လူ့လောက နယ်ပယ် လူ့အသိုင်းအဝိုင်းမှာ နေရတယ်ဆိုတာလည်း ခက်တော့ အခက်သားလား။ တစ်ယောက်စရိုက် တစ်ယောက် သိပ်ခံတွင်း မတွေ့ပေမယ့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေလည်း အများသား။ အင်းလေ၊ ကလေးမှ မဟုတ်ကြတော့လည်း စိတ်ထဲ ရှိတဲ့အတိုင်း နေလို့မှ မဖြစ်တော့တာ။ လူဆိုတာ အထီးတည်း နေလို့ရတဲ့ အမျိုးမှ မဟုတ်တော့လည်း၊ အသိုင်းလေး အဝိုင်းလေးနဲ့ နေရတဲ့ အမျိုးဆိုတော့လည်း သည်လိုပဲ အောင့်အည်း သည်းခံ မျိုသိပ် ကြိတ်မှိတ်နေရတာတွေ လူတိုင်းမှာ ရှိကြမှာပါပဲ။ ကွယ်လွန်သွားတဲ့ အစ်ကိုကြီးတစ်ယောက်ကတော့ မကွယ်လွန်ခင် နှစ်ပိုင်းအတွင်းမှာ စိတ်ကျရောဂါ ဝေဒနာကို အပြင်းအထန် ခံစားသွားခဲ့ရဖူးတယ်။ အဲဒီ့အချိန်မှာ သူ့ကို သွားတွေ့တော့ သူက ဝမ်းသာအားရ၊ ဖက်လှဲတကင်း ရှိနေတယ်။ ပြီးတော့ သူ့ဆီကို မကြာမကြာလာပေးပါ၊ စကားပြောလို့ ကောင်းလွန်းလို့လည်း ဆိုပါတယ်။ သည်လိုနဲ့ အဲဒီ့အချိန်မှာ သူ့ဆီကို ဝတ္တရားတစ်ခုလို သဘောထားပြီးကို သွားပေးဖြစ်ခဲ့တယ်။ သွားရင်းနဲ့ သတိထားမိလာတာက သူ သိပ်အထီးကျန်နေတယ်ဆိုတာပါပဲ။ သူက သဘောမနော ကောင်းသူမို့ အင်မတန် အသိအကျွမ်းပေါတယ်။ မိတ်သင်္ဂဟ ပေါတယ်။ ဒါပေမယ့် သူ့မှာ အထီးကျန်နေတယ်။ အဓိကက သူနဲ့ စိတ်တူကိုယ်တူ စကားပြောလို့ ရတဲ့သူ မရှိသလောက်ဖြစ်နေတာ။ သူက စာအလွန်ဖတ်တဲ့သူ၊ ဖြန့်ထွက်တွေးတောတဲ့ အပိုင်း၊ ဆင်ခြင်တုံတရားပိုင်းမှာ သူက အင်မတန် မြင့်မားတယ်။ အဲတော့ တော်တော်တန်တန်လူနဲ့ သူ စကားပြောလို့ မရတော့ဘူး။ အထူးသဖြင့် တစ်ခုခုကို တရားသေ ကိုင်စွဲ ယုံကြည် လက်ခံထားတဲ့သူတွေနဲ့ စကားပြောရတာ အပေါက်အလမ်း မတည့်တော့ဘူး။ ကျွန်တော်ကကျတော့ သူ့လောက်လည်း ဖတ်အား မကောင်းပါဘူး။ ဆင်ခြင်တုံတရားလည်း သူ့လို မမြင့်မားပါဘူး။ ဒါပေသည့် ကျွန်တော့်မှာက ဘာကိုမဆို တရားသေ လက်ခံတဲ့ သဘောထား မရှိဘူး။ သင်ယူ လေ့လာ ဆည်းပူးချင်စိတ်က ပြင်းတယ်။ ဘက်ပေါင်းစုံက ရှုမြင်သုံးသပ်ရတာကိုလည်း သဘောကျတယ်။ သည်တော့ ကျွန်တော် ငမျောက်ငချောက်နဲ့ စကားပြောရတာကို သူ ခံတွင်းလိုက်နေပါတော့တယ်။ ကျွန်တော့်ကို အဝေးမြင်ပဲ မြင်ထားပြီး အတွင်းကျကျ မသိတဲ့သူတွေက သူနဲ့ ကျွန်တော် တွဲနေခဲ့တာကို အံ့အားသင့်နေခဲ့ကြဖူးတယ်။ ကျွန်တော်လို ခွတီးခွကျကောင်ကို သူ ဘာ့ကြောင့် ခင်တာလဲပေါ့။ တကယ်တော့ စကားပြောလို့ အပေါက်အလမ်းတည့်ခြင်းက ပဓာနပါ။ သူနဲ့ ကျွန်တော်နဲ့ တိုင်းရေး ပြည်ရေးတွေလည်း ပြောလို့ရတယ်၊ ဘာသာရေးတွေလည်း ပြောလို့ရတယ်၊ အနုသုခုမ ဂီတ သဘင်အကြောင်း ပြောလို့ ရတယ်၊ ဒဿန အယူအဆတွေလည်း ပြောလို့ရတယ်။ ကျွန်တော်က မပြောတတ်သည့်တိုင် သူပြောတာကို စိတ်ဝင်တစားတော့ နားထောင်တတ်သေးသလို တစ်ခါတလေ ထော်လော်ကန့်လန့်တွေလည်း လျှောက်ပြောတတ်သေးတာကိုး။ သူ မကွယ်လွန်ခင် တစ်နှစ်ကျော် နှစ်နှစ်အလိုမှာ သူက သူ့ရဲ့ ငယ်ပေါင်းတစ်ယောက်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ အဲဒီ့ အစ်ကို ကြီးကလည်း ကျွန်တော့်လိုပဲ လူကြိုက်နည်းတဲ့ ဘုခွကန့်လန့်သမားပဲ။ အဲတော့ ချိတ်ချိတ်ချင်း ချိတ်မိကြတာပေါ့။ သူကွယ်လွန်သွားချိန်မှာတော့ ကျွန်တော်နဲ့ သူ မိတ်ဆက်ပေးခဲ့တဲ့ အစ်ကိုကြီးတို့ဟာ တအားကို ရင်းနှီးနေကြပြီ။ စကားပြောဖော်တွေ ဖြစ်နေကြပြီ။ ကျန်ရစ်သူ သူ့ဇနီးကတောင် ပြောတယ်။ “အစ်ကိုက သူ သွားရတော့မှာ သိလို့ ရှင့်ကို ဟိုလူနဲ့ မိတ်ဆက်ပေးပြီး သူ့ကိုယ်စား စကားပြော ဖော်ရအောင် ဖန်တီးပေးခဲ့တဲ့အတိုင်းပဲနော်”တဲ့။ ဟုတ်ပါရဲ့။ ပြောလည်း ပြောစရာပါ။ ထားပါတော့ဗျာ။ သွားလေသူကို သတိရပြီး တောင်စဉ်ရေမရတွေ လျှောက်ရေးနေတာပါ။ ပြောချင်တာက လူ့ဘဝမှာ အဲသလို မိတ်ဆွေမျိုး ရဖို့က အတော်များ ရှားပါးသလားလို့ပါပဲ။ အထူးသဖြင့် ဖွင့်ထားတဲ့ စိတ်နဲ့၊ ဩကာသ လောကကြီးတစ်ခုလုံးကို ဖြန့်မြင်ချင်တဲ့ စိတ်နဲ့ လူက ဘုရား ချေးလောက်များ ရှားသလားလို့တောင် တွေးမိရလောက်အောင် နည်းပါးနေသလိုကြီးပဲ။ အဲတော့လည်း ကိုယ်ပေါင်းစိတ်ခွာ မိတ်ဆွေတစ်ရာကြားမှာပဲ တော်သလို ကြည့်နေရတာပေါ့။ စိတ်တိုင်းဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ်တောင်မှ အခါခပ်သိမ်း ကျချင်မှ ကျတတ်တဲ့ အမျိုးဆိုတော့လည်း