Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည် သတင်းဒိုင်ယာရီ March 2024


သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။

Mar 22 ။ ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေ ၁ကျပ်သားကို ၄၂ သိန်းကျပ်ဝန်းကျင်နဲ့ ဒီနေ့မှာ အမြင့်ဆုံးရောက်ရှိနေကြောင်း ရွှေရောင်းဝယ်ရေး
လုပ်ကိုင်နေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က ရွှေ ၁ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ ၃နှစ်ကျော်အတွင်းမှာ ၂၉ သိန်းကျပ်
မြင့်တက်ခဲ့တာဖြစ်ပါတယ်။ US ဒေါ်လာကတော့ ၁ ဒေါ်လာကို ကျပ် ၃,၇၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်နေကြပါတယ်။


တပတ်အတွင်း တဖြည်းဖြည်းတက်လာတဲ့ စက်သုံးဆီ အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ ဒီနေ့မှာ ၁လီတာကို ၂,၉၀၀ ဖြစ်လာပြီး
စျေးတက်ပေမဲ့ ရန်ကုန်မှာ လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာ တန်းစီနေရတဲ့အပြင် နယ်တွေမှာတော့ ၁ လီတာကို ၄,၀၀၀ ကျပ်လောက်အထိ
ရောင်းချနေပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား
၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မင်းပြားမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား
ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးပါပြီ။

Mar 21 ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော်(AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း စစ်တွေမြို့မှာ
ဆန္ဒပြကြပါတယ်။ မတ်လ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့က ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော်(AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း
မြို့ပေါ်မှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ မတ်လ ၁ ရက်ကနေ ဒီနေ့အထိ PDF တဦးအပါအဝင် ပြည်သူ ၄၀ ဟာ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရကြောင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄၊
မတ်လ ၂၁ ရက်နေ့အထိ ၃နှစ်ကျော်အတွင်း သေဆုံးခဲ့ရသူပေါင်း ၄,၇၅၉ ဦး ရှိနေပြီလို့ ဖော်ပြထားပါတယ်။

Mar 20 ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို လေလံဆွဲ ဝယ်မယ့်သူ မရှိတာကြောင့်
မအောင်မြင်ဘဲ ရပ်နားခဲ့ရပါတယ်။ ခြံအမှတ် ၅၄ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး
ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်သူ အားလုံးကို အရေးယူသွားမယ်လို့ NUG သမ္မတရုံးက သတိပေးပြောဆိုထားပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဆေးဝါးပြတ်တောက်မှု မြင့်တက်လာနေပြီး အသက်သေဆုံးမှုတွေပါ ရှိလာနေကြောင်း
ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ လွတ်လပ်စွာ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက စစ်ကောင်စီက
ပိတ်ပင်ထားပြီး ၂၀၂၃၊ နိုဝင်ဘာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့နယ်တိုင်းကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားမှုကြောင့် ပိုခက်ခဲနေပါတယ်။

Mar 19 ။ မြန်မာပြည်တွင်းက မြို့နယ်များစွာမှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို စစ်ကောင်စီက စာရင်းကောက်ယူတာ၊ မဲနှိုက်ခိုင်းတာတွေ
လုပ်လာတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်များစွာဟာ ပြည်ပနိုင်ငံတွေဆီ ရတဲ့နည်းလမ်းနဲ့ ထွက်ခွာနေကြပါတယ်။ ဒီလအတွင်းမှာပဲ ပြည်ပထွက်ခွာသူတွေ
အရင်ကထက် ၄ ဆလောက် ပိုများလာကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာပြည်ကနေ ပြည်ပကို အေဂျင်စီတွေက စေလွှတ်တဲ့ လုပ်သားဦးရေ ၁၇၀,၀၀၀ နီးပါးရှိကြောင်း စစ်ကောင်စီရဲ့
အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။ တရားဝင် ပြည်ပထွက်ခွာသူ တိုးမြင့်လာပြီး တရားမဝင် ထွက်ခွာသူတွေလည်း များပြားနေပါတယ်။

