သစ်ပင်

ကျွန်တော့်ကို သစ်ပင်လို့ ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို
ဝါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့
ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ
ဆိုင်း(Sign) အစား ဝင်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော်
ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော်
အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို
ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမ မှာ တစ်ဖက်သားကို
ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည် ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက
တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။

ကျွန်တော် သူမကို ချစ်တယ်…
တကယ့်ကိုချစ်တယ်…
သူမရဲ့ ရိုးသားမှုကို ချစ်တယ်..
သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့ အားနည်းချက်၊ သူမရဲ့
အားငယ်မှုတွေကို ချစ်တယ်။ ကျွန်တော် အပျော်သဘောနဲ့ သူ့ကိုချစ်တယ်၊
ကျွန်တော့်အတွက် မထူးခြားတဲ့ သူမက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့
ထင်မှာစိုးလို့ ကျွန်တော် သူမကို ဖွင့်မပြောခဲ့တာပါ။
ချစ်ခဲ့ကြပြီးရင်လည်း နောက်ဆုံး ခွဲခွာရမှာစိုးလို့၊ ချစ်ခဲ့ကြပြီးရင်
ပတ်ဝန်းကျင်က လူတွေ သူမကို ထိခိုက်အောင်ပြောမှာ ကြောက်လို့၊ တစ်နေ့
သူမကို ကျွန်တော် လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုကိုယ်
ယုံကြည်ထားမိပြီး တစ်ခြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူမကို
ကျွန်တော် ဖွင့်မပြောသေးတာလည်းပါတယ်။

ကျွန်တော် တစ်ခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး သူမ ကျွန်တော်ဘေးမှာ
သူငယ်ချင်းလို့ (၃)နှစ်အတူရှိ နေခဲ့တယ်။ (၃)နှစ်လုံးလုံး
သူမခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော် မသိအောင် သရုပ်ဆောင်ကောင်း
တစ်ယောက်ဖြစ်ဖို့ သူမကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့
ဒါရိုက်တာတစ်ယောက်ပဲလေ.. တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့
ကျောင်းအဆောင်ဘေးမှာ ချိန်းတွေ့ပြီး နမ်းနေကြတာကို သူမနဲ့
ပက်ပင်းတိုးမိတယ်။ သူမက ဟန်ဆောင်ရယ်ရင်း go on ဆိုပြီး ထွက်ပြေးသွားတယ်။
နောက်တစ်နေ့မှာ သူမရဲ့ မို့မောက်နေတဲ့ မျက်လုံးဟာ ညတုန်းက
ဘယ်လောက်ခံစားပြီး ငိုထားရတယ် ဆိုတာကို သက်သေပြနေပါတယ်။

ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့နေတာလည်းဆိုတာကို
မသိကျိုးကျွံပြုပြီး မမေးတဲ့အပြင် သူမကို လှောင်ရီနေမိတယ်။
ကျောင်းဆင်းလို့ လူတွေအားလုံးပြန်ကြတော့မှ သူမ စာသင်ခန်းထဲမှာ
ခိုးငိုနေတာကို ဘောလုံးကျင့်ရင်း ပစ္စည်းတစ်ခု မေ့ကျန်လို့ ပြန်လာယူတဲ့
ကျွန်တော် စာသင်ခန်း အပြင်ဖက်မှာ သူမငိုနေတာကို တစ်နာရီနီးနီး
ရပ်ကြည့်နေတယ်ဆိုတာကို သူမ မသိခဲ့ဘူး။ ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက်
ကောင်မလေးက သူမကို မလိုလားမနှစ်မြို့ခဲ့ဘူး။ တစ်ခါက သူတို့နှစ်ယောက်
အကြီးအကျယ် စကားများကြတယ်။ သူမရဲ့သိမ့်မွေ့တဲ့ စရိုက်က လူတွေကို
ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့
ကျွန်တော့်ကောင်မလေးဖက်ကနေပြီး သူမကို ဟောက်လိုက်မိတယ်။ မျက်ရည်တွေကျရင်း
သူမကျွန်တော်ကို ကြောင်ကြည့်နေတယ်။ သူမရဲ့ မျက်ရည်ကို လျစ်လျူရှုရင်း
ကျွန်တော့်ကောင်းမလေးလက်ကို ဆွဲပြီး စာသင်ခန်းပြင် ဖက်ထွက်သွားလိုက်တယ်။
နောက်ရက်တွေမှာ သူမက ဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော်နဲ့
စရင်းနောက်ရင်း အရင်လိုပဲ ရှိနေခဲ့တယ်။ သူမ ဘယ်လောက် ခံစားရမယ်ဆိုတာ
ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုခံစားရတယ်ဆိုတာကို သူမ
မသိခဲ့ပါဘူး။