တခြား တစ်ပါးသူဆိုတာတော့ ဘယ် ကိုယ့်စိတ်နဲ့ တစ်ထပ်တည်း ဖြစ်ပါ့မလဲလေ လို့ ဖြေသိမ့်လိုက်ရတာတွေလည်း ရှိတာပေါ့။ §§§§§§§§§§ အဲ… တစ်နေ့က အဲ့လို မိတ်ဆွေတစ်ယောက်နဲ့ ကြုံလိုက်ရတာလေးကို ပြောချင်တာပါ။ အဲဒီ့မိတ်ဆွေက ကျောင်းသင်ပညာအခြေခံတော့ နည်းရှာတယ်။ ဒါပေမယ့် စီးပွားရေးတော့ တအား အောင်မြင်နေတဲ့သူပေါ့။ အောင်မြင်တာမှ လက်ဖဝါး၊ ခြေဖဝါး၊ စားရမဲ့၊ သောက်ရမဲ့ ဘဝကနေ ကနေ့အခါမှာ သိန်းပေါင်း ထောင်ချီအောင် ချမ်းသာနေပါပြီ။ ကျွန်တော်နဲ့ စတင်သိစဉ်အချိန်က သူဟာ သူများဆီက အခစား အလုပ်သမား။ နှစ်ပေါင်း ၂ဝ ကျော်အကြာ ကနေ့အခါမှာတော့ တိုက်နဲ့ ကားနဲ့ ကြွားကြွားရွားရွား။ ဝမ်းသာကြည်နူးချင်စရာ၊ မုဒိတာ ပွားချင်စရာ ကောင်းလှပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ လူရည်လည်မှု၊ လူ့အကြောသိမှုတွေကလည်း အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင်ကို ထူးချွန်လှပါတယ်။ ငွေရေး ကြေးရေးနဲ့ မပတ်သက်ဘဲ လူချင်း ပေါင်းမယ်ဆိုရင် စိတ်ရင်း သဘောရင်းကလည်း အင်မတန်မှ ကောင်းပါတယ်။ အဲ… ငွေရေး၊ ကြေးရေး၊ အထူးသဖြင့် သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက်နဲ့ ပတ်သက်လာပြီဆိုရင်တော့ သူ့စိတ်က တစ်မျိုးပြောင်းသွားတာလည်း ကျွန်တော့် မျက်စိနဲ့ တပ်အပ် အကြိမ်ကြိမ် မြင်ဖူးတယ်။ ကြောက်စရာကောင်းလောက်အောင်ကို သူ့လောဘဇောက သူ့ကို အရောင်ပြောင်းသွားစေပါတယ်။ ကျွန်တော်လည်း အကောင်းကြိုက်တတ်သူ လူပီပီ ငွေမက်ပေမယ့် ငွေက ကျွန်တော့်အတွက် အဓိက မဟုတ်ဘူး။ စိတ်ချမ်းသာမှုကိုသာ ရှေ့တန်းတင်တဲ့သူ။ ကျွန်တော် တတ်ထားတဲ့ မဖြစ်ညစ်ကျယ် ပညာလေးနဲ့ ပိုက်ဆံ ရှာစားနေတဲ့သူ။ အဲတော့ သူနဲ့ ကျွန်တော်နဲ့က ငွေရေးကြေးရေး၊ စီးပွားရေး သဘောအရ ပတ်သက်စရာ မရှိဘူး။ အဲလို မပတ်သက်တဲ့ အတွက် သူနဲ့ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးမှုက နှစ်ပေါင်း ၂ဝ ကျော် ကြာသည့်တိုင် ပျက်ယွင်းမသွားခဲ့ပဲ ခိုင်မာလာခဲ့ပါတယ်။ ဒါပေသည့် သည် နှစ် ၂ဝ အတွင်းမှာ သူ့ဘက်ကလည်း