122053-bigthumbnail

အဲဒီလမ်း .. ဟုတ်တယ် အဲဒီလမ်း

ဘေးမှာ သစ်ပင်တွေ အစီအရီ ပေါက်လို့

မြစ်ကလေး နှစ်သွယ်က ပန်းလေးတွေကို ခူးလို့

ငှက်မောင်နှံများစွာက ချစ်ကြိုးတွေသွယ်လို့

တိမ်ဝါ တိမ်ပြာတွေက စွတ်စိုစိမ့်လို့

အဲဒီလမ်း… ဟုတ်တယ် အဲဒီလမ်းပါပဲ …

ဘေးဘီဝဲယာကို ငေးမောခံစား

ပြီး … ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်

အ၀ါရောင် အရွက်နဲ့ အပင်တွေ

နီညိုရောင် ရွက်ကြွေ ခင်းတဲ့လမ်း

ဥသြတေးကို နားစင်ရမယ်

လုလင်ပျိုတစ်ယောက်ရဲ့ စောင်းသံ သဲ့သဲ့

မိန်းမပျိုတစ်ယောက်ရဲ့ ဆံနွယ်တွေဝဲလို့

လေပြေတစ်ချို့က စိမ့်ခနဲ အေးစေမယ်

ဟိုး …  ဟိုး…. လမ်းဘေးကို ကျော်ကြည့်လိုက်

ယုန်လေးနှစ်ကောင် စိန်ပြေးတမ်းဆော့ကစား

သမင်မလေးက လည်ပြန်ကြည့်လို့

အဲဒီလမ်း.. ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်ပါ

မြင်မြင်သမျှ ယိမ်းနွဲ့လှုပ်ရှားနေကြ

ဟိုးအဝေးက စိမ်းညှို့ညှို့တောင်တန်းတွေ

အဲဒီတောင်တွေဆီက တောင်ကျချောင်းရေ

ရေတံခွန်ဆီက အရှိန်နဲ့ ဆင်းလာတဲ့ ရေကျသံများ

အဝေးတောအုပ်တစ်နေရာက

မျောက်အုပ်တွေရဲ့ အော်ဟစ်သံသဲ့သဲ့

ကောင်းကင်ဝန်းကျင်က သိန်းငှက်တွေ လေဟုန်စီးနေကြ

ဆူးမရှိတဲ့ ပန်းပွင့်ရောင်စုံများ

ပွင့်ချပ်တစ်ချို့ပေါ်က အရောင်စုံ လိပ်ပြာများ

နေရောင်ခြည်နွေးနွေးအောက်က အ၀ါရောင် နေကြာပန်းများ

စပါးပင်လေးတွေက အပျိုစင်တစ်ယောက်ရဲ့ ကကွက်တွေလို ကနေကြ

အဲဒီစပါးခင်းကြားထဲက ချောင်းငယ်တစ်ခု

အဲဒီချောင်းရေကြည်ကြည်လေးအောက်က

ကျောက်စရစ်ခဲလေးများကြား

ငါးကလေးတွေ ပြေးလွားဆော့ကစား

လမ်း…

အဲဒီလမ်းပါပဲ …

လမ်းလေး အဆုံးမှာ တောင်ကြီး တစ်ခု

တောင်ခြေအောက်က ၀ါးနဲ့ ဆောက်တဲ့ အိမ်လေး တစ်လုံး

အိမ်အပြင် မြက်ခင်းပြင်တစ်နေရာဝယ်

ပြေးလွှားကစားနေတဲ့ ကလေးငယ်လေးတစ်ဦး

လမ်း …..

အဲဒီလမ်းလေး

အနာဂတ်ဆီမှာလား

အတိတ်ဆီမှာလား

ပစ္စုပ္ပါန်မဟုတ်တဲ့ လမ်းသွယ်တစ်ခု

မေတ္တာဓါတ်အပြည့်နဲ့ ပေါင်းချည်ခဲ့ဖူးတဲ့ လမ်း

မေမေ့မေတ္တာ .. ဖေဖေ့မေတ္တာတွေ ရှိနေမယ့် လမ်း

လူတွေ အများကြီးကြားထဲ

ခုတော့

ကိုယ်တစ်ယောက်တည်းရယ် ………….။

 

 

ရင်နင့်အောင်

About ရင် နင့် အောင်

ရင် နင့် အောင် has written 57 post in this Website..