Mar 18 ။ ဒေါင်းနေထောင်လို့ အသိများတဲ့ မကွေးဗဟိုအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားနဲ့ အခြားအကျဥ်းသားတွေကို
ဝက်ကျွေးတဲ့ဆန်တွေ ချက်ကျွေးနေတာကြောင့် အခက်အခဲ ကြုံနေကြောင်း နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ မကွေးအကျဥ်းထောင်မှာ
NLD လက်ထက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ နိုင်ငံရေးအကျဥ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား ၁,၉၀၀ ဝန်းကျင်ရှိပါတယ်။

ယခုနှစ် ကျင်းပမယ့် မန္တလေးသင်္ကြန်ကို ၂၀၁၅ ခုနှစ် အရှေ့ပိုင်းကလို DJ မဏ္ဍပ် များစွာနဲ့ ကျုံးဘေးပတ်လည်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်
ပေးသွားမယ်လို့ သိရပါတယ်။ ယခင် NLD အစိုးရလက်ထက်မှာ မန္တလေးမြို့တော်ဝန်က DJ မဏ္ဍပ်တွေကို ယဥ်ကျေးမှုနဲ့ မလျော်ညီတာကြောင့် အခွန်အခတွေ
တိုးကောက်တင်းကျပ်ခဲ့ပြီး တနိုင်တပိုင်မိသားစုမဏ္ဍပ်တွေကို အများအပြားပြုလုပ်ကာ ရိုးရာ မိသားစုသင်္ကြန်ကို ဖန်တီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု မတ် ၁၁ ရက်ကနေ ယနေ့ထိ
စုစုပေါင်း ၃၇ ယောက်နဲ့ ဒဏ်ရာရသူ ၇၀ ကျော်ထိ ရှိလာပြီလို့ ရခိုင်ဒေသတွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Mar 17 ၊၊ ရန်ကုန်မြို့က ခရီးသွားအေဂျင်စီတွေ၊ ကားလက်မှတ်အရောင်းဌာနတွေမှာ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁/ မျဥ်းစောင်း
မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ခရီးသွားလာခွင့် မပြုဖို့ သတိပေးစာ ပေးတာတွေ ရှိကြောင်း ကားလက်မှတ်အရောင်းဌာနတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ
တကျော့ပြန်တိုက်ပွဲတွေ စဖြစ်ပွားချိန်ကစပြီး ရခိုင်ပြည်တွင်း မြို့နယ်တိုင်းကို စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပြီး ကုန်စည်းစီးဆင်းမှုလည်း
ဖြတ်တောက်ထားပါတယ်။

ဧရာဝတီတိုင်းမှာ ဆောင်းသီးနှံနဲ့ နွေစပါးတွေ စတင်စိုက် ပျိုးနေချိန်မှာ စက်သုံးဆီဈေးနှုန်း ပြန်မြင့်တက်လာတဲ့အတွက် တောင်သူတွေ
အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Mar 16 ။ အွန်လိုင်း ဆက်သွယ်ရေးကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်တဲ့
လုပ်ငန်းတွေ မှတ်ပုံတင်ဖို့၊ မလွှင့်ခင် စိစစ်ရေးအဖွဲ့ကို တင်ပြဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ကာ တင်းကျပ်လိုက်ပါတယ်။
အွန်လိုင်းကွန်ရက်တွေမှာ ထုတ်လွှင့်ပြသဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှာ လုပ်ငန်းမှတ်ပုံတင်ရမှာဖြစ်ပြီး မှန်ပုံတင်ကြေး ၁နှစ်စာ ၂သိန်းပေးသွင်းရမယ်လို့
ကြေညာထားပါတယ်။

