အတွေးအိမ်
အတွေးတွေက
ပူလောင်တဲ့အိပ်ခန်းထဲမှာ ဝေ့ဝဲ
အပြင်ကိုဖြတ်ထွက်မသွားနိုင်ဘူး ။
ပူလောင်အိုက်စပ်တဲ့ရာသီက
ထိတွေ့ရာ မြင်နေရာကိုလောင်မြိုက်
လေထုက သိပ်ကိုပေါ့ပါးလွန်းနေပေမဲ့
အတွေးတွေကို အိပ်ခန်းထဲကအပြင်ကို ဖြတ်မထွက်နိုင်အောင်
ငါ ထိန်းထားနိုင်တယ် ။
ခန္ဓာကိုယ်က ချွေးစီးကြောင်းကိုအာရုံပြု
ဆေးလိပ်မီးခိုးငွေ့တွေမှာအကြည့်တစ်ချို့ခိုစီး
တစ်ချက်တစ်ချက်တိုးဝင်လာတဲ ့
လေပြေအေးလေးကို လွမ်းတယ် ။
ငါ့အိမ်မှာ နေ့ခင်းဘက်များဆို
အတွေးတွေဖြန့်ကျဲ
စိတ်ကူးတွေနဲ့ ရှုပ်ပွ
လေထုထဲမှာလဲ
ဆေးလိပ်မီးခိုးငွေ့တွေထောင်းထောင်းထလို့
လေထုက ပူနွေးပြီး အဟောင်းအသစ်မလဲနိုင်ရှာဘူး ။
နောက်ထပ်ဝင်လာမဲ့ လေအသစ်ကိုလဲအားမနာနိုင်ရှာဘူး ။
သူကိုယ်တိုင်ကပူနွေးပြီး
နှေးကွေးနေရှာတာကို
လေးလံတဲ့ လေပြေအေး ဝေ့ဝဲလာချိန်မှ
အားနားပါးနာ အနဲငယ်တိမ်းပေးရှာတယ် ။
ခဏပါပဲ …..
တစ်ကယ် ခဏ ဆိုမှ ခဏလေးရယ် ။
နေဝန်းနီ
6 comments
lu lu
May 28, 2014 at 6:39 am
ဪ နေဝန်းနီရဲ ့အခန်းထဲမှာ အဲလ်ပေါ်လူးရှင်း
ဖစ်နေတာပေါ့ညှော် သတိထားဗျ အ တွေးများရင်
အန္တရာယ် များတယ် ဗျနော်
😀
naywoon ni
May 28, 2014 at 8:44 am
နမိတ်ပုံဆောင်ကဗျာ တစ်ပုဒ်ပါ အဓိပ္ပာယ်ကို အတည့်စဉ်းစားရင် အပေါ်ယံ ပဲမိမယ် ။
black chaw
May 28, 2014 at 9:28 am
ကဗျာတစ်ပုဒ်ကို လူဆယ်ယောက်ဖတ်ရင်
အဓိပ္ပါယ်ဆယ်မျိုး ထွက်တော့မပေ့ါ…။
အဲဒါကြောင့် ကိုယ့် အထာနဲ့ကိုယ် ဖတ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် ပြန်ထွက်သွားပါပြီ ကိုနေကြီးရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
alinsett (gazette)
May 28, 2014 at 10:33 am
ဖြစ်တည်ဆဲခဏငယ်လေးတစ်ခုကိုပဲ
အမိအရဖမ်းဆုပ်ကြည့်ဖို့
မကြာခဏကြိုးစားဖူးပါရဲ့. . .
ကဗျာဆိုတာတွေ ရေးချင်လာချိန်မှာပေါ့
Paing Lay
May 28, 2014 at 10:53 am
ဒါကြောင့်မို့ထင်ပါတယ် ဆရာ တက္ကသိုလ်ဘုန်းနိုင်က ဆရာမင်းလူကိုတွေ့တုန်းက ပြောဖူးတာလေး အမှတ်ရမိပါတယ် “ကိုယ်က မော်ဒန်ကဗျာတွေကို မကောင်းဘူးလို့တော့ မပြောပါဘူး စနစ်တကျလေးဖြစ်စေချင်တာပါ” တဲ့ 🙂
Kaung Kin Pyar
May 29, 2014 at 8:44 pm
ကဗျာအကြောင်းတော့ သိပ်နားမလည်ပါ။ မဖြစ်ညစ်ကျယ် တစ်ပုဒ်တစ်လေတော့ စပ်ဖူး၏