ဆယ်စုနှစ်ကျော် ရပ်တည်ခဲ့ပြီး ဖြစ်သည့် အထင်ကရဈေးကြီးများ ပြောင်းရွှေ့အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ဈေးကွက်သစ် ဖော်ဆောင်နိုင်မှု အနေအထား၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိနိုင်မှုနှင့် အခြားကဏ္ဍများအပေါ် သက်ရောက် နိုင်မည့် အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။
ယင်းအပြင် ဈေးကြီးများအား အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်ကာလ၌ ယာယီနေရာချထားပေးမှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု လေ့လာသူများက အကြံပြုထားသည်။
”ဆယ်စုနှစ်နဲ့ ချီပြီး တည်ရှိခဲ့တဲ့ အထင်ကရဈေးကြီးတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်တဲ့နေရာမှာ အကြောင်းအရင်းတွေ အများအပြားရှိပါတယ်။ ဒါလည်းပဲ ဈေးကွက်နဲ့ ရောင်းဝယ် ဖောက်ကားမှု အခြေအနေအပေါ်ကို မူတည်ပါတယ်။ ရန်ကုန်မှာ နှစ်ရာပြည့်တော့မယ့် ဈေးတွေ အများကြီးရှိပါ တယ်။ ဥပမာ ဗိုလ်ချုပ်ဈေးတို့ သိမ် ကြီးဈေး(ဘီရုံ) တို့လို အထင်ကရဈေး တွေပါ။ သူတို့ရဲ့ရောင်းဝယ်ဖောက်ကား နိုင်တဲ့အနေအထား၊ ဈေးကွက် ဖော်ဆောင်နိုင်မှုနဲ့ ဈေးရဲ့တည်နေရာ အရေးပါမှုအနေအထားတွေအရ အခြားတစ်နေရာကို ပြောင်းရွှေ့ပြီးတော့ အဆင့်မြှင့်တင်ဖို့ မလိုအပ်သေးတဲ့ အပြင် အဲဒီဈေးတွေရဲ့ပတ်ဝန်းကျင်မှာပဲ သူတို့ရဲ့ဈေးကွက်ကို ချဲ့ထွင်ပေးလို့ရတဲ့ အနေအထားရှိနေတဲ့အတွက် ဗိုလ်ချုပ်ဈေးသစ်တို့၊ သိမ်ကြီးဈေးစီရုံ၊ ဒီရုံတို့လို တိုးချဲ့ပေးတာမျိုးတွေ ရှိပါတယ်။ တချို့ဈေးကြီးတွေကျတော့ နှစ်ကာလကြာလာတဲ့အမျှ သူတို့ရဲ့ဈေးကွက်ဟာ ပိုမိုကြီးထွားလာသလို ဈေးရဲ့တည်ရှိတဲ့နေရာဟာ ပိုမိုပြီးတော့ အချက်အချာကျလာတယ်။  နောက်ထပ်တည်ရှိလာတဲ့ စီးပွားရေး ဆိုင်ရာ အဆောက်အအုံတွေကြောင့် လည်း လမ်းပန်းဆက်သွယ်မှုက ပိုပြီးတော့ကျပ်လာတဲ့အပြင် အနီးပတ်ဝန်းကျင်မှာလည်း ဒီဈေးကြီးကို ထပ်ချဲ့ နိုင်တဲ့နေရာ မရှိတော့တဲ့အခါ တခြားဖြစ်နိုင်ချေရှိတဲ့နေရာကို ရွှေ့ပြောင်း အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ရတာမျိုးလည်း ရှိပါတယ်။ တချို့ဈေး တွေကျတော့ အကြောင်းကြောင်းတွေကြောင့် ဥပမာ မီးဘေးကြောင့် ဈေးအဆောက်အအုံကို အသစ်ထပ်မံ တည်ဆောက် အဆင့်မြှင့်တင်ပေးရတာမျိုး ရှိသလို၊ ဈေးရဲ့ဖွဲ့စည်းပုံနဲ့ ဈေးကွက်ရလာရှိမှု အနေအထားအရ ဈေးအဆောက်အအုံကို  ပြန်လည်တည် ဆောက်ပေးရတဲ့ ဈေးမျိုးတွေလည်း ရှိပါတယ်။  ဥပမာ ကျောက်မြောင်းဈေးလို အခုတည်ဆောက်ဆဲဖြစ်တဲ့ ဆင်မလိုက်ဈေးလိုမျိုးပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရန်ကုန်မှာ အဆင့်မြှင့်တင့်ဖို့လုပ်နေရင်း ယာယီ ဈေးအဆင့်ကနေ မတက်နိုင်သေးတဲ့ ဈေးတွေလည်း ရှိနေပါသေးတယ်”ဟု လေ့လာသူတစ်ဦးက ဆိုပါသည်။

