ယနေ့ဖတ်စရာ မြန်မာ့သတင်းများ

အာဂMarch 29, 20121min683

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့

ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ သောင်းနဲ့ချီတဲ့ မကွေးမြို့ပြည်သူတွေ မနေ့တုန်းက မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့ကြကြောင်း သိရပါတယ်။

မနေ့ မနက်ပိုင်းက မကွေး မြသလွန်ဘုရား အင်္ဂါထောင့်မှာ ပြည်သူလူထုက ဝတ်ပြုဆုတောင်း မေတ္တာပို့ခဲ့ကြကြောင်း၊ နောက်ပိုင်းမှာ လူစုခွဲလိုက်ကြကြောင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။

အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂ရ ရက်၊ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်းတွင်းက မြို့နယ် ၄ မြို့နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပြီး မြိတ်မြို့ခရီးစဉ်မှာ ကျန်းမာရေး ချို့ယွင်းလာတာကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။

မကွေးမြို့နယ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြင့်သိန်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA

၈၈ မျိုးဆက်များ ၂၀၁၅ ရွေးကောက်ပွဲအတွက် အတွေ့အကြုံယူမည်

သတင်းနှင့် မီဒီယာကွန်ယက်. ၂ရ မတ်လ ၂၀၁၂ —- ယခု ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်းသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် အတွေ့ အကြုံ ယူခြင်းဖြစ်သည်ဟု (၈၈) မျိုးဆက်ကျောင်းသားများ ဦးဆောင် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးကွန်ယက် အဖွဲ့အမှုဆောင် ကိုကိုကြီးက ပြောသည်။

“သမိုင်းတစ်လျှောက်မှာ နိုင်ငံတော်က အင်မတန်ကြီးမားတဲ့ အခန်းကဏ္ဍမှာရှိပြီး နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍ ပျောက်ကွယ်သလောက်ဖြစ်နေတဲ့ အခြေအနေကနေပြီး အတိုင်းအတာတစ်ခုအထိ ပွင့်လင်းလာတဲ့ အချိန်မှာ နိုင်ငံသားတိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသမာမှုတွေ တွေ့လို့ရှိရင် ကျွန်တော်တို့ အဖွဲ့ကနေ တဆင့်ပြော နိုင်အောင်လို့ ဖွဲ့စည်းခဲ့တာပါ။”

ယခုဖွဲ့စည်းထားသည့် အဖွဲ့သည် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၁၅ ခုနှစ် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် အတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်သည်ဟုလည်း သူက ဆိုသည်။

“ရွေးကောက်ပွဲစောင့်ကြည့်ဖို့အတွက် နိုင်ငံတော်အစိုးရက ပြည်ပစောင့်ကြည့်သူတွေကို ခွင့်ပြုနေတဲ့ အချိန်မှာ နိုင်ငံသားတွေအနေနဲ့လည်း ရွေးကောက်ပွဲ အရည်အသွေးကို အကဲဖြတ်ဖို့တာဝန်ရှိတယ်လို့ ယုံကြည်တယ်။”

ထိုယုံကြည်ချက်ဖြင့် နိုင်ငံသားတိုင်း လုပ်ပိုင်ခွင့်ရှိသည့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခြင်း ဖြစ်ကြောင်း “ကျွန်တော်တို့နားလည်တာက လူမှုအဖွဲ့အစည်းတွေဆိုတာဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် စုပေါင်းဆောင်ရွက်တဲ့ သဘောပါဘဲ၊ ကျွန်တော်တို့က ကျွန်တော်တို့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်လို့ ကိုယ်ဟာကိုယ် သတ်မှတ်ပြီးလုပ်တာပါ။ တရားဝင်မှု မဝင်မှုဆိုတာထက် ဒါကျွန်တော်တို့ လုပ်သင့်တယ်။” ဟု ကိုကိုကြီးကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွင်း လေ့လာစုံစမ်းရန် အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယားနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ် ၂ ဦးစီကို လေ့လာခွင့်ပြုမည်ဟု အစိုးရက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှင့်အတူ သက်ဆိုင်ရာ နိုင်ငံများမှ သတင်းထောက် ၃ ဦးစီကိုလည်း လိုက်ပါခွင့်ပြုထားသည်။

