(1)ရှေးကဗျာများထဲမှ တောသူတောင်သားများရဲ့ဘဝ(ဝန်ကြီးပဒေသရာဇာ)

(1)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဝန်ကြီးပဒေသရာဇာ)

“ဝန်ကြီးပဒေသရာဇာ” ကိုအင်းဝမြို့မှာမွေးဖွားတယ်လို့သိရပါတယ်။
စနေမင်းလက်ထက်(1060)ပါတ်ဝန်းကျင်တွင် ဘုရင့်အမူ့တော်ထမ်းဆောင်ရင်း ကဗျာလင်္ကာများကို ရေးစပ်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။
1076ခုနှစ် တွင်ထီးနန်းစိုးစံသော မှန်နန်းရှင်ခေါ်စနေမင်းလက်ထက်တွင်လည်းအမူထမ်းရင်း
ကဗျာလင်္ကာများကိုစပ်ဆိုကာ ဘုရင့်ထံသို့ဆက်သွင်းခဲ့ပါတယ်။
ပထမဦးစွာ “လက်ျာရွှေတောင် “ဘွဲ့အမည်ကို အပ်နှင်းခံရပြီး မန်ကျီးတုံရွာကို အပိုင်စားရခဲ့ပါတယ်။
1095ခုနှစ်မှာနန်းတက်တဲ့ “ဟံသာဝတီရောက်မင်း” လက်ထက်မှာတော့ “မင်းရဲမင်းလှကျော်ထင် “ဘွဲ့
နဲ့အတူ လွှတ်တော်ဝန်ကြီးအဖြစ်ထိ ရာထူးတိုးတက်ပေးခဲ့ပြန်ပါတယ်။
နောက်ပိုင်းတွင် သာမန်လူတန်းစားများတွင်အမြင့်ဆုံးဟုဆိုနိုင်သော “ဘုရင်ငယ်တစ်ဆူ” ဆိုသော
အဓိပ္ပါယ်သက်ရောက်သော “ ပဒေသရာဇာ “ဟူသောဘွဲ့ ကိုအပ်နှင်းခြင်းခံခဲ့ရပြန်ပါတယ်။
ကံကြမ္မာနိမ့်ပါးချိန်ကျရောက်တဲ့အခါမှာတော့ 1113ခုနှစ်အရောက်မှာ မွန်ဘုရင်က အင်းဝကိုစစ်နိုင်သော
အခါ အင်းဝဘုရင်နှင့် ဝန်ကြီးပဒေသရာဇာအပါအဝင် သားသမီးဆွေးမျိုးညာတိတို့ကို ဖမ်းဆီးခေါ်ဆောင်
လာရာသံလျှင်ခေါ် တညင်မြို့ မှ ကျိုက်ခေါက်စေတီအနီးတွင် မောပန်းခြင်းဒဏ်ကြောင့် လူကြီးရောဂါဖြင့်
ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ အသက်(80)အရွယ်ဖြစ်ပါတယ်။
ဝန်ကြီးပဒေသရာဇာရဲ့ ကျန်ရှိသောရုပ်ကလပ်ကို ကျိုက်ခေါက်ဘုရားတောင်ကုန်းမြောက်ဘက်မျက်နှာမှာ
အရုးိဂူအဖြစ်တည်ထားခဲ့ပါတယ်။
ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သောပျို့ကဗျာမြောက်မြားစွာရှိခဲ့ပါတယ်။ဒီအထဲကမှ နန်းတွင်းမှာအမြဲခစားသူ
ဝန်ကြီးတစ်ပါးဖြစ်ပေမယ့် သာမန်လူတန်းစားတို့ရဲ့ဘဝကို ဖွဲ့ဆိုခဲ့တဲ့ကဗျာလေးကို ရွေးချယ်ပြီးတင်ပြပေးလိုက်
ပါတယ်။

“လယ်သမား”
ဝဿန်ကာလ မိုးကျတည့်လျှင်၊
ပျော်ပျော်ပါးပါး မယားနှင့်ဆွေငယ်လင်၊
လက်တွဲငယ်ခြငင် ကိုယ်တွင်အဝတ်
ပုဆိုးအင်္ကျီစုတ်ပြဲပြီ ချည်ဗောင်းနီတွတ်တွတ်ကယ်နှင့်လေး။