ကျွန်တော့်ကို အားမရတာတွေ၊ ဘဝင်မကျတာတွေ ရှိမှာဖြစ်သလို ကျွန်တော့်ဘက်ကလည်း သူ့ကို သဘောမတွေ့လှတာတွေ ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ သည်အရွယ်ရောက်လာမှတော့လည်း လူနဲ့ လူချင်း ပေါင်းသင်းရာမှာ ဖြည့်ပေါင်းရတာ၊ ဖြေပေါင်းကြရတာတွေနဲ့ အထိုက်အလျောက်တော့ အသားကျနေပြီမို့ ကျွန်တော်တို့ ကြားမှာ ဘာပြဿနာမှမရှိခဲ့ပါဘူး။ အဲ… မကြာသေးခင်က သူနဲ့ ကျွန်တော်နဲ့ ဆုံရာမှာတော့ သူ့ကို ကျွန်တော် ကျေးဇူးတင်စရာ ကောင်းသွားတယ်။ သူကတော့ သိလိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တော်တော့်ကို ကျေးဇူး တင်စရာ ကောင်းသွားတဲ့အဖြစ်ပါ။ သူရော ကျွန်တော်ပါ အကောင်းကြိုက်သူ ပုထုဇဉ်တွေဖြစ်လင့်ကစား သူက ကျွန်တော့်ထက် အဆများစွာ ကြွယ်ဝသူမို့ ကျွန်တော့်ထက် အများကြီး ပိုသုံးနိုင်ပါတယ်။ သုံးနိုင်တော့ ထယ်ဝါတာပေါ့ဗျာ။ အခုတစ်ခေါက်မှာ သူက နောက်ဆုံးပေါ် အပျံစား ကားကြီးနဲ့ ရောက်လာတယ်။ ကျွန်တော်နဲ့အတူ ဆိုင်တစ်ဆိုင် သွားကြတယ်။ ဆိုင်ကို ရောက်တော့ သူ့ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထုတ်ပြပြန်ပါတယ်။ အဲဒါကလည်း နောက်ဆုံးပေါ် အပျံစား ကားပုံတွေပါ။ သူ ဝယ်ထားတဲ့ နောက်ထပ် ကားနှစ်စီးရဲ့ ပုံတွေ ဖြစ်နေပါတယ်။ သူနဲ့ ကျွန်တော်နဲ့ မတွေ့ဖြစ်တဲ့ သုံး-လေးလ အတွင်းမှာ သူဝယ်ထားတဲ့ ကားတွေတဲ့။ မိုက်ပါတယ်။ ခေတ်စကားနဲ့ ပြောရင် လန်ထွက်နေတဲ့ ယာဉ်အမျိုးအစားတွေပေါ့။ ကားဟောင်းတွေနေရာမှာ ကားသစ်တွေ အစားထိုးနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးလိုက်တဲ့အခါ ကားဈေးတွေ သိသိသာသာ ထိုးကျသွားတယ်။ အရင်က သိန်းပေါင်း ၄-၅-၈၀ဝ၊ တစ်ထောင် ပေးရတဲ့ ကားတွေက အခု သိန်းပေါင်း ၃၀ဝ ဝန်းကျင် ဖြစ်ကုန်ပြီမို့ ငွေလွယ်သူတွေဟာ သူ့ထက်ငါ ကားသစ်ကြီးတွေ စီးနေကြတဲ့ ကာလကြီးပေကိုး။ အဟဲ… ကျွန်တော်ကတော့ စက်မှုဇုန်ထုတ် ဒဂုံဂျစ်ကလေးနဲ့ ခင်ဗျ။ ကျွန်တော့်လက်ထဲ ရောက်နေတာ ကိုးနှစ်တောင် ရှိနေပြီ။ လက်ထဲ ငွေမှ အဲလောက် မလွယ်တာ။ ကားဈေးတွေကလည်း