လွမ်းစရာကွဲ့ ၊ ငါးပိကျော်ဘွဲ့။
ငါးပိကျော်ဘွဲ့ လွမ်းခြင်း
မယ့်ကိုယ်တိုင် လုပ်ခဲ့၊
ပိပုပ်တဲ့ ဆားနယ်၊
ကောင်လုံး ထယ်ကို၊
အိုးလယ်တို ရွှေစဉ့်လူးရယ်နှင့်၊
နှစ်ကူးကာ လတွေများအောင်လို့၊
တို့အိမ်အို စားဖိုနား မှာတော့၊
ထားခဲ့တယ်လေး။ ။
မြို့ဒဂုန်၊
ခရီးသွား လူကြုံလို့၊
ဆီတဖုံ ငရုတ်ထောင်းရယ်နှင့်၊
ပလောခြောက် အမှုန့်လောင်းပါတဲ့၊
ငါးပိကောင်း ငါးခူကောင်ကို၊
ဘေးအတောင် ရိုးထွင်နှုတ်ကာပ၊
တကုပ်ကုပ် စားဖိုလယ်တွင်၊
စီစဉ်ကာ ကိုယ်တိုင်ကျော်၍
စိန်ဂျွမ်းပျော် သားမောင်စားစေဖို့၊
မယ်တပါး မင်းမာတာ၊
စေတနာ အနန္တရယ်နှင့်၊
တောဌာနေ အရပ်ဝေးဆီက၊
(လူလေးရေ) ပေးလိုက်တယ်လေး။ ။
ဆရာမင်းသုဝဏ်
၅.၄.၁၉၂၇
ငပိချက် ပြီးတော့ ငပိကျော် ပို့ပေးလိုက်ပါတယ်။
ဆရာမင်းသုဝဏ်ရဲ့ကဗျာလေးကို တောရွာဓလေ့ စားစရာ မေ့နေလောက်ပြီဖြစ်တဲ့ ရွှေများအတွက်ပါ။
မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်မှာ မန်းဂေဇက်ရွာ မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရွှင်လန်းကြပါစေနော်။
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့
ကြည်လွင်
ရန်ကုန်မြို့။
၉.၄.၂၀၁၄
8 comments
alinsett (gazette)
April 9, 2014 at 5:39 pm
စားချင်စိတ်တွေတောင် ပေါက်လာတယ်။
ရှေးခေတ် ကဗျာတွေရဲ့ ရသပေးနိုင်မှု အစွမ်းပေါ့လေ
😆
padonmar
April 10, 2014 at 12:30 am
ကောင်းလိုက်တဲ့ကဗျာလေး။
တောဓလေ့လေးလည်းပါ။စိန်ဂျွန်းကျောင်းသွားတက်တဲ့အကြောင်းလည်းပါ။
အင်းလေ ..ကောင်းပေမပေါ့။
ဆရာကြီး ဦးဝန်ကိုး..
ဒီကဗျာလေး ဖော်ထုတ်ပေးတဲ့(မ) ကြည်လွင် ကို ကျေးကျေးပါ။
kai
April 10, 2014 at 4:18 am
ယူအက်စ်နေမြန်မာတွေ.. မြန်မာပြည်ဘယ်လောက်မေ့တယ်ပြောပြော…
ငါး..ငါးပိ..ငါးပိကြော်ဆို.. လည်ထွက်လာတာပဲ..
ဆိုတော့…
မိတ်အင်ယူအက်စ်အေ ဘာလချောင်ကြော်.. FDA လက်ခံလိုင်စင်တွေနဲ့.. LA မှာ အထုတ်လုပ်ရောင်းနေပြီဖြစ်ပါကြောင်း…။
Ma Ma
April 10, 2014 at 9:33 am
အဲဒီငါးပိက ယူအက်စ်မှာပဲ ကိုယ်တိုင်လုပ်တာလား။
မြန်မာပြည်က ငါးပိကို ချက်ပြုတ်ကြော်လှော်တာလား သိချင်သား။
စိတ်ထင်တာက ယူအက်စ်မှာ မြန်မာပြည်ကလို ရေချိုငါး (ငါးကြင်း၊ ငါးမြစ်ချင်း) ရှိမယ် မထင်လို့ ကိုယ်တိုင်လုပ်တယ်ဆိုရင်လည်း ဘယ်ငါးကို သုံးထားသလဲ မသိဘူး။
ပင်လယ်ငါး ငါးပိဆိုလည်း စားကောင်းမယ်မထင်။ 😀
kai
April 10, 2014 at 10:04 am
မေးကြည့်သလောက်တော့.. ယူအက်စ်မှာသမရောမွှေတာပါ..။
အထဲအဆာတော်တော်များများက.. မြန်မာပြည်က..။
ဘာပဲဖြစ်ဖြစ်.. ခုတလော.. ယူအက်စ်အက်ဖ်ဒီအေက.. မြန်မာ့ကုန်တွေတော်တော်ခွင့်ပြုလာပုံရသမို့..
မြန်မာ့အစားအသောက်သစ်တွေတော်တော်ထွက်လာဖို့ရှိပါတယ်..။
ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးကတော့.. မြန်မာပြည်ကို မျက်စပစ်နေပါပြီ..။
အပြိုင်အဆိုင်တွေအပြည့်ရှိပါတယ်..။
ထိုင်း..ဗီယက်နမ်..ဘင်္ဂလားဒေချ့်စသဖြင့်ပေါ့..။
ငါး..ငါးပိ..ပုဇွန်ခြောက်..ငါးခြောက်တွေက..အဲဒီနိုင်ငံတွေမလည်းရှိတာမို့… ပြိုင်ရမယ်ထင်..။
Kyi Lwin
April 10, 2014 at 12:59 pm
အင်း ဆရာမင်းသုဝဏ် ရဲ့ ငါးပိကျော်ဘွဲ့ကလည်း ကောင်း၊ ယူအက်စ်အေ က ငါးပိကျော် ကြော်ငြာကလည်း ကောင်း။ ဖတ်လို့ကောင်း စားလို့ကောင်း ရောင်းလို့ကောင်း ကြပါစေကြောင်း။
TNA
April 10, 2014 at 4:37 pm
ပထမဆုံးဖတ်ဖူးတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးဖတ်မိတော့ ငပိမစားတဲ့သူတောင် ငပိစားချင်စိတ်ပေါက်သွားတယ်။ :sar:
တောတွင်းပျော်
April 10, 2014 at 8:11 pm
နှစ်သက်တဲ့ ဒီလိုကဗျာကောင်း
တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။