လိုင်းခန်းကလေးတွေ – ဆောင်းဝင်းလတ်

kaiDecember 23, 20141min2667

မြန်မာပြည်ကို တော်လှန်ရေးကောင်စီ စစ်အစိုးရ ပထမအုပ်ချုပ်ပြီး ၊ ဒုတိယသက်တမ်းရှည် အသက်ဆက်ဖို့လက်ရှိ ဝတ်ထားကြတဲ့ စစ်ဝတ်စုံယူနီဖောင်းတွေကို ချွတ်ရင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဆိုတဲ့ နာမည်နဲ့ အရပ်ဝတ် ပြောင်းဝတ်ပြီး အုပ်ချုပ်ခဲ့တဲ့ကာလအထိ ၊ ဌာနဆိုင်ရာတချို့မှာ ဝန်ထမ်းမိသားစုတွေ နေထိုင်ဖို့ ပေးထားတဲ့ လိုင်းခန်း ပြဿနာတွေဟာ ရှိနေတုန်းပါပဲ။ ဝန်ထမ်းမိသားစုတိုင်းလည်း နေအိမ်လိုင်းခန်း မရကြပါဘူး ။
ဌာနဆိုင်ရာတိုင်းမှာ ရှိတဲ့ ဝန်ထမ်းနဲ့ လိုင်းခန်းအရေအတွက်က မမျှတလို့ပါပဲ။ ဝန်ထမ်းတွေ ရတဲ့ နေအိမ်လိုင်းခန်းတော်တော်များများကျပြန်တော့လည်း၊ မြန်မာပြည်ကို နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်ပေးသွားခဲ့တဲ့ လိုင်းခန်းတွေပဲ ဖြစ်ပါတယ်။ အမိုးတွေက အုတ်ကျွပ်မိုးတွေပါ။ အကာနဲ့ အခင်းရယ် တိုင်ရယ်ကတော့ သစ်သားပေါ့ ။
အရာရှိတွေနေတဲ့လိုင်းခန်း မဟုတ်ဘဲ ရိုးရိုးအောက်ခြေဝန်ထမ်းတွေနေဖို့ ဆောက်ထားတဲ့ လိုင်းခန်းတွေမှာ အဓိကပြဿနာအခက်အခဲ(၂)ခု ရှိပါတယ်။ တခုကတော့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ သောက်ရေသုံးရေကိစ္စပါ။ ဒီပြဿနာအတွက် သက်ဆိုင်ရာအင်္ဂလိပ်အစိုးရလက်ထက်က ဘယ်လို လုပ်ပေးသွားသလဲ ဆိုတော့ဝန်ထမ်းအိမ်ရာလိုင်းခန်းတွေအတွက် အများစုပေါင်းပြီး သုံးရတဲ့ ဘုံစနစ်နဲ့ ရေဘုံဘိုင် ပိုက်ခေါင်းလေးတွေကို ဟိုနေရာသည်နေရာမှာ မျှပြီး လုပ်ထားပေးတယ်။
အဲဒီစနစ်ကြောင့် ဝန်ထမ်းမိသားစုတွေဟာ ရေဘုံဘိုင်မှာသွားပြီး အလှည့်ကျတန်းစီ ရေစောင့်ခပ်ရတဲ့၊ရေခံရတဲ့ ဒုက္ခတွေဟာ နေ့ရော ညမှာပါ ရှိလာကြတယ်။ ဒီတော့ စရိုက်မကြမ်းချင်ဘဲနဲ့ စရိုက်တွေ ကြမ်းလာကြရတာပေါ့ ။ သူ့ရေပုံး ကိုယ့်ရေပုံး နေရာလုတာတို့ ကြားဖြတ်တာတို့ ကိစ္စတွေအတွက် အချင်းချင်း တုတ်တပြတ် ဓါးတပြတ် ရုံးရောက် ဂါတ်ရောက် ပြဿနာတွေ တက်ကြတာလည်း ခဏခဏပါပဲ ။ ရေရှားပါးမှုပြဿနာပေါ့ ။
နောက် အဓိကပြဿနာကြီးတချက် ရှိပါသေးတယ်။ မိလ္လာကိစ္စ ဖြစ်ပါတယ်။ အရာရှိအဆင့်မဟုတ်တဲ့ ရိုးရိုးသာမန် ဝန်ထမ်းတွေကိုလည်း ကိုယ့်အိမ်ခန်းရဲ့နောက်မှာ ကိုယ့်မိသားစုအသုံးပြုဖို့ အိမ်သာခန်းသီးခြားစီ ထားမပေးဘဲ ၊ လိုင်းခန်းတွေနဲ့ တော်တော်လေး အလှမ်းကွာတဲ့နေရာတွေမှာ ၁ဝ ခန်းတွဲ အများသုံးအိမ်သာလေးတွေ ဆောက်ပေးထားပါတယ်။ အိမ်သာသွားရတဲ့နေရာက ကိုယ်နေတဲ့ အခန်းနဲ့ ဝေးကွာတာကြောင့် ရာသီ ဥတုဆိုးရွားတဲ့အခါမျိုးမှာ အသွားအပြန် အတော် ဒုက္ခရောက်ကြရပါတယ် ။
