစ်ဖြစ် ကိုဝင်းမြင့်ရာ၊ ခင်ဗျားပဲစဉ်းစားကြည့်၊ ခိုင်မာတဲ့သမိုင်း ကြောင်းလည်းမရှိ၊ မြေကျယ်ကျယ်လည်းမရှိ၊ လူသားအရင်းအမြစ်လည်း မရှိ၊ အင်္ဂတေနဲ့တည်ဆောက်ထားတဲ့ အရုပ်တွေကိုပြပြီး ဝင်ငွေရှာတတ်တဲ့ စင်္ကာပူကို ကျုပ်တို့အတုယူသင့်တယ်။ သူတို့ခေါင်းဆောင်တွေက စိတ်ကူး ကောင်းတယ်ဗျ။ တိုင်းပြည်အပေါ်မှာလည်း စေတနာရှိတယ်။ အနာဂတ်ကို လည်း လှပအောင် အသိပညာနဲ့ ဆေးခြယ်တတ်တယ်၊ ပြီးတော့ ကိုယ့် လူမျိုးနဲ့ကိုယ့်နိုင်ငံကိုတကယ်ချစ်တယ်ဗျ”

“နို့ …. နေပါဦးဆရာဘုန်းရဲ့၊ ကျုပ်တို့ ခေါင်းဆောင်တွေကရော ကိုယ့် လူမျိုးကို ကိုယ်မချစ်လို့လား”
“မချစ်ဘူးလို့တော့ မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ပြော ရဲတယ်။ ဉာဏ်သွင်းပြီးတော့မချစ်တတ်ဘူးဗျ။ စိုးရိမ်စိတ်နဲ့တော့ချစ်တတ် တယ်။ လုံခြုံရေးအမြင်နဲ့ပဲချစ်တတ်တယ်။ကျုပ်တို့ တိုင်းပြည်ကတိုးတက် ဖို့အတွက် အခွင့်အလမ်းတွေအများကြီးပါ။ ဒါတောင်မှ နန်းတော်ကြီးနဲ့ ကျုံး မြို့ရိုးပေါ်မှာတွေးမိတဲ့စိတ်ကူးနော်၊ ဧရာဝတီတာရိုးပေါ်က ကားလမ်းမကြီး ကို ကောင်းအောင်ပြုပြင်မယ်။ ပြီးတော့ ဧရာဝတီမြစ်အလှကို ပြစာမယ်ဆို ရင်လည်း ရသေးတယ်။ “ဦးပန်တံတား” တို့၊ “မဟာဂန္ဓာရုံ” တို့၊ “မစိုးရိမ် တိုက်ဟောင်း” တို့၊ “မဟာမုနိဘုရားကြီး”တို့၊ “အိမ်တော်ရာဘုရား”တို့ စုံလို့ပါပဲ။ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ဝင်ငွေရှာလို့ရတယ်။ “ပုဂံ”၊ “အင်းလေး”၊ “ကျိုက်ထီးရိုး”၊ “ပုပ္ပားတောင်”၊ “ငပလီ”တို့ မပါသေးဘူးနော်။ သေချာတွေးကြည့်ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးဖို့သိပ်ပြီးမခက်ပါဘူးဗျ”။
ကိုဝင်းမြင့်က ဖင်တကြွကြွဖြစ်နေသည်။ ကျွန်တော့်စကားမဆုံးသေးပါ။
“ကဲဗျာ…ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက်ရောင်းစားဖို့လောက်သာ သိတဲ့ ကျွန်တော်တို့ရဲ့ ဉာဏ်မပါတဲ့စိတ်ကူးတွေစွန့်လွှတ်သင့်ပြီဗျ။ မန္တလေး မြို့ကြီးကို ကျုပ်တို့ပိုင်တယ်။ မန္တလေးနန်းတော်ကြီးကို ကျုပ်တို့ ပိုင်တယ်။ အဘိုးတို့၊ အဘေးတို့ ပေးထားခဲ့တဲ့ သမိုင်းတွေကျုပ်တို့ပိုင် တယ်၊ သယံဇာတတွေကျုပ်တို့ပိုင်တယ်၊ ရေချိုမြစ်ကြီးတွေ ကျုပ်တို့ပိုင် တယ်။ တောင်တန်းပြာပြာကြီးတွေကျုပ်တို့ပိုင်တယ်။ လူမျိုးစုံ၊ ယဉ်ကျေးမှု မျိုးစုံ၊ ဓလေ့မျိုးစုံ ကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းဆိုတဲ့ အလှ တရားတွေကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းတွေကို အလှတရား လို့ကျုပ်တို့ကမမြင်ဘူး။ မတူညီခြင်း၊ ခြားနားခြင်းကို ပြဿနာလို့မြင်တယ်။ ဒီလိုနဲ့ပဲ ကျုပ်တို့တိုင်းပြည် ဆင်းရဲတွင်းနက်လာတော့တယ်။ ဒီမယ် ကိုဝင်း မြင့်ရ၊ စိုးရိမ်စိတ်အပေါ်အခြေခံတဲ့စီမံခန့်ခွဲခြင်းဟာ တိုင်းပြည်ဆင်းရဲရခြင်း ရဲ့ အဓိကအကြောင်းတရားပဲ။ ယုံကြည်မှုအပေါ်အခြေခံပြီး အနစ်နာခံတဲ့ စိတ်နဲ့စေတနာသွင်းပါ။ ဉာဏ်သွင်းပါ။ ဒါဆိုရင် ကျုပ်တို့တိုင်းပြည်တိုးတက် လာပြီဗျ”

