Paulo Coelho ပြောတဲ့ စာရေးဆရာဆိုတာ

Aye KhaingJune 18, 20161min60015

 ကျနော့်အသက် ၁၅ နှစ်သားအရွယ်က “သားလုပ်ချင်တဲ့ အလုပ်ကို ရှာတွေ့သွားပြီ။ စာရေးဆရာ ဖြစ်ချင်တာ” လို့ အမေ့ကို ပြောခဲ့သည်။

အမေက “သားလေးရယ်။ မင်းအဖေက အင်ဂျင်နီယာပဲ။ သူက ကျိုးကြောင်းယုတ္တိကိုလည်း လက်ခံတယ်။ ဆင်ခြင်တုံတရားလည်း ရှိတယ်။ လောကကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်တယ်။ စာရေးဆရာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သားသိလား။”

“စာအုပ်တွေ ရေးတဲ့သူကို ပြောတာလေ။”

“သားရဲ့ဦးလေး ဟာရိုဒို ဆိုရင် ဆရာဝန်လုပ်တယ်။ သူလည်း စာအုပ်တွေ ရေးတာပဲ။ တချို့စာအုပ်တွေဆို ထုတ်တောင် ထုတ်ထားပြီးပြီ။ အင်ဂျင်နီယာပညာ သင်ပြီး အားတဲ့အချိန်ပိုမှာ စာရေးလို့ ရရဲ့သားနဲ့”

“မဟုတ်ဘူးမေမေ။ ကျနော်က စာရေးဆရာ ဖြစ်ချင်တာ။ စာအုပ်တွေရေးတဲ့ အင်ဂျင်နီယာ ဖြစ်ချင်တာ မဟုတ်ဘူး။”

“သားက စာရေးဆရာ တွေ့ဖူးမြင်ဖူးလို့လား”

“မတွေ့ဖူးပါဘူး။ ဓာတ်ပုံတွေထဲမှာ မြင်ဖူးရုံလောက်ပဲ”

“ဒါဖြင့် စာရေးဆရာဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာတောင် မသိဘဲနဲ့ ဘယ့်နှယ့်လုပ် စာရေးဆရာ ဖြစ်ချင်ရတာလဲ”

အမေ့မေးခွန်းကို ဖြေနိုင်ဖို့အတွက် သေချာလေ့လာရှာဖွေဖို့ ကျနော်ဆုံးဖြတ်ခဲ့သည်။ ၁၉၆ဝ ပြည့်လွန်နှစ်တွေက စာရေးဆရာဟူသည့် လူတွေက ဘယ်လိုလူစားမျိုးတွေဖြစ်ကြောင်း ကျနော်လေ့လာမိသလောက် ယခု ရေးသားပါဦးမည်။

(က)

စာရေးဆရာဟူသာ် မျက်မှန်တပ်သူ။ ခေါင်းဘယ်တော့မှ မဖြီးသူဖြစ်သည်။ အချိန်တစ်ဝက်လောက်က ဒေါသူပုန်ထနေပြီး ကျန်သည့်အချိန်တစ်ဝက်လောက်မှာတော့ စိတ်ဓာတ်ကျနေသူ ဖြစ်သည်။ အခြား ဗြုတ်စဗျင်းတောင်း လေးလုံးမှန်ကြောင် စာရေးဆရာများနှင့် ငြင်းရင်းခုန်ရင်း သူ့ဘဝတစ်သက်တာ အချိန်အများစုကို အရက်ဘားတွင် ကုန်ဆုံးသူလည်း ဖြစ်သည်။ အလွန်လေးနက်သော အကြောင်းအရာများကို ပြောဆိုသည်။ နောက်ထပ် ရေးသားမည့် ဝတ္ထုထဲတွင် ထည့်သွင်းရမည့် ဇာတ်ကွက်များနှင့် ပတ်သက်၍ အံ့ဩလောက်စရာ စိတ်ကူးများ ရှိနေတတ်သူ၊ ပြီးတော့ သူနောက်ဆုံးထုတ်ခဲ့သည့် စာအုပ်နှင့် ပတ်သက်လျင်လည်း ဆိုးဆိုးဝါးဝါး မုန်းတီးစက်ဆုပ်သူ ဖြစ်သည်။