ရန်ကုန်၊ အင်းစိန် ဗဟိုအကျဉ်းထောင်ထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၃) ၊ ၅၄(က)၊ ၅၂(က)၊ ၁၉(စ) တို့နဲ့ အမိန့်ချမှတ်ခံ ထားရတဲ့
နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ခြေချင်းဒေါက်တပ်ပြီး အလုပ်ကြမ်း လုပ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီက
ပြောပါတယ်။

Mar 15 ။ မတ်လအတွင်း နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ ကုမ္ပဏီ ၉ ခုကို ဗဟိုဘဏ် ထုတ်ပြန်ထားချက်တွေ မလိုက်နာတာကြောင့်ဆိုပြီး
လိုင်စင်ဖျက်သိမ်းမှု အပါအဝင် အရေးယူဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၃ စက်တင်ဘာတုန်းကလည်း
နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုကို စကစ လက်အောက်ခံ မြန်မာဗဟိုဘဏ်က လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။

မြန်မာပြည်က ကလေးငယ် ၆သန်း အပါအဝင် လူပေါင်း ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ
ပေးနိုင်ဖို့ US ဒေါ်လာ ၂၀၈.၃ သန်း လိုအပ်ပြီး ဖေဖော်ဝါရီလကုန်အထိ ၁၇ သန်းခွဲပဲ ရထားတယ်လို့ ဆိုပါတယ်။

Mar 14 ။ ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်နဲ့ ချင်းမိုင်နဲ့ ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းရှိရာ ဖူးကတ်မြို့တွေမှာ မြန်မာနိုင်ငံသားတွေ
ကွန်ဒိုတိုက်ခန်း အဝယ်များလာကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ထိုင်းတောင်ပိုင်း ဖူးကတ်ကမ်းခြေမှာတော့ မြန်မာက ချမ်းသာသူ
လုပ်ငန်းရှင်တွေ၊ ခရိုနီတွေ၊ သူဌေးတွေဟာ ဘတ် သန်း ၄၀ အထက် ရေကူးကန်ပါ (Pool Villa) လို အိမ်ကြီးတွေ၊ သီးသန့်ဆန်တဲ့ နေရာထိုင်ခင်းတွေကို ပိုပြီး
ဝယ်ယူကြပါတယ်။


စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းမတစ်လျှောက် ရွာတချို့မှာ
စစ်မှုထမ်းဥပဒေသတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူအဖြစ် မြို့နယ်ထွေအုပ်ရုံးထံ လာရောက်ပြီး မှတ်ပုံတင်စာရင်းသွင်းဖို့
ဆင့်ခေါ်စာတွေ ပို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း မတ်လဆန်းပိုင်းက စပြီး စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစာရင်းတွေ
လိုက်လံကောက်ယူနေပါတယ်။

ချိုင်းနားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရုံးဖွင့်ဖို့ ကမ်းလှမ်းချက်ရှိမရှိဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ထုတ်ဖော်ပြောဆိုလို့ မရသေးတဲ့
ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

Mar 13 ။ ရခိုင်ပြည်နယ်တွင်း IDP ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာဖိနှိပ်၊ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး
တပ်သားသစ်တွေအဖြစ် စတင် စစ်သင်တန်းတွေပေးနေတာဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား အန္တရာယ်ကြီးမားကြောင်း NUG လူ့အခွင့်အရေး ဒုဝန်ကြီးက
ပြောပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မော်တင်စွန်းကမ်းခြေအနီးမှာ မနေ့က ပင်လယ်ပျော်လင်းပိုင် ၁၅ ကောင် ငါးဖမ်းပိုက်နဲ့ ဖမ်းဆီးရမိပြီး ပင်လယ်အတွင်း
ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