ရွေးကောက်ပွဲကာလအတွင်း လေ့လာတွေ့ရှိချက်များအပြင် ပြည်တွင်းပြည်ပ မီဒီယာများမှ ထုတ်လွှင့်ထားသော သတင်းများအား ကိုကား၍ ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် မူကြမ်းအစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားရန် ရှိပြီး မကြာမီအချိန်အတွင်း အချောသတ် စီရင်ခံစာကိုလည်း ထုတ်ပြန်သွားမည်ဟု ကိုကိုကြီးကပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးကွန်ယက် အဖွဲ့ကို ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်ပြီး မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သဇင်နီ။

ကြိုတင်မဲမသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး

ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာမျိုး မဖြစ်စေရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံ ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက အဲဒီလို ပြောလိုက် တာပါ။ သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနေ့ သတင်းယူတဲ့နေရာမှာ လိုက်နာရမှာတွေကိုလည်း ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့ လေးရက်အလိုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ အဲဒီမှာ အများစု စိတ်ဝင်တစား ရှိခဲ့တဲ့ကိစ္စတခုကတော့ ကြိုတင်မဲကိစ္စပဲဖြစ်ပါတယ်။ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေတုန်းက ကြိုတင်မဲတွေကို မမှန်မကန်လုပ်ပြီး အနိုင်ယူတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာကြောင့်လည်း အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီကိစ္စကို ကော်မရှင်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ်ဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့လက်ထက်မှာ အရင်တကြိမ်ကလို မဖြစ်စေရပါဘူးဆိုတာ အတိအလင်း အာမခံ ပြောဆို ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ဗွီအိုအေကို ပြန်ပြောပြပါ တယ်။

“သူပြောသွားတာကတော့ – ၂၀၁ဝ ကဲ့သို့ ကြိုတင်ဆန္ဒမဲများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝမဖြစ်စေရဘူး-တဲ့။ ဦးတင်အေးက ပြောသွားတယ် ခင်ဗျ။ သူပြောတဲ့ဟာကတော့ – ကျနော့်လက်ထက်မှာ ကြိုတင်ဆန္ဒမဲတွေရပြီး အနိုင်ရသွားတာမျိုးကို လုံးဝမဖြစ်စေရပါဘူး-ပေါ့နော်။ အတိတ်က အဖြစ်တွေကိုလည်း မေ့ထားလိုက်ပါ-ပေါ့နော်။ အဲလိုမျိုးတော့ သူပြောသွားတယ် ခင်ဗျ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး မေးတာက ရန်ကုန်တိုင်း၊ ဒေသကြီးလွှတ်တော်အမတ်တချို့၊ အမျိုးသားဒီမိုကရေစီပါတီဘက်က ဖြေတာကို ပြန်ဖြေကြားသွားတယ် ခင်ဗျ။”

ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲတွေကို လုံးဝ ထည့်သွင်းရေတွက်မှာ မဟုတ်ဘူးလို့လည်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက လေ့လာသူ ၁၅၉ ဦး ခွင့်ပြုလိုက်တယ်လို့ ဦးတင်အေးက ပြောပါတယ်။ အဲဒီအရေအတွက်ထဲမှာ ပြည်ပအခြေစိုက် သတင်းမီဒီယာသမားတွေပါ ပါသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမဲ့လည်း လေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေဟာ မဲရုံထဲ ဝင်ခွင့်ရမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်ယူတာ၊ မေးမြန်းတာတွေ ကို မဲရုံနဲ့ ကိုက် ၅၀ဝ အကွာကနေပဲ လုပ်ခွင့်ရမှာဖြစ်ပါတယ်။

၂၀၁ဝ ပြည့် ရွေးကောက်ပွဲတုန်းက လုပ်ကိုင်ခဲ့ရတဲ့အခြေအနေနဲ့စာရင် အခုအခြေအနေက တင်းကျပ်မှုပိုများနေတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။

