စဉ်းစားကြစေလိုပါတယ် ( ၇၄ ) ( ခိုးရာပါ ပစ္စည်း လက်ခံသူ )

 

ဒီ Post လေးကတော့ ၊

 

သည်လေဒီးစ် နယူးစ်ဂျာနယ် ၊ အတွဲ (၂) အမှတ်စဉ် ၁၈ ထဲမှာ ၊

ဆောင်းပါးရှင် ဇော်မင်းထွန်း ရေးသားထားတဲ့ ၊

” မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြားချက် “

ဆောင်းပါး နှင့် ပါတ်သက်ပြီး ရွာသူား တို့ရဲ့ အမြင်ကို သိချင်လို့ပါ ။

 

ပထမဦးဆုံး အဲဒီ ဆောင်းပါးလေးကို အရင် တင်ပြပါရစေ ။

 

Quote

 

မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြားချက်

————

 

“ကျောင်းကိုသိမ်းယူတယ်ဆိုတာ ခိုးယူတာနဲ့အတူတူပါပဲ။ ခိုးယူပြီးတော့မှ အပ်နှံတယ်ဆိုတော့

အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံသူက ခိုးရာပါပစ္စည်း လက်ခံတာနဲ့ အတူတူပါပဲ။

ပီနန်ဆရာတော်ဘုရားကြီးကို လှူစေချင်ပါတယ်ဆိုပြီး လက်မှတ်ထိုးမယ့် သံဃာတော်တွေက

၉၉.၉၉ ရာခိုင်နှုန်းရှိတယ် ”

 

တကယ်လို့သာ ဆရာတော်ကြီး တွေက သူတို့ကိုခွင့်လွှတ်ပေးလိုက်ပါ ကွာဆိုရင်

အလွယ်တကူ လွှတ်ပေးလို့ ရတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစု ကြည်တောင်မှ

ဒီပဲယင်း အရေးအခင်း မှာ ကိုယ့်ကို အသေသတ်မှာကိုတောင် ခွင့်လွှတ်နိုင်ခဲ့တယ်ပေါ့။

အဲဒီတော့ လူဝတ်ကြောင် ဒကာမကြီးဒေါ်အောင် ဆန်းစုကြည်တောင်မှ ခွင့်လွှတ်နိုင် တယ်ဆိုရင်

ဗုဒ္ဓဘာသာပြန့်ပွားရေး အတွက် လုပ်ဆောင်နေတဲ့ သံဃာ တော်တွေကို

ဘာမှခွင့်မလွှတ်နိုင်စ ရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။

အဲဒီတော့ ဆရာတော်သံဃာတော် တွေအနေနဲ့ ခွင့်လွှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။

ခွင့်လွှတ်နိုင်တဲ့တစ် နေ့ အမြန်ဆုံးရောက်ပါစေ လို့လည်း ဆုတောင်းပါတယ်။

 

သန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု နဲ့ပတ်သက်ပြီး သတင်းစာတွေထဲမှာ လည်းပါနေပြီးသားပဲလေ။

ပီနန်ဆ ရာတော်ဘုရားကြီးဆိုတာ ဦးဇင်းတို့ စာသင်သားဘ၀ကတည်းက

ဆရာ တော်ဘုရားအတ္ထုပ္ပတ္တိတို့၊ စာရေးဆ ရာတွေကရေးထားတာ

အင်မတန်မှ ကြည်ညိုလေးစားခဲ့တဲ့ ဆရာတော် ဘုရားကြီးပါ။

ပြည်ပသာသနာပြုလုပ် ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ တာပေါ့နော်။

 

အဲဒီတော့ မြန်မာပြည် ပြန်ရောက်လာတော့လည်းပဲ

မြန်မာ နိုင်ငံကနေ ကမ္ဘာအနှံ့ သာသနာပြု နိုင်တဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ် တွေ

အများကြီး ပေါ်ပေါက်လာအောင် ဖော်ထုတ်ခဲ့တယ်။

အဲဒီတော့ သူ့ကို ကူညီခဲ့တာ ပြည်တွင်းပြည်ပက လူ တွေအများကြီးပါတယ်။

နိုင်ငံတော် လူကြီးပိုင်းဆိုင်ရာက တချို့လည်းပါ တယ်ပဲပြောရမှာပေါ့နော်။

 

အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက် တည်း ကုသိုလ်ကတော့ မဟုတ်ဘူး ပေါ့နော်။

နိုင်ငံတော်အစိုးရပိုင်ငွေနဲ့ နိုင်ငံတော်တစ်ခုတည်းရဲ့ကောင်းမှုနဲ့ ဆောင်ရွက်ထားတာ မဟုတ်ဘူး။

