Myanmar Gazette, Editorial -August 2019

kaiJuly 31, 20191min3130

လူကြုံရသဖြင့် မြန်မာနိုင်ငံ၏အအောင်မြင်ဆုံး ပုံနှိပ်စာစောင်တအုပ်ဖတ်ရလေသည်။
ကွယ်လွန်ပြီး ရှေးခေတ်စာ‌ရေးသူများ၏စာများပြန်ပါသလို ဆောင်းပါးသစ်များ၏တဝက်ကျော်မှာ လွန်ခဲ့သောနှစ် ၅ဝကျော်သို့ ညွှန်းခြင်းများလှသည်။ ဆောင်းပါးတို့တွင် ၁၉၃၀, ၁၉၅၀, ၁၉၆ဝ စသဖြင့် ဘေဘီဘုမ်မာတို့၏ ဆယ်ကျော်သက်နှစ်တို့ကိုညွှန်းနေကြသည်။ ဗုဒ္ဓခေတ်နှင့် ရှေးမြေရှင်ပဒေသရာဇ်ခေတ်ထိသို့ ပတ်သက်ကိုးကားနေသည်လည်းရှိသည်။
အထည်ကြီးပျက်ခဲ့သည်မူ၍ တိုင်းပြည်ရွှေထီးဆောင်းသည်ထင်ကြသောခေတ်ကိုလွမ်းမောတမ်းတနေပုံတည်း။
စာတို့တွင် “ကျေးရှစ်မျိုး”ရှိသည်ဟူ၍လည်းပါသည်။ “ဆရာကောင်းအင်္ဂါခုနှစ်ပါး”လည်းဖတ်ရသည်။ “အပင်းစမ်းနည်း”ပင် အပိုတွေ့သေး၏။ ဘဝတသက်တာလောက်အချိန်သုံးမှ ယေဘုယျလောက်သိနားလည်နိုင်သောခေတ်တို့၏ အသိအတတ်ပညာတို့ကို ယနေ့ခေတ်တွင် အထူးထားကိုးကားဖို့လိုပါသေးသလော?
ထိုစာစောင်တွင် ဘာသာပြန်စာအချို့လည်းပါ,ပါသည်။ အတွေးအခေါ်နှင့်မဆိုင် နည်းပညာနှင့် အချက်အလက်သုတေသနတို့နှင့်ဆိုင်သော ဆောင်းပါးတို့သာဖြစ်သည်။

စာပေမှ ခေတ်၏ပုံရိပ် စာဖတ်သူ/လွှမ်းမိုးနိုင်သူ တို့အခြေအနေ ဖမ်းမှန်းနိုင်သည်။ သို့ဆိုလျှင် မြန်မာတို့ ကွန်ဆာဗေးတစ်သမားများ၍ ရှေးရိုးစွဲနေသည်ဟုဆိုမည်။ ရှေးရိုးစွဲဟူသည် ရှေးအတွေးအခေါ် ဓလေ့၊ယဉ်ကျေးမှု၊ဘာသာရေးတို့ကို ဖက်တွယ်ထားသူများဖြစ်သည်။ တိုင်းပြည်တပြည်တည်ထောင်ထားရာတွင် လူ့တန်ဖိုးများအဖြစ်လိုပါအပ်ပါသည်။ သို့ပါငြား ကွန်ဆာချည်းဗေးတစ်လွန်းနေလျှင်ကား နိင်ငံရေးအလုပ်မဖြစ်ပေ။

“အစွန်း၏ဟိုမှာဖက်”
“ဧရာဝတီကိုကယ်တင်ကြ”တွင်တွင်အော်လျှက်မှ မြစ်ကြီးကောလျှက်သောင်ထွန်းလာသော မြေနုကျွန်းများအတွက် ရွာချင်းလိုက် လူသတ်ပွဲကြီးများဆင်နွှဲရဲကြသေးသည်။
ကလေးကိုခွေးက,ကိုက်ဆွဲသည်မြင်လျှက်မှ ခွေးဖက်ကနာ,လူဖြင့်ကာပေးနေကြသည်။ ကမ္ဘာအကြာဆုံးပြည်တွင်းစစ်ပဋိပက္ခများအားဖြင့် မုဆိုးမသား/သမီးထုတ်လျှက်မှ သက်မပြည့်များကို လိင်စော်ကားမှုများ ဖြစ်လွန်းနေသည်။ ငြိမ်းချမ်းရေးပြောဟောလျှက်မှ လက်နက်ကိုင်တော်လှန်သူပုန်ထမှုများလာသည်။ ဗြဟ္မစိုရ် ဆိုလျှက်မှ မေတ္တာ၊ကရုဏာ။မုဒိတာ၊ဥပေက္ခာပျောက်နေသည်။ တရားဟောစင်တက် မတရားပြောနေသည်။
အဘယ်သို့သော အတွေးအခေါ်များလွှမ်းမိုးကုန်ပါသနည်း။
အစွန်း‌ရောက်ခြင်း၏တဖက်တွင်ဘာရှိသနည်း။ ‌အစွန်း၏ဟိုမှာဖက်ရောက်ကုန်ကြပြီလော?