ကိုဝ င်းမြင့်က သူ့လက်ပတ်နာရီကိုငုံ့ကြည့်လိုက်သည်။ ဆယ်နာရီထိုးခါ နီးပြီ။
ကျွန်တော့်ကိုအားနာ၍၊ ဒါမှမဟုတ် …
သူ့သမီးကို စောင့်ကြိုရင်း အပျင်းဖြေလို၍၊ ဒါမှမဟုတ် …
လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းလို၍ ….. ၍…… ၍…… ၍။
မိတ်ဆွေသဘောအရ စိတ်မပါဘဲနားထောင်ပေးသွားသည်ကို ကျွန်တော် သိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲက အတွေးတွေ၊ စိတ်ကူးတွေကို ပြောလိုက်ရသဖြင့် စိတ်ထဲတွင် တော်တော်ပေါ့ပါးသွားသည်။
တကယ်တော့ လက်ဖက်ရည်ဆိုင်ဆိုတာ၊ လူတွေရဲ့ ခံစားချက်နဲ့စိတ်ကူး ကို လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်းပြောဆိုလို့ရတဲ့ “လူမူဒီမိုကရေစီ ဘုံဗိမာန်” တွေပဲလေ။

ကိုဝင်းမြင့်ကပြောသည်။
“ဒီမယ် ဆရာဘုန်း၊ ကျုပ်ကိုလည်း ကန်စွန်းတစ်ခင်းမပေးနဲ့၊ ခင်ဗျားကို လည်း ဘယ်သူကမှ မန္တလေးမြို့ကြီးပေးမှာမဟုတ်ဘူး၊ ဆက်ပြီး စိတ်ကူး ယဉ်လိုက်ဦး၊ကျုပ်ပြန်တော့မယ်”
×××
ကိုဝင်းမြင့်
တရုတ်ပြည်မှလာသော လက်ပတ်နာရီကိုငုံ့ကြည်၊
တရုတ်ပြည်မှလာသော နေကာမျက်မှန်ကိုတပ်။
တရုတ်ပြည်မှလာသော ဟန်းဆက်ကိုကိုင်။
တရုတ်ပြည်မှလာသော မိုးကာကိုဝတ်။
တရုတ်ပြည်မှလာသော ဆိုင်ကယ်စီဦးထုပ်ကိုဆောင်း။
တရုတ်ပြည်မှလာသော ဆိုင်ကယ်ကိုစီးပြီး …
ကျွန်တော့်အပါးမှ နှုတ်ဆက်ထွက်ခွားသွားသည်။
သူ ကျွန်တော်ကို နှုတ်ဆက်သွားတဲ့စကားလုံးက
“ရှဲ ရှဲ နီ ….” တဲ့။
×××

ဦးဘုန်း(ဓာတု)မန္တလေး

 

မှတ်ချက်၊ မူရင်းစာရေးဆရာမှာ ဦးဘုန်း(ဓာတု)မန္တလေး ဖြစ်ပါတယ်။ Facebook သူငယ်ချင်းတစ်ယောက် wall ပေါ်ကနေကူးယူပါတယ်၊ ဆရာဦးဘုန်းခွင့်ပြုနိုင်မယ်ထင်ပါတယ်။