မီးလောင်ကျွမ်းခံခဲ့ရသည့် သင်္ဃန်းကျွန်းဈေး ပြန်လည် တည်ဆောက်မှုမြင်ကွင်း

ယာယီဈေးတွေ . . .
ရန်ကုန်မြို့တွင် ဈေးကွက်အနေ အထား၊ ရောင်းဝယ်ဖောက်ကားမှု အခြေအနေနှင့် ဈေးတည်ရှိမှုအနေ အထားတို့အရ အဆင့်မြှင့်တင်ရန် ယာယီပြောင်းရွှေ့ ဖွင့်လှစ်စေခဲ့ရသော ဈေးများရှိပြီး လက်ရှိအချိန်အထိ ယာယီဈေးအဖြင့်သာ တည်ရှိနေသေးသည့် ဈေးများရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ  တာမွေ (ယာယီ)ဈေးသည် ယခင်ကဖွင့်လှစ်ခဲ့သော ဈေးဟောင်း မှာ ရွှေဗဟိုရုပ်ရှင်ရုံ အနောက်ဘက်တွင် တည်ရှိခဲ့ပြီး ငါး၊ အသား၊ အထည်၊ ကုန်မျိုးစုံရောင်းချနေသည့် ဆိုင်ခန်းပေါင်း ၆၀၀ ကျော် ပါဝင်သော ဈေးတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ တာမွေဈေးဟောင်းကို ၁၉၉၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ၁၉၉၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လက်ရှိနေရာတွင် တာမွေ(ယာယီ) ဈေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ လက်ရှိအချိန်အထိ ယာယီဈေးအဖြစ်သာ တည်ရှိနေသော ဈေးဖြစ်ကြောင်း သိရသည်။  အဆိုပါ ဈေးသည်လည်း ရောင်းဝယ်ဖောက်ကားမှု စည်ကား၍ အချက်အချာကျသော နေရာတွင် တည်ရှိလာခြင်း၊ ယာယီဈေးအဖြစ်သာ ရှိနေခြင်းတို့ကြောင့် အဆင့်မြှင့်တင်သွားရန် အစီအစဉ်ရှိ ကြောင်းလည်း သိရှိရသည်။


မူလနေရာတစ်ခုကနေ နေရာသစ်တစ်ခုကို အကြောင်းအမျိုးမျိုး ကြောင့် ပြောင်းရွှေ့နေရာချထားတဲ့ အခါ စနစ်တကျ ပြောင်းရွှေ့နိုင်မှုက အလွန်ပဲ အရေးကြီးပါတယ်။ ဒီနေရာမှာ မူလနေရာက လိုက်ပါလာမယ့် ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေ  မူလအတိုင်း အနီးစပ်ဆုံး ပြန်လည်ရရှိနိုင်ဖို့ အရေးကြီးသလို မူလနေရာကို တည်မှီပြီးတော့ ဖြစ်ပေါ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပြန်လည် ဖော်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်…