“လွတ်လပ်တယ်လို့တော့ လုံးဝ ပြောလို့ မရဘူးဗျ။ ၂၀၁ဝ နဲ့စာလို့ရှိရင်-အတွေ့အကြုံအရ ဆိုလို့ရှိရင်တော့ မလွတ်လပ်ဘူး ပေါ့နော်။ အခုကာလနဲ့ ပြန်နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ၂၀၁ဝ က နည်းနည်းလေး-မဆိုစလောက်လေး လွတ်လပ်တယ်လို့ ပြောလို့ရမယ်ခင်ဗျ။ အခုဟာက မဲရုံထဲလည်း ပေးမဝင်ဘူး ဆိုတော့လေ- ကျနော်တို့ မီဒီယာတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံးတော့ မှန်မှန်ကန်ကန် ဖြစ်အောင်လို့တော့ ဝိုင်းပြီးတော့ စောင့်ကြည့်ရမယ်။ နောက်တခုက မဖြစ်သင့်တာတွေ မဖြစ်ရအောင်ပေါ့နော်။ ဖြစ်လာတဲ့ပြဿနာတွေကိုလည်း ကျနော်တို့ သတင်းထောက်တွေအနေနဲ့ ပြည်သူတွေကို ချပြရမှာကတော့ ကျနော်တို့ တာဝန်လို့ ထင်တယ်။”

မဲရုံတွေထဲ ဝင်ခွင့်ရသူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေဖြစ်ကြပြီး မဲရေတွက်တဲ့အချိန်မှာ သက်သေ ၁ဝ ယောက် ရှိမှာဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူ သတင်းပို့ကြမယ့် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အင်္ဂါနေ့ကပဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒီအချက် တွေအပြင် အခုလိုမျိုး မဲရုံထဲဝင်ပြီး ဓာတ်ပုံရိုက်ခွင့်မရ၊ သတင်းယူခွင့်မရတာကြောင့်လည်း လုပ်ကိုင်ရတဲ့နေရာမှာ အဟန့်အတား ဖြစ်သွားတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။
“အဟန့်အတားကတော့ ရှိတယ်ခင်ဗျ။ ရှိတယ်ဆိုတာက ကျနော်တို့တွေ – ရွေးကောက်ပွဲသတင်း ယူမယ့်သူတွေကို Local ထဲက လူတွေဆိုရင် ဓာတ်ပုံ သုံးပုံ ပေးရတယ်။ စိစစ်ရေးက ကောက်သွားတယ်။ ၂၀၁ဝ တုန်းကလိုမျိုး မဲရုံထဲမှာ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမယ်ဆိုပြီးတော့ တွက်ထားကြတာပေါ့။ အခုကျတော့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှ ဘယ်သူမှ ဝင်ပြီးတော့ ဓာတ်ပုံပေးမရိုက်ဘူး ဆိုတာကျတော့လေ- သတင်းထောက်တွေအနေနဲ့တော့ အဟန့်အတား ဖြစ်သွားတယ်လို့တော့ ခံစားမိပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးပါ။
မဲစာရင်းရလဒ်တွေကို ရေတွက်ပြီးပြီးချင်းမှာ ကြေညာပေးမှာဖြစ်ပြီး သတင်းသမားတွေအနေနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုဆီ သူသွားရောက်ကြည့်ရှုတာမှာ လုံခြုံရေးအခြေအနေ မကောင်းသေးဘူးဆိုတာ တွေ့ခဲ့ရတဲ့ အတွက် အဲဒီနေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းရတာဖြစ်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျား။

VOA By ကိုကျော်ကျော်သိန်း

အယုဒ္ဓယ ကား​မှောက်မှု မြန်မာအလုပ်သမား​ ၆ ဦး​ ​သေဆုံး​

ထိုင်း​ နိုင်ငံမှာ ရဲစခန်း​စစ်​ဆေး​ရေး​ဂိတ်တခုကို ဖြတ်​မောင်း​ပြေး​ဖို့​ ကြိုး​စား​တဲ့​ ပစ်ကပ်ကား​တစီး​ ​မြောင်း​ထဲထိုး​ကျပြီး​ မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​ ၆ ဦး​ အပါအဝင် လူ ရ ဦး​လောက် ​သေဆုံး​သွား​တယ်လို့​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြပါတယ်။

ဘန်​ကောက်မြို့​ ​မြောက်ဘက် ၇၅ ကီလိုမီတာ​လောက်​ဝေး​တဲ့​ အယုဒ္ဓယခရိုင် ဘန့်​ဖရတ် မြို့​နယ်ထဲမှာ ဗုဒ္ဓဟူး​နေ့​က ဖြစ်ပွား​ခဲ့​တာပါ။