ကျွန်တော်(၅)ယောက်မြောက် ကောင်မလေးနဲ့ လမ်းခွဲတော့ သူမကိုခေါ်ပြီး
စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။ “ငါ နင့်ကို ပြောစရာရှိတယ်”ဆိုတော့..
အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမက ဆိုတယ်။

“ငါ သူနဲ့ လမ်းခွဲလိုက်ပြီ”
“ငါ သူ့ကို အဖြေပေးလိုက်ပြီ”
“သူ”ဆိုတာ ဘယ်သူလည်းဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူမကို
ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက်
ချစ်စရာ့ ကောင်လေးတစ်ယောက်ပါ။ သူမကို အသဲအသန် ပိုးပန်းခဲ့ပါတယ်။
ကျွန်တော်ခံစားသွားရတယ်ဆိုတာ သူမ မသိအောင်ဟန်ဆောင်ရင်း၊ ကြားရတာ
ဝမ်းသာကြောင်း ပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဟန်ဆောင်မှုကို
ဆက်မထိန်းနိုင်တော့ဘူး။ ရင်မှာနာကျင်နေတာတွေ ရင်ဝမှာ တစ်ခုခုနဲ့
လာဖိထားသလို ခံစားရတယ်။ အသက်ရှု မဝတော့ဘူး။ တအားအော်ဖို့ ကြိုးစားတာ
အသံတွေက လည်ချောင်းဝမှာ ထစ်ဆို့နေခဲ့တယ်။

ကျွန်တော်ငိုမိတယ်…ချုံးပွဲချ ငိုမိတယ်…..
သူမ ချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။
စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မဲ့ နောက်ဆုံးတစ်ရက်မှာ
ကျွန်တော့်ဖုန်းထဲမှာ message လေး တစ်စောင်ရှိ နေတာကို သတိထားမိတယ်။
ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁၀)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တဲ့
ရက်လေးပါ။ ဖွင့်ကြည့်ဖို့ ကျွန်တော်မေ့နေခဲ့တာပါ…

“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့် မပေးလို့လား”

သစ်ရွက်

ကျောင်းတုန်းက သစ်ရွက်လေးတွေ စုဆောင်းတာကို ဝါသနာပါခဲ့တယ်။
ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာ မှီခိုခဲ့တဲ့ သစ်ပင်ကို
ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မနဲ့ အရမ်းခင်တဲ့
ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစားလို့မဟုတ်ဘဲ
တကယ့်သူငယ်ချင်းကောင်း တစ်ယောက်လို ခင်ခဲ့တယ်။ ဒါပေမဲ့ သူပထမ
ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့ သဝန်တိုမှု၊ ရင်ထဲက နာကျင်မှုတွေ
ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူတို့ပြတ်သွားတော့ ပျော်ရွှင်မှုတွေ
သူမသိအောင် ကျွန်မ ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ
ဒုတိယမြောက်ရည်းစား ရသွားပြန်တယ်။

ကျွန်မသူ့ကို ချစ်တယ်…
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်…
ဒါပေမဲ့….သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ….
နှစ်ယောက်စလုံးချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်လဲ….
သူရည်းစားတစ်ယောက် ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်…ခံစားရတယ်….
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ်
ချစ်နေမိတာလား..
ကျွန်မကို မချစ်ဘူး ဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေတာလဲ…
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင် လွန်နေပြီ…
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်…
သူရဲ့အကြိုက်တွေ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်း
နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စ ဖွင့်ပြောရမလား ဆိုတာကို ကျွန်မ
မခန့်မှန်းတတ်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်လေ…. သူဖွင့်ပြောလာမဲ့ရက်ကို မျှော်ရင်း ကျွန်မသူ
့ဘေးမှာပဲ ရှိနေချင်ခဲ့တယ်။ သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။ ညည
သူ့ဖုန်းသူ့ message ကို မျှော်နေရသလိုပေါ့။ သူဘယ်လောက်ပဲ အလုပ်တွေရှုပ်
မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ
ကျွန်မသိနေတယ်လေ…

ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။
စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း
ရောက်ရှိလာမဲ့ ရက်ကို ကြိုတွေးပြီး ကြည်နူးရင်း
ဆက်စောင့်မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊
ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့အတူ
ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ ဖြေဖို့ နီးလာတော့ တခြားအခန်းက
ကောင်လေးတစ်ယောက် ကျွန်မကို အသဲအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ
ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့ နေရာ
တစ်စိတ်တစ်ဒေသကို တဖြေးဖြေး စိုးမိုးလာခဲ့တယ်။

ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ…
ကျွန်မရဲ့ နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်…
နောက်တော့ ကျွန်မရဲ့ နှလုံးသားတစ်နေရာစာ မကတော့ပါဘူး ကျွန်မရဲ့
နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံးသား
သစ်ရွက်လေးကို လေနဲ့အတူ ပျော်ရွှင်မဲ့နေရာကို ကောင်လေး
ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။ သစ်ရွက်လေး
သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲ
မတားခဲ့ပါဘူး။

“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”

လေပြေ

ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက
သူချစ်တဲ့ သစ်ပင်တစ်ပင်မှာ ခံစားချက်တွေ ဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။
ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေး ပျော်ရွှင်အောင်
ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် သူမကို စပြီး
သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။
သေးငယ်တဲ့ သူမရဲ့ ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း
မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်းလေးတစ်ယောက်ကို
စူးစိုက်ကြည့်နေတတ်တယ်။ သူမတစ်ယောက်ထဲပဲဖြစ်ဖြစ်
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာ ထိုင်ပြီး ငေးကြည့်နေတတ်တာ
အားကစား အချိန်တိုင်းပဲ။ ကောင်လေးက တစ်ခြားကောင်မလေးတွေနဲ့ ရယ်မောနေရင်
သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့… ကောင်လေး သူမဖက်
လှည့်လာပြီဆိုရင် သူမရဲ့ မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့… သူမ
အဲဒီကောင်လေးကို အမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို အမြဲစောင့်ကြည့်ရမ
ဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ
စိုးရိမ်မှုတေ ွဝင်ရောက်လာတယ်။ ဘယ်လို စိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော်
ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်း
ရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူမရဲ့ စာသင်ခန်းဖက်ကို
ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့ အချိန်မှာ ကောင်လေးရဲ့ ဆူပူသံ၊
သူမရဲ့ ရှိူက်သံ ကောင်လေးရဲ့ ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။
နောက်ရက်တွေမှာ သူမဟာ အရင်ကလိုပဲ ဘောလုံးကွင်းဘေးမှာ ကောင်လေးကို
ငေးနေပြန်တယ်။

ကျွန်တော် သူ့ဘေးကို လျောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက်
စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံဩတဲ့ပုံစံနဲ့ ကျွန်တော့်ကို
ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကို ယူလိုက်တယ်။ နောက်တစ်နေ့မှာ
စာရွက်ခေါက်လေးကို ကိုင်လို့ ကျွန်တော်နား သူမရောက်လာတယ်။

“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး”
“သစ်ရွက်ရဲ့ စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး … သစ်ရွက်က သစ်ပင်ကို
မခွဲနိုင်တာပါ”
အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတစ်ဖြည်းဖြည်း
ကျွန်တော်ကို စကား ပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို
လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ သူမ ကျွန်တော့်ကို
မချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ သူမ ကျွန်တော့်ကို
ချစ်လာနိုင်တဲ့အထိ ကျွန်တော် ဇွဲလုံလရှိခဲ့တယ်။

သူမနဲ့ သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ
အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ
စကားလှမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။
ကျွန်တော ်သူမကို အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်..
သူမရဲ့ အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်း
သိလျှက်နဲ့ သူမအဖြေပေးလာမဲ့ ရက်ကို စောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ
ရှိနေခဲ့တယ်။

“ဘာလုပ်နေတာလဲဟင်…ကျွန်တော်ပြောတာတွေ ကြားလား.. ဘာလို့ ကျွန်တော်ကို
စကားပြန်မပြောတာလဲ.. မေးတာလဲ ဖြေအုန်းလေ”

“ကျွန်မ ခေါင်းငြိမ့်နေတယ်”
“ဟင်”
ကျွန်တော်နား ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ…
“ကျွန်မခေါင်းငြိမ့်နေပါတယ်” သူမ ပြန်အော်ပါတယ်…
ကျွန်တော် ဖုန်းကို ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကို ကောက်စွပ်ပြီး
သူမအိမ်ဖက် ဆိုင်ကယ် အပြင်း မောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို
နိုက်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကို တင်းတင်းလေး
ဖက်ထားလိုက်မိတယ်။

“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”

About Yin Nyine Nway

Yin Nyine Nway has written 356 post in this Website..

I m web developer