(ခ)

အကြင် စာရေးဆရာများသည် သူနှင့်ရွယ်တူတန်းတူ အသက်အရွယ်များကြားတွင် နားမလည်နိုင်အောင် ရေးသားမည်ဟု သန္နိဋ္ဌာန် ချမှတ်ထားသူများ ဖြစ်သည်။ တော်ရိလျော်ရိ ခေတ်ကာလတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်ဟု သူ့ကိုယ်သူ မှတ်ယူကာ နားလည်အောင် ကြိုးစားရေးသားလိုက်မည်ဆိုလျင် သူ့ကို ဉာဏ်ကြီးရှင် ပါရမီဓာတ်ခံကောင်းသူ တစ်ဦးအဖြစ် ဝိုင်းဝန်းသတ်မှတ်ခြင်း ပြုကြလိမ့်မည်မဟုတ်တော့ဟု ယုံကြည်ထားသူလည်း ဖြစ်သည်။ စာရေးဆရာ တစ်ဦးသည် စာကြောင်း တစ်ကြောင်းတစ်ဝါကျကိုပင် အဖန်ဖန်အထပ်ထပ် ရေးသားလိမ့်မည်။ လူသာမန်တစ်ဦးအဖို့ စကားလုံးရေ ၃၀၀ဝ ခန့်ကို အသုံးပြုနိုင်ပါက အမှန်အကန်စာရေးဆရာတစ်ယောက်သည် ထိုစကားလုံး ၃၀၀ဝ ဖြင့် ရေးသား သုံးစွဲမည် မဟုတ်။ အဘိဓာန်ထဲမှာ ကျန်ရှိနေသည့် စာလုံးရေ ၁၈၉၀၀ဝ ထဲမှသာ ရွေးချယ် သုံးစွဲရေးသားမည် ဖြစ်သည်။ သို့မှသာ သူ့ကို သာမန်လူတစ်ဦးအဖြစ် မမြင်ကြမှာ ဖြစ်သည်။

(ဂ)

စာရေးဆရာတစ်ယောက်က ဘာကိုပြောဖို့ ကြိုးစားနေသလဲ ဟူသည်ကို တခြားစာရေးဆရာများကသာ နားလည်နိုင်ကြသည်။ သည်လိုဆိုပေမယ့်လည်း ထိုစာရေးဆရာသည် တခြားစာရေးဆရာတွေကို တိတ်တိတ်ပုန်း မုန်းတီးစက်ဆုပ်နေသည်။ အကြောင်းကတော့ ရာစုနှစ်များစွာတလျှောက် စာပေသမိုင်းတွင် ကြွင်းကျန်နေရစ်သည့် နေရာလပ်ကလေးများကို ဦးယူရန် ရလိုရငြား အခြားစားရေးဆရာများနှင့် သူ့ထက်ငါ ဒုန်းစိုင်းပြေးသွား နေကြရသောကြောင့် ဖြစ်သည်။ ထို့ပြင် စာရေးဆရာများသည် “အရှုပ်ထွေးဆုံး အခက်ခဲဆုံး”စာအုပ်ကို ရေးသားနိုင်ကြရန် သူတို့ချင်းချင်း ပြိုင်ဆိုင်နေကြသည်။ ဖတ်ရအခက်ဆုံး ရေးသားနိုင်သူက အနိုင်ရစတမ်း ဖြစ်သည်။

(ဃ)