ဒီကြားထဲမှာ အိမ်သာခန်းမအားလို့ ကျိတ်မှတ်ပြီး အပြင်က အလှည့်ကျ စောင့်နေရတဲ့ လူမှုဒုက္ခကလည်း ရှိပါသေးတယ် ။ ဒီ့ထက် ဆိုးဝါးတာကတော့ အိမ်သာတွေဟာ ယင်လုံရေလောင်း အိမ်သာ စနစ်မဟုတ်ဘဲ ၊ မိလ္လာကျုံးသမားတွေ အလှည့်ကျ သူ့နေ့နဲ့သူ လာပြီးသိမ်းဆည်းရတဲ့ ဇလားအိမ်သာစနစ်ဖြစ်နေတဲ့အတွက် ကျန်းမာရေနဲ့ လုံးဝမကိုက်ညီခဲ့ကြပါဘူး ။ ဟိုတုန်းက လူမျိုးခြား မိလ္လာသမားတွေ ရှိခဲ့တာကိုး ။
ဒါပေမယ့်  တော်လှန်ရေးကောင်စီ စစ်အစိုးရအုပ်ချုပ်ပြီးနောက်ပိုင်းကျတော့ လူမျိုးခြားတချို့ကို အိနိ္ဒယကုမ္ပဏီပိုင် မိုဟာမဒီသင်္ဘောကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် သူတို့နိုင်ငံ  ပြန်ပို့လိုက်တော့၊ အောက်ခြေသိမ်းအလုပ်သမား ရှားပါးတဲ့ပြဿနာ ရှိလာခဲ့တယ်။
ဒီနေရာမှာ ဘယ်သူတွေကို အစားထိုးလိုက်လဲဆိုတော့ အလုပ်အကိုင် ရှားပါးလို့ တောဒေသတွေကနေပြီး မြို့ပြကို ကြုံရာကျပန်းလုပ်ကိုင်စားဖို့ တက်လာကြတဲ့ လူတန်းစားတရပ်ကို အစားထိုးလိုက်တာပါပဲ။ ငတ်လို့သာ  ဒီအလုပ်မျိုးနဲ့ ရင်ဆိုင်တိုးကြရသူတွေပါ။
အဲဒီလို ဝန်ထမ်းအိမ်ရာ ဝန်ထမ်းလိုင်းခန်းနဲ့ အဲဒီပြဿနာတွေကြားထဲမှာပဲ ၊ ရန်ကုန်မြို့က ရပ်ကွက်တခုမှာ ပြဿနာ အကြီးကြီးတခု တက်သွား ရပါတော့တယ် ။ ဖြစ်ပုံက ဒီလိုပါ ။
အဲဒီရပ်ကွက်ရဲ့ မော်တော်ကားလမ်းမကြီးနဲ့ မီးရထားလမ်း (၂) ခုကြားမှာ များပြားကျပ်ညပ်နေတဲ့ ရှေးဟောင်းဝန်ထမ်းအိမ်ရာ လိုင်းခန်းတွေက ရှိနေခဲ့တယ်။
ဒီဘက် အစွန်ဆုံးလိုင်းခန်းတွေနဲ့ ရိုးရိုးရပ်ကွက်သူ ရပ်ကွက်သားတွေ ကြားမှာ ခြားထားတာက ဖြစ်ကတတ်ဆန်းအုတ်တံတိုင်းလေးပါပဲ ။ လူတရပ်တောင် မကျော်ပါဘူး ။ခပ်နိမ့်နိမ့်ဆိုတော့ ရပ်ကွက်ဘက်က လှမ်းကြည့်ရင်လည်း ဝန်ထမ်းအိမ်ရာလိုင်းခန်းတွေကို မြင်နေရတာပေါ့ ။
အဲဒီအချိန်မှာပဲ အုတ်တံတိုင်းနဲ့ကပ်ရက်မှာ  ဟိုတုန်းက ရိုးရိုးပျဉ်ထောင်အိမ် အိုအိမ်ဟောင်းတလုံးကို  မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ထိပ်ပိုင်းက ဝန်ကြီးအဆင့်ရှိသူတယောက်က ဝယ်လိုက်တယ်။  မူလအိမ်အိုအိမ်ဟောင်းကို ဖျက်ပြီး ၂ ထပ်တိုက် အသစ်လေး ဆောက်လိုက်တယ်။ ဝန်ကြီးက ဒီတိုက်သစ်လေးမှာ ဧည့်သွားဧည့်လာလောက်ပဲ လုပ်တာပါ။ တကယ်လာနေတာကတော့ ဝန်ကြီးရဲ့ မယားငယ် ချောချောနုနု ဖတ်ဖတ်လေးပေါ့ ။
