ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ………………………………………………………………နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့အတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲလာတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဓိကဗဟိုချက်မမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးကလည်း ဘယ်လိုခရီးဆက်မလဲ ဆိုတာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်ဖြစ်လာပါတယ်။ လက်ရှိရှိနေတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ပညာသင်ကြားရေးစနစ်က ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိရဲ့လားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။

လက်ရှိ ခေါက်ရိုးကျိုးနေတဲ့ မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုအပ်သလို ဗုဒ္ဓဘာသာပညာသင်ကြားရေး စနစ်ကိုလည်း ဗုဒ္ဓရဲ့ဆိုဆုံးမမှုတွေနဲ့အညီ ပြောင်းလဲသင့်တဲ့ ကိစ္စတခုဖြစ်လာပါတယ်။ ဗုဒ္ဓရဲ့လမ်းစဉ်က တွေးတောဆင်ခြင်မှု အင်မတန်မှ လွတ်လပ်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ကာလမသုတ်ကို ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကာလမသုတ်က ဒီလို ပြောထားပါတယ်။

ကာလာမမင်းတို့ “သင်တို့သည်ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“အစဉ်အဆက် စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”

“ပိဋကတ် မိမိတို့ရှေးဟောင်းကျမ်းဂန် စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“နည်းမှီးယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”

“ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”

“ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့” လို့ဟောခဲ့တာကို ကြည့်ရင် ဗုဒ္ဓဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တဲ့ (Freedom of Expression) ကိုနှစ်သက်ခဲ့တာကို တွေ့ရပါတယ်။

ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေတယ်လို့ ဟစ်ကြွေးနေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်က ဗုဒ္ဓဟောခဲ့တဲ့ လမ်းစဉ်အတိုင်းလား၊ လက်ရှိ ရဟန်းပညာရှိ (သို့မဟုတ်)။ အာဏာပိုင်တွေက အုပ်ချုပ်ရေးအာဏာကို ထိပါးလာမှာကြောက်တဲ့အတွက် လွဲမှားတဲ့ သင်ကြားရေးစနစ်ကို ကျင့်သုံးနေသလားဆိုတာ ဆန်းစစ်ရပါမယ်။

အခုလက်ရှိ ကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ ပညာရေးသင်ကြားရေးစနစ်ကျတော့ ကာလမ သုတ္တံနဲ့ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ လွတ်လပ်စွာတွေးတော ဆင်ခြင်ခြင်းကို မျက်ကွယ်ပြုပြီး အာဂုံဆောင်တဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတယ်။ တနည်းပြောရရင် အာဏာရှင်ဆန်တဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဟာချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတော် ဦးရေဝတကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်က ဗုဒ္ဓဝါဒလာ ကာလမ သုတ္တံနဲ့ မညီဘူးလို့ ပြောပါတယ်။

“ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ဟုပြောဆိုခဲ့ပါတယ်။

ခေတ်ဟောင်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်မှာ ဒီနေ့ခေတ် ပြောနေတဲ့ Critical Thinking, Student Centered နည်းစနစ်သုံးခဲ့တာကို တရုတ်ရဟန်းတော် တပါးဖြစ်တဲ့ ယိချင်ရဲ့ Record of the Buddhist Religion (Chapter XXXIV) မှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ် ဟားဗတ်တက္ကသိုလ်လို နာမည်ကျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံက နာလန်ဒတက္ကသိုလ် ပညာသင်ကြားရေး စနစ်ကို အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။

“နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်သည် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်းကို လေ့ကျင့်ကြခြင်းအားဖြင့် နေ့တာတိုသည်ဟူ၍ ထင်ရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားပါတယ်” ဒါက အေဒီ (၇) ရာစုလောက်က ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်ကိုမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်လာပါတယ်။ ဒီလိုပြုပြင်နိုင်မှ ဗုဒ္ဓဘာသာပညာရှင်တွေဟာ ကမ္ဘာမှာပွဲလယ်တင့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ရဟန်းတော်တွေရဲ့ အခန်းကဏ္ဍက မသေးဘူးဆိုတာကို မျက်ဝါးထင်ထင်တွေ့ မြင်နေရပါတယ်။