စာရေးဆရာ တစ်ယောက်သည် သဒ္ဒဗေဒ၊ ဝေါဟာရဗေဒ၊ ပေါရာဏ အစရှိသည့် ဆန်းကြယ်သည့် အမည်များရှိသော အကြောင်းအရာများကိုလည်း နားလည်ရသည်။ သူတို့သည် တစ်ယောက်ယောက်ကို တုန်လှုပ်သွားစေလိုလျှင် “အိုင်းစတိုင်း ဆိုတဲ့လူကြီးဟာ အရူးကြီးပါကွာ”၊ “တော်လ်စတွိုင်းဆိုတဲ့ ငနဲသားကြီးက ဘူဇွာတွေအတွက် ပျော်တော်ဆက် လူရွှင်တော်ကြီးပါပဲ” ဟု ဆိုတတ်သည်။ ထိုသို့သောစကားများကြောင့် လူတိုင်း စိတ်ထဲခိုးလိုးခုလု ဖြစ်သွားတတ်ကြသည့်တိုင် နှိုင်းရသီဝရီက သုံးစားမရ၊ ရုရှား၏ အရစ္စတိုကရေစီစနစ်ကို တော်လ်စတွိုင်းက ခုခံကာကွယ်ပေးသူ ဖြစ်သည်ဟူသော စကားမျိုးကိုမူ မပြောချေ။

(င)

စာရေးဆရာတစ်ယောက်၏ မိန်းမပိုးနည်းမှာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်ဖြစ်ကြောင်း မိတ်ဆက်ပြီး၊ တွေ့ကရာ အတိုအစ လက်ကိုင်ပဝါမှာပင်မကျန် ကဗျာတစ်ပုဒ် ကောက်ခြစ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ကြောင်သလောက် အလုပ်ဖြစ်သော နည်းပါပေ။

(စ)

စာရေးဆရာ တစ်ဦးသည် ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်တတ်သည်ဖြစ်ရာ စာပေဝေဖန်ရေး အလုပ်မျိုးကို လုပ်ရလေ့ရှိသည်။ ထိုအလုပ်မျိုးကို လုပ်ရာတွင် သူ့မိတ်ဆွေ စာရေးဆရာများ၏ စာအုပ်များအကြောင်း ရက်ရောထက်သန်စွာ ချီးမွမ်းခန်းဖွင့်မြဲဖြစ်သည်။ ထိုသို့သော ချီးကျူးဝေဖန်စာများ၏ ထက်ဝက်ခန့်တွင် နိုင်ငံရပ်ခြား စာရေးဆရာများကို ကိုးကားပြောဆိုလေ့ရှိသည်။ ကျန်ထက်ဝက်တွင်မူ ဝါကျတည်ဆောက်ပုံကို စိစစ်သရုပ်ခွဲခြင်း၊ ဝေါဟာရ ဇာစ်မြစ်များကို ပိုင်းခြားဖော်ပြခြင်း၊ သို့မဟုတ် ဘဝကို အမြင်ရှုထောင့်နှစ်သွယ်ဖြင့် ပေါင်းစပ်ရှုမြင်သည်ဟု ဝေဖန်ခြင်းများကို ပြုလုပ်လေသည်။ ထိုဝေဖန်သုံးသပ်မှုမျိုးကို ဖတ်ရသူ မည်သူကမဆို ဝေဖန်သူသည် “လွန်စွာ နှံ့စပ်သိမြင်လေခြင်း” ဟု မှတ်ချက်ချမိမည်ဖြစ်သော်လည်း သူကိုယ်တိုင်ကမူ ထိုစာအုပ်မျိုးကို ဝယ်မည်မဟုတ်။ အကြောင်းမှာ ဝေါဟာရ ဇာစ်မြစ်များကို ပိုင်းခြားသိရှိနိုင်ရန် ခက်ခဲမည်ကို ထိတ်လန့်လှသောကြောင့် ဖြစ်သည်။

(ဆ)

လက်ရှိ မည်သည့်စာအုပ်ကို ဖတ်နေပါသလဲဟု စပ်စုခံရသည့်အခါတွင် စာရေးဆရာတစ်ဦးသည် မည်သူမဆို ကြားဖူးသိဖူးရန် ခဲယဉ်းသော စာအုပ်များကို ပြောဆိုလေ့ရှိသည်။

(ဇ)