ဆင်မလိုက်ဈေးနေရာတွင် အသစ်ပြန်လည် တည်ဆောက်မှုမြင်ကွင်း

ယင်းအပြင် ရန်ကုန်မြို့ သံလွင်လမ်းရှိ သစ်သီးတန်းဈေးအဖြစ် လူသိများသည့် သံလွင်ယာယီဈေးမှာလည်း ယခင်က စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းဈေးကို မြေနီကုန်းပလာဇာအဖြစ် အဆင့်မြှင့်တင်စဉ်က ယာယီဈေးအဖြစ်  ဖွင့်လှစ်စေခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ယင်းဈေးကို ၁၉၉၆ ခုနှစ်က တည်းက ယာယီဈေးအဖြစ် ဖွင့်လှစ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါဈေးတွင် ဆိုင်ခန်း ၁၈၈ ခန်းနှင့် ကတ်ပြားဖြင့်  ရောင်းချခွင့်ပြုသည့်ဆိုင်ခန်း ၁၁၉ ခန်းရှိသည်ဟု သိရသည်။ သားငါး သစ်သီးဝလံနှင့် အထည်အလိပ်မျိုးစုံ  ရောင်းချနေသည့် ဈေးလည်းဖြစ်သည် ဟု သိရသည်။
”ဒီဈေးက မြေနီကုန်းဈေးကို အဆင့်မြှင့်တင်ဖို့ လုပ်ခဲ့တုန်းက ယာယီဈေးအဖြစ် ဖွင့်လှစ်ခဲ့တာ။ မြေနီကုန်းဈေးသစ် ဖွင့်လှစ်ပြီးခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် လိုက်ပါ ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ဈေးသည်တွေ အတွက်နဲ့ နေရာဒေသအနေအထားအရ ဈေးအဖြစ် ဆက်လက် ထားရှိနိုင်သေးတဲ့အတွက် ယာယီဈေးအဖြစ် ဆက်ဖွင့်ခဲ့တာ ၁၀ နှစ်တောင်ကျော် သွားပါပြီ”ဟု အဆိုပါဈေးမှ ဈေး ရောင်းချသူ တစ်ဦးက ဆိုပါသည်။
ရန်ကုန်မြို့ကဲ့သို့ပင် မန္တလေးမြို့တွင်လည်း  မီးဘေးကြောင့်ဈေးများ ပြန်လည်တည်ဆောက်ရန် ယာယီဈေးအဖြစ် ဖွင့်လှစ်ရောင်းချစေခဲ့မှုများ ရှိကြောင်းလည်း သိရသည်။

ယခင်မြေနီကုန်းဈေးနေရာတွင် အသစ်ပြန်လည် တည်ဆောက်ထားသည့်မြေနီကုန်းပလာဇာ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ ရတနာပုံဈေးကြီး မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ၇၇ လမ်းပေါ်၊ ၃၄ လမ်းနှင့် ၂၇ လမ်းအထိ ကုန်ပစ္စည်း အမျိုးအစားများအလိုက် ယာယီဈေး တန်းများ အခိုင်အမာ ဖွင့်လှစ်ပေးခဲ့ သည်ဟု သိရသည်။ အနယ်နယ် အရပ်ရပ်မှ ဖောက်သည်များ၊ ဈေးဝယ်သူများနှင့် အချိတ်အဆက်မပျက်စေရန် အဆိုပါယာယီဈေးသို့ ပြောင်းရွှေ့ဖွင့် လှစ်ခဲ့သော်လည်း ရတနာပုံဈေးမှ ဆိုင်ခန်းအများစုမှာ ပစ္စည်းသိုလှောင်နိုင်ရန်နှင့် ဆိုင်ခန်းအနေအထား ကျယ်ဝန်းသည့်ဈေးချို၊ မန်းမြန်မာပလာဇာ နှင့် ၇၈ ရှော့ပင်းစင်တာတို့သို့သာ ပြောင်းရွှေ့ဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယင်းသို့ ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ကြသည်မှာ အချိန်ကာလ နှစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည့် အတွက် နေရာသစ်တွင် အခြေကျမှုများ ရရှိနေကြပြီဟုလည်း သိရသည်။ သို့ရာတွင် မီးလောင်သွားသည့် ရတနာပုံဈေးကြီး၏ နေရာတွင်အသစ်ပြန်လည် တည်ဆောက်ခဲ့သည့် ဒိုင်းမွန်းပလာဇာ နှင့် စူပါဒိုင်းမွန်းပလာဇာဟူသော အဆင့်မြင့် အဆောက်အအုံနှစ်ခုမှာ လည်း မကြာမီ ပြီးစီးတော့မည်ဖြစ်၍ ယခင် ဆိုင်ခန်းပိုင်ရှင်များကို နေရာပြန် လည်ချထားပေးနိုင်တော့မည်ဖြစ်ရာ ဈေးကွက်အပြောင်းအလဲနှင့် ရင်ဆိုင် ကြရဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ တစ်ဦးက  ပြောပြခဲ့သည်။

