ဒယ်လ်တာ အသင်းသည် လက်ရှိတွင် Premier Coffee ကုမ္ပဏီမှ ပိုင်ဆိုင်သော အသင်း ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဦးထွန်းရင်က တာဝန်ယူ ထားသည်။ ၎င်းတို့ အသင်းကို စတင် တည်ထောင်စဉ်က အသင်းပိုင်ရှင် အဖြစ် ဦးချစ်ခိုင်အား တာဝန်ယူရန် လျာထား ခဲ့သော်လည်း အခြေအနေ အရ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ပိုင်ဆိုင်သည့် Max Cement ကုမ္ပဏီက လွှဲပြောင်း တာဝန်ယူ ခဲ့ရသည်။ သို့ရာတွင် ပြိုင်ပွဲဝင် အသင်း တစ်သင်းကို ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ပိုင်ဆိုင်နေခြင်း အပေါ် ဝေဖန်မှုများ ပေါ်ပေါက် လာသဖြင့် ၂၀၀၉ စက်တင်ဘာ လအတွင်းက Premier Coffee ကုမ္ပဏီသို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်း ဖြစ်သည်။ ဒယ်လ်တာ အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီတွင် အဆင့် (၂) ရခဲ့သော်လည်း ယခုနှစ် တွင်မူ ရလဒ်များ ကျဆင်းနေပြီး အသင်း၏ အမာခံ နည်းစနစ် အဖွဲ့ဝင်များ ဖြစ်ကြသည် ဦးခင်မောင်ကြိုင်၊ ဦးဆန်းဝင်း၊ ဦးအောင်ကျော်ကျော် စသူတို့ မှာလည်း အသင်းမှ ထွက်ခွာသွား ကြပြီ ဖြစ်သည်။ ထို့ကြောင့် ဒယ်လ်တာ အသင်းကို ဧရာဝတီ တိုင်းမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြန်လည် လွှဲပြောင်း ရယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသတင်း များနှင့် ပတ်သတ်၍ ဒယ်လ်တာ အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မျိုးမြတ်က ငြင်းဆန်ခြင်း မပြုခဲ့ သော်လည်း မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။ “အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်မဖြစ် ဆိုတာကို ဆက်ပြီးသာ စောင့်ကြည့် နေကြပါ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မှတ်ချက် မပေးလို ပါဘူး”ဟု Soccer Myanmar သို့ ပြောကြားသွား ခဲ့သည်။

Ref: Soccer Myanmar

About Bayote

Bayote has written 395 post in this Website..