အစာငတ်ခံဆန္ဒပြခြင်း – ခင်မမမျိုး

kaiNovember 1, 20111min2069

” ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး ”

ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)

(၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအဝင် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးအန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး၊ အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထု အကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဘက်ရန်သူရဲ့ ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။ အကြမ်းမဖက် တိုက်ပွဲနည်းနာ တခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြားဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အိုင်စီအာစီလို့ လူသိများကြတဲ့ International Committee of the Red Cross က Hern´an Reyes ဆိုသူက အစာငတ်ခံ ဆန္ဒပြခြင်းမှာ အစာဖြတ်တောက်ခြင်း၊ မိမိသဘောဆန္ဒဖြင့် ပြုလုပ်ခြင်းနဲ့ ရည်ရွယ်ချက် ဖော်ပြခြင်းဆိုတဲ့ အပိုင်း (၃) ပိုင်း ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အကျဉ်းထောင်မှာ အစားအစာ မစားသူများမှာ အစားအစာကို ငြင်းဆန်သူများ (food refuser)များ နဲ့ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများ (real hunger strikers) ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အစားအစာကို ငြင်းဆန်သူများမှာ အခြေအနေ အကြောင်းတစုံတရာကြောင့် ရုတ်ခြည်း ငြင်းဆန်သူများနဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်သူများဆိုပြီး နှစ်မျိုး ထပ်ကွဲပါတယ်။ အကျဉ်းထောင်ရဲ့ အစားအစာကြောင့်ဖြစ်စေ၊ ထောင်ဝန်ထမ်းဆက်ဆံရေးကြောင့် ဖြစ်စေ၊ တစုံတရာ စိတ်ရှုပ်ထွေးမှုများနဲ့ ဒေါသစိတ်ကြောင့်ဖြစ်စေ အစားအစာကို ရုတ်ခြည်းငြင်းဆန် လိုက်သူတွေ ရှိတတ်ပါတယ်။ ဒီလို အကျဉ်းသားတွေဆီမှာ ရည်ရွယ်ချက် တစုံတရာ မရှိတာကြောင့် ဆာလောင်မှုကြောင့်ဖြစ်စေ၊ အခြေအနေတခုကြောင့် ဖြစ်စေ အလွယ်တကူ အစာပြန်စားသွားလေ့ ရှိပါတယ်။

နောက်တမျိုးကတော့ ထောင်ထဲမှာ အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘဝကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။ ရောဂါဘယ ခံစားရသူများနဲ့ ဘဝမှာ မျှော်လင့်ချက်ပျောက်နေသူများမှာ ဒီလို ငြင်းဆန်မှုတွေ ရှိလာတတ်ပါတယ်။ ဒီလို အစားအစာကို ငြင်းဆန်သူများမှာ တစုံတရာ နိုင်ငံရေး ဖိအားကို အသုံးပြုမှု မရှိပါဘူး။ တချိန်တည်းမှာ အများအပြားရှိနိုင်ပေမယ့် တဦးချင်းသီးခြား ငြင်းဆန်မှုတွေ ဖြစ်ပါတယ်။ အာဏာပိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုသဏ္ဍာန်၊ တိုက်ပွဲသဏ္ဍာန် မပါဝင်ပါဘူး။ အုပ်စုဖွဲ့မှု မရှိပါဘူး။

အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာလဲ နောက်ဆုံးအဆင့် သေဆုံးဖို့အထိ ရည်ရွယ်သူများ ရှိသလို၊ တိုက်ပွဲရေချိန်ပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်သူများ ဆိုပြီး နှစ်မျိုးထပ် ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားမှုတွေ ရှိပေမယ့် အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားအခွင့်အရေး အပြည့်အဝ ရရှိရေး၊ နှိပ်စက်ညှဉ်းပမ်းမှုများ လျှော့ချရေး၊ အကျဉ်းထောင် မတရားမှုများ ဖော်ထုတ်ရေး စတာတွေကနေ နိုင်ငံရေးတောင်းဆိုချက်စသည်အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများဟာ တစုံတရာ နိုင်ငံရေး ဖိအားကို အုပ်စုလိုက် အသုံးပြုကြတာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြသူများဆိုင်ရာ ကြေငြာစာတမ်း (Declaration on Hunger Strikers – Declaration of Malta) မှာတော့ World Medical Association က အစာငတ်ခံဆန္ဒပြသူဆိုတာ အစာငတ်ခံ ဆန္ဒပြမယ်လို့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး၊ အစားအစာကို အချိန်အတိုင်းအတာတခုအထိ ငြင်းဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရ ကျန်းမာသူများလို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူများရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making capacity) ကို ဒီဖွင့်ဆိုချက်က အဓိက မီးမောင်းထိုးပြထားခဲ့ပါတယ်။


တုန့်ပြန်မှုများနှင့် ထည့်သွင်းစဉ်းစားလေ့ရှိသော အချက်အလက်များ

အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး၊ အစာငတ်ခံ ဆန္ဒပြမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တုန့်ပြန်မှုတွေက ရှုမြင်သုံးသပ်ပုံပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် အကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သုံးသပ်လေ့ရှိတဲ့ ရှုထောင့်တွေကတော့ အစာငတ်ခံ ဆန္ဒပြသူများဆီမှာ political expression ကို ဖော်ထုတ်ရန် အခွင့်အရေးရှိသလား ဆိုတာနဲ့ ပတ်သက်ပါတယ်။

ဒီမိုကရေစီ ထောင်တွေမှာတော့ ဒီအခွင့်အရေးကို အသိအမှတ်ပြုပြီး ညှိနှိုင်းမှုတွေ ရှိပေမယ့်၊ အာဏာရှင်နိုင်ငံတွေ မှာတော့ ဒီအခွင့်အရေးကို အသိအမှတ်မပြုပဲ အတင်းအကြပ် အစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက် တာတွေနဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိသလား၊ တရားဝင်မှု ရှိစေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တခါတရံမှာ အစာငတ်ခံ ဆန္ဒပြသူတွေဘက်က အဖျက်မူဝါဒတွေ ဖြစ်နေတတ်ပြီး၊ တခါတရံမှာတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြုရေးကို လုပ်ဆောင်နေသူများ ဖြစ်ပြီး၊ အာဏာပိုင်တွေက နိုင်ငံကို ဖျက်ဆီးနေသူများလဲ ဖြစ်နေတတ်ပြန်ပါတယ်။ အမှန်အမှားကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (legitimacy)၊ တရားဥပဒေစိုးမိုးရေး စတာတွေပေါ်မှာပဲ မူတည်ပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြသူများဟာ အသေခံဖို့အထိ ရည်ရွယ်ချက်ရှိမရှိနဲ့ အသေခံလိုက်တဲ့အခါ နိုင်ငံရေးအရ အခြေအနေ မည်၍ မည်မျှ ဖြစ်သွားနိုင်ခြင်း ရှိမရှိ ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုတွေမှာ အခြေအနေပြ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ တဦးချင်းအနေနဲ့လား၊ အုပ်စုအနေနဲ့လားဆိုတာကို အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲသဏ္ဍာန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အုပ်စုဖွဲ့သဏ္ဍာန်က ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေကို ပိုပြီး ထိထိမိမိ မီးမောင်းထိုးပြနိုင်ပြီး၊ credibility ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုပ်စုဖွဲ့ အစာငတ်ခံ ဆန္ဒပြခြင်း (collective hunger strikes) တွေကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ အာဏာပိုင် နှစ်ဘက်စလုံးက လေးလေးနက်နက် အာရုံစိုက်ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းမှာ ပါဝင်သူတွေရဲ့ လူမျိုး၊ ဘာသာ၊ အကျဉ်းချခြင်းခံရသော အမှု၊ အစာငတ်ခံဆန္ဒပြခြင်းကို အရေးယူမှု အခြေအနေ စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အစာငတ်ခံဆန္ဒပြခြင်းဟာ ဥပဒေရေးရာ မူဝါဒတွေကို သက်ရောက်မှု ရှိစေပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ စာနယ်ဇင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ဥပဒေရေးရာ မူဝါဒတွေရဲ့ strategic turning point ကို ဖြစ်ပွားစေပါတယ်။ ၁၉၈၁ ခုနှစ် အိုင်ယာလန် အစာငတ်ခံ ဆန္ဒပြပွဲမှာ ရီပတ်ပလီကန်ပါတီက ဘော်လီဆဲင်ဒ်ဟာ ခြောက်ဆယ့်ကိုးရက်တိတိ ဆန္ဒပြခဲ့ပြီး၊ အခြားရဲဘော် ကိုးယောက်နဲ့အတူ ကျဆုံးခဲ့ပါတယ်။ ဒီအရေးဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင် ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေကတော့ တဦးချင်းရေးရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ဆက်စပ်ပါတယ်။ အာဏာပိုင်တွေဘက်က တုန့်ပြန်မှုတွေမှာလဲ ဒီတဦးချင်းရေးရာ အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများ

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ရဲရဲတောက် သံဃာ့အာဇာနည်တပါးဖြစ်တဲ့ ဆရာတော် ဦးဝိစာရရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ သမိုင်းမော်ကွန်းတွင်ရစ်ခဲ့ပါတယ်။ ၁၉၂ရ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တုန်းက နယ်ချဲ့အစိုးရမှ ရာဇသတ်ပုဒ်မ (၁၂၄) (က) အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ သာယာဝတီထောင်မှာ မတရား ချုပ်နှောင်ထားစဉ်မှာ ဆရာတော်ဦးဝိစာရက သိမ်တခုခုမှာ ဥပုဒ်ပြုခွင့်တောင်းခဲ့ပါတယ်။ ငြင်းဆိုခံခဲ့ရတဲ့ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ရန်ကုန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး၊ ရက်ပေါင်း လေးဆယ်အထိ ရန်ကုန်ထောင်မှာ ဆက်လက်ဆန္ဒပြမှုကြောင့် နယ်ချဲ့အစိုးရ အာဏာပိုင်တွေက ဥပုဒ်ပြုခွင့် ပြုခဲ့ရပါတယ်။

အမှုစစ်ဆေးပြီး ထောင်ချခံခဲ့ရတာကြောင့် အင်းစိန်ရုံးကနေ ထောင်ဘူးဝပြန်အရောက်မှာ အာဏာပိုင်တွေက ထောင်ဝတ်စုံ နံငယ်ပိုင်းကို လဲလှယ်စေခဲ့ရာမှာလဲ သင်္ကန်းမှ လွဲ၍ မည်သည့်အဝတ်မှ မဝတ်နိုင်လို့ ဆိုခဲ့တာကြောင့် သင်္ကန်းဆွဲချွတ်ပြီး အဝတ်ဗလာနဲ့ တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၂ရ ခုနှစ်၊ မေလ (၈) ရက်နေ့မှာ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြစဉ်ကာလတွေမှာ နယ်ချဲ့လက်ပါးစေတွေက ရိုက်နှက်နှိပ်စက်ခြင်း၊ ကန်ကျောက်ခြင်း၊ စိတ်ရောဂါသည်များထားရှိရာထောင်သို့ ပို့ဆောင်ခြင်း၊ စိတ်ရောဂါသည်များနှင့် အတူထားရှိခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယ်ချဲ့အစိုးရ လက်လျှောက်ပြီး ဆရာတော်ကို သင်္ကန်းဝတ်ခွင့် ပြန်ပေးခဲ့ရပါတယ်။