ယခင်တာမွေဈေးနေရာတွင် အသစ်ပြန်လည် တည်ဆောက်ထားသည့် တာမွေပလာဇာ

”ရတနာပုံဈေးကြီး မီးလောင် တော့ ယာယီဈေး လုပ်ပေးခဲ့ပေမယ့် အများစုက ဖောက်သည်မပျက်အောင် အဆက်အသွယ် မပျက်အောင်ဆိုတဲ့ သဘောနဲ့ပဲ ယာယီဈေးမှာ သွားဖွင့် ခဲ့ကြတာ။ ဖောက်သည်တွေ၊ ဈေးဝယ်တွေလာရင် ပစ္စည်းသိုလှောင်ဖွင့်လှစ်ထားတဲ့ ဈေးချိုတို့၊ မန်းမြန်မာ ပလာဇာတို့၊ ၇၈ ရှော့ပင်း စင်တာတို့ကို ပြန်ညွှန်းကြတာပါပဲ။ ရတနာပုံ ဈေးနေရာမှာ အသစ်ပြန်တည်ဆောက်နေတာ ပြီးတော့မယ်ဆိုပေမယ့် ငွေထပ်သွင်းရမယ်လို့ ကြားရတာရယ်၊ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့ နေရာတွေမှာ နှစ်နှစ်လောက်ရှိပြီဆိုတော့ အခြေကျနေတာရယ်ကြောင့် အရင်နေရာကို ပြန်ပြောင်းဖို့ ဆိုတာကလည်း စဉ်းစားစရာက ဖြစ်လာပါတယ်။ တစ်နေရာ ကနေ တစ်နေရာကို ပြောင်းရွှေ့ဖွင့် လှစ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရင်းနှီးမြှုပ်နှံထားရတာတွေ များပါတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ရှင်းပြခဲ့သည်။
မီးဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့ ဈေးကြီးတွေ . . .
ထို့အတူ ရန်ကုန်မြို့ရှိ အဆင့်မြင့် မင်္ဂလာဈေးကြီး၏ အပေါ်ထပ်များ မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရာတွင်လည်း အဆိုပါဈေးအနီးရှိ ဘောလုံးကွင်းမြေကွက်လပ်တွင် ယာယီဈေး ဆောက်လုပ် ဖွင့်လှစ်စေမည် ဖြစ်သော်လည်း ငွေကြေးအင်အား တတ်နိုင်သူများ၊ မီးလောင်မှုတွင် ဆုံးရှုံးမှုနည်းပါးခဲ့သော လုပ်ငန်းရှင်များက မင်္ဂလာဈေးအနီး ပတ်ဝန်းကျင်၊ ယုဇနပလာဇာ ပတ်ဝန်းကျင်ရှိ တိုက်ခန်းများ၊ ဈေး ဆိုင်ခန်းများတွင် ပြန်လည်ငှားရမ်း ဖွင့်လှစ်နေကြခြင်းအပြင် မင်္ဂလာဈေးနှင့် အလှမ်းဝေးကွာမှုမရှိသော တော်ဝင်ပလာဇာတွင်လည်း ဆိုင်ခန်းများ ငှားရမ်းကာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယုဇနပလာဇာနှင့် ယုဇန ပလာဇာဝန်းကျင် တစ်ဝိုက်ရှိ တိုက်ခန်းများ၊ ဆိုင်ခန်းများ၊ မင်္ဂလာဈေး ၀န်းကျင်တစ်ဝိုက်ရှိ ဆိုင်ခန်းများနှင့် တော်ဝင်ပလာဇာတို့တွင် ပြန်လည်စည်ကားခဲ့သည်ဟု သိရသည်။ အဆိုပါ မင်္ဂလာဈေးကြီးရှိ ဆေးဆိုင်အများစုသည် လည်း ဆေးဈေးကွက်ရှိရာ ဗိုလ်ချုပ်ဈေးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ကြ ခြင်းကြောင့် ဗိုလ်ချုပ်ဈေးသစ်တွင်လည်း စည်ကားမှုများရှိလာခဲ့သည်ဟု သိရှိရသည်။