မိုးရေစွတ်လို့ အဝတ်ကယ်မပါ
သားသမီးကို ကိုယ်ထီးပွေ့လို့သာ
ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင်
ထွန်ရေးငင်သည်
ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။

ဖားပေါင်စင်းငယ် ခြင်းပလိုင်းဝယ်
ခရုပီလော ရောနှော၍သာလွယ်။
ဟင်းရွက်ကယ်နုနယ် တသွယ်ကန်စွန်း
ဆူးပုပ်ကယ်ကင်းပုံအလုံးစုံ
ဖူးငုံသာရောပြွန်းသည်နှင့်လေး။

ချိုလည်းချိုလွန်း ရည်ရွှမ်းများစွာ
ကြံ့ဟင်းကြွက်နားပေါင်းသောင်းပြောင်းရော၍သာ
အိမ်သို့ရောက်သောခါ လျင်စွာချက်ပြုတ်
ထမင်းကပူ ဟင်းကပူ
ရှူရှူသာရှမ်းငရုတ်ကယ်နှင့်လေး။

အလုပ်ကယ်ဧရာသာ ငုံ့ကာလွေးတော့သည်။
သားမြေးငယ်မာချာ ဘယ်ညာထွေးတော့သည်။

“ထန်းတက်သမား”

နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ။
ဓါးနှီးထက်စွာ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်လွယ်က တက်သည်နှင့်လေး။

ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ် နုမျစ်ကယ် ထန်းဦးရေ
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ချောက်သောခါ
ပတတ်ယုန်ခါ တောမှာရှိကြ
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ မနေထွက်လာကြသည်တည့်လေး။

ဝမ်းသာအားရ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်းသောင်းပြောင်း ရော၍လွယ်။
လင်ကတသွယ် ယုံငယ်ကစ
တောသတ္တသါတွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ချသည်နှင့်လေး။

သို့နှင့်ရောက်က ခဏအောင့်လျှင်
တံစို့ထက်ကယ်နှင့် ထန်းလျက်ဖိုှမှာကင်။
ဟင်းအိုးဆူလျှင်အကင်ခတ်ပြီး
အိုးခင်းနှင့်လှော် ရေနှင့်ကြော်
မိုးမျှော် ငရုတ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ
သမီးနှင့်သားများလို့မဝင်သာ
ဒူးတဖက်ဟာတွန်းကာဖယ်လျှက်
သူထက်ငါလေ စားတော့မည်စေ
စားပေသာလှ အုံးခွက်ကယ်နှင့်လေး။

ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။

ဝန်ကြီးပဒေသရာဇာကို အချို့က မင်းပဒေသရာဇာဟုလည်းခေါ်ဆိုကြပါတယ်။
အထက်ဖော်ပြပါ လယ်သမားဖွဲ့နှင့်ထန်းတက်သမားဖွဲ့မှာ နှစ်ပုဒ်စလုံးရေးစပ်ပုံဆင်တူပါသည်။
ရွတ်ဆို၍လည်းအသံသာကာ အနက်အဓိပ္ပါယ်မှာလည်းလွယ်ကူရှင်းလင်းရုံသာကဘဲ
မျက်စေ့ထဲမှာပင်မြင်ယောင်လာသလိုခံစားရလောက်အောင်ရေးဖွဲ့မူ့အားကောင်းလှပါတယ်။
ထန်းတက်သမား ကဗျာကို မြန်မာသံအဆိုတော် ကိုမင်းနောင်က သီချင်းအဖြစ်သီဆိုဘူးသလို
လယ်သမား သီချင်းမှ “ပျော်ပျော်ပါးပါးမယားနှင့်ဆွေငယ်လင်” ဆိုသောစာသားလေးဖြင့်လည်း
သီချင်းတပုဒ်တွင်ကြားဘူးသလိုရှိပါတယ်။
အဆိုတော်ကလည်း ကိုမင်းနောင် ဘဲသီဆိုထားတယ်လို့ ထင်ပါတယ်။
ဝန်ကြီးပဒေသရာဇာသည် နတ်ချင်းများဖြစ်သော “ပန်းဘဲမောင်တင့်တယ်”
“ရွှေဖျဉ်းညီနောင်” တို့အကြောင်းကိုလည်းစပ်ဆိုခဲ့ဘူးသလို ဆင်ဖမ်းသမားအကြောင်းကိုလည်းဖွဲ့ဆိုထားတာကို
တွေ့ရပါတယ်။
ညောင်ရမ်းခေတ်လို့သတ်မှတ်ခဲ့တဲ့(900-1095)အတွင်းမှာ ထင်ရှားခဲ့တဲ့ ဝန်ကြီးပဒေသရာဇာနောက်မှာ
ဦးဆောင်း ဦးကြီးတို့ကလည်း သာမန်တောသူတောင်သားများဘဝကို ကဗျာလင်္ကာများနဲ့ ဖွဲ့ဆိုထားတာကို
တွေ့ရပါတယ်။
ကျွန်တော်အမြင်အရပြောရရင်တော့ ပဒေသရာဇာရဲ့ ကဗျာများက ပိုမိုရှင်းလင်းပြီးသရုပ်ပါတယ်လို့ထင်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် (ရှေးကဗျားများကို ပြန်လည်ကူးယူဖော်ပြခြင်း)