“တလွဲကြီးဟုမှတ်ပါလေ”
ကောသလမင်းအိပ်မက် ၁၆ချက်တို့ကိုညွှန်းကာ မှန်လှသည်/ခေတ်ကာလတိုက်ဆိုင်ဖြစ်နေလွန်းသည်ချည်းလည်းထင်နေကြနေပေသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅တွင် မြန်မာနိုင်ငံအတွက်ချည်းရွေးမှန်နေသည်ပါလား?။ မထင်ပါလင့်။ “ဒန့်ကျွဲပင်ပုခက်လွှဲ”သောခေတ်မည်သည့်အခါမှ ရောက်လာမည်မဟုတ်သလို လူသက်တမ်းကျဆင်းဆုတ်ယုတ်သွားခြင်းလည်း ဖြစ်လာတော့မည်မဟုတ်။ နောင်ရာစုနှစ်တို့တွင် လူသည်ထွားကျိုင်းသန်မာကာ လူ့သက်တမ်းရာကျော်ချည်းဖြစ်နေပါမည်။ လူ့ယဉ်ကျေးမှုသည် ကမ္ဘာတန်းတွင် နေ့စဉ်/နှစ်စဉ် တိုးတက်ထွန်းကားနေပါသည်။ ကမ္ဘာစီးပွားရေး/ငွေကြေး/ကုန်ထုတ်စွမ်းအားတို့သည်လည်း နှစ်စဉ်အတက်ကြီးသာရှေ့ရှု့နေပါသည်။ သို့နှင့် ရှေးစာ ဆုတ်ကပ်။ ယုတ်မြတ်ပြောနေသည်တို့ကို တလွဲကြီးဟုမှတ်ပါလေ။
မြန်မာ၁ဝသန်းကျော် နိုင်ငံခြားထွက်အလုပ်လုပ်နေကြရကား နိုင်ငံခြားဓလေ့အပြားပြား လူမျိုးအခြားခြားဟူသည်လည်း အဆန်းမဟုတ်တော့။ အချိုးအားဖြင့် လူငါးယောက်လျှင်တယောက် ပြည်ပထွက်ဖူးလောက်သည်ဖြစ်၍ မြန်မာတိုင်း(တိုင်း)တွင် ဆွေမျိုးရင်းတဦး နိုင်ငံရပ်ခြား‌ရောက်ဖူးသူချည်းတည်း။ ပြည်တွင်းမှ ရှေးရိုးစွဲပြလွန်းနေလျှင် ထိုထိုသူတို့၏ အတွင်းစိတ်တွင်း သိခြင်းနှင့်ပဋိပက္ခဖြစ်ကာ လူမူရေးချွတ်ချော်မူများဖြစ်ပေလိမ့်မည်။
ခြုံသုံးသပ်ရပါသော် မြန်မာ့Baby Boomersတို့ နောက်ကပ်ရက်မျိုးဆက် Gen X, Millennials ကိုနေရာမပေးသည့်အပြင် ရှေးအတွေးအခေါ်ချည်းသွတ်သွင်းနေသည့်ပုံဟန်ပါ။

