ကျွဲမ လင်.. တဲ့။
ဆရာတင်မိုးရဲ့ကဗျာလေးတပုဒ် ပါ။ သူ့ ခံစာမှု ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြ တတ် ရဲ့။
ဖေ့စ်ဘုတ်ခ် မှာ ဖတ် ရင်း ကူး တင်လိုက်ရပါတယ်။
ကြည်ကြည်လွင်
ရန်ကုန်မြို့။
ကျွဲမလင်
အရိပ် “က” နေသလို
စိတ္တဇ အရုပ်တွေပေါ်လာ
ရာသီတွေမှား
နာရီတွေနားနေတဲ့
ဗမာပြည်က ဖြစ်စဉ်များ။
ကိုယ့်အရောင်က မှုန်မှုန်
သူ့ရောင်စုံက တလျှပ်လျှပ်
ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည်
မတည်ငြိမ်လို့ တလှုပ်လှုပ်
ရေပေါ်ရေးတဲ့အရုပ်များ။
မုန်တိုင်းမွှေလို့
နင်းချေခံရတဲ့ မြန်မာ့မြေပုံ
ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး
အမှောက်မှောက် အမှားမှား
အချောက်ချောက် အချားချား
မတောက်ကြွားနိုင်တော့ပါတကား။
အိမ်အတွင်းမှာ
သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက်
ပွဲလှန့်ပြီး ဗိုလ်လုပ်
အပြင်မှာတော့ အမြီးကုပ်
ကိုယ့်ရုပ်မှမပြရဲ
မဲနယ်အိုးထဲကျတဲ့ခွေးလို
ပွဲမတိုးတဲ့သတ္တဝါပေတကား။
ကိုယ့်ဂုဏ် ကိုယ့်အဟန့်နဲ့
ခန့်ခန့်မနေရ
အမြီးတနှန့်နှန့်နဲ့
အလန့်တကြားနေရတဲ့
မြန်မာ့ရုပ်ပုံ၊ ခေတ်ရုပ်စုံကို
ကြိုးစုံဆွဲ၍ ပွဲမပြချင်ဘု
နိဗ္ဗာန်နဲ့လွဲတဲ့ ကျွဲမလင်ပါတကား။ ။
တင်မိုး
with Moe Moe San and Maya De Moor.
5 comments
alinsett
October 30, 2013 at 3:07 pm
ကဗျာလေး
ဝေမျှ ပေးတာ ကျေးဇူးပါ။
Wow
October 31, 2013 at 8:56 am
ကဗျာလေး ဖတ်သွားပါတယ် 🙂
အရိပ်စစ်
October 31, 2013 at 6:06 pm
ကြိုက်စ်……
Mr. MarGa
November 1, 2013 at 2:46 pm
ကြိုက်စ်
မိုက်စ်
အခုထိ ဒီအဖြစ်က မထွက်နိုင်သေးတာကိုတော့ မကြိုက် 🙁
Kyi Lwin
November 4, 2013 at 9:37 am
ခုထိ ဒီလို အဖြစ်မျိုးတွေထဲက မထွက်နိုင်တာတော့ အများမိုးခါးရေသောက်ရင် ငါလည်းသောက်တယ် ဆိုတဲ့ လူတွေများနေသေးလို့ပါ။