အိမ်ဖော်ပွဲစားများ

gyinkalayApril 29, 20111min1182

ကျွန်မကိစ္စရှိလို့ မေမြို့ကနေရန်ကုန်ကို ရောက်လာပါတယ်၊
အရင်အခေါက်တွေတုန်းက ဟိုတယ်မှာသာ တည်းခိုဖြစ်ပေမဲ့ ဒီအခေါက်ကတော့
ရန်ကုန်ကအဒေါ်က တိုင်ပင်စရာ အကြောင်းကိစ္စရှိနေတာကြောင့် အဒေါ်အိမ်မှာ
သွားရောက်တည်းခိုဖြစ်ပါတယ်။ အဒေါ့်အိမ် ရောက်တာနဲ့ ရောက်ရောက်ခြင်း
ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ စိတ်မကောင်းစရာ အဖြစ်အပျက်နဲ့
တည့်တည့်တိုးပါတော့တယ်၊ ကျွန်မအဒေါ်အိမ်မှာ ကူဖော်လောင်ဖက်အဖြစ်
ကောင်မလေး၂ယောက် ခေါ်ထားပါတယ်၊ တစ်ယောက်က ၁၈နှစ် တစ်ယောက်က ၁၁နှစ်ပါ
ကျွန်မရောက်တဲ့ အချိန်မှာ ၁၈ နှစ်တစ်ယောက်က ပြန်သွားတာ ၃လလောက်ရှိနေပြီး
ကျန်ခဲ့တဲ့ ၁၁နှစ်အရွယ် ကောင်မလေးကို သူမ ကျွန်မအဒေါ်အိမ်က
ခိုးယူဖွက်ထားတဲ့ ပစ္စည်းတွေနဲ့အတူ တွေ့လိုက်ရတာပါပဲ ကျွန်မအဒေါ်တို့က
ပေါ့လျှော့ကြပါတယ် အိမ်ကကြီးမားပြီး ပစ္စည်းတွေကလည်း ပေါများတော့
ပျောက်နေလို့ ပျောက်နေမှန်းလည်း မသိကြပါဘူး၊ ဒီတစ်ခေါက် မိလိုက်တာကလည်း
အဒေါ်က သူ့မြေးအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ နံနက်ကတင် ပိုက်ဆံအိပ်ထဲ
ထည့်ထားလိုက်တဲ့ တစ်သိန်းအုပ်မှာ တစ်သောင်းထပ် ၁ဝထပ် ထပ်ထားတဲ့ အထဲက
တစ်ထပ် ပျောက်သွားတာရယ်၊ အိမ်မှာ အဒေါ်နဲ့ အဲဒီကောင်မလေး နှစ်ယောက်တည်းသာ
ရှိတာရယ်ကြောင့် သင်္ကာမကင်းဖြစ်မိတာကြောင့် ကောင်မလေးရဲ့ အဝတ်အစားထုပ်ကို
စစ်ဆေးကြည့်မိတာမှာ လက်ပတ်နာရီများကို ခိုးယူပြီး
တွယ်ချိတ်များနဲ့ချိတ်ကာ သူမရဲ့ အဝတ်အထည် ချုပ်ရိုးတွေမှာချိတ်တွယ်လို့
ခေါက်ကာဖွက်ထားတာ စုစုပေါင်း ၄လုံးပါ၊ ပိုက်ဆံများကိုလည်း
သေးသေးလေးဖြစ်အောင်ခေါက်ကာ အကျီချုပ်ရိုးတွေထဲ ထည့်သွင်း ဖွက်ထားပါတယ်။
တစ်ခြားတစ်ခြားသော သေးသေးမွှားမွှား တန်ဖိုးသိပ်မရှိတစ်ရှိ
ပစ္စည်းတော်တော်များများကိုလည်း သူမကျောပိုးအိပ်
ချုပ်ရိုးတွေပြေနေတဲ့နေရာကြားကေ