ဗဟန်းမြို့နယ် သံလွင်လမ်းရှိ သစ်သီးတန်း

မင်္ဂလာဈေးကဲ့သို့ပင် မီးဘေး အန္တရာယ် ရင်ဆိုင်ခဲ့ရသည့် သင်္ဃန်း ကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းဈေးကြီး မှာလည်း ၂၀၁၀ ပြည့်နှစ် ဖေဖော် ၀ါရီလက မီးဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၀  ပြည့်နှစ် ဇွန်လ ၁၁ ရက်နေ့ တွင် ယာယီဈေးအဖြစ် တည်ဆောက် ပြီးစီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာယီဈေးတွင် မူလသင်္ဃန်းကျွန်းဈေးမှ ဈေးဆိုင်ပိုင်ရှင်များကို မဲစနစ်ဖြင့် နေရာချထားပေးခဲ့ကြောင်း သိရ သည်။ ယာယီဈေးတွင်ဆိုင်ခန်းပေါင်း ၇၈၆ ခန်းပါဝင်ကြောင်း သိရသည်။
”ယာယီဈေးမှာ မီးသင့်ခံရတဲ့ ဈေးသည်တွေအတွက် မဲစနစ်နဲ့ ဆိုင်ခန်းတွေ နေရာချထားပေးပါတယ်။  အများစုကတော့ မီးလောင်ပြီးက တည်းက အဆင်ပြေတဲ့နေရာမှာ ဆိုင် ခန်းငှားပြီးတော့ ရောင်းချကြသလို တချို့လည်း ပျံကျပဲရောင်းချနေကြတဲ့ အတွက် အကုန်လုံးတော့မလာကြ သေးပါဘူး”ဟုယာယီဈေးမှ ဈေးသည် တစ်ဦးက ဆိုသည်။
စနစ်ကျနတဲ့ပြောင်းရွှေ့ အဆင့်မြှင့်တင်မှု အစီအမံတွေ . . .
ဈေးကြီးများကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်တည်ဆောက် အဆင့်မြှင့်တင်ရန်နှင့် အခြားတစ်နေရာ သို့ ပြောင်းရွှေ့အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် အဆိုပါဈေးများရှိ ဆိုင်ခန်းပိုင်ရှင်များ၊ ဆိုင်ခန်းနေရာများ မဲစနစ်ဖြင့် ပြန်လည်နေရာချထားပေးခြင်းများ၊ ဆိုင်ခန်းသစ်များအတွက် ငွေကြေးထပ်မံ ပေးသွင်းရမှုများကြောင့် လည်း မူလဈေးကြီးများမှ ယာယီဈေးများသို့ ရောင်းချနေသူများမှာ ဈေးသစ်သို့ ပြန်လည်လိုက်ပါနိုင်ခြင်း မရှိခဲ့သည့်ဖြစ်ရပ်များလည်း ရှိသည်ဟု သိရသည်။ ယင်းအတွက် ခေတ်ကာလ အလိုက် ပေါက်ဈေးပေး၍ ၀ယ်ယူထားရသည့် မူလဈေးဆိုင်ပိုင်ရှင်များ နစ်နာမှုမရှိနိုင်သည့် ပြောင်းရွှေ့ရေးအစီအမံများသည် အရေးပါမည်ဟု မြို့ပြရေးရာကျွမ်းကျင်သူ သုတေသီများက သုံးသပ်ကြသည်။