သူသူကိုယ်ကိုယ် စာရေးဆရာများအားလုံး တခဲနက် နှစ်သက်ခြင်းခံရသော စာအုပ်ကို ရွေးချယ်ပါဟု ဆိုလျှင်တော့ ဂျိမ်းဂျိုက်စ် ရေးသားခဲ့သည့် ယူလိုက်ဆစ် (Ulysses) ကို ရွေးချယ်ကြပါလိမ့်မည်။ မည်သည့်စာရေးဆရာကမှ ထိုစာအုပ်၏ ညံ့ကွက် လျှော်ကွက်များကို ပြောကြလိမ့်မည် မဟုတ်ပါ။ သို့သော် တစ်ယောက်ယောက်က ထိုစာအုပ်က မည်သည့်အကြောင်းအရာများကို ရေးသားထားပါသလဲဟု မေးလာလျှင်တော့ ရေရေရာရာ ရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။ သူတကယ်ပဲ ဖတ်ထားပြီးသား ဖြစ်မှာပါဟု ယုံကြည်ရန်ပင် သံသယဝင်စရာ ရှိပါသည်။

 

ထိုသို့သော အချက်အလက်များအားလုံးကို ပေါင်းစပ်ကြည့်ပြီးသည့်အခါမှာတော့ အမေ့ထံသို့ ကျနော်သွားပြီး စာရေးဆရာ ဆိုသည်မှာ ဘယ်လိုလူမျိုး ဖြစ်ပါသည်ဟု ရှင်းပြခဲ့သည်။ အမေလည်း အတော်ပဲ အံ့အားသင့်သွားခဲ့သည်။

“ဒါဖြင့်ရင်တော့ အင်ဂျင်နီယာ လုပ်ရတာကမှ ပိုလွယ်ဦးမှာပါသားရယ်။ ပြီးတော့ ငါ့သားက မျက်မှန်မှ မတပ်တာလေ”

မည်သို့ပင်ဖြစ်စေ ကျနော့်မှာ မသပ်မရပ် ဆံပင်တွေ ရှိနေပြီးသား။ အိတ်ကပ်ထဲမှာ ပြင်သစ်ထုတ် စီးကရက်တစ်ဗူး ထည့်ထားပြီးသား။ ရေးထားသည့် ပြဇာတ်တစ်ပုဒ်ကို ချိုင်းကြားမှာ ညှပ်လို့။ (ထိုပြဇာတ်ကို ကပြသည့်အခါ ဝေဖန်ရေး ဆရာတစ်ဦးက စင်ပေါ်မှာကပြဖူးသမျှမှာ အကြောင်ဆုံးပြဇာတ်ဖြစ်ကြောင်း ဝေဖန်ခံခဲ့ရပါသည်။) ဟေဂယ်လ်ကို လေ့လာနေခဲ့ပြီးတော့ ယူလိုက်ဆစ်ကို တစ်နည်းနည်းနှင့် ဖတ်ဖြစ်အောင်ဖတ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီးသားလည်း ဖြစ်သည်။ သည့်နောက်မှာတော့ ရော့ခ်အဆိုတော်တစ်ယောက်က သူ့သီချင်းတွေထဲမှာ ထည့်သုံးရမည့် စကားလုံးတွေ ရေးပေးဖို့ ရောက်ချလာသည်။ သည်တော့မှ အမတဓာတ်ရှာပုံတော်ထံမှ လူသာမန်တို့၏ လမ်းစဉ်ပေါ်သို့ တစ်ကျော့ပြန် ခြေချနိုင်ခဲ့သည်။