35 comments

  • manawphyulay

    February 8, 2011 at 1:55 pm

    ပါတ်ဝန်းကျင် = ပတ်ဝန်းကျင်
    အဓိပ္ပါယ် = အဓိပ္ပာယ်
    သံလျှင် = သန်လျင် ဟီး အမြင်မတော်လို့နော်……
    တစ်ဆက်တည်း ဝန်ကြီးပဒေသရာဇာ အုတ်ဂူပုံကော ဘယ်မှာလဲ ပါဘူးလား။

  • fatty

    February 8, 2011 at 2:07 pm

    အဲဒီကဗျာလေးထဲက ပြီးလျှင်ရေမရှာခွေးသာကျွေးတော့သည် ဆိုတာလေးတွေ့တော့ သူငယ်ချင်းတယောက်အဖြစ်ကလေးမှတ်မိလို့ ..။ ၁၉၇၅ ခုနှစ်ကျနော်တို့ ၁ဝ တန်းအောင်တော့ မောင်တင်ဆိုတဲ့သူငယ်ချင်းက နွမ်းပါးလို့ အလုပ်ရှာလုပ်ရပါတယ်။ အညာကရွာတရွာမှာကျောင်းဆရာသွားလုပ်တယ်။
    မနေနိုင်ဘဲပြန်ပြေးလာရပါတယ်။ သူပြောတာက ငါဆင်းရဲပါတယ်ကွာတဲ့ ဘယ်အလုပ်မျိုးမဆိုလုပ်နိုင်တယ်တဲ့။ အခုဟာက ထမင်း စားပြီးအိုးတွေခွက်တွေကို မဆေးဘူးမောင် .. ခွေးတွေကိုရက်ခိုင်းတယ်တဲ့ ..။ အဲဒီတုန်းက ကျနော်တို့သိပ်မယုံကြဘူး။ နောက်ဒီကဗျာလေးကိုဖတ်မိတဲ့အရွယ်မှာမှ .. ဟ .. တကယ်ပါလားလို့သိရတယ်။
    အခုလောက်ဆိုရင်တော့ အခြေအနေတွေပြောင်းလောက်ကောင်းပါရဲ့။ စစ်ကိုင်းတိုင်းထဲကရွာလေးတရွာပါ။

  • fatty

    February 8, 2011 at 2:13 pm

    စာရေးတဲ့သူကမန်းလေးကဗျ။ ဓါတ်ပုံရှိချင်မှရှိမှာပေါ့ အော်ဒါနဲ့ .. မန်းလေး = မန ္တလေးနော်
    တော်ကြာ သတ်ပုံပြင်ခံနေရမှာစိုးလို့ ဆရာမရေ့။