ထိုင်း​ကား​ မောင်း​သမား​ အပါအဝင် အမျိုး​သား​ ၂ ဦး​နဲ့​ အမျိုး​သမီး​ ၅ ဦး​ ​သေဆုံး​ပြီး​ ၁၂ ဦး​လောက် ဒဏ်ရာရှိသွား​တယ်လို့​ ဆိုပါတယ်။ ဒဏ်ရာရသူ​တွေထဲမှာ ၁ ဦး​ရဲ့​ အ​ခြေအ​နေက စိုး​ရိမ်ရတယ်လို့​လည်း​ သတင်း​မှာ​ရေး​သား​ထား​ပါတယ်။ ​ဒေသခံ ထိုင်း​ရဲက​တော့​ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​ လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာဖြစ်တယ်လို့​ ​ပြောပါတယ်။

ဒီကား​ မှောက်မှုနဲ့​ ပတ်သက်ပြီး​ အ​သေး​စိပ်သိရဖို့​အတွက် ဒီဗွီဘီက ဘန့်​ဖရက်ရဲစခန်း​ကို ဆက်သွယ် ​မေး​မြန်း​ကြည့်​ရာမှာ တာဝန်ကျ ဒုရဲမှူး​ကြီး​ ဝမ်း​လုမ်း​တေချား​က “ဖြစ်ပွား​တာက မနက် ၈ နာရီ​လောက်မှာပါ။ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာ ဖြစ်တယ်၊​ တူး​မြောင်း​ရေက ၄ မီတာ ​လောက်နက်​တော့​ အပြင်ထွက်လို့​ မရဘဲ ​သေဆုံး​ရတာ ဖြစ်တယ်။ ကား​မောင်း​သမား​နဲ့​အတူ အမျိုး​သမီး​ ၄ ​ယောက်၊​ အမျိုး​သား​ ၁ ​ယောက်၊​ အသက် ၁၂ နှစ်ရွယ် မိန်း​က​လေး​တ​ယောက် ပွဲချင်း​ပြီး​သေတယ်။ ဒဏ်ရာရတဲ့​သူ​တွေကို အယုဒ္ဓယ ​ဆေး​ရုံ​ခေါ်သွား​ပြီး​ ကျန်တဲ့​သူ​တွေ​တော့​ ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​တယ်၊​ သူတို့​မှာ ဘာလက်မှတ် အ​ထောက်အထား​လည်း​မရှိ ထိုင်း​စကား​လည်း​ နား​မလည်​တော့​ ထိုင်း​နိုင်ငံထဲကို တရား​မဝင်​တော့​ တရား​မဝင် မြန်မာအလုပ်သမား​တွေလို့​ပဲ ယူဆတယ်၊​ စစ်​ဆေး​နေတုန်း​ပဲ”လို့​ ​ပြောပါတယ်။

ကား​ပေါ်မှာ စုစု​ပေါင်း​လူ ၂၁ ဦး​ပါလာပြီး​ ကား​မောင်း​သမား​ဟာ အသက် ၂ဝ အရွယ် ထိုင်း​လူမျိုး​ဖြစ်​ကြောင်း​၊​ စစ်​ဆေး​ရေး​ဂိတ်မှာ တရား​ဥပ​ဒေအရ အစစ်ခံလိုက်ရင် ဒီလို ​သေ​ကြေဒဏ်ရာရတဲ့​ အဖြစ်ဆိုး​နဲ့​ ကြုံရမှာ မဟုတ်ဘူး​လို့​လည်း​ ထိုင်း​ရဲက ​ပြောပါတယ်။

လတ်တ​လော ​သေဆုံး​သူ​တွေရဲ့​ အ​လောင်း​ကို ပထုမ်ဌာနီခရိုင် ဓမ္မသတ်​ဆေး​ရုံမှာ ထား​ရှိပြီး​ မိမိ​ဆွေမျိုး​ အသိ​တွေ ပါမယ်လို့​ ယူဆရတဲ့​ သူ​တွေအ​နေနဲ့​ ဘန့်​ဖရက်ရဲစခန်း​ ဖုံး​နံပတ် ဝ၃၅-၃၈၆၁၁ရကို ၃ ရက် အတွင်း​ ဆက်သွယ် အ​ကြောင်း​ကြား​ဖို့​ ရဲစခန်း​က ဒီဗွီဘီကို ​ပြောပါတယ်။

