မြန်မာမယ်ကို နိုင်ငံရေး အရ သဘောမကျကြဟု သိရသည်။ သတိလဲ ထားမိသည်။

သဘာကျခြင်းမကျခြင်းက ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါသည်။ အထူးဆိုရန်မရှိ။ သို့ဖြစ်ရာ မြန်မာ မယ်ကို မဲပေးခြင်း၊ မပေးခြင်းသည်လဲ ကိုယ့်ရွေးချယ်မှုသာဖြစ်ပေမည်။

သို့သော်လဲ မြန်မာမယ်နှင့် ပြိုင်ဘက် ဖိလစ်ပင်းမယ်အား မဲပေးရန် ဆော်သြခြင်းကတော့ တစ်ဘာသာဖြစ်သည်။ ထို့ပြင် မြန်မာမယ်ကို Report တင်သည်ဟုပင်ကြားရသည်။ မဖြစ်နိုင်ဟု ပြော၍လဲ ခက်မည်။ အခု အပြုအမူများက ဖြစ်နိုင်ချေမြင့်မားနေသည်မလား။

ဤတွင် မြန်မာများ၏ တွေးခေါ်ပုံကို သတိထားမိသည်။ ဤသည်မှာ မိမိအလိုမကျမှု တစ်ခုရှိလျှင် အကျိုးရှိလာနိုင်စရာရှိသည့် ကိစ္စ တစ်ရပ်ကို ဖျက်ဆီးတတ်သည့်စရိုက်။

သည်လိုစရိုက်ကို ဂဠုန်ဦးစောကပြသခဲ့ပြီးပြီ။

မြန်မာအများစု(နိုင်ငံရေးသမားများအပါအဝင်) သည် နိုင်ငံတကာရေစီးများနှင့် ဓလေ့များအား ယဉ်ပါးမှုအားနည်းသေးသည်မှာ ငြင်းရန်မလိုချေ။ရလာဒ်အားဖြင့် ဒီလို လုပ်ရပ်တွေကို တွေ့ရတော့သည်။ သူတို့စိတ်ထဲ ဒီမီဒီယာတွေ၊ ဒီပွဲတွေကို အလွန် သမာသမတ်ကျသည်ဟု ထင်ပုံပေါ်သည်။ မီဒီယာ ဆိုသည်မှာ အသံတိတ်သေနတ်မှန်း မသိကြသေး။သူတို့ပြောင်းဝက ကိုယ့်ရင်ဘတ်ဖက်မှာ။ အဲ့ဒါကို မျောက်က ကပြရင်း ပျော်ပြသလို ဖြစ်နေသည်။

ရုပ်ပြစားသည့်ခေတ်တွင် အနည်းဆုံး ဟန်ကိုယ့်ဖို့တော့ ရှိသင့်သည်မဟုတ်လား။ အခုတော့ အိမ်တွင်းပြဿနာအားလုံးကို အပြင်ထွက်အထုပ်ဖြေပြသည်။ ရလာဒ်မည်သို့ ရှိမည်ထင်ပါသနည်း။

တိုင်းပြည်သိက္ခာဟူသည် ပြည်သူ၊ပြည်သား တို့စည်းလုံးမှု၊ သဘောထားကြီးမှု တို့အပေါ် များစွာမူတည်သည်။ အစိုးရနှင့်ပြည်သူ စည်းလုံးလျှင် အကောင်းဆုံးပေါ့။

အခု အစိုးရနှင့်ပြည်သူ အစေးမကပ်ရာမှ တိုင်းပြည်နစ်နာပြီး လူအထင်သေးခံဖြစ်နေရသည်။ မစည်းလုံးသောတိုင်းပြည်က လာသည့်လူကို မည်သူက အထင်ကြီးမည်နည်း။

တိုင်းမ်သတင်းစာတွင် ဂျူလီယံအဆန်းကို ဘာကြောင့် မရွေးပါသနည်း။ အယ်လ်ဂျားဇီးယားက ခပ်စိတ်စိတ်ဖော်ပြသော သတင်းများ CNN, BBC တို့တွင် မတွေ့ရဘဲ ဖြစ်သည်မှာ ဘာကြောင့်နည်း။ အဖြေက ရှင်းသည်။ ဒီမီဒီယာများသည် သူတို့နိုင်ငံအကျိုးအတွက်အဓိက။ဒါကို ကိုယ်က မျက်ခြေမပြတ်ဖို့လိုသည်။ ဒီမီဒီယာတွေကိုသာ တရားသူကြီးလို ထားလျှင် မှားပေမည်။

ယနေ့ခေတ်အင်အားလွန်ဆွဲမှုများသည် အသွင်ပြောင်းလာနေပြီ။ ထိုအထဲတွင် မီဒီယာ အဓိက ပါသည်။ မီဒီယာ စစ်ပွဲ အတွက် နေနေသာသာ ကိုယ်တို့ဆီမှာ သတင်းသမားများနှင့် ပြန်ကြားရေး ရန်ဖြစ်လို့မဝ သေး။

ကိုယ်တွေ ပါးနပ်ရမည်။ ဒါမှ နယ်နိမိတ်လိုင်းများ မှိန်ဖျော့လာသည့်ခေတ်တွင် ရှင်သန်မည်။ ဒါဝင့်သီအိုရီလိုပါပဲ။

‘ပြောင်းမလား၊ သုန်းမလား’

အခုလိုလုပ်ပေါက်တွေကတော့ သုန်းစေမည့်အကျင့်တွေပါ။ပြင်ဆင်ကြဖို့လိုသည်။

Credit to : Myo Set

About အဘ ဘုတ်ကလုံ

အဘ ဘုတ်ကလုံ has written 8 post in this Website..

ဘုတ်ကလုံငှက်တွေလို အစာမရှိရင် အန်ကျွေးမယ့်.. အဘဘုတ်

   Send article as PDF