ဆရာတော်ကို ကြည်ညိုကြတဲ့ အ လှူရှင်အားလုံးရဲ့ ကောင်းမှုနဲ့တည် ဆောက်ထားတာ

ရေစက်ချကတည်း က သံဃာကိုလှူဒါန်းတာ။

 

သံဃာ ကို လှူတယ်ဆိုပေမဲ့လို့ ဒီကျောင်းကို ထိန်းသိမ်းစောင့်ရှောက်မယ့် ပုဂ္ဂိုလ် ကတော့

အများဒကာ၊ဒကာမတွေ သတ်မှတ်ထားတဲ့ ဆရာတော်ကိုပဲ လှူဒါန်းတာ။

ဆရာတော်ဘုရားကြီး ကိုပဲ ဒီကျောင်းကို အုပ်ချုပ်စီမံဖို့အ တွက် လှူဒါန်းထားပြီးသား။

 

နောက် ပိုင်းကျတော့မှ အခြားအဖွဲ့တစ်ခုကို လွှဲပြောင်းလိုက်တယ်ပေါ့နော်။

မဟန က ပိုင်တယ်လို့ပြောလို့မရဘူး။ ဆိုင် တာပေါ့လေ။

ပီနန်ဆရာတော်ဘုရား ကြီးကတော့ သူ့ကိုလှူဒါန်းထားတဲ့အ တွက်ကြောင့်မိုလို့ ပိုင်တာပေါ့နော်။

 

၂ နှစ်သင်တန်းပေးတဲ့အချိန်တုန်း က ၂၀၀၀ ပြည့်နှစ်တုန်းက ဦးဇင်း တို့ရောက်ဖူးပါတယ်။

အဲဒီကျောင်း မှာ အင်မတန်မှအေးချမ်းပြီးတော့

စာရေးလို့လည်း ကောင်း၊ တရားအား ထုတ်လို့လည်း ကောင်းတဲ့နေရာ။

 

အဲ ဒီကတည်းက ဒီကျောင်းကိုထိန်းသိမ်း စောင့်ရှောက်ကြတဲ့ ဂေါပကခေါင်း ဆောင်တချို့ရဲ့

ငွေကြေးအလွဲသုံးစား မှုတွေ သတင်းတော့ ကြားနေရတာ ပေါ့လေ။

အဲဒီတော့လည်း ဘာတွေ ဖြစ်မလဲဆိုတာမျိုး သံသယဖြစ်နေ ကြတာပေါ့လေ။

 

နောက်ဆုံးကျတော့ သူတို့ရဲ့အပြစ်တွေကို ဖုံးကွယ်ချင်တဲ့ အတွက်ကြောင့်

ဆရာတော်ဘုရား ကြီးက နိုင်ငံရေးလုပ်နေပါတယ်၊ အ စိုးရကိုဆန့်ကျင်နေပါတယ်နဲ့

အဲဒီ တုန်းက ဒကာကြီးဦးခင်ညွန့်က ဒီ ကျောင်းကို ပြန်လည်သိမ်းယူလိုက် တာပေါ့။

 

အဲဒီတော့ ဆရာတော်ဘု ရားကြီးကို လှူဒါန်းထားတဲ့အတွက် ကြောင့် သိမ်းယူပိုင်ခွင့်မရှိဘူး။

တစ် နည်းပြောရင်တော့ သံဃာကိုလှူထား တာမိုလို့ ပီနန်မပိုင်ဘူး၊ မဟနပဲပိုင် တယ်ဆိုတော့

သံဃာကိုလှူထား တယ်ဆိုမှတော့ အစိုးရလည်း ပြန် လည်သိမ်းယူပိုင်ခွင့်မရှိဘူး။

 

ဆရာ တော်ဘုရားကြီးကိုယ်တိုင်က ကြည် ကြည်ဖြူဖြူ ကျေကျေနပ်နပ်နဲ့

စွန့် လွှတ်လိုက်တာမဟုတ်တဲ့အတွက် ကြောင့်

ဒီကျောင်းကို သိမ်းယူတယ် ဆိုတာ ခိုးယူတာနဲ့အတူတူပဲပေါ့နော်။

 

ခိုးယူပြီးတော့မှ အပ်နှံတယ်ဆိုတော့ အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံ သူက

ခိုးရာပါပစ္စည်းလက်ခံတာနဲ့ အတူတူပါပဲ။

 