ထိုလမ်းကြောင်းပေါ်တွင် ရှိနေရင်းကပဲ ကျနော်သည် နေရာပေါင်းစုံသို့ ရောက်ခဲ့ရသည်။ ကဗျာဆရာကြီး ဘားတော့ဘရက်ချ် စကားနှင့် ပြောရလျှင်တော့ လဲစီးသည့် ဖိနပ်အရေအတွက်ထက် ရောက်ခဲ့ရသည့် နိုင်ငံတွေက ပိုများနေသည်ဟု ဆိုရပါလိမ့်မည်။ ထိုကြောင့် ကျွန်တော်ရေးသားမိသမျှတို့သည် ဘဝဟူသော မြစ်အလျဉ် စီးဆင်းလေသမျှ ခရီးသွားလာရင်း ရခဲ့သည့် ကိုယ်ပိုင်အတွေ့အကြုံများ၊ ကြုံခဲ့ဆုံခဲ့သူများ ပြောပြသည့် အဖြစ်အပျက် ဇာတ်လမ်းများ၊ တွေးမိခဲ့သော အတွေးအပိုင်းအစများ ဖြစ်လာခဲ့ပါတော့သည်။

Paulo Coelho ရေးတဲ့ Like the Flowing River ထဲက အမှာစာကို ဘာသာပြန်တာ ဖြစ်ပါတယ်။

15 comments

  • ဝင့်ပြုံးမြင့်

    June 18, 2016 at 2:10 pm

    မန်းဂဇက်မှ ကြိုဆိုပါတယ်။ စာတွေ အားရပါးရ ရေးပါဦးနော် ဆရာရေ။

    • Aye Khaing

      June 19, 2016 at 12:00 am

      ကျေးဇူး ဆရာမ။ ကျွန်တော်က ရေးဖြစ်တာတွေရှိပေမယ့် ဘာသာပြန်ချင်စိတ်က ပိုများနေလို့ နောက်ဆုံး ကွန်ပျူတာရှေ့ထိုင်ရင်း တစ်ခုခု စမ်းရေးကြည့်၊ စိတ်တိုင်းမကျရင် .. နောက်ဆုံး ဖတ်ထားတာတွေထဲက တစ်ခုခု ပြန်ဖြစ်သွားတယ်။
      ဒီလိုနဲ့ ဟိုစစ ဒီစစ ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်ကုန်ရော။ ကြိုးစားပါဦးမယ် 🙂

  • ဝင့်ပြုံးမြင့်

    June 18, 2016 at 2:15 pm

    ပို့စ်အကြောင်းတောင် မပြောရသေးဘူး။ နံပါတ် (င) စာရေးဆရာကို အကြိုက်ဆုံးပဲ

  • ဦးဦးပါလေရာ

    June 18, 2016 at 2:37 pm

    ငယ်ငယ်က ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ လိုစာအုပ်ကိုဖတ်ပြီး
    စာရေးဆရာလုပ်စားချင်စိတ်ပေါက်ဖူးတယ်.. (ကလေးအတွေးပါ)
    နောက်မှပဲ..
    ဒီနိုင်ငံမှာ စာရေးဆရာဆိုတာ တခြားဟာလုပ်စားရင်းလုပ်ရတာမျိုး…လို့ သဘောပေါက်လာတယ်..။
    အခုကြီးလာတော့ အဲဒါတွေးမိရင် စိတ်ဆိုးချင်တယ်…
    စာရေးဆရာကို ထမင်းမကျွေးတဲ့လူ့အဖွဲ့အစည်းဆိုတာ…. ??

    • Aye Khaing

      June 19, 2016 at 12:15 am

      ဆရာကြီး ရွှေဥဒေါင်းပြောတဲ့ခေတ်လောက်ကတောင် အတော်ဟန်ကျသေးတယ် ထင်တာပဲ။ ခုကတော့ အတော်ပဲ စိတ်မသက်မသာ ဖြစ်တာပါပဲ။ ကျွန်တော်တို့ဆီမှာတင်မကပါဘူး။ တချို့နိုင်ငံတွေက စာရေးဆရာတွေလည်း အလားတူ ဖြစ်ခဲ့ဖူးကြတာပါပဲ။ ဘယ်တော့များမှ ဘယ်တော့များမှပေါ့ခမျာ။ 🙂