DVB

နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အဝတ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအဝင် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။

စည်ပင်သာယာ ဈေးများဌာန၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ဈေးသာယာရေးအဖွဲ့များ အကြားတွင် ကာလရှည်ကြာစွာ အငြင်းပွားနေသည့် အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၎င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။

“ပုံဆွဲတဲ့ အထဲမှာ ခဲတစက်၊ မင်တစက်မှ မပါဘူး။ မပါဘဲနဲ့ ဦးတို့ ရေးဆွဲတယ်ဆိုတဲ့ စကားလုံး သုံးထားတယ်” ဟု ဦးကျော်က ဆိုသည်။

ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၎င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားသော ပုံဆိုတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး၊ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) ဦးရွှေမန်းအထိတောင် ပါသွားတယ်” ဟု ဦးကျော်က ပြောသည်။

ပိုစတာ လာရောက်ကပ်သည့်နေ့တွင် အဆိုပါအချက်များကို ထောက်ပြပြီး ည ရ နာရီ နောက်ဆုံးထား ဖြုတ်ချပေးရန် ခရိုင်စည်ပင်အရာရှိထံ အကြောင်းကြားခဲ့ကြောင်း၊ အထက်အမိန့်အရ ဆောင်ရွက်ရသည်ဟုသာ အကြောင်းပြန်ပြီး ည ရ နာရီ ၁ဝ မိနစ်အထိ မဖြုတ်ပေးသောကြောင့် သင်္ဃန်းကျွန်းရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

“သင်္ဃန်းကျွန်းဈေး နေရာချတာတွေ မမှန်ကန်တော့ ဈေးသူဈေးသားတွေက သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ကြတယ်။ ဦးသိန်းညွှန့်တို့ကိုယ်တိုင် နေရာချပေးတဲ့နေရာမှာ မှန်ကန်ဖို့အတွက် ဆောင်ရွက်ပေးကြတာပါ။ စည်ပင်က အရင်တုန်းက ပြောတော့တမျိုး၊ အခု နေရာချပေးတော့ တမျိုးဆိုတော့ ဈေးသူဈေးသားတွေက မကျေနပ်ဘူးလေ။ အခုလည်း အဲဒါကြောင့် လွှတ်တော်အမတ်နှစ်ဦး နာမည်ကို သုံးလိုက်တာ ထင်တယ်” ဟု ပြန်လည်တည်ဆောက်နေသည့် သင်္ဃန်းကျွန်းဈေးတွင် ယခင်နေရာ ပြန်ရနိုင်ရန် ကြိုးစားနေသော ဆိုင်ခန်းပိုင်ရှင်တဦးက ပြောသည်။

ဧရာဝတီသတင်း By featured, စိမ်းနုနု

သုံးခွမြို့နယ်တွင် မျက်စေ့ စမ်းသပ်၊ မျက်မှန်များ ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးပြီး တဖက်လှည့်နဲ့ မဲဆွယ်တဲ့ သာသနာရေးဝန်ကြီး သူရမြင့်မောင်

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ် အထက်ကျေးရွာကို ၂၀၁၂ မတ်လ ၂ရ ရက်နေ့ နေ့လည် ၁၁ နာရီက မြန်မာအစိုးရ သာသနာရေးဝန်ကြီး သူရမြင့်မောင် ရောက်ရှိလာကာ ကျေးရွာရှိ သက်ကြီးရွယ်အိုများအား မျက်စိ စမ်းသပ်ပေးခြင်း ပြုလုပ်ပေးကာ မျက်မှန်များ ကိုယ်တိုင်ကိုယ်ကျ တပ်ပေးသွားပြီး “မဲပေးမယ်ဆိုရင် ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးအေးဆေးဆေး နေလို့ရမယ့် ပါတီကိုပဲ မဲပေးသင့်ပါတယ်“ လို့ ပြောသွားကြောင်း ဒေသခံများ ပေးပို့တဲ့သတင်းအရ သိရှိရပါတယ်။ သုံးခွမြို့တွင် နေထိုင်သွားတဲ့ သူရမြင့်မောင်ဟာ ယခင်က သုံးခွမြို့နယ်အတွက် ဘာတခုမှ လုပ်ပေးခဲ့တာ မရှိဘဲ အခု ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်တဲ့အခါမှ ရောက်လာကာ မျက်စိ စမ်းသပ်ပေးခြင်း၊ မြို့နဲ့ အလှမ်းကွာဝေးတဲ့ ကျေးရွာတခုကို ရောက်လာကာ ကြားဖြတ် ရွေးကောက်ပွဲ မဲပေးမှုနဲ့ ပတ်သက်ပြီး ဥပါယ်တမျဉ်နဲ့ ပြောဆိုသွားခြင်းများဟာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး (ကြံ့ဖွတ်) ပါတီအတွက် မဲဆွယ်ခြင်းပဲ ဖြစ်မယ်လို့ ရွာသူရွာသားများနဲ့ သုံးခွဒေသခံများက သုံးသပ်ကြပါတယ်။