ဒါကြောင့် လောကီကျောင်းတွေ အပြင် ဗုဒ္ဓဘာသာ ပညာသင်ကျောင်တွေမှာသင်ကြားတဲ့ (အဘိဓမ္မာ၊ သုတ္တံ၊ ဝိနည်း) တွေကို ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်သင်ကြားတဲ့ နည်းစနစ်တွေကိုသုံးပြီး နိုင်ငံ့ရဲ့ပြောင်းလဲမှု တွေနဲ့အတူ ပြောင်းလဲသင့်တယ်လို့ ယူဆမိပါတယ်။

ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဝါဒ အပေါ်ချဉ်းကပ် သင်ကြားမှုက ခေတ်ရှေ့ကိုပြေးနေတာကို တွေ့ရပါတယ်။ ထိုင်းလူမျိုး ရဟန်းတော်တွေ ဖြစ်တဲ့ Santikalo Bikkhu, Phra Suthiwornyarn, Iam Tongdee တို့ဟာ ခေတ်ဟောင်းဗုဒ္ဓစာပေ သင်ကြားရေးကနေ ခွဲထွက်ပြီး ဗုဒ္ဒဘာသာနဲ့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ဆက်နွယ်နေမှုကို လူမှုရေးသိပ္ပံရှုဒေါင့် ကနေ ဝေဖန်ရေးသားလာတာကို တွေ့ရပါတယ်။ အထက်ပါ ရဟန်းတွေ ရေးတဲ့ Buddhist Ideology on Civil Society, Buddhism and Civil Society လိုကျမ်းတွေက ဘာသာရေးနဲ့ လူမှုရေး၊ နိုင်ငံရေး ပတ်သက်နေမှုကို စနစ်တကျ ရှာဖွေလာကြတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ သင်ကြားမှုကပေးလိုက်တဲ့ ရလဒ်ကောင်းတွေလို့ ပြောလို့ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့လူဘောင်မှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို ချန်ထားလို့မရနိုင်ကြောင်းတွေ့ရပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေကို ရဟန်းတော်တွေက ဦးဆောင် ဦးရွက်ပြုနေကြတာဟာ အင်မတန်မှ အားရဖွယ် ကောင်းလှပါတယ်။

ဒါပေမယ့် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို မြှင့်တင်မယ် ဆိုရင် Civil Society တွေကနေ “ နိုင်ငံသား အသိစိတ်ဓါတ်တွေ” “ ဂိုဏ်းဂဏမစွဲဘဲ အစုအဖွဲ့၊ အသင်းအပင်းနဲ့ လုပ်ဆောင်တတ်တဲ့ဓလေ့” “ ချိတ်ဆက် ဆောင်ရွက်မှုတွေ” အလျားလိုက် တပြေးညီ ဆက်ဆံမှုမျိုးကို အားပေးတဲ့နည်းတွေက ဗုဒ္ဓဘာသာ အပေါ်မှာ လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ ဆက်ဆံတဲ့ နည်းလမ်းတွေကိုပါ ပြောင်းလဲပေးစေ နိုင်ပါတယ်။

ရှေးရိုးစွဲ မင်းဆရာဆိုတဲ့ အသုံးအနှုန်းကို လက်နက်သဖွယ် သုံးပြီး အုပ်ချုပ်သူတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ချယ်လှယ်မှု လမ်းကနေ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ကိုလမ်းကြောင်းပြောင်းသင့်ပြီး ဗုဒ္ဓရဲ့ ကာလမသုတ်နဲအညီ ဆောင်ရွက်သင့်ပါကြောင်း ယူဆမိပါတယ်။

http://www.facebook.com/menthureinda/posts/432973940060338 တွင် တွေ့ရသော ဆောင်းပါးကို တဆင့်ဖော်ပြပေးလိုက်ပါတယ်။

About ကိုပါႀကီး

has written 21 post in this Website..