IMG_0412
ကျွန်တော်ငယ်စဉ်က မိဘတာဝန်ကျရာမြို့တွေမှာ လိုက်ပါရင်း နယ်မြို့များမှာသင်္ကြန်ကျခဲ့တာ များပြီး အေးချမ်းပြီးရိုးသားသော တိုင်းရင်းသားများနှင့်ရေကစားခဲ့ရလို့ သင်္ကြန်ဆိုတာ မုန့်လိုက်စားရင်း ပျော်ရွှင်ဘွယ်ရာရက်များအဖြစ် အမှတ်ရစရာများခဲ့ပါတယ်။
နယ်မြို့များရဲ့သဘာဝ အလှူအတန်းပေါများပြီး ရေကစားရာမှာလည်း ရိုးသား အေးချမ်း ညင်သာလှသမို့ ကျွန်တော့်ရဲ့ငယ်ဘ၀(မိုးကုတ်မြို့၊မြစ်ကြီးနားမြို့)တိုင်းရင်းသား သူငယ်ချင်းများနဲ့ ရေကစားဘို့ မြို့အနှံ့ လျှောက်လည်ခဲ့တာတွေအခုထိအမှတ်ရဆဲပါ။
၁၉၇၉မှာ ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီး စိန့်ဂျွမ်းကျောင်း(လမ်းမတော်အထက ၁ )မှာ န၀မတန်းတက်ရတယ် နွေရာသီ ကျောင်းပိတ်ရက်လည်းရောက်ရော အဲဒီမှာတင် ရန်ကုန်သင်္ကြန်ဆိုတာကြီးကို စပြီးကြုံရတယ် ။ဂျစ်ကားတွေ အမိုးဖွင့်ကားတွေနဲ့ မိန်းမ ယောက်ကျား ရောထွေးယှက်လို့ အော်ချင်တာအော် ကားတစ်စီးနဲ့တစ်စီးအပြိုင်မောင်းလိုမောင်း တစ်ဘက်နဲ့ တစ်ဘက် မခံချင်အောင်စ ရန်ဖြစ် ရိုက်ကြနှက်ကြနဲ့ အဲဒီခေတ်က လမ်းသူရဲတွေ မင်းမူတဲ့ခေတ်ဆိုတော့ ကျွန်တော်သင်္ကြန်ကို မလည်ဖြစ်ခဲ့တာများပါတယ် ကျွန်တော့်ညီတွေလည်တဲ့ တစ်ရက် ဂျစ်ကားနဲ့တစ်ရက်ဆိုသလောက်လည်ခဲ့ဘူးပါတယ် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ပါလာတဲ့ မိန်းကလေးတွေကို ဆွဲလားရမ်းလားလုပ်လို့ ရဲစခန်းမရောက်ရုံတမယ်၊ ဒီမှာတင် လူပျိုပေါက် ကျွန်တော် သင်္ကြန်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုဖြစ်ခဲ့ရတယ်။တစ်ခါ ၀န်ထမ်းဘ၀ကို အသက်၁၈နှစ်မှာ ရောက်ခဲ့တော့ စည်းကမ်းကြီးတဲ့ ၀န်ထမ်းဘ၀မှာ သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်လူကြီးတစ်ပိုင်း လူငယ်တွေ ကလေးတွေပျော်ရွင်နေတာကို ထိုင်ကြည့် ရပ်စောင့်ရတဲ့ဘ၀ရောက်ခဲ့ပြန်ရော။
ဝန်ထမ်းဘ၀နဲ့ မြန်မာပြည်အနှံ့ ခြေဆန့်လို့ ရောက်လေရာအရပ်ရဲ့ မြို့ကြီးတွေမှာ သင်္ကြန်ရဲ့ဓလေ့ အမူအကျင့်တွေနဲ့ သရုပ်ပျက်ယဉ်ကျေးမှုတွေ ရိုင်းပြစွာရေကစား သောက်စားမူးရစ်ပျော်ပါးနေတာတွေဟာကျွန်တော်နဲ့မဆိုင်သလိုပါဘဲ။
ဒီလိုနဲ့ ခေတ်တွေအလီလီပြောင်း ရာသီတွေအလီလီပြောင်းလည်း သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ရပ်ကြည့် စောင့်ကြည့်ဘ၀က မပြောင်းလဲပါဘူး၊ ပြောင်းလဲသွားတာက သင်္ကြန်မှာကစားနေတဲ့သူတွေရဲ့ ယဉ်ကျေးမှု တဖြေးဖြေး ပိုပိုပျက်ယွင်းလာပြီး ရိုင်းပျတဲ့ အပြုအမူ အပြောအဆို တစ်ဖက်သားနာကျင်အောင်ပြုလုပ်ပြီး လိင်သာယာမှုခံနေသူတွေ(စိတ်ပညာသဘော အရ သူတစ်ဖက်သားနာကျင်အောင်ပြုလုပ်ပြီးစိတ်ပျော်ရွှင်မှုခံစားသူတွေဟာ လိင်ဆိုင်ရာ ဖေါက်ပြန်တဲ့ စိတ်ရောဂါရှင်တစ်မျိုးလို့သတ်မှတ်ပါတယ်) နို့ဆီခွက်နဲ့ခွက်စောင်းခုတ်သူတွေ၊ မီးသတ်ပိုက်နဲ့ မညှာမတာထိုးပြီးရေကစားသူတွေ၊(ရေဘော်လုံးနဲ့ပစ်ပေါက်ရေကစားသူတွေ၊ အခုတော့အန္တရယ်ဖြစ်လို့ တားမြစ်ထားပါပြီ) တစ်စတစ်စများလာသလို၊ ကားပေါ်၊ မဏ္ဍပ်ပေါ်က မောင်နဲ့နှစ်မ သားနဲ့အမိ ကြည့်ဘို့မသင့်တဲ့ မဖွယ်မရာ မြင်ကွင်းတွေနဲ့ အခုဆို အင်တာနက်ခေတ်ကြီး မှာ ဖေ့ဘွတ်မှာရော ဂေဇက်မှာရော တွစ်တာ မှာပါမမြင်ချင်အဆုံးပါ၊ ကျွန်တော်တွေးမိတာက သူတို့ရဲ့ မိဘတွေ မောင်တွေ အကိုတွေ ဦးလေးတွေ ဒီပုံတွေကိုကြည့်ပြီး ဘယ်လိုခံစားချက်တွေရှိနေမလဲဆို တာပါ။ သဘောဘဲကျနေကြမလားဘဲ၊ အခုလည်းသင်္ကြန်ဟာ တရွေ့ရွေ့နီးလာပါပြီ ၂၀၁၃ သင်္ကြန်မှာ ဘာတွေဖြစ်ဦးမလဲ။ မနှစ်ကလို ကြက်တူရွေးလေးအာခေါင်နီ ဆိုပြီး သင်္ကြန်အပြီး လက်ပွေ့အခွေသည်တွေ ရောင်းစရာအခွေတွေထွက်လာဦးလေမလား။
အခုဆိုရင်ကျွန်တော် သင်္ကြန်ဆိုတာကို မြန်မာ့ယဉ်ကျေးမှုကနေပျောက်ကွယ်စေချင်နေမိပါပြီ သရုပ်ပျက်ယဉ်ကျေးမှုတွေဖုံးလွမ်းနေတဲ့သင်္ကြန်၊ ရိုးရာယဉ်ကျေးမှုပျောက်ကွယ်လုဖြစ်နေတဲ့သင်္ကြန် ဘယ်သူကုစားနိုင်ပါဦးမလဲ၊
အမှားပါရင်ခွင့်လွတ်ပါ

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..