Mar 12 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ပညာရေးကို သပိတ်မှောက်ကြသူတွေရှိခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ တက္ကသိုလ်တက်ရောက်သူ
ကိုးဆယ်ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း အာဏာမသိမ်းခင် ၂၀၁၉-၂၀ နဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၂-၂၄ ခုနှစ် စာရင်းတွေအရ နှိုင်းယှဉ်တွေ့ရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဆိုတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်ဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂၈,၀၀၀ ကျော်သာရှိပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ် ပြည်နယ်အစိုးရက
ပြန်ပို့ဖို့စီစဥ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံကြောင်း ပြန်ပို့ခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Mar 11 ။ ရခိုင်ပြည်နယ် ရမ်းဗြဲ တမြို့လုံးကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ရယူလိုက်ပြီလို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ မြို့သိမ်းတိုက်ပွဲကို
၂ဝ၂၃ ဒီဇင်ဘာ လလယ်ပိုင်းက စခဲ့တာဖြစ်ပြီး ၈၅ ရက်အကြာမှာ တမြို့လုံး သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ချိုင်းနား-မြန်မာ အကျိုးစီးပွားကို ခြိမ်းခြောက်နေတာဟာ အာဏာသိမ်း စစ်ကောင်စီသာဖြစ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားကာကွယ်တဲ့ ပြည်သူ့အစိုးရဖြစ်လာရေးကို
ချိုင်းနားအနေနဲ့ ပံ့ပိုးကူညီဖို့ NUG အစိုးရက တိုက်တွန်းလိုက်ပါတယ်။

Mar 10 ။ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြန်မာပြည်တဝန်း မြို့နယ်ပေါင်း ၁၅၄ မြို့နယ်မှာ လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှု မြင့်မားလာခဲ့ကြောင်း
ISP Myanmar အဖွဲ့က ပြောပါတယ်။ ဒီကာလတွေအတွင်း အနည်းဆုံး တကြိမ်နဲ့အထက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်အရေအတွက်
၂၂၈ မြို့နယ်ရှိလာပြီး ဒါဟာ နိုင်ငံအနှံ့မြို့နယ် စုစုပေါင်းရဲ့ ၆၉ % ဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက် ၅ရက်ကြာ တိုက်ပွဲအတွင်း လိုင်ဇာဋ္ဌာနချုပ် အနီးဝန်းကျင် အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၂၀လောက်ကို
သိမ်းယူနိုင်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA ကကြေညာပါတယ်။ ဖားကန့်မြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တပ်စခန်းတချို့ကိုလည်း သိမ်းယူနိုင်ခဲ့တာ
ဖြစ်ပါတယ်။

Mar 09 ။ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ ဦးရေဟာ ၇၅,၀၀၀ နီးပါးရှိပြီး ယခင်ထက်
၂ဆခန့် ပိုများလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် သင်္ကြန်ပွဲမှာ ရန်ကုန်က မြို့တော်ဝန်မဏ္ဍပ်ကို အစဥ်အလာမပျက် ဆောက်လုပ်သွားမှာဖြစ်တဲ့အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ
ဆောက်လုပ်ဖို့ ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

Mar 08 ။ ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်းခိုးယူမှု အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်တဲ့တရားခံတွေကိုလည်း
ဖမ်းမမိခဲ့ဘူးလို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်အာဏာသိမ်ပြီးနောက် ဧရာဝတီတိုင်းမှာ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုကြာမြင့်လာတာကြောင့် အထည်ချုပ်လုပ်ငန်းတွေအပါအဝင် အသေးစားနဲ့
အလတ်စားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

Mar 07 ။ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲကာလ တလကျော်အတွင်း အရပ်သားသေဆုံးသူ ၅၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ ဝန်းကျင်ရှိနေပြီး ထိခိုက်သေဆုံးသူတွေဟာ
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ
တသိန်းခန့် ရှိနေပြီး သူတို့အတွက် ထိရောက်တဲ့အကူအညီတွေ မရကြဘူးလို့လည်း ပြောပါတယ်။ အရပ်သားထိခိုက်မှုအရေအတွက်တွေ၊ စစ်ရှောင်အရေအတွက်တွေကို
စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်သူ နည်းပါးလာလို့ အထမ်းသမားတွေနဲ့ စျေးရောင်းချသူတွေ စားဝတ်နေရေး
အခက်အခဲဖြစ်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Mar 06 ။ နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ချိုင်းနားနိုင်ငံသား အပါအဝင် နိုင်ငံခြားသားပေါင်း ငါးသောင်းကျော်ကို ခြောက်လအတွင်းမှာ ပြန်လွှဲပြောင်းပေးခဲ့ကြောင်း
စစ်ကောင်စီက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေရှိတဲ့ အိမ်ကို ဦးစားပေးပြီး လူဦးရေစာရင်း ကောက်ယူနေကြောင်း
ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