    • bigcat

      February 9, 2011 at 2:13 am

      မှားသေးသဗျ။ သတ်ပုံအပြင်ခံနေရ (အမှန်) = သတ်ပုံပြင်ခံနေရ (အမှား)

  • eros

    February 8, 2011 at 2:18 pm

    အသည်သားတွေအကြောင်းရေတဲ့ကဗျာတွေ အရမ်းကြိုက်တယ်။ ရာသီဥတု တောတောင်အောကာင်းရေးထားတဲ့ ကဗျာတွေလုပ်ပါဦး ဦးပေါက်။

  • manawphyulay

    February 8, 2011 at 2:26 pm

    ဟုတ်ကဲ့ပါ မြင်ဖူးချင်လို့ တောင်းမိတာပါရှင်။ ဓါတ်ပုံမဟုတ်ပါ ဓာတ်ပုံသည် စာလုံးပေါင်းအမှန်ဖြစ်ပါသည်။ 😛

    • eros

      February 8, 2011 at 2:41 pm

      အုတ်ဂူက အခုထိရှိသေးတယ်။

  • fatty

    February 8, 2011 at 2:57 pm

    မဆလခေတ် သတ်ပုံစာအုပ်ကို ကျနော်တို့အတည်မယူပါ။

  • weiwei

    February 8, 2011 at 3:03 pm

    ဒီကဗျာတွေဖတ်မိတော့ အထက်တန်းကျောင်းသားဘဝကို သတိရသွားတယ် … ကျွန်မတို့ခေတ်က ကဗျာတွေကို အလွတ်ကျက်ခဲ့ရတယ် ..

    သန်လျင် ကျိုက်ခေါက်ဘုရားနားက ဝန်ကြီး ပဒေသရာဇာ အုတ်ဂူကို ပြန်ဖော်ပြီး အုတ်ဂူထဲမှာ ဌာပနာထားတာတွေကို ပြထားတဲ့ ပြခန်းလေးတစ်ခု ရှိတယ် … တပို့တွဲလ ကျိုက်ခေါက်ဘုရားပွဲတော်ကို သွားရင်း စိတ်ဝင်စားရင် သွားကြည့်လို့ရတယ် …

  • kopauk mandalay

    February 8, 2011 at 3:50 pm

    အခုခေတ်မှာတော့ ရေက အရင်လောက်မရှားတော့ပါဘူး။
    နေရာတိုင်းမှာ ရေတွင်းတွေတူးထားပေးတော့ အဆင်ပြေကြပါတယ်။
    2005ခုနှစ် မှာ ကျောက်ပန်းတောင်းဘက်သွားတဲ့လမ်း က ထန်းတောတွေနားမှာကားပျက်ရော။
    ကားက ရေတိုင်ကီကရေဆူတော့ရေလိုက်ရှာတာ ဘယ်မှာမှမရဘူး။
    ထန်းလျှက်ချက်တဲ့ တဲတွေ့တော့ ရေတောင်းတာ နည်းနည်းတော့ပေးတယ်။
    ဒါပေမယ်မယ့် သူတို့ ရေထည့်ထားတဲ့ ရေအိုးကိုမြင်တော့ ကားထဲကိုရေယူပြီးမထည့်ရက်တော့ဘူးဖြစ်သွားတယ်။
    ရေနီနီ နည်းနည်းလေးကျန်နေတာလေ။
    အဲတာက ဟိုအတော်ဝေးဝေးမှာသွားခပ်ရတာဆိုတာနဲ့ဘဲ သူတို့ဆီက ပုံးငှား ကိုယ်တိုင်သွားပြီးရေဆွဲခဲ့ရပါတယ်။
    တကယ်ရေရှားတဲ့အရပ်ပေ့ါ။

