မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ – ခင်မမမျိုး
မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။
အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။
တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။
မြန်မာလူ့ဘောင်တွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ပြီး၊ လယ်သမားနှင့် အလုပ်သမားလူတန်းစားမှာ အများစုဖြစ်သည်။ ဤအခြေအနေက လူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများ (individual rights) ကိုသာမက၊ လူထုလူတန်းစားအလွှာအသီးသီးအလိုက် အများစုဘုံပိုင်အခွင့်အရေးများ (collective rights) များကို အာမခံချက်ပေးမည့် ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်းဆိုထားသည်။ ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်ထဲတွင် လူတန်းစားတိုက်ပွဲများနှင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်သော လူထုတိုက်ပွဲများ ပေါ်ထွက်လာမည်မှာ ဧကန်မုချ။
ထိုမျှနှင့် မကသေး။ မြန်မာနိုင်ငံသည် ရှေးယခင် အစဉ်အဆက်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော တိုင်းပြည်ဖြစ်သည်။ ဤအခြေအနေက လူမျိုးအလိုက် အခွင့်အရေးများ (ethnic rights) ကို အာမခံချက်ပေးမည့်၊ တနည်းဆိုလျှင် လူမျိုးများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို အာမခံချက်ပေးမည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တောင်းဆိုထားသည်။ ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်တတ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု ပကတိအခြေအနေက တောင်းဆိုထားချက်သည် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး၊ မြန်မာ့သမိုင်းအဆက်ဆက်တွင် ယင်းသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းခဲ့ခြင်းကြောင့်၊ လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ် နှင့် ရွေးကောက်ခံအာဏာရှင်စနစ်တို့ ထွန်းကားလာခဲ့ရခြင်းသာ ဖြစ်သည်။
(၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ အခွင့်အရေးများစွာကို ထည့်သွင်းဖော်ပြထားခဲ့ သော်လည်း (စာကြွင်း။ ။ ကာကွယ်စောင့်ရှောက် ပေးခဲ့သည်ဟု၊ ကျွန်ုပ်မဆိုလိုပါ) တပြည်ထောင် စနစ် ကိုသာ အခြေခံခဲ့သောကြောင့် တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာခဲ့ရသည်။ စစ်အာဏာရှင်စနစ်ဆိုး ပေါ်ထွက်လာခဲ့သည်။
(၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဟုဆိုကာ လူထုလူတန်းစား အခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများနှင့် အာဏာရှင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် တိုင်းပြည်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပေါ်ထွက်လာပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်။
လက်ရှိကျင့်သုံးနေသော (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ကား တဦးချင်းအခွင့်အရေးများ၊ လူထု လူတန်းစားအခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ထားခဲ့သည်။ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ကို ဒီမိုကရေစီယောင်ယောင် ဗန်းပြပြီး ပေါ်ထွက်လာခြင်း ဖြစ်သဖြင့်၊ ရွှေတုအထုပ်ကြီးကို လမ်းပေါ်ချပြီးမှ ရွှေထုပ်ကောက်ရသည့်နှယ် ဂွင်ဖန်သည်ကို ရွှေထုပ်အစစ်မှတ်ပြီး၊ လုကြယက်ကြနှင့် အတော်ပင် ပွဲစည်လိုက်သေးသည်။
သို့ပေမယ့် ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝ အကာအကွယ်ပေးထားခြင်းမရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးသာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး နောက်ပိုင်းဖြစ်ရပ်များက သက်သေထူလာခဲ့သည်။ မြန်မာနိုင်ငံ တနံတလျားက ရဲစခန်းများမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များကို လိုက်လံပိတ်ပင် အရေးယူနေရသည်နှင့်ပင် အလုပ်ရှုပ်နေကြရပြီး၊ တရားဥပဒေ စိုးမိုးရေးကို အာရုံ မစိုက်နိုင်သောကြောင့် လူသတ်မှုများ၊ မုဒိမ်းမှုများက တနိုင်ငံလုံးမှာ စည်စည်ကားကား ဖြစ်လာ သည်ကိုသာ ပမာထား ကြည့်ပါလော့။