“အအာအိအီအုအူအေအဲအော့အော်အံအားဩဥဣဤဧ”
ဂျပန်စာသည် “အအုအုအဲအော”သာရှိသော်ငြား မူလအင်္ဂလိပ်အသံထွက်တို့ကို ခတကန(KaTaKaNa)နှင့်ရေးသည်။
မြန်မာစာတွင် “အအာအိအီအုအူအေအဲအော့အော်အံအား” စသဖြင့်ရှိပါသည်။ သို့ဆိုလျှင် မြန်မာစာနှင့်လိုက်၍ရေးမရသောအသံထွက်မရှိသလောက်ပါလေ။
ဂျပန်နိုင်ငံတွင်အပြီးနေထိုင်နေသူချည်း ထောင်ချီနေပြီဖြစ်သည့်အပြင် ဂျပန်ပြည်တွင်အလုပ်လုပ် ပြည်တော်ပြန်များလည်း သောင်းချီရာ ဂျပန်စာပေ ယဉ်ကျေးမှုဓလေ့တို့ကို တိုက်ရိုက်သိရန်လွယ်ပါသည်။

ကမ္ဘာတခြမ်းက အမေရိကားရှိ နယူးယောက်။ချီကာဂို။ ဆန်ဖရန်စစ္စကို။လော့စ်အိမ်ဂျလိစ်တို့တွင် မြန်မာပြည်မွေး မြန်မာစာ-စကားတတ်သူတို့ အခြေချနေကြသည်။ တထောင်တသောင်းလည်းမဟုတ် သိန်းချီကြလေပြီ။ နေကာလလည်း တနှစ်ဆယ်နှစ်မဟုတ် ရာစုနှစ်ဝက်ကျိုးသူတင်မက ဒုတိယ/တတိယမြန်မာမျိုးဆက်တိုင်သို့ပင်ရောက်နေထိုင်နေကြလေပြီ။
“လေဖမ်းရမ်းအုပ်” “ပညာရှိအတွေးပြေးကြည့်တာထက်မှန်”ခေတ်လည်းမဟုတ်။ အိုင်တီနည်းပညာအားဖြင့် “၏သည်မရွေး” ဒစ်ဂျစ်တလုံးမလွဲ မှတ်တမ်းတင် သိနိုင်မြင်နိုင်ခေတ်ကြီးတည်း။
အိမ်နီးချင်း ချိုင်းနားတွင်လည်း မြန်မာတို့သန်းချီသွားရောက်အလုပ်လုပ်နေကြ/ကုန်သွယ်‌ရောင်းဝယ်ဖောက်ကားနေကြသည်။
သို့ဆိုသော် အရှေ့/အနောက်နိုင်ငံကြီးတို့၏ အတွေးအခေါ် အယူအဆ တကယ့်ဓလေ့ထုံးစံတို့လည်း သိကြပြီ။
အမေရိကပြည်ထောင်စုတွင် မြန်မာစာနှင့်ရေးသား ပုံနှိပ်ထုတ်ဝေသော ဂဇက်သည်ပင် (ဤအယ်ဒီတာ့သင်ပုန်းစရေးသည့် )ဇူလိုင် ၂၀၀၆ ထုတ်မှတွက်လျှင် နှစ်အားဖြင် ၁၃နှစ်တွင်း သင်ပုန်းပုဒ်ရေပေါင်း ၁၂၈ပုဒ်ရေးခဲ့ပြီးပြီ။ မြန်မာ့သမိုင်းတွင်ရှိဖူးပါ၏လော။ ရှေးကဘိလပ်ပြန်တို့ ဘိလပ်တွင်/အမေရိကားတွင် ဘယ်နှနှစ်နေခဲ့ကြပါသနည်း။ မြန်မာနိုင်ငံပြင်ပတိုင်းပြည်တို့တွင် စာစောင်စာအုပ်ထုတ်ခြင်းနှစ်ပေါင်းမည်မျှကြာခဲ့ဖူးပါသနည်း။
ယှဉ်၍မရသော ခေတ်အခြေအနေပါ။
နယူးယောက်မြို့ မန်ဟတ်တန်ရပ်ကွက်ပလက်ဖေါင်းတွင် လူတယောက်ခလုပ်တိုက်မိသည်ကို ကမ္ဘာတဖက်ခြမ်းရန်ကုန်တမြို့လုံးမှ ချက်ခြင်းစက္ကန့် မခြား မြင်နိုင်သိနိုင်သည့် ဆိုရှယ်မီဒီယာခေတ်ပါ။ နိုးထကြည့်ကြပါလေ။
ဆိုင်ရာဒေသတို့၏ အမျိုး၊ဘာသာ၊သာသနာတို့အကြောင်း ဘာသာပြန်ကြ စာပေဖြင့်ရေးသားကြပါလေ။ မြန်မာစာလုံးအသစ်တို့လည်း နှိုင်းယှဉ်တီထွင်ပါ။ မနိုင်လျှင်မူလအင်္ဂလိပ်စာအတိုင်းအသံထွက်နှင့်ရေးပါ။ ရှေးထုံးတို့ခေတ်နှင့်ညှိပါ/ပယ်ပါ။