    အခုတော့အရင်နဲ့မတူလို့ ကျေးရွာဝါဒတွေပြောင်းကုန်လို့ တိုးတက်နေပြီလို့ထင်ရပါတယ်။

  • kai

    February 8, 2011 at 10:19 pm

    ကောင်းတယ်ဗျာ..။
    မြန်မာ့အကောင်းဆုံးတွေကို စာရင်းလုပ်တင်ပေးချင်နေတာ .. ကံကောင်းရင် ကိုပေါက် ဆောင်းပါးတွေထဲ ပါလာမှာပဲ..။
    ==========
    စာပေဝတ္တု၊
    ရတုကဗျာ၊
    ပျို ့အလင်္ကာနှင့်၊
    သာသည့်သီချင်း၊
    အဲစောင်းငြင်းနှင့်
    မကင်းမပြတ်၊
    ဖတ်ရွတ်လေ့ကျက်၊
    တီးမှုတ်လျှက်သာ၊
    နေကောင်းစွာ၊”

    ဝန်ကြီးပဒေသရာဇာ
    ===

  • nyimalay

    February 9, 2011 at 3:10 am

    ရွာထဲကလူတွေ ကိုမသိလို့မေးရအုံးမယ်……
    ပိစိကွေးက ကျွန်တော်၊ ကျွန်မ ကိုအမှန်လို့ထင်နေတာ…. ကျနော်၊ကျမက အမှန်လားဟင်…… 😛
    ဦးပေါက် ကဗျာတွေကိုပြန်ဖတ်တော့ ဆယ်တန်းတုန်းကဘဝကိုပြန်သတိရတယ်…… ဘဝမှာအပျော်ဆုံးအချိန်ကတော့ ဆယ်တန်းတုန်းက အချိန်ပဲ….. သူငယ်ချင်းတွေကိုလည်းသတိရတယ်…….
    ဦးပေါက်ကိုအားပေးနေပါတယ်…… 🙂

  • antimoe

    February 9, 2011 at 4:19 am

    ဟဲ့..မောင်မင်း …ဘယ်သူလဲ….
    ကျွန်တော်..ရွာစားငခိုင် ပါ..ဖရား။
    ကျွန်မ..ပိစိပါ…ဖရာ့။

  • photwenty

    February 9, 2011 at 4:45 am

    မဲဇာတောင်ခြေ ကဗျာ ကိုကောဘယ်သူရေးတာလဲသိရင်ပြောပြပေးကြပါခင်ဗျာ

    • nyimalay

      February 9, 2011 at 6:00 am

      လက်ဝဲသုန္ဒရအမတ်ကြီးရေးပါတယ်….. ပိစိကွေးတို့ 9 တန်းတုန်းကသင်ခဲ့ရပါတယ်………… 🙂

  • photwenty

    February 9, 2011 at 4:47 am

    တော်တော်လေးကိုအရေးကြီးလို.ပါ

  • photwenty

    February 9, 2011 at 4:52 am

    အဲ ရွှီးလိုက်အုံးမယ်
    အမှန်ကဒီလိုဗျ
    ဟိုးအရင်.အရင်တုန်းက
    အကျွှန်တော် အဲ.ဒီကမှ ကျွန်တော်
    ဒီကနေမှ ကျနော် ဖြစ်သွားတာ

  • bigcat

    February 9, 2011 at 4:52 am

    လက်ဝဲသုန္ဒရအမတ်ကြီး ဟုတ်ဖူးလား။ ထောင်ချောက်မဆင်နဲ့နော်။ လူတိုင်းသိထားတဲ့ဟာကို။ နအဖလက်ထက်မှာတော့ လက်ဝဲဆိုရင်ကွန်မြူနစ်၊ လက်ယာဆိုရင် အနောက်အားကိုးလို့ ကင်ပွန်းတပ်လေ့ရှိလို့ ဘေးရန်လွတ် ကြားနေသုန္ဒရအမတ်ကြီးလို့ ခေါ်ကြောင်းပါ။

    • nyimalay

      February 9, 2011 at 6:02 am

      ဟီးဟီး……… ဟုတ်ပါကြောင်း ဦးကြောင်ကြီးကို ထောက်ခံပါတယ်…….. ဒါနဲ့ဦးကြောင်ကြီး ထမင်းစားပြီးပြီလား……. 🙂