လူ့အဖွဲ့အစည်းအတွင်းမှာလဲ စစ်တပ်လူတန်းစားတရပ်က ထပ်မံ ပေါ်ထွက်နေခဲ့ပြီး၊ အဆိုပါ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများ၏ စီးပွားရေးအခွင့်အရေးများ၊ အုပ်ချုပ်ရေးအခွင့်အရေးများကိုသာ နိုင်ငံတော် ယန္တရားများက ကာကွယ်စောင့်ရှောက်နေခဲ့ရာမှ၊ အခြား လယ်သမား၊ အလုပ်သမား လူထုလူတန်းစား အလွှာအသီးသီးတို့၏ အခွင့်အရေးများမှာ ထိခိုက်ဆုံးရှုံး နစ်နာခဲ့ကြရတော့သည်။ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများနှင့် ခေတ်ပျက်သူဌေးအမည်ခံ အကြီးစားဓားပြသူခိုးတို့၏ သွေးစုပ်ခြယ်လှယ်မှုတို့ အလယ်မှာ ပြည်သူတို့ရဲ့ အနာဂတ်က စမ်းတဝါးဝါး။
ထိုမျှနှင့် မကသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး၊ လသားပင်မကြာသေး။ သေနတ်သံများက ထပေါက်တော့သည်။ ပေါက်ပေမည်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် လူမျိုးအလိုက် အခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသော ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေမှ မဟုတ်သည်ပဲ။
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များ ရှိသဖြင့် ပြည်ထောင်စုစနစ်ကို အခြေခံထားသည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ ပြည်ထောင်စုစနစ်ကဲ့သို့ ပုံမှားရိုက်ခြင်းသာဖြစ်ပြီး၊ ပြည်ထောင်စုစနစ်၏ အဓိက အသက်သွေးကြောဖြစ်သော အာဏာခွဲဝေမှု ပျောက်ကွယ်နေခဲ့သည်။
စဉ်းစားကြည့်စေလိုပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့် အုပ်ချုပ်သူများကို လူထုက ရွေးသည်လား၊ အထက်မှ ခန့်အပ်သည်လား။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများကို ဗဟိုအစိုးရက ခန့်သည်လား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက ခန့်သည်လား။ အခွန်အတုပ်များကို ဗဟိုအစိုးရကို ပေးရသည်လား၊ ပြည်နယ်အစိုးရကို ပေးရသည်လား။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများတွင် ဗဟိုအစိုးရသို့ တင်ပြခြင်း မရှိပဲ မည်သည့်ကဏ္ဍကို မိမိတို့ဘာသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသနည်း။ စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ထားခြင်း ရှိမရှိ ဆိုသည်ကို တိုင်းတာနိုင်သည့် စံနှုန်းများကား အများအပြားမို့ အသေးစိတ် မဖော်ပြတော့ပါ။ ဖော်ပြလျှင်လဲ စံနှုန်းနှင့် ကိုက်ညီသည့် အချက်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲမှာ ပါဝင်သည်မှ မဟုတ်သည်ပဲ။
သို့ဖြစ်ရာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာလဲ ယင်းနောင်တော်များဖြစ်သည့် (၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကဲ့သို့ပင် မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု အခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး မဟုတ်သည်ကား အထင်အရှားပင် ဖြစ်တော့သည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်မည်လား (သို့တည်းမဟုတ်) အသစ်ရေးဆွဲမည်လား။ ဤသည်ကား လမ်းစဉ်ရေးရာ။ ဒီထက် ပိုပြီး အရေးကြီးသည်က ပန်းတိုင်။
ကားနဲ့သွားမည်လား၊ ရထားနဲ့ သွားမည်လား၊ လေယာဉ်နဲ့ သွားမည်လား ဆိုသည်ထက် ဘယ်ကို သွားမှာလဲ ဆိုသည်က ပို၍ အရေးကြီးသည်။ အဆုံးသတ်ပန်းတိုင်က ဘယ်သို့ ဦးတည်သနည်း။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာရေးကို ဦးတည်သည် ဆိုလျှင်တော့ ပြင် / သစ် နှင့် အငြင်းမပွားကြစေလိုပါ။