မကြာခင်မှာပဲ သင်္ကန်းပြန်ချွတ်ပြန်တာကြောင့် ဆရာတော်က တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ထောင်တွင်းတိုက်ပွဲပြင်းထန်လာတာကြောင့် အိန္ဒိယထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ၁၉၂၉ မှာ ရန်ကုန်ထောင်သို့ ပြန်လည်ရောက်ရှိပြီး၊ ထောင်မှ လွတ်မြောက်ခဲ့ရာမှာ ထောင်မှလွတ်မြောက်ပြီး မကြာခင်မှာပဲ သုံးခွနယ်၊ ဖရုံကန်ရွာ တရားပွဲမှာ အစိုးရ အကြည်အညို ပျက်စေရန် ဟောပြောမှုနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဟန်းတော်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရာမှာ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြပြီး ထပ်မံ တောင်းဆိုခဲ့ပါတယ်။ အစာငတ်တ်ခံဆန္ဒပြရာမှ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့ ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ဆရာတော် ဦးဝိစာရ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်နောက်ဆုံးမိန့်ကြားခဲ့တဲ့ လိမ်မာရစ်ကြပါ ဆိုတဲ့ စကားလုံးဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်များထဲက ကိုးကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများဟာလဲ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သူရဲကောင်း စိတ်ဓာတ်တွေ မျိုးဆက်သစ် တော်လှန်ရေး သမားတွေဆီမှာ ပျံ့နှံ့လာအောင် စိတ်ဓာတ်အမွေပေးခဲ့ပါတယ်။ ကိုးကိုးကျွန်း တိုက်ပွဲများရဲ့ ပထမဦး ပွဲဦးထွက် ငါးပိတိုက်ပွဲမှာတုန်းက ထောင်အာဏာပိုင်များက ငါးပိပုပ်တွေကို ပေးပြီး၊ ပေးတာယူ-ကျွေးတာစား သဘောမျိုးနဲ့ တော်လှန်ရေးသမားတွေကို အကဲစမ်း အညွှန့်ချိုးခဲ့တာကြောင့် တော်လှန်ရေးသမားများကို အစာငတ်ခံ တိုက်ပွဲနဲ့ တုန့်ပြန်ခဲ့ရာမှာ အာဏာပိုင်တို့ လက်လျှော့ပေးခဲ့ရပါတယ်။

ရဲနီဦးတင်ငြိမ်း ကိုးကိုးကျွန်းမှာ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာခဲ့တဲ့ ကိုးကိုးကျွန်း ရက်လေးဆယ် တိုက်ပွဲကြီးဟာလဲ တောင်းဆိုချက် (၅) ရပ်နဲ့အတူ အာဏာပိုင်တွေကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီတောင်းဆိုချက် (၅) ရပ်ကတော့ ရဲနီတင်ငြိမ်း အလောင်း ပြည်မပြန်ပို့ပေးရေး၊ နာတာရှည်ရောဂါသည် (သို့မဟုတ်) ကျွန်းမှာ ကုလို့မရသော ရောဂါသည်များကို ပြည်မပြန်ပို့ပေးရေး၊ စည်သွတ်ဗူးအစား အသားစိုပေးရေး၊ တရားဝင်ထုတ်ဝေသော စာနယ်ဇင်းများ ဖတ်ခွင့်ရရှိရေးနဲ့ အိမ်နှင့် စာရေးဆက်သွယ်ခွင့်ရရှိရေး စတာတွေ ဖြစ်ပါတယ်။ ပထမတောင်းဆိုချက်ဖြစ်တဲ့ အလောင်းကိုတော့ အာဏာပိုင်များက အတင်းအဓမ္မလုယူပြီး သဂြိုလ်လိုက်ပါတယ်။ နောက်တောင်းဆိုချက် (၄) ချက်ကိုတော့ ရက်ပေါင်း (၄၀) အကြာမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပါတယ်။

နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့ (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးကတော့ တော်လှန်ရေးသမား တွေကို ကိုးကိုးကျွန်းကို ပို့ပြီး၊ ချုပ်နှောင်နှိပ်စက်ခြင်း အခြေခံဖြစ်တဲ့ ကိုယ်ထူကိုယ်ထ မူဝါဒကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးနဲ့ ပြည်မထောင်အခွင့်အရေးများ ကိုးကိုးကျွန်းမှာလဲ ရရှိရေး တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ အသက်ပေးခဲ့ကြသော ရဲဘော်များရဲ့ အလောင်းစင်တွေရှေ့က ပိုစတာတွေပေါ် ထောင်ခဲ့ကြတဲ့ သူတို့ပြောခဲ့တဲ့ စကားတွေမှာ သူတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို တော်လှန်ရေးလမ်းညွှန်သဖွယ် မီးမောင်းထိုးပြနေခဲ့ပါတယ်။

ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။ (ရဲဘော်သိန်းကြည်)

လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင်ထိုးရသလို၊ ရန်သူကိုတိုက်ရာမှာလည်း အငုတ်အမြစ် မကျန်အောင် တိုက်ရမယ်။ (ရဲဘော်အုန်းမော်)

ခိုင်မာတဲ့ သန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ မရှိဘူး။ (ရဲဘော်ချစ်ဆွေ)

ကျွန်တော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး။ (ရဲဘော်စိန်ချင်း)

ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ (ရဲဘော်လေးမောင်)

ပြည်သူ့သူရဲကောင်း ရဲဘော်ရှစ်ယောက် အသက်ပေးခဲ့ရတဲ့ ၅၃ရက် တိုက်ပွဲမှာလဲ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပါတယ်။


နိဂုံး

မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန် ရုပ်သေးအစိုးရ စတဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကို ဆန့်ကျင်အန်တုခဲ့ကြပါတယ်။ မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ ဆန့်ကျင်တော်လှန်သူဆိုတာ ရှိနေစမြဲပါပဲ။ ဒီလို တော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၆၊ ၂၀၁၁)

http://www.khinmamamyo.info/2011/10/blog-post_1448.html

ရည်ညွှန်းကိုးကား။ ။

ရန်ကုန်ပြည်သူများ (၂၀၀၈) သံဃာ့အာဇာနည် ဆရာတော်ဦးဝိစာရ၊ http://burmesepeople.blogspot.com

/2008_07_01_archive.html

ရဲဘော်ဖိုးသံချောင်း (၂၀၀၄) ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား၊ Study Desk Publication, India

BAUMAN, Z. (1992) Survival as social construct. Theory, Culture and Society. 9(1): 1-36.

SANDS, B. (1998) Writings from Prison. Dublin: Mercier Press.

Reyes, H. (1998) Medical and Ethical Aspects of Hunger Strikes in Custody and the Issue of Torture, in

Oehmichen, M., 19 MALTREATMENT AND TORTURE, RESEARCH IN LEGAL MEDICINE

World Med. Ass’n, Declaration on Hunger Strikers, Nov. 1991, rev. Oct. 2006, available at

www.wma.net/en/30publications/10policies/h31/index.html

Yuill, C. (2007) The Body As Weapon: Bobby Sands and the Republican Hunger Strikes, Sociological

Research Online, Volume 12, Issue 2

9 comments

  • blackchaw

    November 1, 2011 at 3:08 pm

    “အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘဝကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။”
    သေချင်တဲ့ ရည်ရွယ်ချက်ရှိလို့ ထလုပ်တာမျိုးကို ပြောတာလား သူကြီး။

    • kai

      November 2, 2011 at 2:51 pm

      အာရပ်စပရင်းကိုစသွားစေတာကတော့… ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေပစ်တာပဲ..။

      sparked by the first protests that occurred in Tunisia on 18 December 2010 following Mohamed Bouazizi’s self-immolation in protest of police corruption and ill treatment.