  • intro

    February 9, 2011 at 5:42 am

    အော်… ဒီပိုစ့် ဖတ်မိမှပဲ… ကိုယ့်ကိုယ်ကို မြန်မာစာ ချို့တဲ့မှန်း သိတော့တယ်… ငြင်းနေတဲ့စာလုံးတွေမှာ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားလဲ ဆိုတာ မသိဘူးဖြစ်နေတယ်…

  • manawphyulay

    February 9, 2011 at 6:01 am

    နှီးဒေါင်းလန်းနဲ့ ထမင်းစားတာတော့ အတော်သဘောကျတယ်။

  • photwenty

    February 9, 2011 at 7:03 am

    ကျေးဇူးပဲ ဦးကြောင်ကြီး
    ဒါနဲ. အခု အစိုးရက လက်ဝဲကောလက်ယာကော အားမကိုးတော. ဘာကိုအားကိုးလဲဟင်:P

    • bigcat

      February 9, 2011 at 7:12 am

      ယတြာပေါ့ကွယ်။

  • kai

    February 9, 2011 at 10:39 am

    နုစဉ်ကတော့ .. အလွတ်ကျက်ခဲ့ဖူးတာပေါ့ကွယ်..။
    အခုတော့ အလွမ်းပြေ..။
    ဦးယာရဲ့ … မင်းနန်ပျို ့လေးတော့ …ပြန်ဖတ်ချင်သား..။
    ရှာဦးမယ်..။
    =========
    မဲဇာတောင်ခြေရတု

    မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊
    ရွှေပြည်ကိုသာ၊ တရှာတော့မိ၊မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊
    အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊တည်ထားပြုသည်၊
    ဇမ္ဗူ ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊
    ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊
    လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊အလုံးစုံကို၊ အာရုံမျက်မြင်၊
    ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊
    ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာနဝေးသော်ကြောင့်။ ။

    သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်၊
    ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ဝေးမည်ထင်ခဲ့၊
    စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း ၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့် ၊
    တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊မမျှော်ပါရ၊ နေကိုတလည်း၊
    ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့ဩ၊
    ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊
    နေ့တိုင်းလွမ်းရှင့်၊ ကင်းစင့်တောင်က၊လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်၊
    လေပြည်လာက အေးသော်ကြောင့် ။ ။

    ပွဲခါညောင်ရေ၊သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
    တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊
    မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊
    ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊
    သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊သွန်းချပြန်သော်၊
    ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊
    ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊
    ရောက်လွယ်စေဟု၊စေ့ရေလှည့်လည်၊တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသော်ကြောင့်။ ။

    လက်ဝဲသုန္ဒရ

  • ဆူး

    February 9, 2011 at 12:09 pm

    ကဗျာလေးတွေက ၁ဝတန်း တုန်းက ထင်တာဘဲ။ နှီးဒေါင်းလန်း ရေ မလိုဘဲ ခွေးပေးလိုက်တာ မှတ်မှတ်ရရဘဲ.. ထို အချိန်က လူနေမှု ဘဝကို ဖော်ပြတာဘဲ။
    ဒီလိုလေး ရေးခဲ့တော့ နောင်လာ နောက်သားတွေ မျက်စိထဲ ပြေးမြင်မိကြတာပေါ့။

  • kopauk mandalay

    February 9, 2011 at 3:20 pm

    ကျနော်ရှေးကဗျာလေးတွေပြန်ရှာပြီး ရသလောက်တင်ပေးပါမယ်။
    ကိုခိုင်ရေ
    (ကင်းစင့်တောင်က)ဒါလေးကတော့ကိုခိုင်စာရိုက်တာလွဲသွားမယ်ထင်တယ်။
    ကင်းစမ်းတောင်လို့ ဖတ်ရဘူးပါတယ်။
    ဒီကင်းစမ်းတောင်ဆိုတာရဲ့အနက်ကို ရှေးကဆရာကြီးတွေအသဲအသန်ငြင်းခဲ့ကြဘူးလို့ မှတ်မိနေတာပါ။
    လက်ဝဲသုန္ဒရအမတ်က အဝေးရောက်မင်းလေ သူက ခဏခဏနယ်နှင်ခံရတာ။