ပြင်လိုသူများက ပြင်နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီး၊ တပြည်ထောင်စနစ် ကျောရိုးပေါ်တွင် အခြေခံထားသည်ကို မည်သို့မည်ပုံ ပြည်ထောင်စုနစ် ကျောရိုးဖြစ်အောင် ပွတ်တိုက်ဆေးကြောရမည်၊ တပ်သစ်တပ်ဟောင်း လူတန်းစားအခွင့်အရေးအား ကာကွယ်စောင့်ရှောက်ပေးထားသည်ကို မည်သို့မည်ပုံ လူထုလူတန်းစားအလွှာအသီးသီး၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်လာအောင် လုပ်ယူကြမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်သင့်သည်။ အခြေခံသဏ္ဍာန် မပြောင်းပဲ နှုတ်ခမ်းနီ၊ ပါးနီဆိုးလိုက်ရုံနဲ့ ဘီလူးရုပ်က လူရုပ်ဖြစ်မလာနိုင်ပါ။
အသစ်ရေးဆွဲလိုသူများကလဲ ရေးဆွဲပြီးပါက မည်သို့မည်ပုံ အသက်သွင်းရမည်ကိုသာ အာရုံစိုက်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အသက်မဝင်သေးသမျှ နိုင်ငံတော်တည်ထောင်မှု အုတ်မြစ်မဖြစ်၊ စာအုပ် တအုပ်သာ ဖြစ်သဖြင့် မည်သို့ အသက်သွင်းမည်နည်း ဆိုသည်မှာ အလွန်အရေးကြီးပါသည်။
မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၏ အဓိက ပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်ပြီး၊ ပကတိအခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ထွက်မလာမချင်း၊ ထာဝရငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မည် မဟုတ်ပါ။
သို့ဖြစ်ရာ လူမျိုးကြီးဝါဒ ပပျောက်ရေး၊ စစ်အာဏာရှင်စနစ် ကျင့်သုံးမှု ထာဝရ ရပ်စဲရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက်ရှိရေး၊ တဦးချင်းအခွင့်အရေးများနှင့် လူထုလူတန်းစားအလွှာ အသီးသီးအလိုက် အခွင့်အရေးများ အပြည့်အဝ ရရှိရေးတို့သည် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာစေရေး အပေါ်တွင်သာ အဓိက တည်မှီနေပါသဖြင့် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး၊ လမ်းစဉ်များနှင့် သဘောထားမကွဲကြစေလိုကြောင်း ရေးသားတင်ပြအပ်ပါသည်။
ခင်မမမျိုး (၁၄၊ ၅၊ ၂၀၁၄)
13 comments
pooch
May 21, 2014 at 7:23 am
ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေဖွဲ့စည်းပုံဥပဒေ အကြောင်း ပြည့်ပြည့်စုံစုံရှင်းထားတဲ့ လင့်တခုလောက်ရှိရင် ပေးပါအုန်းသူကြီး
ROssI
May 21, 2014 at 7:43 am
လွယ်လွယ်လေး ပါဗျာ ..
အိမ်တအိမ်မှာ ဆို .. အဖေက တပါတီ အာဏာရှင်
အမေ က ကွန်ဇာဗေးတစ်ပါတီ
အဘိုးက ခရိုနီ အဘွား က ဘူဇွာ
ဦးလေး က မြေအောက် အကြမ်းဖက်
အဒေါ်က အတိုက်အခံ
သမီးက လစ်ဘရယ်
သားက သူပုန်..
အဲ့လူတွေ ခွဲမရဘဲ အတူနေနေကြတော့ ဖက်ဒရယ် မိသားစုပေါ့.
အေးရော …
😀
kai
May 21, 2014 at 4:01 pm
http://www.archives.gov/exhibits/charters/constitution_transcript.html
ကိုယ်တိုင်ဖတ်ပြန်ရေးပေတော့…
pooch
May 22, 2014 at 11:57 am
ဂါးးးးးးးးး သူကြီးကို သိပ်မုန်းတာပဲ မေမေ ;'(
koko
May 21, 2014 at 12:17 pm
အဲလိုဆိုတော့ ဘာလုပ်ကြမှာလဲ။ ပြင်ပြင် အသစ်ဆွဲဆွဲ အဲဒါနောက်ပိုင်း ကိစ္စ ဘာမှမဖြစ်ဘူး။ လက်ရှိ ၂၀၀၈ ခြေဥ ကအစဆွဲလို့မရအောင် လုံးထားပြီးသားကြီး ။ တရားဝင် ပြင်ဖို့က key တစ်ချောင်းထဲရှိတာလေ။ ဘယ်လိုလုပ်မှာလဲ။
ကြောင်ဝတုတ်
May 21, 2014 at 3:06 pm
ခြေဥဆိုတာ လူလုပ်တာပါအေ… အဲ့ဥကိုချေလိုက်ပေါ့…
ခင်မင်လျက်-
ဖက်ဖက်ကက်
koko
May 21, 2014 at 3:31 pm
ဥချေမယ့်သူရွေးလိုက်လေ…ဘယ်သူချေချင်လဲမသိ၊
naywoon ni
May 21, 2014 at 3:34 pm
မပြောသင့်ဘူး မလုပ်သင့်ဘူးလို့ ပြောနေပေမဲ့ ပြောမှ တစ်ကယ်လဲ လုပ်မှ အလုပ်ဖြစ်မှာပါ ။ ဒီလို ဇကောဇက နိုင်ငံ မှာ ဇဝေဇဝါတွေ အရှုံးပေါ်နိုင်ပြီး ဇွတစ်ရွတ်လုပ်တာတွေက တစ်ခါတစ်ရံ မှာ အကောင်းဘက်ကိုဦးတည်နိုင်ပါတယ် ။ အပြောတစ်မျိုးအလုပ်တခြား ဖြစ်မေတာထက်စာရင် လုပ်သလိုပြောတာက နဲနဲတော်ဦးမယ်နဲ ့ တူရဲ့
alinsett (gazette)
May 21, 2014 at 5:59 pm
အခွင့်အရေး အခွင့်အရေး
လူ့အခွင့်အရေး
အရေး အခွင့်
ဒါပဲ ရေငတ်သလို ငတ်နေတယ်
😆
kyeemite
May 22, 2014 at 10:59 am
(၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဆန့်ကျင်ဖက်က (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုတော့…(၂၀၀၈) နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဆန့်ကျင်ရေးဆွဲမဲ့….
“ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး” ကတော့ (2080)ခုနှစ်မှပေါ်မယ်ထင့်..
:harr: :chee: :b:
kai
May 22, 2014 at 4:17 pm
အရင်ကတည်းကပြောဖူးတာပြောရရင်…
မြန်မာသမိုင်းမှာ..လွတ်လပ်ရေးရပြီးကတည်းက… နှစ်၁၀ဝတောင်မရှိသေး.. အခြေခံဥပဒေ ၃ခုကြီးများတောင်.. ဆွဲထားတာ…။
တိတိကျကျဆို… ခြေဥတခုက.. ၁၅နှစ်မခံပါ..။
၁၉၄ရက.. ၁၉၆၂ ဘိုနေဝင်းဖျက်..။
၁၉၇၄က.. ၁၉၈၈ ဘိုစောမောင်ဖျက်…
၂၀၀၈ က… ခဏနေ.. ဘိုတယောက်ယောက်ဖျက်မှာပါပဲ..
၄ခုဖြစ်ဖို့.. သိပ်ခက်မယ်.. မထင်ရေးချ… မထင်လို့…။
အရီးမုတ်ဆိတ်
May 24, 2014 at 7:56 pm
ဆရာမ ရေးပြီး တင်ပြထားတာ နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး။
ဒါပေသည့် ရွာနဲ့ ဝေးနေချိန်က ရွာကို ဝင်လာပြီး ပြောခဲ့ချင်တာလေးတစ်ခုပါ။
ကားတွေ အကြောင်းတွေကို ရိုက်ပြတဲ့ ဘီဘီစီ စီးရီး တစ်ခု။
Top Gear ပါ။
Jeremy Clarkson, Richard Hammond နဲ့ James May ဆိုပြီး လူသုံးယောက် အမြဲပါတယ်။
ကမ္ဘာ့နိုင်ငံတွေကို အနှံ့သွာပြီး ကားတွေမောင်းပြ ပြိုင်ပြကြတာ ကားအသစ်တွေလဲပါ။ ကားအစုတ်တွေလဲပါပေါ့။
သိတဲ့အတိုင်းပါဘဲ ဘီဘီစီ ဆိုမှတော့ မြန်မာပြည် အစိုးရ ရဲ့ အချစ်တုန်းပေါ့။
မတ်လထဲက အဲဒီ အချစ်တုန်း ကြီး ရဲ့ စီးရီးမှာ “Burma Special” ဆိုပြီး အပိုင်း ၂ ပိုင်းတောင်မှ ခွဲလာပါတယ်။
ဒီလို မြန်မာပြည်ထဲ ကို ဝင်ပြီး ရိုက်နိုင်တာ အတော်လေးကို အံ့အားသင့်စရာဘဲ။
ပထမပိုင်းမှာ လော်ရီကား အစုတ်ကြီး တွေ နဲ့ ပြည်သူ့ရင်ပြင် ကွင်းထဲ မှာ ၊ နောက် မြို့ထဲ လမ်းကျဉ်းကျဉ်း လေးတွေထဲ အဲဒီ ကားကြီးတွေ မောင်းဝင်၊ ဓာတ်ကြိုး တွေ နဲ့ ညှိတာတွေ၊ လမ်းဘေး ဆိုင်တွေ ၊ ကားတွေ ကို တိုက်မိတာတွေ ပြပါတယ်။
ရန်ကုန် တာမွေ လို အရမ်းရှုပ်တဲ့ နေရာမှာ ဘတ်စ်ကားကြီးတွေ အပြိုင်မောင်းတာပြတယ်။
နောက်တော့ ပြည်မြို့ဘက်ကို သွားတဲ့ လမ်း က နေ ပြည်ကိုရောက် တာပြတယ်။