(ယာယီ)တာမွေဈေးအားတွေ့ရစဉ်

နေရာဒေသ အသစ်တစ်ခု၌ ဈေးကွက်သစ်တစ်ခု ဖော်ဆောင်နိုင်မှုတွင် ဈေးကွက်၏၀ယ်လိုအားနှင့် ရောင်းလိုအား အားမျှသည့် အခြေအနေများ လိုအပ်သကဲ့သို့ ယင်းဈေးကွက်တည်ရှိရာ နေရာသို့ အဆင်ပြေချောမွေ့စွာ ကုန်စည်စီးဆင်း ရောက်ရှိနိုင်မှု၊ နေရာ ဒေသသစ်တွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပြန်လည်ပေါ်ထွန်းလာမှုမှာလည်း အဓိကကျကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။
”မူလနေရာတစ်ခုကနေ နေရာသစ်တစ်ခုကို အကြောင်းအမျိုးမျိုး ကြောင့် ပြောင်းရွှေ့နေရာချထားတဲ့ အခါ စနစ်တကျ ပြောင်းရွှေ့နိုင်မှုက အလွန်ပဲ အရေးကြီးပါတယ်။ ဒီနေရာမှာ မူလနေရာက လိုက်ပါလာမယ့် ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေ  မူလအတိုင်း အနီးစပ်ဆုံး ပြန်လည်ရရှိနိုင်ဖို့ အရေးကြီးသလို မူလနေရာကို တည်မှီပြီးတော့ ဖြစ်ပေါ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပြန်လည် ဖော်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ မူလနေရာက ပုဂ္ဂိုလ်တွေ နေရာသစ်ကို မရောက်ရှိမီ ယာယီနေထိုင်ရမယ့် သတ်မှတ်ကာလ နဲ့ နေရာသစ်မှာ ပြန်လည်နေရာချထားပေးမယ့် အစီအစဉ်ပါပဲ။ ဒီကိစ္စနှစ်ခု က တိကျဖို့နဲ့မျှတဖို့ အလွန်အရေးကြီး ပါတယ်”ဟု မြို့ပြရေးရာကျွမ်းကျင်သူ တစ်ဦးက ဖြည့်စွက် ပြောကြားခဲ့သည်။

သီရိမင်္ဂလာဈေးမှ ရွှေ့ပြောင်းရမည့်သူများအတွက် လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဈေးအသစ်တည်ဆောက်မှုမြင်ကွင်း

ဈေးကြီးများ အဆင့်မြှင့်တင် ပြောင်းရွှေ့ရန် စီမံလျက်ရှိသကဲ့သို့ အိုင်တီမောလ်ကြီးများကဲ့သို့ တစ်နေရာတည်းတွင် အမျိုးအစားတူ အရည်အသွေးစုံကုန်စည်များကို ရောင်းချမည့် ရှော့ပင်းမော်လ်ကြီးများလည်း ပေါ်ထွန်းလာဦးမည်ဖြစ်ရာ ယင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးက ”ဆိပ်ကမ်းသာလမ်းဆိုရင် အိုင်တီဈေးကွက်တစ်ခုအဖြစ် ရန်ကုန်မြို့က လူတွေသိထားပြီးသားပါ။ အခု အိုင်တီမောလ်ကြီးတွေ ဖွင့်လာကြပြီဆိုတော့ အဲဒီမှာ ပြောင်းဖွင့်ကြမလားဆိုရင် တော့ ဈေးကွက် တကယ်ဖွံ့ဖြိုးနိုင်မယ့်နေရာ ဟုတ်မဟုတ်က စကားပြောသွားပါပြီ။ အခု ဒီဆိပ်ကမ်းသာလမ်း မှာရနေတဲ့ဈေးကွက်မျိုး အဲဒီအိုင်တီမောလ်ကြီးတွေမှာ ရချင်မှရနိုင်မယ်လေ။ ဒီမှာက အသားကျပြီးသား ရှိပြီးသားဈေးကွက်ကို ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်အသစ်တစ်ခု ပေါ်ထွန်းဖို့ဆိုတာ ဈေးကွက်ရဲ့တည်နေရာဟာ အလွန်ပဲအရေးကြီးပါတယ်”ဟု ၄င်းက ဆိုပါသည်။