15 comments

  • ရာမည

    May 11, 2013 at 9:34 am

    အတွေးတွေစိတ်ကူးတွေကိုသဘောကျပါတယ် ။
    လက်တွေ့မှာဖြင့် ရန်ကုန်က တိုင်းရင်းသားကျေးရွာဟာ ပြယုတ်တစ်ခုပါပဲ ။
    အဲ့ဒါတွေကို ပြုလုပ်ပြီးရင် ခံစားတတ်ဖို့လည်းလိုပါမယ် ။
    မခံစားတတ်ရင် တန်းဘိုးမထားတတ်ကြဘူး ။ပြည်တွင်းအနေအထားကိုပြောတာပါ။

    • pazflor

      May 11, 2013 at 6:45 pm

      ဟုတ်ပဗျ၊ တိုင်းရင်းသားကျေးရွာကဘာလို့မအောင်မြင်တယ်မသိ၊ ကိုယ်တိုင် သံလျင်တံတားပေါ်နေတိုင်းဖြတ်ပြီး နှစ်များစွာ ကျောင်းတက်လာတောင် တိုင်းရင်းသားကျေးရွာကို လည်ချင်စိတ် လုံးဝပေါ်ခဲ့ဘူး။

  • ခင်ခ

    May 11, 2013 at 10:44 am

    မန်း က နန်းတော်ကြီးကို အဲလိုစိတ်ကူးအတိုင်း ဖြစ်ခဲ့ရင်
    ခင်ခ လည်း နန်းတော်ကြီးနဲ့ မလှမ်းမကမ်းမှာ နိုင်ငံခြားသား နဲ့ မြန်မာတွေ အတွက် ဟိုတယ်ကြီး တစ်လုံး၊ အသင့်သင့်သုံးစွဲလိုတဲ့ နိုင်ငံခြားသား နဲ့ မြန်မာတွေအတွက် မိုတယ် တစ်လုံး၊ ဈေးသက်သာစွာ တည်းလိုတဲ့ နိုင်ငံခြားသား နဲ့ မြန်မာတွေ၊ ယာဉ်မောင်းတွေအတွက် တည်းခိုခန်း တစ်လုံး ဆောက်ပြီး အဲဒီလို လုပ်ငန်းတွေနဲ့ ပိုက်ပိုက်ရှာပလိုက်မယ်လို့ ……….. စိတ်ကူးမိပါရဲ့ဗျာ။

    • GaviaGirl

      May 11, 2013 at 12:58 pm

      ဟိုတယ်.. ဟိုတယ်… အင်း.. စာရေးချင်စိတ် ပေါက်လာပြီနော်… ရေးလိုက်ဦးမယ်… 🙂

    • pazflor

      May 11, 2013 at 6:46 pm

      ဟုတ်တယ်ကိုခင်ခရဲ ့ မြေဈေးပေါတာကိုး :kwi:

  • ကထူးဆန်း

    May 11, 2013 at 1:16 pm

    အဟိ.. ဦးဘုန်း ကိုပြောလိုက်ပါ ..အဲ့ဒီ့ အတွေးက ဦးဘုန်း တစ်ယောက်ထဲ တင်မကပါဘူး .. ဟိုတယ်ခရီး ရှေးဟောင်း တို့မှာပါ ရှိနေပါတယ် .. ပိုက်ပိုက် မတတ်နိုင်ကြသေးသလို အရင်းပြန်ရဖို့ ဝေးနေသေးလို့ ဘယ်သူမှ မစသေးတာပါ ..သို့သော် ပုဂ္ဂလိက တစ်ဦးကို ပေးခဲ့ဘူးပါသည် ။ မအောင်မြင်ပါ ။ ယခု မကြာမီလာပါတော့မည် လို့ ..
    အဲအဲ .. သိတဲ့ အတိုင်းပေါ့ဗျာ .. ဘယ်သူ့ကို ပေးမလဲ ဆိုတာတော့ ……. ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားပါလို့ …

    • pazflor

      May 11, 2013 at 6:42 pm

      ကိုကထူးဆန်းရေ ဦးဘုန်းကတော့ စာရေးဆြာဆိုတော့ အတွေးတွေ အပြင် ပြန်ရေးတာပေါ့။
      အကောင်အထည်ဖော်ဖြစ်မယ်၊ ထိန်းသိမ်းမှူ့ ပိုင်းလည်း လုပ်နိုင်မယ်ဆိုရင်တော့ သိပ်မဆိုးဘူးထင်လောက်ပါ့ခင်ဗျ။
      အစိုးရကတော့ မလုပ်နိုင်လောက်ဘူး၊ အပြင်လူချပေးရင်တော့ ခရိုနီလက်ထဲရောက်သွားတယ်ဆိုပြီး ဝိုင်းကန့်ကွက်မှာလည်း မြင်ယောင်သေးတယ်။ :kwi:

  • kai

    May 11, 2013 at 4:21 pm

    အမေရိကန်တွေ..ဥရောပသားတွေ..မြန်မာပြည်လည်လည်သွားရင်.. ဘာလိုချင်သလည်း.. ဘာသိချင်ကြသလည်း.. ဘာလုပ်ချင်ကြသလည်းကို.. အရင်လေ့လာသင့်ပါတယ်…

    ဆိုတော့…
    သိကြတာလား.. ဟင်… :kwi:

    • pazflor

      May 11, 2013 at 6:38 pm

      သူကြီးမင်းဘဲ ဖြေပေးပါခင်ည :hee:

      • ရာမည

        May 11, 2013 at 6:56 pm

        တချို ့ကတော ့ ပြည့်တန်ဆာဈေးပေါလို့ ဆိုလား …..
        တချို့များ လာလိုက်ရင် ရှာမယ်ဆိုတာချည့်ဘဲ
        တစ်ခါက Faces ကလပ်ကိုဖမ်းတော ့
        ကောင်မလေးတွေ တချို ့ဖမ်းမရဘူး ။သူတို့နဲ့ပါတနာကိုမပေးနိုင်ဘူးဆိုပြီး
        ခေါ်သွားတာခင်ဗျ ….
        ဒီနိုင်ငံဥပဒေကလည်း မိန်းမကိုဘဲ ပြည့် တန်ဆာမှုနဲ့ဖမ်းလို့ရတယ။

  • ဦးကြောင်ကြီး

    May 11, 2013 at 8:01 pm

    ကြေးမုံတရုတ်ကြီး
    မေးပုံအုပ်စီး
    တွေးထုံလှုပ်နည်း
    ဈေးကုန်ဖုတ်မြည်း
    အေးဘုံကျုပ်တီး
    ဆေးစုံချုပ်လှီး
    ဝေးကြုံထုပ်ပြီး
    လေးယုန်နှုတ်သီး..

  • မောင် ပေ

    May 11, 2013 at 8:46 pm

    ဒီအချိန် မြို ့လယ်ခေါင် တစ်ကွက်ပဲ ရှိကြည့်စမ်းပါ
    ပထမ ရောင်းမယ်
    ဒုတိယ မြို ့ထဲ မှာ တိုက်ခန်း ငှါးမယ်
    တတိယ
    ကုမ်ပဏီ အသေးစား တစ်ခု ထောင်ပြီး လုပ်စားမယ်ဗျာ
    ကိုယ့်မြေကိုယ် စောင့်ရှောက်ဖို ့အတွက် ၊ ကိုယ့်မှာ အင်အားရှိမှ ဖြစ်မယ်
    ကိုပက်စ်ဖလော ရေ

  • Shwe Ei

    May 13, 2013 at 4:38 pm

    အွမ်းး စိတ်ကူးနဲ့တင် အတော်ပျော်ဖို့ကောင်းနေဘီ။

    တကယ်ဖြစ်စေချင်လိုက်တာ….. :hee:

  • နေဝန်းနီ

    May 13, 2013 at 8:18 pm

    ဒီအချိန်မှာ ကန်စွန်း တစ်ခင်းနဲ့လည်း ရှဲရှဲ မနီ နိုင်သေးဘူး….။ တစ်ရာဖိုးဆယ်စီး ….။ စပါးတစ်ခင်းပေးရင်တောင်မှ ထပ်စိုက်ထည့်စရာ ပိုးသတ်ဆေးဘိုး မြေဩဇာဘိုး နဲ့ ရိတ်သိမ်းချွေလှေ့စရိတ် နဲ့ ရမဲ့စပါးဘိုးနဲ့ ကာမိပါ့မလား သေချာ ပြန်တွက်ရဦးမှာ ……….။
    ဒါတောင် အစက စပြီးစိုက်ရတာမဟုတ်သေးဘူး….။ ထွန်ယက်ပြီး စိုက်ခဲ့တဲ့သူတွေ သနားထာ………။ စုစုပေါင်း ကုန်ကျစရိတ်နဲ့ စပါးရောင်းရငွေနဲ့က ………..။ မိုင်းနပ်ပြပြနေတတ်တာ ….။ ဂေဇက်သူကြီး ဝက်ဆိုဒ်က ကော်မန့်တွေကျနေတာပဲ…..။

Leave a Reply