Mar 05 ။ စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းကြီးမြင့်လာပြီး စိုက်ပျိုးရေးဆေးတွေ၊ မြေသြဇာတွေကို စျေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရတာကြောင့်
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်‌အသီးသီးမှာ တောင်သူတွေဟာ အရင်းအနှီးများစွာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရကြောင်း
ကုန်စိမ်းသီးနှံစိုက်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ထိ လက်နက်ကြီးကျတဲ့အပြင် လူတွေထွက်ပြေးတိမ်းရှောင်တာတွေ များလာသလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေလည်း
ပျက်စီးလာပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေပိုဆိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး
UNOCHA က သတင်းထုတ်ပါတယ်။

Mar 04 ။ အရပ်သားအစိုးရလက်ထက်မှာ ဖြေလျှော့ခဲ့တဲ့ ဆင်ဆာစိစစ်ဖြတ်တောက်ခွင့်ကို စစ်ကောင်စီက ပြန်ပြီး အသက်သွင်းလိုက်ပြီး စကစ ပြန်ကြားရေးဝန်ကြီးဌာန
ဖွဲ့စည်းထားတဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တေးသီချင်း၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ မြန်မာပြည်မှာ ထုတ်လုပ်ဖြန့်ချိခွင့် မရှိတော့ပါဘူး။ ခွင့်ပြုချက်မရှိဘဲ ဖြန့်ချိမယ်ဆိုရင်
ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူတွေနဲ့ ပါဝင်သရုပ်ဆောင်သူတွေကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာပါ။ စစ်ကောင်စီဟာ သတင်းဌာန ၁၅ ခုနဲ့
စာပေပုံနှိပ်တိုက်တချို့ကို ပိတ်သိမ်းထားသလို လျှပ်စစ်မီးပုံမှန်မရကြောင်း ဖေ့စ်ဘွတ်ခ်ကနေ ဝေဖန်တာကြောင့် ဟစ်ဟော့ အဆိုတော် ဗျူဟာကို ထောင်ဒဏ် အနှစ် ၂ဝ
ချမှတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန်-သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ စစ်အာဏာသိမ်းပြီး
၃နှစ်ကျော်လာချိန်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ကျော်လာပြီဖြစ်ပါတယ်။

Mar 03 ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်က ဒေသခံ ၁သိန်းဝန်းကျင်
ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေဘိုမြို့နယ်မှာ လူဦးရေ ၂သိန်းကျော် နေထိုင်ပြီး မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း
ခလရ(၄၀)နဲ့ (၄၂) အခြေစိုက်ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခများ၊ ငွေကြေးဖောင်းပွမှုများ ကြုံနေရတဲ့ မြန်မာပြည်မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၁၈.၆ သန်း ရှိနေပြီး လုံခြုံရေးပျက်ပြားမှုတွေ၊
အရပ်သားပြည်သူ လုံခြုံရေးနဲ့ အကာအကွယ် ရရေး ခြိမ်းခြောက်မှုတွေအပြင် ငွေကြေးဖောင်းပွမှု မြင့်မားလာနေရာက စားဝတ်နေရေး အခြေခံလိုအပ်ချက် ပြည့်မီဖို့ အခက်ကြုံနေရကြောင်း
ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။