အခုချိန်မှာ ခိုးရာပါ ပစ္စည်းဆိုတာလည်း လူတွေကလည်း သိထားပြီးသားပဲပေါ့။

ဒါပေမဲ့လည်း အကြောင်းမညီညွတ်လို့ ပြန်ပေးပိုင် ခွင့်မရှိဘူး၊

အခုချိန်မှာ မူလပိုင်ရှင် ကပဲ ဒီကျောင်းကို အုပ်ချုပ်စီမံပြီး တော့

ကမ္ဘာ့သာသနာပြုအာဇာနည် ပုဂ္ဂိုလ်တွေ အများကြီး ပေါ်ပေါက် လာအောင် ပြုစုပေးတော့မယ်၊

မွေး ထုတ်ပေးတော့မယ်ဆိုပြီး သတင်း စာထဲမှာ ကြေညာတာပဲလေ။

အဲဒီ သင်တန်းတွေသာ ဆရာတော်ဘုရား ကြီး ဖွင့်ခွင့်ရမယ်ဆိုရင်တော့

ကမ္ဘာ့ သာသနာပြုပုဂ္ဂိုလ်တွေ အများကြီး ပေါ်ထွက်လာမှာပေါ့။

 

တခြားတခြားလည်းပဲ ကမ္ဘာ့သာ သနာပြု ပုဂ္ဂိုလ်တွေပြုစုပျိုးထောင် နေတာရှိပါတယ်။

ဒါပေမဲ့ ဆရာတော် ဘုရားကြီးက ပြည်ပနိုင်ငံတွေမှာ

နှစ် ပေါင်း ၂၀ ကျော်သာသနာပြုခဲ့တာ ဆိုတော့ ပြန်လည်မျှဝေတဲ့အခါမှာ

စာသင်သားတွေ နိုင်ငံခြားသွားတဲ့ အခါ ပညာအရည်အချင်းတွေနဲ့ ပြည့် စုံသွားကြတယ်။

ပြီးတော့ ဆရာတော် ဘုရားကြီးမှာ ကျောင်းတွေ ကမ္ဘာအ နှံ့မှာ ရှိတဲ့အတွက်ကြောင့်လည်း

ဒီ သင်တန်းမှာအောင်မြင်သွားတဲ့ ပညာ အရည်အချင်းပြည့်ဝသွားတဲ့ သံဃာ တော်တွေဟာ

ပြည်ပသာသနာပြု လုပ်ငန်းလုပ်ကိုင်ခွင့်လည်း ချက်ချင်း လက်ငင်းရကြရမယ်ပေါ့လေ။

 

အခု ခေတ်စကားနဲ့ပြောမယ်ဆိုရင် အရပ် ဘက်ဆေးတက္ကသိုလ်က ဆရာဝန် ဖြစ်သွားတဲ့ လူတွေက

ဆရာဝန်ဖြစ် သော်ငြားလည်း အလုပ်အကိုင် အ ခွင့်အလမ်းမသေချာဘူး။

ဒါပေမဲ့ တပ် မတော် ဆေးတက္ကသိုလ်ကနေ ဘွဲ့ ရသွားတဲ့ လူတွေကတော့

ချက်ချင်း ရာထူးလည်းရတယ်။ နေရာဌာနက လည်း ရတယ်။

 

အဲဒီတော့ ဆရာ တော်ဘုရားကြီးရဲ့ကျောင်းတိုက်က တော့ အဲဒီလိုအခွင့်အလမ်းပေးနိုင် တာပေါ့လေ။

ဒါကြောင့်မို့ ဒီကျောင်း တော်ကြီးကို ဆရာတော်ကြီးကိုယ် တိုင်အုပ်ချုပ်စီမံပြီးတော့

သာသနာ ပြုခွင့်မရတာဟာ အင်မတန်ဝမ်းနည်း စရာကောင်းတယ်။

 

မြတ်စွာဘုရားရှင်လက်ထက်က တည်းက ရှိခဲ့တဲ့ ရှင်သာရိပုတ္တရာ၊ အရှင်မဟာမောကလန်

အစရှိတဲ့ အ ရိယာသံဃာတော်တွေ အရှင်သူမြတ် ကြီးတွေ အပါအ၀င်ပေါ့နော်။

ခေတ် တစ်လျှောက်လုံးရှိခဲ့တဲ့ သံဃာတော် တွေအားလုံးရော၊

အခုလောလော ဆယ်ပုစ္စုပ္ပန်မှာ ရှိနေကြတဲ့ သံဃာ တော်တွေအားလုံးရော

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ သံဃာ တော်တွေ

တစ်ကမ္ဘာလုံး အရှေ့၊ နောက်၊တောင်၊မြောက် သံဃာတော် တွေအားလုံးရော

နောင်တစ်ချိန်မှာ ပေါ်ပေါက်လာတဲ့ သံဃာတော်တွေ အားလုံးရော

အတိတ်၊ ပစ္စုပ္ပန်၊ အ နာဂတ်ကာလသုံးပါးလုံးမှာ ရှိရှိသမျှ သော သံဃာအားလုံးကို လှူဒါန်းတာပါ။