ပြည်ရောက်တော့ သူတို့ လမ်းမှားလာသတဲ့။ သွားမှာ က ရှမ်းပြည်ဘက်ကနေ ယိုးဒယားနယ်စပ် ရွှေတြိဂံနယ်မြေ ကို သွားမှာတဲ့။
ဒါနဲ့ အဲဒီကနေ နေပြည်တော်ဖက်ကို သွားတယ်။
လမ်းစုတ် လမ်းဆိုး လေးတွေ ကတစ်ဆင့် နေပြည်တော်ရောက်။
အဲဒီမှာ လမ်းမကြီးတွေ အကျယ်ကြီး မှာ ကားတွေ မရှိတာ ကို ပြောပြီး အံ့ဩကြပြန်ရော။
နောက် ၁၂လမ်းသွား လမ်းမကြီးမှာ အဲဒီ က ယာဉ်ထိန်းရဲ ကို ဒိုင် လုပ်ခိုင်းပြီး သူရို့ လော်ရီ ကြီးတွေ ကို ပြိုင်မောင်းပြကြတယ်။
နောက် ဟိုတယ်သွားတော့ ဟိုတယ်က သူတို့ ကို လူပြည့်နေပြီပြောပြီး လက်မခံဘူး။
တကယ်က လူမရှိ သူမရှိ ရှင်းနေတာကို ဘာ သဘော နဲ့ ပြတာလဲ တော့ နားမလည်။
နောက်တော့ အဲဒီကနေ ရှမ်းပြည်ဖက်ထွက်ကြတယ်။
အချုပ်ပြလိုက်တာကတော့ (ကျွန်မ အထင်ပေါ့လေ)
ရှမ်းပြည်ဟာ ဘိန်းပင်တွေ နဲ့ စစ်ဖြစ်နေတဲ့ ဒေသ အဖြစ်လို့ တွေ့မှာ ဆိုပြီး မှန်းထားတာ ဆိုဘဲ။
လက်တွေ့မှာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းပါတယ်၊ နှစ်ဖက် နားလည်မှုရှိထားတယ် လို့ ဆိုလိုပြလိုက်တာလို့ ထင်တာဘဲ။
ဒါကို ဒီမှာချပြတာ နောက်မှာ တစ်ခုခု ရှိ ကိုရှိရမယ်။
မြန်မာပြည် ကို ဝင်ပြီး ဒီလို သောင်းကျန်းသွားလို့ ရတာ ထိပ်ပိုင်း မပိုင်ဘဲ နဲ့တော့ ဘယ်လိုမှမရဘူး။
အကြောင်းရင်းကိုတော့ သူတို့သာသိမှာဘဲ။
ဒါလဲ ကစားကွက်တစ်ခု သာဆိုရင် အတော်အသာစီးနေလောက်ပြီ။
tun swe
May 26, 2014 at 2:31 am
ဖယ်ဒရယ် ြြဖြစ်ဖြစ်ဘာဖြစ်ဖြစ် လူတွေ ၈၈ တုန်းကလိုလမ်ပေါ်ထွက်မှ
ပြင်လို့ ရပါမယ် မဟုပ်လို့ ကတော့ အီယောင်ဝါး နဲ့စ ဒီလိုပဲစခန်းသွား
ကြမှာပါ နိုင်ငံရေး သမားကြီးပဲကတော့ ဘပြောင်တို့က နဲနဲမှ မတုံလူပ်ပါ
ရန်ကုန်လို နေရာမျိုးမှာတောင် နိုုင်ငံရေး စိတ်မဝင်စားတဲ့လူတွေ
တပုံကြီး သူ့ဟာသူလုပ် ကိုယ့်ဧာကိုယ်နေ မသိလိုက်ဖာသာ သမားတွေက အများစု
ဘယ်လိုနည်းနဲ့မှ ြြပြင်ရန်မဖြစ်နိူင်ပါကြောင်း
စ ဆဲကြလေ ကုန် သတည်း.