“သန်းခေါင်ထက်ညမနက်”
မြန်မာလက်ရှိနိုင်ငံရေးတွင် လက်ရှိအာဏာရအစိုးNLD နှင့် တပ်မတော်သာ ရှိပါသည်။
လက်ရှိအာဏာရအစိုးရဘက်သည် လစ်ဘရယ်ဟုထင်ယောင်မှားနိုင်သော်လည်း ပါတီနှင့်ဦး‌ဆောင်သူများအသက်အရွယ်/ဘဝပေးအခြေအနေအရ လစ်ဘရယ်သမားများဟုယူဆ၍မရနိုင်။ Capitalism ကိုသိနားလည်လျှက်မှအယုံအကြည်ရှိပုံမရ။ ခရိုနီများနှင့်ငွေရှင်များကိုလည်း ဦးစားမပေး။ ကျောင်းသား/အလုပ်သမားသမဂ္ဂများဖက်မှလည်းမရပ်တည်။ ဖက်ဒရယ်ဆိုပါလျှက်မှ ရပ်ကွက်/မြို့/ရွာ/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မဆိုထားလင့် တဦးချင်းလွတ်လပ်မှုနှင့် ပုဂ္ဂလိကအခွင့်အရေးကိုမျှ သိနားလည်ဟန်မရှိ။ အတိုက်အခံလုပ်ခဲ့ဖူးသဖြင့်အစိုးရဟန်ချမနေတတ်။
တပ်မတော်မှာမူ မူလသဘောအရ ထက်အောက်အုပ်ချုပ် အမိန့်နာခံမှုမှလာရခြင်းဖြစ်ရကား ကွန်ဆာဗေးတစ်တည်း။ ထိုစဉ်တွင် ဗုဒ္ဓဘာသာရေးဂိုဏ်းများနှင့်ပါ ဆရာ-တကာ ချိပ်ဆက်ထားလိုက်ထားကား တင်းပြည့်ကွန်ဆာဗေးတစ်တွင်မှ လက်ယာသွားကပ်နေသည်တမုံ့။
လူထုအများစုအခြေအနေမှာ ငါနှင့်ကျုပ်ရန်ချည်းဖြစ်နေ၍ “ကိုယ်ကကျုးကိုယ့်ဒူးတောင်မယုံရ”သင်ကြားခံ ရှေးရိုးစွဲများသေးတည်း။
သို့နှင့် စုပြုံအုံလိုက်ကြီး လက်ယာသွားနင်းနေရကား တန်ပြန်နိုင်သည် ကွန်မြူနစ်/ဆိုရှယ်လစ်ကဲ့သို့လက်ဝဲနိုင်ငံရေးသမားများလည်းမရှိ။ အတိတ်တစ္ဆေခြောက်ခံလျှက်သားကျကာ ထိုသူတို့ကို နေရာလည်းမပေး။ မြန်မာနိုင်ငံရေးဒုက္ခနှင့်လှလှတွေ့လျှက်နေသည်။

လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံရေးနှင့်အတွေးအခေါ်တို့ ရပ်တည်ရမည့်ခြေအနေမှာရှင်းလှသည်။ လစ်ဘရယ်/မော်ဒရိပ် ဒီမိုကရက်တို့တက်လာရန်ဖြစ်ပါသည်။
အရင်းရှင်ဒီမိုကရေစီနိုင်ငံကြီးများမှ မြန်မာတို့ရှေ့ထွက်ကြပါ။ ဆောင်းပါး/စာ/ရုပ်ရှင်/ဗီဒီယိုတို့တွင် လစ်ဘရယ်နှင့်ဆိုရှယ်လစ်အယူအဆများများချပြကြပါ။ နည်းပညာ။သိပ္ပံနှင့်လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုများလှမ်းမိုးပါစေ။
ဟိုဖက်အစွန်းနှင်းခြင်းကို ညှိထိန်းရန် ဒီဖက်အစွန်းကတက်နင်းရပေမည်။ အခန့်မသင့်လျှင်တော့ ခါးလည်မှကျိုးတတ်၏။ သို့သော် သန်းခေါင်ထက်ညမနက်။