Mar 02 ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဧရာထွန်းရပ်ကွက်နဲ့ သာယာကုန်းရပ်ကွက်အတွင်းက နေအိမ် သုံးထောင်ခန့်ကို ကျူးကျော်လို့စွပ်စွဲ ဖိအားပေးဖယ်ရှားခိုင်းပြီးနောက်
စစ်ကောင်စီထောက်ခံသူတွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက အကွက်ရိုက်ပြီး ပြန်ရောင်းချနေကြောင်း ဒေသခံတွေက ပြောပါတယ်။ အလျားပေ ၃၀ အနံပေ ၄၀
မြေကွက် ၁ကွက်ကို ကျပ်ငွေ သိန်း၂ထောင်နီးပါးနဲ့ ပြန်လည်ရောင်းချနေတာလို့ သိရပါတယ်။

နိုင်ငံတဝန်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ကျားမ တန်းတူညီမျှရေး ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေကို နှစ်စဉ် US နိုင်ငံခြားရေးဌာနက ရွေးချယ်ပြီး
ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိဆုရှင် ၁၂ ဦးထဲမှာ မြန်မာပြည်က ရှေ့နေ ဒေါ်မဉ္ဇူဝင်း ပါဝင်ပါတယ်။

Mar 01 ။ ပဲခူးရိုးမထဲက ကျွန်းသစ်တွေဟာ တရက်ကို ကုန်ကားအစီးရေ ၁၀၀ ကျော်လောက် ခုတ်လှဲခံနေရကြောင်း ပဲခူးတိုင်းထဲက ဒေသခံတွေက ပြောပါတယ်။
သစ်ခိုးထုတ်သူတွေဟာ ကားကြီး၊ ကားငယ်တွေနဲ့ နေ့တိုင်းသယ်ယူနေပြီး မြဝတီနယ်စပ်ကတဆင့် ပြည်ပကိုရောင်းချနေရာ မြန်မာပြည်မှာ သဘာ၀ အရင်းအမြစ်တွေ
အလွန်အကျွံ သုံးနေတာကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အန္တရာယ် ရှိကြောင်း ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ရွှေ၊ ကျောက်စိမ်း၊ သစ်နဲ့ မြေရှားသတ္တု စတဲ့
သယံဇာတတွေ အလွန်အကျွံ ထုတ်ယူသုံးစွဲနေတာကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ကြုံရလိမ့်မယ်လို့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက သတိပေးနေပါတယ်။

မြန်မာစစ်တပ်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းတာဟာ မြန်မာပြည်နဲ့ အာဆီယံဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူဆောင်ရွက်ဖို့အတွက် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ခုက အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့
တိကျတဲ့ အရေးယူဆောင်ရွက်တာတွေ အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေပြီး လုပ်ပိုင်ခွင့်၊ တာဝန်ရှိမှုနဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့
တောင်းဆိုထားတာပါ။

Feb 29 ။ ရန်ကုန်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြား ရခိုင်လူမျိုးတွေကို လေကြောင်းကရော ကားလမ်းကပါ နေရပ်ပြန်ခွင့်မပြုတော့ဘဲ စစ်ကောင်စီတပ်က
ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်လူငယ်တွေထံက သိရပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ်က ထွက်ပြေးလာသူ၊ လက်နက်ချသူ နှစ်သောင်းလောက် ရှိကြောင်းနဲ့
ဒီထက်လည်း ပိုနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်တွေက နယ်မြေ ၆၀ % နဲ့
၇၀ % နီးပါး ထိန်းချုပ်လာနိုင်ပြီး လာမယ့်လပိုင်းတွေမှာ စစ်ကောင်စီကို ပိုပြီး ဖိအားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

Feb 28 ။ စစ်ကောင်စီတပ်မှာ စစ်မှုမထမ်းချင်တာကြောင့် မြန်မာပြည်ဒေသအနှံ့က လူငယ်လူရွယ်တွေ လွတ်မြောက်နယ်မြေတွေဘက် ထွက်ပြေးခိုလှုံနေပြီး ကရင်နီပြည်နယ်ကတော့
ကြိုဆိုလက်ခံ နေရာချမှုတွေ ပြင်ဆင်နေပါတယ်။

ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက် အိမ်၊ ခြံမြေ အရောင်းအဝယ် ကျဆင်းပြီး ပုဂ္ဂလိကဆောက်လုပ်ရေလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတဲ့အတွက်
လုပ်သား သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်
ဈေးကွက်မှာလည်း ၂၀၂၁ ကနေ လက်ရှိ ၂၀၂၄ နှစ်စပိုင်းအထိ အရောင်းဝယ် ၇၀ % လောက်ထိ ကျဆင်းနေဆဲကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

Feb 27 ။ ကျောက်စိမ်းတူးတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေများစွာ ရနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော်ကို KIA ရော၊ စစ်ကောင်စီကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး
၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပိုပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ KIA တို့ကြား ၂၀၂၄ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၅ ခါလောက်
ဖြစ်ခဲ့ပြီး ဖားကန့်က စခန်း ၂ခု အပါအဝင် စခန်းပေါင်း ၁၀ ခု သိမ်းနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကမ္ဘာ့ကျောက်စိမ်း ၇၀ % ဟာ ကချင်ပြည်နယ် ဖားကန့်ဒေသက
ထွက်တာဖြစ်ပြီး၊ ချိုင်းနိစ်တွေ အကြိုက်ဆုံးဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်နဲ့ သာယာ၀တီခရိုင်တွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အဖမ်းခံရသူတွေထဲက ၃၀ ကျော်လောက်ဟာ စစ်ကြောရေးတွေမှာ အသတ်ခံလိုက်ပြီး
မိသားစုတွေကို သေဆုံးသွားကြောင်းလောက်ပဲ အကြောင်းကြားကာ အလောင်းတွေကို ပြန်မပေးဘူးလို့ ကာယကံရှင် မိသားစုအသိုက်အဝန်းက ပြောပါတယ်။

Feb 26 ။ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို မတ်လအတွင်း ထုတ်ဝေမယ့်သတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြောပါတယ်။
၂၀၂၃ ၊ ဇူလိုင် ၂၃ ရက်နေ့ကတော့ မာရဝိဇယရုပ်ပွားတော် ပြီးစီးတဲ့ အထိမ်းအမှတ်၊ စစ်ကောင်စီရဲ့ ဆင်ဖြူတော် မွေးဖွားခြင်း တနှစ်ပြည့်အထိမ်းအမှတ်နဲ့ နှစ်သောင်းတန်ငွေစက္ကူကို
၂၀၂၃ ဇူလိုင် ၃၁ ရက်ကစ အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေ တိုက်ခိုက်နေတာ ၃ လခန့် ကြာမြင့်လာချိန်မှာ မြို့ရဲ့ ၆၀ % ခန့်ကို
သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသက ကြေညာပါတယ်။

Feb 25 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က
ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ မြန်မာပြည် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာချိန်မှာ ဒီမိုကရေစီရေးနဲ့ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာအတွက် ကြိုးပမ်းမှုတွေကြောင့်
ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တာဖြစ်ကြောင်း ဥရောပနဲ့ နိုင်ငံတကာက သံတမန်ရေး လုပ်ငန်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ Diplomacy in Ireland – European Diplomat အဖွဲ့က
ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃၊ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲ ၃လအတွင်း စစ်ဘေးဒုက္ခသည် (၂၆၈,၇၃၁) ရှိလာတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့
လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမစခင်က စစ်ဘေးဒုက္ခသည် (၆၂,၃၃၂ ဦး)
ရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း(၃၃၁,၀၆၇ ဦး) ရှိလာပြီလို့ ဆိုပါတယ်။