    • kai

      February 9, 2011 at 5:31 pm

      အဟင်း..
      ကော်ပီ..ပေစ့်ထားတာ..။ ထောက်ပြတာကျေးဇူးနော..။
      စကားမစပ်..
      အပေါ်ကိုပေါက်တင်တဲ ကဗျာတွေအရဆိုရင်..ရှေးမြန်မာတွေ ..ဆီပြန်ဟင်းစားပုံမပေါ်ဘူး..ကောက်ချက်ဆွဲရမယ်..။

  • ဆူး

    February 9, 2011 at 3:47 pm

    မဲဇာတောင်ခြေ ဆိုတာ ဘယ်အရပ်လဲ.. အခု တိုင်းပြည်ရဲ့ ဘယ်နားများလဲ

  • weiwei

    February 9, 2011 at 4:04 pm

    မဲဇာတောဆိုတာ မြစ်ကြီးနားသွားတုန်းက ဖြတ်သွားဖူးတယ် ..
    ကောလင်းမြို့အလွန်နားမှာလို့ ထင်တာပဲ …

  • kopauk mandalay

    February 9, 2011 at 4:11 pm

    မဲဇာဆိုတာ မန်းလေးကနေ မြစ်ကြီးနားသွားတဲ့ရထားလမ်းဘေးက ရွာလေးတစ်ရွာပါ။
    သစ်ပင်တွေအုပ်ဆိုင်းပြီး တောင်အထပ်ထပ်နဲ့ အေးစိမ့်နေတဲ့ဒေသလို့ သတ်မှတ်ရင်ရပါတယ်။
    ကျွန်တော်က တော့ ကသာမြို့ကိုသွားရင်ဖြတ်သွားဘူးပါတယ်။
    အဲဒီရွာကို ဝင်တော့ မဝင်ဘူးပါဘူး။
    ရှေးတုံးက အဲဒီမဲဇာကို သွားမယ်ဆိုရင် စီးစရာယာဉ်လို့ မြင်း၊နွားလှည်း၊ဆင်ဆိုတာတွေဘဲရှိမယ်ဆိုတော့
    မန်းလေးက သွားရင်လေးငါးလ ကြာတယ်လို့ ဖတ်ရဘူးပါတယ်.။
    အခုခေတ်မှာတော့ အဲလောက် မခေါင်တော့ပါဘူး။
    အရောက်အပေါက်များကြပါပြီ။
    ပြည်နယ်အနေနဲ့ပြောရရင်တော့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပါမလား ကချင်ပြည်နယ်ထဲမှာပါမလားတော့ မသိဘူး။
    မဲဇာအရပ်က ပုရစ်ကြော်ရယ် ကောက်ညှင်းကျည်တောက် (ခ)ပေါင်းတင်းက တော့ နာမယ်ကြီးသလောက်စားလို့ကောင်းတယ်။

  • surmi

    May 4, 2013 at 12:06 pm

    ဪ …..ခုမှ ပြန်တွေ့တယ် …. ဒီပို ့မှာ ဓာတ်ပုံလေးထည့်လိုက်ရင် အိုကေပဲ
    ကိုပေါက်ရေ
    ဓါတ်ပုံ ထည် ့ပြီး ပြန်တင်ပါလားဗျ

  • ကဆာမိရေ
    ဒီဆောင်းပါးက ကြာလဲကြာခဲ့ပါပြီ။
    ဒီဆောင်းပါးရေးပြီးတော့ သံလျင်ကို နှစ်ကြိမ်ရောက်ပေမယ့် ပဒေသရာဇာရဲ့ဂူကို ရောက်ခွင့်မကြုံခဲ့ပါ.
    ရောက်အောင်သွားပါအုံးမယ်။

  • ရွှေ ကြည်

    May 4, 2013 at 6:56 pm

    အားပါး တန်ဖိုးရှိတဲ့ပို့စ်ပဲ သူကြီးကလည်းမဲဇာတောင်ခြေနဲ့အားဖြည့်ထားတယ်ရွှေကြည်အရမ်းကြိုက်ခဲ့တာ
    ကဗျာသင်ချိန်အပျော်ဆုံးပဲ၊ သိမ်းထားရမယ်။

Leave a Reply