ဒီမိုဝေယံ၊

ဝန်ကြီးများ ပါတီစည်းရုံးရေးပြုလုုပ်ပါက တိုင်ကြားနိုင်

ပြည်ထောင်စု ဝန်ကြီးများ ပါတီအချို့အတွက် စည်းရုံးရေး ဆင်းပေးခြင်းပြုလုပ်ပါက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်

ရွေးကောက်ပွဲဆိုင်ရာဥပဒေအရလာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ပါတီအချို့အတွက် စည်းရုံးရေး ဆင်းပေးခြင်းပြုလုပ်ပါက ရွေးကောက်ပွဲကော်မရှင်သို့တိုင်ကြားနိုင်သလို ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်းများကလည်း ကန့်ကွက်လွှာတင်နိုင်ကြောင်း သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများသည် ပါတီတာဝန်ကို လုပ်ဆောင်ခွင့်မရှိကြောင်း ပါတီတာဝန်ကို လုပ်ဆောင်ခြင်းသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။

“ကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးတွေကနေပြီးတော့ ပါတီတာဝန်ကို လုပ်ဆောင်ခွင့်မရှိဘူး လုပ်ခဲ့ရင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စကို ကျွန်တော်ဒီလောက်ပဲ ဖြေပါရစေ” ဟုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကိုကိုက ပြောသည်။

ဥပဒေပညာရှင် ဦးမျိုးညွှန့်ကလည်း ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ပါတီအတွက်စည်းရုံးရေးဆင်းခြင်းအပေါ်တွင်အခြားပါတီကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ ပို့ပြီး တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်။

“ဒီလိုဝန်ကြီးတွေကနေပြီးတော့ပါတီတွေအတွက်စည်းရုံးရေးဆင်ပေးနေတာကို မကျေနပ်ဘူး လက်မခံဘူးဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို တိုင်လို့ရတယ် ၊ ဘာလုပ်လို့ရလဲဆိုရင် အဲ့ပါတီကိုယ်စားလှယ်လောင်းကို ကန့်ကွက်လွှာတင်လို့ရတယ် ၊ ရွေးကောက်ပွဲဥပဒေအရ ၊ နည်းဥပဒေအရ ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင်တော့ ရွေးကောက်ပွဲဥပဒေအရ နည်းဥပဒေအရ အရေးယူဆောင်ရွက်လို့ရတယ်” ဟု ဗဟိုအထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးမျိုးညွှန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း နှင့် ကော့မှူးမြို့နယ်များတွင် ဝန်ကြီးအချို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအချို့အတွက် ငွေချေးပေးခြင်းဖြင့် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ပေးလျက်ရှိသလို ငွေချေးပေးရာတွင် ဆုငွေအနေဖြင့် ငွေကျပ်ငါးထောင် ဖြတ်မည်ဆိုခြင်းကြောင့် ကော့မှူးမြို့နယ် ဒေသခံပြည်သူများအား ပြောဆိုခဲ့ကြောင်း ကော့မှူးမြို့နယ် ဒေသခံများက ပြောသည်။