      ဒီလိုမျိုး.. ဗီယက်နမ်ကဘုန်းကြီးတပါး လုပ်ခဲ့တာဟာ..ကမ္ဘာအရမ်းကျော်တာပေါ့..။
      နောက်ပိုင်း…တိဗက်ဘုန်းကြီးတွေလည်း လုပ်တတ်တယ်..။

      အစာငတ်ခံဆန္ဒပြတာနဲ့.. သဘောတူတူလို့ထင်မိတယ်.။ မီးရှို ့တာက ပိုပြင်းထန်တာပေါ့..။
      သေချင်တဲ့ ရည်ရွယ်ချက်ရှိလို့ ထလုပ်တာမျိုးတွေပေါ့..

      အစာငတ်ခံဆန္ဒပြတာက.. အချိန်တခုကိုရင်းယူတယ်..။
      အာဏာပိုင်နဲ့.. ဆန္ဒပြသူဇွဲပြိုင်နေသလိုပဲ..။

      ၂ခုလုံးမှာ.. မီဒီယာရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးတယ် ထင်မိတယ်..။

      ကိုရင်ဘလက်ချော ကူးတင်လိုက်တဲ့ အပိုဒ်က… ဆူဆိုက်လုပ်တဲ့.. သူတွေရဲ့စိတ်သဘောမို့.. နိုင်ငံရေးဖိအားပေးတာတွေနဲ့မပါတ်သက်ဘူးထင်ပါတယ်..။
      စိတ်ကျရောဂါဖြစ်နေသူတွေလုပ်မှာပေါ့..။ 🙂

  • ba gyi

    November 1, 2011 at 4:15 pm

    အဓိပ္ပါယ်ဖွင့်ဆိုချက်၊လေးနက်စေတဲ့အကြောင်းအရာ၊ ဘောင်ဝင်/မဝင်၊ စသည်တို့ကို ဗဟုသုတပေးတဲ့အ
    တွက်၊ကျေးဇူး အော်လဘုမ်ပါခင်ဗျား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2011 at 6:45 pm

    အကယ်၍ တစ်စုံတစ်ယောက်သော်လည်းကောင်း အစုအဖွဲ့သော် လည်းကောင်း ဟာဆိုလျှင်ဖြင့်
    ခံယူချက်ကြောင်း အစာငတ်ခံဆန္ဒပြခဲ့မယ် ဆိုပါစို့
    အဲ့သည်အခါ သက်ဆိုင်ရာက မလိုက်လျှောတာ သို့ လျစ်လျှူရှု့တာတွေပြုထားမယ်
    အစာငတ်ခံသူတွေကလည်း လိုအပ်ချက်ကိုမရလို့ အသက်အသေခံပြီး ဘာမှမစားဘဲ
    အသေခံလိုက်မယ်
    ဆိုလိုတာက အကျဉ်းသားက အခွင့်ရေးတွက် အစာငတ်ခံဆန္ဒပြတယ်
    သက်ဆိုင်ရာက မလိုက်လျှောဘူး
    အကျဉ်းသားသေတယ်
    ဒီအခါ အခြား အင်္ဖွဲ့စည်း ပြည်နိုင်ငံ အစိုးရတွေက ဘာဝင်စွတ်ဖက်လို့ရနိုင်သလဲ
    ဥပမာ မြန်မာနိုင်ငံဆိုပါတော့
    အားလုံးသိတဲ့အတိုင်းဘဲ မြန်မာပြည်ရဲ့ သက်ဆိုင်ရာ အာဏာပိုင် သူတော်ကောင်း ဘုရားဒါယကာ
    ကျောင်းဒါယကာကြီးတွေက ဒါတွေကို ဂရုစိုက်သလားဆိုတာပါ
    အကယ်၍ အကျဉ်းသားတစ်ယောက် အစာငတ်ခံဆန္ဒပြလို့ သေသွားရင်သူတို့ကတော့
    သဗ္ဗေသတ္တာ လို့သဘောထားမှာ 😀
    ဒါ့ကြောင့် အစာငတ်ခံဆန္ဒပြလို့ အကျဉ်းသားသေသွားရင်
    ပြင်ပ အဖွဲ့စည်း တိုင်းနိုင်ငံတွေက ဘာလုပ်လို့ရနိုင်ပါသလဲ
    ကန့်ကွက်တာတို့ ရှုပ်ချတာလို့လောက်တော့ ဘဘက သနားဒယ်လို့ပြောမယ် ထင်တာဘဲ
    ဘာဘဲဖြစ်ဖြစ်ပါ ဒီအကြောင်းလေးကို သိခြင်နေတာ အတော်ဘဲ