န လျှိုသွင်းဝှက်ထားတာပါ။ ဒီလောက်တောင်မှ
လက်ပူးလက်ကျပ် ငြင်းဆိုမရ မိနေသော်လည်း ကျွန်မအဒေါ်က မေးမြန်းတော့ သူမ
မယူရပါဘူးရယ်သာ တွင်တွင်ငြင်းဆိုနေတာပါ။ ကျွန်မအဒေါ်ကတော့ ဒီအရွယ်လေးနဲ့
ဒါမျိုး ခိုးတတ်ရပါ့မလားဆိုပြီး စိတ်ဆိုးလွန်းလို့ ရဲစခန်းပို့မယ်လို့သာ
ပြောနေတော့တာပါပဲ၊ ကျွန်မသဘောကတော့ မပို့စေချင်ပါဘူး ၁၁နှစ်ဆိုတဲ့အရွယ်ဟာ
ကျွန်မသမီးလေးတွေနဲ့ မတိမ်းမယိမ်း အရွယ်လေးပါ၊ သူတို့လေးတွေရဲ့
အနာဂတ်တွေဟာ အများကြီးမျှော်လင့်လို့ ရပါသေးတယ်။ ဒါကြောင့် ကျွန်မလည်း
သူမကို အဒေါ့်ရှေ့မှ ခေါ်ထုတ်သွားကာ ချော့မော့မေးမြန်းပါတယ်၊
စစမေးခြင်းမှာတော့ သူမက ဘူးကွယ်ငြင်းဆန် နေပါတယ် နေ့တစ်ဝက်လောက်ကြာအောင်
အချိန်ပေးပြီး ချော့မော့မေးမြန်းတော့မှ မှန်ရာကို် သူမ ပြောပြပါတယ်။
သူမလေးပြောပြတဲ့ အကြောင်းအရာတွေကို ကြားလိုက်ရတဲ့အချိန်မှာ
ရင်ထဲမှာမချိအောင် ခံစားလိုက်ရတာ သူမလေးလို ဘဝမျိုးနဲ့ နောက်ထပ်
ကလေးဘယ်နှစ်ယောက်များ ရှင်သန်ကြီးပြင်း နေပါသလဲ ဆိုတာကို တွေးမိတာနဲ့တင်
ရင်ထဲမှာနာကြင်နေပါတော့တယ်။

သူမက လက်ပန်တန်းမြို့နယ်အပိုင် ရေလျှံဆီတုန်းကျေးရွာကပါ
မိဘနှစ်ပါးသက်ရှိထင်ရှား ရှိနေပါသေးတယ် သို့သော်လည်း မိခင်ရော ဖခင်ပါ
နှစ်လုံးတိုက်ထီကို ဝါသနာပါတော့ ရှိသမျှကုန်တဲ့အပြင် ရှာသမျှဟာလည်း
မကျန်တော့တာမို့ ရွာမှာ ထမင်းတောင် နပ်မှန်မှန် အစားရတဲ့ဘဝမှာ
ရွာမှာနေလည်း စားစရာမရှိတဲ့အတူတူ ရန်ကုန်မြို့သွား အိမ်ဖော်လုပ်ရန်
ပွဲစားမိန်မများက ဆွယ်တော့ လခလည်းရ မစားရမှာလည်း မပူရတဲ့ဘဝကို အားကျလို့
ပွဲစားမိန်းမများနဲ့ ရန်ကုန်ကိုလိုက်လာခဲ့ကြောင်း၊
ရန်ကုန်ရောက်ရောက်ခြင်းမှာ ပန်းဆိုးတန်းလို့ ပြောဆိုသံကြားတဲ့နေရာက
အိမ်တစ်အိမ်မှာ ခဏနေထိုင်ရကြောင်း နေထိုင်စဉ်အတွင်း အိမ်မှုကိစ္စ
လုပ်နည်းကိုင်နည်းတွေအပြင် သတိမမူတတ်တဲ့ ပစ္စည်း အသေးအမွှားလေးများနှင့်
ပိုက်ဆံအတိုအထွာလေးများ ခိုးနည်းဝှက်နည်းများကို သင်ကြားပေးကြောင်း
မတတ်မခြင်းအရိုက်အနှက်ခံ သင်ကြားရတဲ့အပြင် သူမလေးတို့ကို နေ့စဉ်ရက်ဆက်
အလွက်ရွတ်နိုင်သည်အထိ ပြောပြနေတဲ့ အကြောင်းအရာတွေကတော့ ခိုးရာဝှက်ရာတွင်
တန်ဖိုးကြီးမားတဲ့ ပစည်းများကို မခိုးယူရ တန်ဖိုးအတန်အသင့်
ရှိပြီးအိမ်ရှင်များ မေ့မေ့ပျောက်ပျောက်ထားတတ်သော ပစည်းများကိုသာ
ခိုးယူရမည်၊ ပိုက်ဆံများ ခိုးယူရာတွင်လည်း တစ်ကြိမ်တည်း များများမခိုးရပဲ
တစ်ကြိမ် နည်းနည်းနှင့် ခဏခဏခိုးယူရမည်၊ ခိုးယူခြင်းကို
လူမိသွားလျှင်သော်လည်း မိမိမယူကြောင်းကိုသာ ငြင်းဆိုရန် မည်သည့်သက်သေမှ
မရှိသောကြောင့် မည်သို့မျှမလုပ်နိုင်ကြောင်း (သူမပြောတာ
ဒီနေရာလည်းရောက်တော့ ကျွန်မကိုမဝံ့မရဲလေး မေးပါတယ် “သက်သေဆိုတာဘာလဲ” တဲ့
) အိမ်ရှင်များက မည်သည့်နည်းနှင့်မဆို ရဲလက်ကို အပ်မည်မဟုတ်ကြောင်း
မြို့မှအိမ်ရှင်များမှာ ရဲစခန်းနှင့် သွားရောက်ပတ်သက်ပါက အလုပ်ရှုပ်သည်ဟု
ယူဆတတ်ကာ အဆိုးရွားဆုံးအခြေအနေမှာ အရိုက်ခံရရုံမျှသာ ဖြစ်သောကြောင့်
ကြောက်ရန်မလိုကြောင်း တို့ပါပဲ။ သူမလေးတို့ကို ပွဲစားမိန်းမက သူမလေးတို့
အလုပ်လုပ်ရမည့် အိမ်ကိုခေါ်မသွားခင်မှာ ပွဲစားက တစ်လခွဲလောက် တစ်ကြိမ်
ပြန်လာမှာ ဖြစ်ကြောင်း ပွဲစားမိန်းမပြန်လာရာတွင် သူမတို့နေထိုင်ရာ
အိမ်ရှင်နှင့် အဆင်ပြေလျှင် ခိုးယူရရှိထားသည့် ပစ္စည်းနှင့်
ပိုက်ဆံများကို ပွဲစားမိန်းမနှင့် ပေးလိုက်ရန် အဆင်မပြေပါက ရွာမှ
အမေနှင့်အဖေ နေမကောင်း ဖြစ်နေသောကြောင့် ပြန်ကြည့်ချင်သည်ဟု
အကြောင်းပြချင်ပေးကာ ခိုးယူထားသည့် ပစ္စည်းနှင့်အတူ ပြန်လည်ခေါ်ဆောင်သွားကာ
နောက်ထပ်အိမ်တစ်အိမ်ကို ထပ်မံပို့ဆောင်ပေးမှာဖြစ်ကြောင်း ပြောဆိုပြီးမှ
သူမနှင့်အတူ သူမတို့အရွယ် နောက်ထပ်ကောင်မလေး ၃ယောက်တို့ကို သူမတို့
အလုပ်လုပ်ရန်အိမ်သို့ ပို့ဆောင်ပေးသွားတာ ဖြစ်ကြောင်း
ငိုယိုကာပြောပြပါတယ်။ ပြောအပြီးမှာ ရှိုက်သံနဲ့ ကျွန်မကို မေးပါတယ် “အန်တီ
သမီးကိုရိုက်မှာလားဟင်” တဲ့ ။