ဖြစ်ချင်တော့ အုတ်တံတိုင်းလေးပဲ ခြားတဲ့ ဟိုဘက် ဝန်ထမ်း အိမ်ရာလိုင်းခန်းတွေအတွက် အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်သွားတဲ့ အများသုံး အိမ်သာကြီးက အုတ်တံတိုင်းနဲ့  ကပ်ရက်မှာ ရှိနေတယ်။ ရေလောင်းအိမ်သာစနစ် မဟုတ်တဲ့အတွက် မကောင်းတဲ့ အနံ့ဆိုေးတွရဲ့ ဒဏ်ဟာ လေသင့်တိုင်းဒီဘက်က ဝန်ကြီးကတော်လေးရဲ့ အိမ်ဂေဟာအသစ်ဆီကို ဝေ့ဝဲလို့ ရောက်လာတတ်တယ်။
ဒါကို ဝန်ကတော်လေးက ဘယ်သီးခံနိုင်ပါ့မလဲ ။ သူ့ကို ရင်ခွင်ပိုက်ထားတဲ့  သူ့ရဲ့အန်ကယ်ကြီး လာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ပြောပါလေရော ။ သိပ်မကြာလိုက်ပါဘူး ။ အဲဒီ့ဝန်ထမ်းအိမ်ရာဘက်က  အများသုံး အိမ်သာဟောင်းကြီးကိုစက်ယန္တရားကြီးတွေသုံးပြီး ဖြိုချ ဖျက်သိမ်းသွားခဲ့တယ်။
ဝန်ထမ်းမိသားစုတွေဘက်က အားကိုး အားထားအိမ်သာကြီးတလုံး လျော့နည်းသွားခဲ့ရတာပေါ့ ။ ဝန်ကြီးက တဘက် ၊ ဝန်ထမ်းက တဘက် အိမ်သာပြဿနာတက်ခဲ့ရတဲ့ ဇာတ်လမ်းကတော့ ကြမ်းခဲ့ပါတယ်။ ဒီဘက် န.ဝ.တ စစ်အစိုးရ ၊ န.အ.ဖ စစ်အစိုးရလက်တွေ အထိလည်း အဲဒီ ဝန်ထမ်းအိမ်ရာလိုင်းခန်း အဟောင်းအဆွေးတွေက မြန်မာပြည်တလွှားမှာ ရှိနေဆဲပါပဲ။
ဒါပေမယ့် အိမ်သာစနစ်ကတော့ ဟိုတုန်းကလို ဇလားအိမ်သာစနစ် မဟုတ်တော့ဘဲ ရေလောင်းအိမ်သာစနစ်တော့ဖြင့် အပြောင်းအလဲလေး ရှိလာတာ သတိထားမိတယ်။  ဒီဘက် သမ္မတဦးသိန်းစိန်အိစုးရလက်ထက် ရောက်တဲ့အထိ ရှေးဟောင်းဝန်ထမ်းအိမ်ရာလိုင်းခန်းတချို့က  ရှိနေတုန်းပါပဲ။
ဘက်ဂျက်အသုံးစရိတ်တွေကလည်း ဘယ်လိုခွဲဝေသုံးစွဲတယ်လို့ မသိရလေတော့ အဲဒီလိုင်းခန်းမိသားစုတချို့ဟာ ကိုယ့်ဘာသာ ပြင်ဆင်ဖာထေးပြီး  ဖြစ်သလို နေထိုင်ကြရရှာတယ် ။ နောက်ဆုံး ဘယ်လိုမှ ပြင်ဆင်လို့ မရနိုင်တော့ဘူးဆိုတဲ့အခါကျတော့ တချို့က  အပြင်ရပ်ကွက်တွေထဲမှာ ကိုယ်တတ်နိုင်သမျှ စပေါ်ငွေ ၊အိမ်လခလေးတွေ ပေးပြီး အိမ်ငှားနေရတဲ့ဘဝတွေ ဖြစ်နေဆဲပါပဲ။
တချို့ဝန်ထမ်းမိသားစုတွေကျတော့ ပြင်ဆင်ပြီးတော့လည်း မနေနိုင်ကြသလို အပြင်မှာ အိမ်ငှားနေဖို့လည်း မတတ်နိုင်လောက်အောင် ငွေကြေးနွမ်းပါးကြတယ်လေ ။
ဒီတော့လည်း သူတို့ခမြာ ရာသီသုံးပါးမှာ ”လူ” မပီသစွာနဲ့ပဲ ဝဋ်ခံပြီး နေကြရဆဲပါပဲ။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၅ ဇန်နဝါရီထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