“ ၂၅ရက်နေ့က ဝန်ကြီးတွေဒီကော့မှူးမြို့နယ် အဖျောက်ရွာကိုလာတယ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်ပေးတာပေါ့ ငွေချေးပေးပြီးမဲဆွယ်နေတာ ဒါပေမဲ့ လူတော်တော်များများကလည်း မချေးလိုက်ကြပါဘူး ဘာလို့လဲဆိုတော့ တစ်ယောက်ကို ငွေသုံးသောင်းချေးပေးတယ် ဆုငွေအနေနဲ့ တစ်လကို ငါးထောင်ဖြတ်မယ်ပြောတယ် အဲ့ဒါကြောင့်မို့ ရွာသားတွေလည်း မချေးတော့တာ“ဟု ကော့မှူးမြို့နယ်အဖျောက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် ဒက္ခိဏသီရိမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြင့်လှိုင်မှလည်း ရန်အောင်မြေရွာမှ တောင်သူလယ်သမားများအား တစ်ဧကလျှင် ၂သိန်းခန့်ချေးပေးမည် ၊ မီးတိုင် ၊ ဓာတ်တိုင်များ ပြုလုပ်ပေးမည်ဟုဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးခြင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

“ ရန်အောင်မြေမှာ ဓာတ်တိုင်တွေ မီးတိုင်တွေ လုပ်ပေးဖို့ဆိုပြီး အုတ်ဖိနပ်တွေလုပ်နေပြီ တောင်သူတွေကိုလဲ တစ်ဧကကို ၂သိန်းနှုန်းနဲ့ထုတ်ချေးပေးမယ်ဆိုပြီး လုပ်နေတယ် အဲ့ဒါမျိုးတွေက ရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ မညီဘူး ကျွန်တော်ကန့်ကွက်လွှာတင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပျဉ်းမနားမြို့နယ် ဒက္ခိဏသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်းက ပြောသည်။

မြစ်မခသတင်းမီဒီယာ

အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှုများ အရေးယူနေ

“လူသိရှင်ကြား ထုတ်ပြန် ကြေညာခြင်း မရှိသော်လည်း အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတကြီးဆို”

အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှုနှင့် မလျော်မကန် ပြုလုပ်မှု များနှင့် ပတ်သက်၍ အကြောင်း အမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက် ထက်၌ ကျူးလွန်မှုနှင့် အညီ အရေးယူ အပြစ်ပေးမှုများ ဆောင်ရွက်နေ ပါ ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
”ခေတ်စနစ်နဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ အကျင့်ပျက် ခြစားမှုတွေ ဟာ မိဘပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံ သာမကဘဲ နိုင်ငံ တည်ဆောက်ရေး အတွက်လည်း အတားအဆီး အနှောင့်အယှက် များဖြစ်နေပါတယ် ဒီဆူးညှောင့်တွေ ဖယ်ရှားနိုင်မှ လျှောက်လှမ်းရတဲ့ လမ်းခရီး ချောမွေ့မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အရပ်သား အစိုးရအဖြစ် ကူးပြောင်းပြီးနောက် ပထမဆုံး နိုင်ငံတော် သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်သည် အဂတိ လိုက်စားမှု ကင်းရှင်းသည့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဟူသော စကား ကို နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့သည်။
”မိမိပြောခဲ့ပြီးတဲ့ အတိုင်း စေတနာ အမှားဆိုရင် နားလည် လက်ခံပေး ပါ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိရှိ ချိုးဖောက်မှုတွေ ကိုတော့ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ သွားမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျူးလွန် ပေါ်ပေါက်မှု အတိုင်း ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူလျက် ရှိပါတယ်”ဟု ၎င်းကပြောခဲ့သည်။
ယခုလ ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော် ခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တတ်ရောက်လာသော တာဝန်ရှိသူများ၊ ပါတီ ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများအား ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

Popular News Journal

3 comments

  • ဦးဦးပါလေရာ

    March 29, 2012 at 5:37 pm

    သတင်းလေးတွေတင်ပေးတာကျေးဇူးပါဗျာ..။
    ဂျာနယ်စုံမဖတ်နိုင်တော့ ဒီထဲမှာ အစုံသိရတာ အရမ်းအဆင်ပြေပါတယ်။

  • mg mg

    March 29, 2012 at 6:58 pm

    သတင်းတွေဖတ်ခွင့်ရလို့ကျေးဇူးပါ။

  • padonmar

    March 29, 2012 at 10:41 pm

    တစ်ပ်င်တည်း ရင်ထဲက ဂ ရေ
    သတင်းလေးတွေ အတွက် ကျေးဇူး၊
    နောင်လည်း တင်ပေးပါအုံး။

Leave a Reply