Feb 24 ။ ကရင်တိုင်းရင်းသား များစွာနေထိုင်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ
ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရကြတဲ့အပြင်၊ အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက
ပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေထွက်လာပြီးနောက်ပိုင်း အရွယ်ရောက်ပြီး လူငယ်များစွာက အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာဖို့
ကြိုးစားလာကြရာ ဒီသီတင်းပတ်ထဲ ဘုရားသုံးဆူဘက်ကနေ ထိုင်းနယ်စပ် ဖြတ်ကျော်ဝင်ရောက်သူ အရေအတွက် ၅ ဆ လောက်များလာပြီး တရားဝင်လမ်းကြောင်းကရော၊
တရားမဝင် မှောင်ခိုလမ်းကြောင်းကပါ ထွက်ခွါသူတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Feb 23 ။ စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်ကနေ အမြန်ထွက်ချင်တဲ့သူတွေ ၂ဆခန့် များလာလို့ အလုပ်သမားတွေကို သေချာစိစစ်ပြီး လက်ခံနေရကြောင်း
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီတွေက ပြောပါတယ်။ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးမယ်လို့ စစ်ကောင်စီက
ကြေညာပြီးတဲ့နောက် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးတာတွေ ပိုရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Feb 22 ။ မြန်မာပြည်မှာ အရွယ်ရောက်သူတွေ စစ်မှုထမ်းဖို့ အမိန့်ကြောင့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အရပ်သားတွေကို အကာအကွယ်ပေးနိုင်အောင်
နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းထားတဲ့မြို့ ၇ ခုကို ၂၀၂၅ နှစ်သစ်မှာ
လူထုဆန္ဒကိုအခြေခံတဲ့ လူထုအုပ်ချုပ်မှု အစိုးရပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ TNLA နှစ်ပတ်လည်အစည်းအဝေးကနေ သတင်းထုတ်ပါတယ်။

Feb 21 ။ စစ်အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ခံရမှုပေါင်း ၈၂ ခုအထိ ရှိခဲ့ကြောင်း သုတေသနအဖွဲ့ Data for Myanmar ရဲ့
စစ်တမ်းအရ သိရပါတယ်။ ရွှေဆိုင် လုယက်ခံရမှု ၅၇ ခု၊ ဘဏ်အဆောက်အအုံထဲ ဝင်‌ရောက်လုယက်ခံရမှု ၂၅ ခု ရှိခဲ့တာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပြစ်တင်ဝေဖန်လို့ ဖမ်းဆီးခံရတဲ့သူ ၂နှစ်အတွင်း ၁၄၈၀ ထက်မနည်း ရှိခဲ့ကြောင်း
Data for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာပြည်ဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဒုတိယအဆိုးရွားဆုံး နိုင်ငံဖြစ်နေကြောင်း
US အခြေစိုက် Freedom House အဖွဲ့က ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၇ သိန်းနီးပါးရှိလာပြီဖြစ်ပြီး အဲ့ဒီထဲက ၂၄ သိန်းဟာ အာဏာသိမ်းပြီးနောက်
ထွက်ပြေးတိမ်းရှောင်နေရသူတွေလို့ UNOCHA က ဖော်ပြပါတယ်။

Feb 20 ။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူခွင့်ရှိပေမဲ့ လတ်တလောမှာတော့ အမျိုးသမီးတွေကို ခေါ်ယူမယ့် အစီအစဉ် မရှိသေးဘူးလို့
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၁၉ သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူ ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသား
၆သန်းကျော်နဲ့ အမျိုးသမီး ၇သန်း နီးပါး ရှိပါတယ်။

မြန်မာပြည် စစ်အာဏာသိမ်း ၃ နှစ်ကျော်အကြာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက်
၄,၅၆၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၁၄၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပါတယ်။

ရေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်ယူရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ
ဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးက လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ တဝက်ကိုတောင် ပြည့်မီအောင်
မဖြည့်ဆည်းပေးနိုင်သေးကြောင်း ၂၀၂၃ ဩဂုတ်လတုန်းက ဝန်ခံဖူးပါတယ်။