7 comments

  • ခင်ဇော်

    December 23, 2014 at 7:43 am

    ၂၀၁၅ ဟာလည်း ရုပ်လုံးပေါ်လာတော့မယ်။
    ဒီမိုကရေစီ အရေခြုံ အာဏာရှင်ရဲ့ ရုပ်လုံးဟာလည်း တစ်ဖြေးဖြေးပေါ်လာနေပြီ။
    ကြား ကြားတယ်
    မြင် မြင်တယ် လို့ မမှတ်နိုင်တော့လောက်အောင် ရင့်သီးမှုတွေ များများလာပြီ။

    :h:

  • အဲ့ဒီထက်ဆိုးတဲ့ဘဝတွေ
    အခု. . .
    အများကြီး ရှိနေသေးတယ်

    ကျနော်တို့ ရပ်ကွက်ထဲ တစ်ပတ် ပတ်ပြီး ကြည့်လိုက်ရင် မျက်ရည်ကျသွားလောက်တယ်
    ဆေးမကုနိုင်လို့ မသေသင့်တဲ့ ရောဂါအသေးအမွှားတွေနဲ့ သေနေကြတာ
    အမိုးအကာ မရှိပဲ နေ နေကြတာ။
    မသန့်ရှင်းတဲ့ မြေ ရေ လေ ကြားမှာ မီးပျက် ရေပြတ် နေနေရတာ

    မျက်နှာချင်းဆိုင်က အစိုးရလိုင်းခန်းတွေကျတော့ တိုက်တာတွေ ဖြစ်နေပြီ
    မီးမပျက် ရေမပြတ် အလျှံအပယ်

    😥

    အများကြီးအများကြီး

  • ခင် ခ

    December 23, 2014 at 9:38 am

    ဝန်ထမ်းတွေရဲ့ လိုင်းခန်းလေးတွေ ပြင်မပေးလို့ ဖြစ်သလိုနေကြတဲ့ဘဝလည်းဆိုးသလို
    တစ်နေ့နပ်မှန်အောင်စားရဖို့ အနိုင်နိုင်လုပ်ကိုင်နေကြတဲ့ အလွန်ဆင်းရဲသူတွေလည်း နေစရာခက်သမို့ ကျုးကျော်ကာတဲထိုး တဲချင်းဖင်ပေါက်နေကြရတဲ့ဘဝတွေလည်း အများအများကြီးပါ။
    အဲဒီလို ဆင်းရဲသားတွေ ပပျောက်အောင်လုပ်ပါ့မယ်ဆိုတဲ့ အစိုးရစီမံကိန်းက လူကြားကောင်းအောင်ပြောတဲ့ မိန်ခွန်းမျှသာဖြစ်ရလေတော့ ရင်နာစရာပါ။
    ကမ္ဘာ့အလည်မှာ မြန်မာလို့ မော်ကြွားချင်တဲ့ထဲ ဒီလိုအစိုးရနဲ့သာဆို ကျုပ် မပါရေးချ မပါ။