  • kai

    June 18, 2016 at 2:44 pm

    ပုံပေါ်လာသဗျ…။
    ဆိုတော့…
    ကမ္ဘာ့လောင်းကစားမြို့ကြီးရဲ့.. ဆေးရုံကုတင်ပေါ်မှာထိုင်ပြီး.. ဆရာမောင်သာရပြောသွားတာကတော့.. “ရသ”ရေးမှ စာရေးဆရာတဲ့..။
    အဲဒီအချိန်.. သူ့ကုတင်ဘေးမှာက.. လင်ကွန်းနဲ့ဆင်တဲ့ အမေရိကန်အဖိုးကြီးတယောက်…အပြင်ကိုငေးပြီးတွေးနေဟန်ရှိလေရဲ့..။

    • Aye Khaing

      June 19, 2016 at 12:31 am

      author နဲ့ writer ကို ခွဲပြောချင်ပုံပါပဲ။ အမေရိကန်မှာတော့ ငါးဖမ်းတဲ့အကြောင်းလည်း စာအုပ်ရေးတာပဲ။ ထင်းခုတ်တဲ့အကြောင်းလည်း စာအုပ်ရေးတာပဲ။ ဒီမှာဆိုရင်လည်း နက္ခတ္တရောင်ခြည်ထဲ ဆေးမြီးတိုပို့တဲ့သူတွေပါ စာရေးဆရာ အမည်ခံကြမယ်လား မသိဘူး။ ခွဲခေါ်ဖို့ရာကလည်း မဖြစ်သေးဘူးထင်ပါတယ်။ စာအုပ်တစ်အုပ်ထွက်မှ ပိုက်ဆံ တစ်ခါရတာချင်း တူသော်လည်း ဝတ္ထုတစ်အုပ်ရေးဖို့အချိန်ပေးရတာနဲ့ တခြားစာအုပ်နဲ့က ကွာဦးမှာ။ ကျွန်တော်တို့လည်း အမေရိကန် အဖိုးကြီးလိုပဲ အပြင်ကိုငေးပြီး တွေးနေရမလားပဲ။ 🙂

  • Thint Aye Yeik

    June 18, 2016 at 2:58 pm

    ပထမဆုံး ပိုစ့်နဲ့တင် လေးစားသွားပြီ။
    ကိုယ် လေးစားတဲ့ စာရေးဆရာ ဆိုတဲ့လူတွေအကြောင်း ရေးတဲ့ပိုစ့်မို့လို့လားးးးး
    ဒါတော့ မဟုတ်သေးဘူး။ ကိုယ် မလေးစားတဲ့သူတွေအကြောင်း ရေးတတ်တဲ့ ရေးလက်နဲ့ ရေးရင်လည်း
    ရေးတတ်တာကို လေးစားအုန်းမှာ။

    :k:

    စာတွေ ဆက် ရေးပါအုန်းခမျ
    မြန်မာ့ဂဇက်(ရွာ)က ကြိုဆိုပါတယ်။

    ———-

    ကျနော် ခံယူထားတဲ့ ”စာရေးဆရာ ဆိုသည်မှာ”ကတော့. . .
    စာတွေဖတ်နေ. . .ရေးနေသမျှ စာရေးဆရာပဲ။
    သူရေးတာကို လူတွေအများကြီး ဖတ်မိသည်ဖြစ်စေ . . .
    ကိုယ်တစ်ယောက်ထဲ ကိုယ့်စာကို ပြန် ဖတ်နေရသည်ဖြစ်စေ. . .
    အဓိက က စာတွေ ရေးနေဖို့က စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ရာမှာ အဓိက လိုအပ်ချက်။
    စာမရေးပဲ စာမဖတ်ပဲ စာရေးဆရာလို့ သတ်မှတ်၍ မရရေးချ မရ။

    ”ဘာသာစကား(အက္ခရာ/တွန့်တွန့်ကောက်ကောက်များ)ကို အသုံးပြု၍ ရသ/သုတ ပေးစွမ်းသမျှ စာပေကို ရေးသူများသည်
    စာရေးဆရာ ဖြစ်သည်။ ”