တရိပ်ရိပ် ထိုးတက်သွားတော့ မလိုက်နိုင်တော့ဘူး။ ကျွန်တော့် ငွေနဲ့ ကျွန်တော် ပထမဆုံး စီးတဲ့ ကားက သုံးသိန်းခွဲပေးရတယ်။ အဝေးပြေးလမ်းမှာ အဲဒီ့ ကားတစ်စီးလုံး ကုန်ကားအောက် တိုးဝင်အောင် တိုက်ချလိုက်တာမို့ အပုံလိုက် ပြန်ရောင်းတော့ ငါးသောင်းပဲ ရလိုက်တယ်။ နောက်ဝယ်တဲ့ ကားက ၁၉၈၈ ခုနှစ်ပုံစံ ခရိုလာ ဗှယ်(န်)ကား။ သုံးသိန်း တစ်သောင်းပေးရတယ်။ အဲဒါကို ပြန်ရောင်းတာ သုံးသိန်း သုံးသောင်း ရတယ်။ ၁၉၈၃ ပုံစံ ခရိုနာ တစ်စီး ပြန်ဝယ်တော့ နှစ်သိန်း သုံးသောင်း။ အဲဒီ့ကားကို အကြာကြီး စီးပြီး ပြန်ရောင်းတော့ ၃၁ သိန်း ရတယ်။ လေးသိန်းစိုက်ပြီး နစ်ဆန် ငှက်ပြာတစ်စီးဝယ်တယ်။ ပြင်ရ ခက်လို့ စိတ်ညစ်လာတာနဲ့ ပြန်ရောင်းတော့ သိန်း ၁၂ဝ ရတယ်။ အခု ဒဂုံဂျစ်ကို သိန်းတစ်ရာနဲ့ ဝယ်လိုက်တယ်။ အခုနေ ပြန်ရောင်းလို့ သိန်း ၄ဝ ပြန်ရ ကံကောင်း။ အဲတော့လည်း ကျွန်တော့် ဒဂုံဂျစ်လေးပဲ ယုယုယယ စီးနေရတော့ တာပေါ့။ သူ့ကျတော့ ဘယ်သူကမှ ကားဟောင်းလို့ သတ်မှတ်ပြီး နိုင်ငံခြားက ကားတင်သွင်းခွင့် ပါမစ် ထုတ်ပေးမယ့် ပုံမပေါ်သေးဘူး။ အဲတော့လည်း ပိန်လိမ်ပြီး ဒါလေးပဲ ခြေထောက် လုပ်ပေါ့။ အခု ကိုယ့်ဆရာက သူ့ကားသစ်ကြီးနဲ့ လာခေါ်တဲ့အပြင် သူ့အိမ်က ကားသစ်နှစ်စီးရဲ့ ဓာတ်ပုံတွေ ပြလာတော့ ထူးထူးခြားခြား သွားရည် မယိုမိဘူးခင်ဗျ။ အရင်ကဆိုရင်တော့ သွားရည်ယိုမိကောင်း ယိုမိမှာပါ။ ကျွန်တော်လည်း ကားဝါသနာတော့ အတော်ကြီးတာပဲဟာ။ မယိုမိဆို သူ့လိုမျိုး သုံးစီး မဝယ်နိုင်ပေမယ့် တစ်စီးလောက်တော့ ဝယ်မယ်ဆို ဝယ်နိုင်တဲ့ ဘဏ္ဍာရေး အခြေအနေက ကျွန်တော့်မှာ ရှိနေပါတယ်။ တချို့မိတ်ဆွေတွေကဆို ပြည်တွင်းဖြစ် ဂျစ်စုတ်လေး စီးနေတဲ့ ကျွန်တော့်ကို အားမရလို့ ကားသစ် ဝယ်ပါလားလို့ တိုက်တွန်းတတ်ကြသေးတယ်။ သူတို့ တိုက်တွန်းတော့ ယောင်တောင် ပေါင်တောင် စိတ်ကူးမိခဲ့သေးတာကိုး။ သို့ပေမယ့် မဝယ်ထိုက်ဘူးလို့ ကျွန်တော့် အသိဉာဏ်က သတိပေးတယ်။ ကျိကျိတက်နေတာမှ မဟုတ်တာ။ ကားကောင်းစီးပြီး မော်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ တစ်ခုပို တစ်ခု စိတ်ဆင်းရဲရမယ့် ဒုက္ခကိုလည်း သိပြီးသား။ အခု ဒဂုံဂျစ်ကတော့ ခရီးလည်း တွင်တယ်။ လမ်းဘေး ရပ်ထားလည်း ဘယ်သူကမှ မျက်စောင်းထိုးကြည့်မှာမျိုး မဟုတ်တော့ ဥစ္စာလည်း သိပ်ခြောက်နေစရာ မလိုဘူး။ တိုက်မိ ခိုက်မိလည်း ကိုယ်က ဒဂုံဂျစ်ဆိုတော့ ပူစရာ မလိုလှသလို မွမ်းမံ ပြင်ဆင်ရတာလည်း လွယ်ကူတယ်။ ပြီးရောပေါ့လို့ တွေးပြီး ရူးကြောင် မူးကြောင်ပေါ်လာတဲ့ ကားသစ်ဝယ်ဖို့ စိတ်ကူးကို အပြီးတိုင် ပယ်ဖျက်ထားလိုက်ပါတယ်။ သူ့ဟာသူ သိန်းသုံးရာပဲ ဖြစ်ဖြစ်၊ ၁၆ဝ ပဲဖြစ်ဖြစ် သည်ဈေးက မြင့်သေးတယ်လို့ တွေးမိတာလည်းပါတယ်။ ကျွန်တော် တစ်စီးကို သုံးသိန်း ခွဲပေးခဲ့ချိန် ၁၉၉ဝ ပြည့်လွန်နှစ်တွေတုန်းက၊ မြန်မာပြည်မှာ တစ်ပတ်ရစ်ကားတွေ သွင်းပြီး ပြန်ရောင်းတဲ့ ဖက်စပ်လုပ်ငန်းတွေ ရှိတုန်းက ဒေါ်လာ ငါးထောင်လောက်ပေးရင် (အခု သိန်းသုံးရာလောက် တန်တဲ့) အပျံစား တစ်ပတ်ရစ် ကားတစ်စီး ကောင်းကောင်း စီးလို့ရတယ်။ အဲတုန်းက ဒေါ်လာဈေးက ကျပ် လေး-ငါးရာလောက်တောင် အနိုင်နိုင်ပဲ ရှိတဲ့အချိန်။ အခုပေါက်ဈေးနဲ့က ဒေါ်လာ ၅၀ဝဝ ဆို သေရောကျေရောမှ သိန်း ၄ဝ ကျော်လေးရယ်။ အဲလောက်နဲ့ တစ်ပတ်ရစ်ကား ကောင်းကောင်း စီးလို့ မရသေးဘူး။ သည်တော့ သည်ဈေးက ကျွန်တော့်အတွက် သဘာဝကျတဲ့ ဈေးမဟုတ်ဘူး။ မတန်တဆ ဈေးကြီးဖြစ်နေဆဲပဲ။ မတန်တဆတော့ မလုပ်ဘူးကွာဆိုပြီး ပေနေလိုက်မိပါတော့တယ်။ သည်တော့လည်း မိတ်ဆွေက သူ့ကားသစ်ပေါ် တက်စီးခိုင်းရုံမက သူ့အိမ်က ကားတွေရဲ့ ဓာတ်ပုံတွေ ထုတ်ပြလာပေမယ့် ကျွန်တော့် စိတ်ထဲ ဘယ်လိုဆို ဘယ်လိုမှ မနေဘူး။ သူ့ကိုသာ ပြုံးကြည့်နေမိတယ်။ ပြုံးကြည့်နေရင်းနဲ့ သူ တော်တော် အိုသွားတာကိုလည်း သတိထားလိုက်မိတယ်။ ဆံပင်တွေက တစ်ခေါင်းလုံး ပြောင်နေပြီ။ ဆေးဆိုးထားလို့သာ မဲနက်နေဆဲ ဖြစ်နေတာ။ အသားအရေကလည်း လျော့ရဲနေပြီ။ သူတင်လားဆိုတော့ မဟုတ်ဘူး။ ကျွန်တော်လည်း အိုစနာနေပါပြီ။ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပေါ့။ နေရမယ့် သက်တမ်းက ဘာမှ သိပ်မကျန်တော့ဘူး။ အလွန်ဆုံးမှ ၁၄-၅ နှစ်ပေါ့။ အဲဒီ့ထက်လည်း လျော့နိုင်တာပဲ။ ကိုယ်နဲ့ ရွယ်တူတွေလည်း တဖြုတ်ဖြုတ် သေမဆုံးဖြစ်နေကြတာ နေ့စဉ်မြင်တွေ့နေရတာပဲဟာ။ ပြုံးနေရင်းနဲ့ ကျွန်တော် ဆတ်ခနဲဖြစ်သွားတယ်။ ဆိုင်က ပြန်ထွက်လာတဲ့အချိန်မှာ အင်မတန်မှ ဇိမ်ကျလှတဲ့ သူ့ရဲ့ ကားသစ်ကြီးပေါ် တက်ထိုင်လိုက်မိတယ်။ သူ့ကားပေါ်က ဆင်းလိုက်တဲ့အခါ အဲဒီ့ဇိမ်ကလည်း ကွယ်ပျောက်သွားမှာပါ။ ခဏ ရတဲ့ ဇိမ်ကလေးပါပဲ။ သူ မောင်းထွက်သွားတာကို ကြည့်နေမိတယ်။ သွားပေဦး မိတ်ဆွေကြီးလို့ စိတ်ထဲက ရေရွတ်မိတယ်။ ဆတ်ခနဲ ဖြစ်သွားပြန်တယ်။ သူ့နောက်ဆုံး ခရီးကို သွားတဲ့အခါကျရင်ရော သူ သည်ကားသစ်ကြီးနဲ့ သွားမှာတဲ့လား။ ဘယ် ဟုတ်ပါ့မလဲနော်။ အလွန်ဆုံးမှ နာရေး ကူညီမှုအသင်းရဲ့ အလောင်းတကာ သယ်ထားတဲ့ ကားသစ်ကြီးနဲ့ သွားရမှာလည်း မလွဲပါဘူး။ အဲဒီ့အခါကျတော့လည်း ကိုယ် ဘယ်ကား စီးတယ်ဆိုတာ သိနိုင်တော့မှာလည်း မဟုတ်၊ ကိုယ့်အိမ်က ကားတွေရဲ့ဓာတ်ပုံတွေ ထုတ်ပြနိုင်တော့မှာလည်း မဟုတ်တာလည်း အင်မတန်မှ သေချာပါတယ်။ အားလုံးသော အရာတွေဟာ ရှင်တုန်းခဏလေးမှာသာ အရေးပါနေတာ။ သည်ခန္ဓာ၊ သည်ရုပ်၊ သည်နာမ်ကအစ သည်ပညာ၊ သည်ဩဇာ၊ သည်ရာထူး၊ သည်ဂုဏ်သိရ်၊ သည်စည်းစိမ်၊ သည်ကြွယ်ဝမှုအဆုံး အားလုံးဟာ သည်တစ်ဘဝစာ ခဏတာသာ အငှား ရထားတာ၊ ခဏတစ်ဖြုတ်ပဲ အရေးပါနေတာ၊ အဲဒါကိုပဲ သူနဲ့ ကျွန်တော်အပါအဝင် လူမှန်သမျှဟာ မာန်တက်လို့ ကောင်းနေတာကို တွေးမိသွားတဲ့အခါ ကျွန်တော့် စိတ်က ငြိမ်ကျသွားပါတယ်။ သည်အတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်စရာ ကောင်းသွားပါတယ်။ သူကတော့ သိလိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တော်တော့်ကို ကျေးဇူးတင်စရာ ကောင်းသွားတဲ့အဖြစ်ပါ။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော် (ရန်ကုန် – ဝ၂၀၄၁၂)

(၂၀၁၂ ခုနှစ် မေလထုတ် သရဖူမဂ္ဂဇင်း) သရုပ်ဖော်ပုံတွေက မဂ္ဂဇင်းပါ ဆရာ ဇော်မောင်ရဲ့ လက်ရာတွေဖြစ်ပါတယ်။

ဖတ်ပြီးသား။ တင်ပြီးသားဖြစ်ရင် ခွင့်လွှတ်ပါ။

About lynn lynn

lynn lynn has written 12 post in this Website..