  • Yae Myae Tha Ninn

    December 23, 2014 at 10:17 am

    ပြောရရင် ပြောစရာ အများကြီးပဲ… ပြောတော့ဘူး… 🙁

  • aye.kk

    December 23, 2014 at 11:16 am

    အတု အတု အတုတွေ ပေါလိုက်တာ။
    အစစ် အစစ် အစစ် တွေရှားလိုက်တာ။။
    မမြလေးပြောသလိုပြောရရင်တော့
    ပြောကိုမပြောချင်တော့ပါဘူးဆိုသလိုပါဘဲ။။

  • ဦးဦးပါလေရာ

    December 23, 2014 at 11:40 am

    .ဒီဖက်ခေတ်မှာ ဝန်ထမ်းတွေအတွက် နေစရာဆိုတာ အဆိုးဆုံးအခက်အခဲတစ်ခုဖြစ်လာတယ်..။
    .အထူးသဖြင့် ကျရာ နယ် ကို ပြောင်းရတဲ့ အငယ်တန်းဝန်ထမ်းတွေမှာ အဆိုးဆုံးပဲ…
    .အစိုးရ နဲ့ ဆိုင်ရာဌာနတွေက ဝန်ထမ်းတွေတိုးသလောက် ဝန်ထမ်းအိမ်ရာတွေလဲ အချိုးကျ .တိုးဆောက်ပေးရမှာဖြစ်တယ်..
    .ဒီတော့ … ပြောနေကျစကားကို ပြောတယ်..
    .ပိုက်ဆံ မရှိဘူး… ဘတ်ဂျက်မရှိဘူး… ဆိုတာမျိုးပေါ့
    .မဟာ စီးပွားရေးပညာရှင်များကတော့ လက်တွေ့ကျတဲ့ အဖြေမျိုး ဘယ်လိုပေးမလဲ မသိ..
    .ကျုပ်လို နထူဘေဒ လူပြိန်းသက်သက်အတွေးနဲ့ပြောရရင်တော့
    .အေး…
    .ပိုက်ဆံမရှိရင် လျှော့သုံးပေါ့….
    .လက်တွေ့ကျတဲ့ တစ်ခုတည်းသော အဖြေက အဲဒါပဲ…။
    .ဘာကိုလျှော့ရမလဲဆိုတော့
    .စံ … စံ …. ၊ စံ ကိုလျှော့
    .အိပ်လို့ရ ထိုင်လို့ရ အိမ်သာသုံးလို့ရရင်တော်ပြီဆိုတဲ့ စံမျိုးနဲ့
    .ဝန်ထမ်းတစ်သန်းရှိရင် အိမ်ခန်းတစ်သန်းရှိရမယ်
    .အိမ်ထောင်စုဆယ်သန်းရှိလာရင် အိမ်ခန်း ဆယ်သန်းရှိရမယ်..။
    .အခုလက်တွေ့မကျတဲ့ မြန်မာပြည်စီးပွားရေးနဲ့မကိုက်ညီတဲ့စံနှုံးတွေနဲ့ .လူကဲ့ရဲ့လွတ်အောင် ဆောက်တော့
    .လောလောဆယ် တန်ဘိုးနည်းအိမ်ခန်း တန်ဘိုးမျှတတိုက်ခန်းဆိုတာတွေက
    .ဝန်ထမ်းနဲ့ဆင်းရဲသားတွေ တသက်လုံးစုလို့မှ မဝယ်နိုင်တဲ့ဈေးတွေဖြစ်နေရော….

    • kai

      December 23, 2014 at 5:15 pm

      Used Car တစင်းမှ.. ဒေါ်လာ၁သောင်းလောက်တန်ကို.. ဒေါ်လာသိန်းဂဏန်းရောက်အောင်.. လုပ်တတ်တဲ့ ဘိုချုပ်ကြီးတွေဟာ.. မြေတကွက်.. ဒေါ်လာ၁သန်း ဖြစ်အောင်တင်ဖို့.. သိပ်ခက်လှမယ်မဟုတ်ဖူးလို့ပဲတွေးမိတယ်..။

      ဆိုတော့..
      လူလုပ်တာတွေပဲဖြစ်ပါတယ်..။

      မီဒီယာတခုခုက.. ဘိုချုပ်အဆင့် ၁ဝယောက်လောက်ရဲ့.. မြေပိုင်စာရင်းပြုစုပြလိုက်ရင်တော့.. ကမ္ဘာကျော်လောက်တယ်..။ :k:

Leave a Reply