မင်္ဂလာဈေး

မင်္ဂလာဈေး(အဟောင်း)         ၁၉၈၇ ခုနှစ်တွင် စတင်ဖွင့် လှစ်၊ ၁၉၉၇ ခုနှစ်တွင် ဖျက်သိမ်း
အဆင့်မြင့်မင်္ဂလာဈေးအဖြစ်    ၃၀ .၅ .၁၉၉၇ ခုနှစ်တွင် စတင်ဆောက်လုပ်
၅ .၇ .၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်
ဆိုင်ခန်းပေါင်း                    ၄၀၀၀ ကျော်ရှိ (အထည်၊ ဆေးပစ္စည်း၊ ကုန်မျိုးစုံ၊ စာရေးကိရိယာ)
ယခင်မင်္ဂလာဈေးဟောင်းမှာ ယခု ယုဇနပလာဇာ ဖွင့်လှစ်သည့် နေရာဖြစ်သည်။
သီရိမင်္ဂလာဈေး

သီရိမင်္ဂလာဈေးအဖြစ်        ၁၉၉၇ ခုနှစ်တွင် စတင်ဆောက်လုပ်၊ ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်
ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်း၊ ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံ
ယခင်နေရာမှ လမ်းမတော် ကီလီဈေးဖြစ်သည်။ လက်ရှိ သီရိမင်္ဂလာဈေးအဆောက်အအုံသည် ဈေးသူ ဈေးသားများ၏ စိုက်ထုတ်ငွေများပါဝင်သည်။
တာမွေ(ယာယီ)ဈေး

တာမွေဈေးဟောင်း            ၁၉၉၃ ခုနှစ်တွင် ဖျက်သိမ်း
တာမွေ(ယာယီဈေး)အဖြစ်   ၁ .၄၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်
ဆိုင်ခန်းပေါင်း                  ၆၀၀ ကျော် (အသား၊ ငါး၊ အထည်၊ ကုန်မျိုးစုံ)
တာမွေ(ယာယီဈေး)မှာ ယခင်ရွှေဗဟိုရုံ အနောက်ဘက်နေရာတွင် ဖွင့်လှစ်ခဲ့သော တာမွေဈေးဟောင်းမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းဈေး

သင်္ဃန်းကျွန်းဈေးအဖြစ်      ၁၉၅၈  ခုနှစ်ခန့်တွင် စတင်ဖွင့်လှစ်
ဆိုင်ခန်းပေါင်း                 ၇၈၆ ခန်းရှိ (အသား၊ ငါး၊ အထည်၊ ကုန်မျိုးစုံ)
၁၂ .၂ .၂၀၁၀ ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဆိုင်ခန်းပေါင်း ၆၅၁ ခန်း မီးလောင်ပျက်စီးခဲ့၍ ဈေးအားဖျက်သိမ်း။ ယာယီဈေးအဖြစ် သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးတွင်ဖွင့်လှစ်။ ယာယီ ဈေးဆိုင်ခန်းပေါင်း ၄၉၉ ခန်းရှိပြီး မီးလောင်ခံခဲ့ရသည့် သင်္ဃန်းကျွန်းဈေးအား အဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်ဆောက်လုပ်ရန် သက်ဆိုင်ရာမှ စီစဉ်လျက်ရှိ။

Eleven Media မှ တစ်ဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

About khinmintatthu

khinmin tatthu has written 150 post in this Website..