ကျွန်မရင်တစ်ခုလုံး ရေခဲရိုက်ခံထားရသလို ထုံကြင်နေပါတယ်၊ ကျွန်မတို့
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံပါ ဒီလို စဉ်းစားဆင်ခြင်တတ်တဲ့
အသိညဏ်မရှိ အရာရာကို မသိနားမလည်သေးတဲ့ ကလေးသူငယ်လေးတွေကို ငါးပါးသီလထဲက
သူတစ်ပါးပစ္စည်း မခိုးမဝှက်တတ်အောင် သွန်သင်ပေးရမည့်အစား သူတစ်ပါး
ပစည်းခိုးတတ်ဝှက်တတ်အောင် လက်ထပ်သင်ကြားပေးနေတဲ့ သူတွေကို လက်မခံနိုင်တဲ့
နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ခုဖြစ်သွားတဲ့ ကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်း
သင့်သလဲဆိုတာ ကျွန်မ မစဉ်းစား မဆုံးဖြတ်နိုင်ပါဘူး ရဲလက်ကို
အပ်လိုက်ရင်လည်း သူမလေးရဲ့ အနာဂတ်နဲ့ နောက်ဖြတ်သန်းရမဲ့ ဘဝခရီးအတွက်
အမည်းစက်ကျန်နေမှာကိုလည်းမလိုလားပါဘူး၊ မပို့ပြန်ရင်လည်း ခိုးယူရန်
လက်ထပ်သင်ပေးထားတဲ့သူများ ပြောဆိုတဲ့အတိုင်း ရဲလက်ထဲသို့
မရောက်ရှိသည့်အတွက် နောက်တစ်ကြိမ် နောက်တစ်အိမ်မှာ လွယ်လင့်တစ်ကူ
ထပ်မံကျူးလွန်ဖို့ရာ အားပေးနေသည့်အလားပါပဲ၊ မြန်မာနိုင်ငံမှာ
သူမလေးတို့လို ဘဝမျိုးကို ဖြတ်သန်းနေရတဲ့သူ မည်မျှရှိနေနိုင်ပါသေးသလဲ
ကျွန်မတို့ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ရှိနေပါလားဆိုတာ
စိတ်မကောင်းခြင်းကြီးစွာဖြစ်မိပါတယ်။