  • maungmoenyo

    November 2, 2011 at 9:54 am

    အစာငတ်ခံဆန္ဒပြခြင်း ကိုသက်ဆိုင်ရာအာဏာပိုင် (အထူးသဖြင့် မြန်မာအာဏာပိုင်) တွေကဘယ်လိုတုံ့ပြန်မလဲ။ အမှန်တကယ်အားဖြင့် အစာငတ်ခံခြင်းသည် မိမိတောင်းဆိုလိုရာကိစ္စရဲ့ တကယ့်အရှိုက်ကိုထိစေတဲ့ကိစ္စမဟုတ်ပါဘူး။ အဓိက က ပြည်တွင်းနဲ့ ပြင်ပကမ္ဘာကြီးကဘယ်လောက်အတိုင်းအတာအထိသိသွားလဲ။ အဲ့ဒါက အဓိကဖြစ်စေပါတယ်။ ဆိုပါတော့ အတိုက်အခံဘဲပြောပြော၊ မိမိယုံကြည်ချက်နဲ့ ဆန့်ကျင်နေကြသူဘဲဆိုဆို၊ အစာငတ်ခံဆန္ဒပြရင်အာဏာပိုင်တွေ ပထမဆုံး ထိန်းချုပ်ရတဲ့ကိစ္စက သတင်းမပေါက်ကြားရေးပါဘဲ။ ဘေးပတ်ဝန်းကျင်အရပ်ထဲ၊ မြို့ထဲ၊ နိုင်ငံထဲဘယ်လောက်ပျံ့သွားသလဲ၊ အပေါ်ကဗိုလ်ချုပ်မင်းများအထိဘယ်လောက် သတင်းပေါက်ကြားသွားသလဲ။ အဲ့ဒါတွေက အဓိကဖြစ်ပါတယ်။
    အဲ့ဒီတော့ အစာငတ်ခံဆန္ဒပြပြီဆိုရင် ကိုယ့်ဖာသာ ကြိတ်လုပ်လို့မရပါဘူး။ declare လုပ်ဖို့ လူများများသိနိုင်ဘို့။ အဲ့ဒါအဓိကပါဘဲ။ များများသိလေ၊ အာဏာပိုင်တွေက လိုက်လျောရလေပါဘဲ။ မယုံမရှိကြပါနဲ့ဗျာတို့။ ဒီလိုသတင်းအုံကြွမှုဒါဏ်ကို အာဏာပိုင်တွေ ရင်မဆိုင်နိုင်ကြပါဘူး။
    သိတယ်မဟုတ်လား…စတုတ္ထမဏ္ဍိုင် ဆိုတာလေ….

  • AKKO

    November 2, 2011 at 2:41 pm

    ဆရာတော် ဦးဝိစာရ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့အချိန်ထိ အစာအငတ်ခံဆန္ဒပြသွားတာ ဘယ်လိုဇွဲနဲ့ များနေသလဲ ။ အံ့ဩလေးစာစရာကောင်းပါတယ် ။ ဒီပို့စ်ကိုဖတ်ပြီးတော့မှ အစာ အငတ်ခံ ဆန္ဒပြတဲ့အကြောင်း ဗဟုသုတရတော့တယ် ။
    တနည်းနဲ့တွေးလျှင် ဆန္ဒပြတယ်ဆိုတာက ခဏလေးလုပ်လို့ရတာမဟုတ်ဘူး ၊ ဆန္ဒပြသူဘက်က ဇွဲရှိရှိနဲ့ မိမိလိုချင်တာ တောင်းဆိုနေတဲ့အချိန် တစ်ဖက်ကလည်း ဇွဲရှိရှိနဲ့ တင်းခံနေနိုင်တယ်ဆိုတာတော့ ထည့်တွက်ထားရမယ် ။ ဆန္ဒစပြသူဘက်က မယိုင်မလဲစိတ်ဓါတ်မျိုးကတော့ ချီးကျူးစရာကောင်းတယ် ။