    ———————————

    ပိုစ့်မော်ဒန်ဝါဒအရတော့ . . .
    ဘာသာစကား အက္ခရာ အတွန့်အကောက်တွေ မပါပဲလည်း စာ(ကဗျာ/ဝတ္ထု)ရေးလို့ရသည်။ ရေးကြည့်ရမည်။

    ဒါကြောင့် အထက်ပါ အယူအဆ(စာရေးဆရာဆိုတာ စာတွေရေးနေသူ ဆိုတာ)ကို ကျနော်က အခုပြောပြီးသည်နှင့်
    အခု ပြန် ရုတ်သိမ်းသည်။

    :k:

    • Aye Khaing

      June 19, 2016 at 12:33 am

      ဂေဇက်ကတော့ အတော် နွေးထွေးပါတယ်ခင်ဗျာ။ အားရှိသွားပါတယ်။ မောင်းမချသမျှပေါ့လေ။ 😛

      • မြစပဲရိုး

        June 19, 2016 at 3:19 am

        မောင်းမချပါဘူး ကွယ်။ ပျောက်သွားမှာသာစိုးရိမ်ကြတာပါ။ ပျော်ရွှင်ပါစေ။ :-))

  • အကြိုက်ဆုံးစာအုပ်တစ်အုပ်ပါ . . . The Story of the Pencil . . . How to Climb the Mountains . . .Remaining in Love တွေကို ဘာသာပြန်ဖူးတယ် . . . ဒီလိုမျိုး ချောမနေဘူး . . . အဲဒီထဲက စာတွေကို ဘာသာပြန်တင်ပေးဖို့ တောင်းဆိုပါတယ်ရှင့် .

    • Aye Khaing

      June 19, 2016 at 12:12 am

      ကျွန်တော် ပေါ်လိုကွယ်လ်ဟိုးတွေ ဖတ်ဖြစ်တယ်။ အကုန်ကြိုက်လှတာတော့ မဟုတ်ဘူး။ ဒီတစ်အုပ်ကတော့ အက်ဆေးလေးတွေလို ဖြစ်နေလို့ ဖတ်ရတာ အဆင်ပြေပါတယ်။ ပြီးတော့ ဒီစာအုပ်ကို ဘာသာပြန်နေတာ ရှိတယ်လို့လည်း အသိတစ်ယောက်ဆီကတစ်ဆင့် ကြားတယ်။ ဘာသာပြန်ထားတယ်ဆိုရင်တော့လည်း ဝေမျှပြီး ပေးဖတ်စေချင်တာပေါ့လေ။ ဟဲဟဲ။ ကျွန်တော်လည်း ထပ်ပြန်ကြည့်ဖို့ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

      • စာအုပ်ကို ဘာသာပြန်နေတာတော့ မဟုတ်ပါဘူး . . . လွယ်တာလေးတွေပဲ ရွေးပြီး ပြန်ကြည့်ထားတာပါ :k:

        အခု ပြန်ထားတာကို ဖတ်ရတာက ချောနေတာပဲ . . . ကိုယ့်စာကို ရှက်လို့ မပြတော့ပါဘူး :mrgreen:

  • ဦးကြောင်ကြီး

    June 19, 2016 at 5:48 am

    ယသထဲမှာ ဆရာကြီးရတနာဝင်းထိန် အကြိုက်ဆုံးပဲ.. ဖတ်ဖူးလား။

    • ခင်ဇော်

      June 19, 2016 at 10:55 am

      ဒီရွာ ထဲ မှာတော့
      ဒီ ကြောင်ကြီးး ပြောဆို သမျှကို ဗွေမယူပါနဲ့ ရှင့်..!! ကြိုတင်တောင်းးပန် ထားးတာပါ…
      ???
      ရွာထဲ ရောက်လာတာကို ကျေးဇူးတင် ကြိုဆိုပါတယ်..
      ??

      ဘယ်လို လူမျိုးကို စာရေးဆရာ လို့ သတ်မှတ်တယ် မသိပေမယ့် စာရေးးဖို့ အချိန်ပေးနိုင်သူတွေ အားလုံး ကို လေးစား မိပါတယ်…

      ☺️☺️☺️

Leave a Reply