သူမလေးတို့လို ကလေးတွေကို လက်သပ်မွေးမြူပြီး မကောင်းမှု ဒုစရိုက်တွေကို
လုပ်ဆောင်နေတဲ့ အိမ်ဖော်ပွဲစားတွေ ရှိနေပါပြီ ဘယ်အိမ်တွေမှာ
ဘယ်နှစ်ယောက်များ ရောက်ရှိလို့ ဘာပစ္စည်းတွေများ ခိုးယူခံနေရပြီလည်း
မသိသေးပါဘူး။ သူမလေးကို ခေါ်လာပေးတဲ့ ပွဲစားမိန်းမရဲ့ အမည်နဲ့ အတူတူ
လုပ်ကိုင်နေတဲ့ တစ်ခြားပွဲစား မိန်းမနှစ်ယောက်ရဲ့ အမည်ကိုတော့
သူမလေးပြောပြသွားပါတယ် သူတို့တွေကတော့ လက်ပန်တန်းမြို့အပိုင်က
မြင့်မြင့်စိန် မအေးစန်းနဲ့ မသန်းအေး တို့ပါပဲ သူတို့တွေကို သတိထားကြပါ
သူတို့ခေါ်လာပေးတဲ့ ကလေးမလေးတွေကို လက်မခံကြပါနဲ့လို့ပဲ အားလုံးကို
သတိပေးချင်ပါတာကြောင့် ဒီစာလေးကို Forward လုပ်ပေးရန်
အကူအညီတောင်းရခြင်းဖြစ်ပါတယ်။

ကျွန်မအဒေါ်အိမ်က ကောင်မလေးကို လက်ပန်တန်း မ.ယ.က ကိုဖုန်းဆက်ကာ
အကျိုးသင့်အကြောင်းသင့်ပြောပြပြီး သူမလေးမိဘတွေကို အရှာခိုင်းလိုက်ပြီး
မ.ယ.က လူကြီးတွေရှေ့မှာတင်ပဲ ဖြစ်ကြောင်းကုန်စင်ပြောပြလို့
ပြန်အပ်လိုက်ပြီး ဖြစ်ပါတယ်။

ကျွန်တော် Fwd>>>>Mail>>>>ဖြန့်ပေးတာပါ

 

2 comments

  • Ko Ko Aung

    April 29, 2011 at 3:31 pm

    အဲဒီလိုအဖြစ်တွေ ရေတောင်ရေနိုင်ပါ့မလားမသိ။ အိမ်အကူဆိုတဲ့ service ဟာ ကမ္ဘာ့နိုင်ငံ အားလုံးမှာရှိပြီး ကမ္ဘာ့လူသားတွေရဲ့ အခြေခံလိုအပ်ချက်လို ဖြစ်နေပါပြီ။ အဲဒါကိုအမှန်အတိုင်း အသိအမှတ်ပြုပြီး တရားဝင်အလုပ် တမျိုးအဖြစ် သတ်မှတ် ၊ အလုပ်ချိန် အလုပ်ရှင်ဝတ္တရား အလုပ်သမား တာဝန်တွေ အားရက် နားရက် ခွင့်ရက်တွေသတ်မှတ်ပေးသင့်ပါပြီ။ အဲဒါမှ ဂုဏ်ငယ် နိမ့်ကျ တဲ့ခိုးကြောင်ခိုးဝှက် အလုပ်မျိုးမဟုတ်တော့ပဲ တရာဝင် အလုပ်ရှာဖွေရေး အေဂျင်စီတွေကတဆင့် မှန်မှန်ကန်ကန် လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အဲသလိုဆိုရင် အိမ်ဖေါ်ပွဲစားဆိုးတွေ အိမ်ရှင်ဆိုးတွေ အိမ်ဖေါ်ဆိုးတွေ တစတစ ပပျောက်သွားပါလိမ့်မယ်။

  • cobra

    April 29, 2011 at 3:51 pm

    ဒီလိုအဖြစ်မျိုးတွေကကြားဖူးတာတွေကော
    မြင်ဖူးတာတွေကောတော်တော်များများရှိပါတယ်
    နောက်လည်းဒါမျိုးတွေထပ်ဖြစ်နေဦးမှာပါပဲ…။

Leave a Reply