  • amatmin

    November 2, 2011 at 3:56 pm

    အစာငတ်ခံ ဆန္ဒပြတော့မယ်လို့ ကြေငြာခဲ့ရင်..အဲဒီသူရဲ့ ကျန်းမာရေး ကောင်းမွန်ကြံ့ခိုင် မှုကို.
    အရင်စစ်ဆေးတယ်ဆိုလား.ကြားဖူးသလားလို့.ကိုယ့်နိုင်ငံမှာတော့ မဟုတ်လောက်ဘူးထင်တယ်…

    ကိုယ့်အတွက်မပါပဲ..သေသည့်တိုင်အောင်..
    ထောင်ပိုင်တွေ အုပ်ထားနိုင်ရင်..လူသူမသိပြီးသွားနိုင်တဲ့…
    ကိုယ့်ခန္ဓာကိုယ် ရဲ့တောင်းဆိုမှုတွေကို..အကုန်ဆန့်ကျင်နိုင်ရမဲ့.
    နေရင်ခက်..သေရင်မြတ် တဲ့ လုပ်ဆောင်မှု..(သေမှနောက်လူတွေကောင်းမဲ့အရေး)လုပ်မယ့်လူတွေက.
    စိတ်ဓာတ်နဲ့ ယုံကြည်ချက် တကယ်ပြင်းတဲ့.တကယ့်လူတွေ မှလုပ်နိုင်မှာပဲဗျာ.
    ဒီလိုလူတွေ.ထောင်ထဲရောက်နေတာကိုက.ဝမ်းနည်းစရာပဲ..

    • maungmoenyo

      November 3, 2011 at 10:34 am

      ဆိုထားတဲ့အတိုင်းပါဘဲ…အစာငါတ်ခံဆန္ဒပြလို့သေတာ၊ ရောဂါရတာကအဓိကမဟုတ်ပါဘူး။ သေတာကိုကြိုက်တောင်ကြိုက်ပါသေးတယ် (အာဏာပိုင်တွေကနော်) အဓိကက အစာငတ်ခံလို့သေတာ၊ ကျန်းမာရေးချိုတဲ့ရတာတွေက သတင်းအဖြစ်တောမီးလောင်သလိုပျံ့သွားတာက အာဏာပိုင်တွေ ငယ်ထိပ်မြွေပေါက်စေတဲ့ ပြဿနာပါဘဲ။

  • etone

    November 3, 2011 at 4:36 pm

    အစာအငတ်ခံ ဆန္ဒပြဖို့ဆိုတာကတော့ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး … ။
    ကိုယ်ကသာ အဆာငတ်ခံနေတာ … လူမသိ သူမသိသေသွားလျှင် နှမျောစရာရယ် … ။ သတင်းမပေါက်လျှင် အလကား အသက်ပေးရသလိုဖြစ်တော့မယ် …. ထင်ပေါ်ကျော်ကြားမှုအတွက်မဟုတ်ပေမယ့်လည်း ကိုယ်ရည်ရွယ်ရာ ပန်းတိုင်မရောက်ဖြစ်ပဲ ကျောက်တုံးကို ဘဲဥနဲ့ပေါက်သလိုဖြစ်နေမှာလည်း စိုးတယ် .. 🙄
    အစာငတ်ခံဆန္ဒပြသူတွေကို လေးစားပါတယ် … ကိုယ်တွေဆို တနပ်စာလွတ်သွားလျှင်တောင် ကျွမ်းထိုးမှောက်ခုံဟပ်ထိုးလဲတော့မလို ဆာလောင်နေလွန်းတာလေ … 😀

Leave a Reply