 

ကျောင်းတိုက်တစ်ခုချင်း စီမံတာ ကျတော့ ပဋိကတ်တော်မှာလည်း ရှိ ပြီးသား။

သံဃာတော်တွေလည်းသိ ပြီးသား။

ဂေါပက ဆိုတာ လုံခြုံစေသူ တို့ အဓိပ္ပာယ်ရတယ်။

မြန်မာလိုဆိုရင် တော့ ဒီကျောင်းတိုက်ကို ထိန်းသိမ်း စောင့်ရှောက်တဲ့သူပေါ့။

 

သံဃာတော်အားလုံး လက်ခံ ထားတာက ဒီမဟာသန္တိသုခကျောင်း တိုက်ကို

ထိန်းသိမ်းစောင့်ရှောက်သူ ဟာ ပီနန်ဆရာတော်ဘုရားကြီးပေါ့။

 

ငါးသိန်းသော သံဃာတော်တွေကို လက်မှတ်ထိုးခိုင်းမယ်ဆိုရင်

ပီနန် ဆရာတော်ဘုရားကြီးကို လှူစေချင်ပါ တယ်ဆိုပြီး လက်မှတ်ထိုးမယ့်သံဃာ တော်တွေက

၉၉.၉၉ ရာခိုင်နှုန်းရှိတယ်။

 

ဇော်မင်းထွန်း

အတွဲ (၂) အမှတ်စဉ် ၁၈၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

Ref : https://www.facebook.com/photo.php?fbid=1506846582877762&set=a.1466970310198723.1073741829.1466965966865824&type=1

 

 

” သန္တိသုခအရေး နှင့် ဦးဆန်းဆင့် ဖြုတ်ခံရမှု အပေါ် ဦးဝီရသူ နှင့် ဦးပါမောက္ခ အမြင် “

( ဧရာဝတီ သတင်း ဋ္ဌာန )

 

ဦးပါမောက္ခ Says :

” မဟာသန္တိသုခ ကျောင်းဟာ ၁၉၉၅ ခုနှစ်မှာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ နှစ် ၆၀ ဂရန်ပေါက်တယ်။

၁၉၉၉ ခုနှစ်မှာ ပြည်တွင်း၊ ပြည်ပ အလှူရှင် တွေနဲ့ ကျောင်းတော်ကြီး ကိုဆောက်လုပ်ပြီး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ်ခင်ညွှန့်တို့က ပီနန်ဆရာတော်ကို ရေစက်ချလှူဒါန်းတယ်။

၂၀၀၀ ခုနှစ်မှာ ကျောင်းရေစက်ချ ပွဲလုပ်ပြီး ဂရန် ထက်ခိုင်တဲ့ ပတ္တာ စာချုပ်ကို ရရှိတယ်။

အဲဒီမှာ စင်ကာပူက ပီနန်ဆရာတော်ရဲ့ ကိုယ်စား ဦးစောမြင့်လို့ ပါလာတယ်။

ပီနန်ဆရာတော် ရယ်လို့ တိုက်ရိုက်တော့ မပါဘူး။

ဆရာတော်က ရန်ကုန်မှာမရှိတဲ့အတွက်ကြောင့်

စိတ်ချရတဲ့ ဒကာတယောက်က ကိုယ်စား နဲ့ ကျလာတယ်။ “

 

” ဦးဆန်းဆင့်က ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကနေ ပြောင်းလာတဲ့သူပါ။

ရောက်တာ ၁ နှစ်လောက်ပဲ ရှိသေးတယ်။

ဦးဆန်းဆင့်ဟာ ဦးအံ့မောင်ရဲ့ လှည့်ကွက်ထဲ ၀င်သွားတယ်လို့ ထင်တယ်။

ဦးအံမောင်ဟာ နှစ် ၅၀ ဆယ်လောက် ဘုန်းကြီးတွေဆီက

ချော့တလှည့်၊ ခြောက်တလှည့်နဲ့ တောင်းပြီး စားသောက်နေတဲ့သူပါ။

အဲတော့ ဦးအံ့မောင်ရဲ့ လှည့်ကွက် တွေကို ဦးဆန်းဆင့်က ဘာမှ မသိနိုင်ဘူး။

ရာထူးအနေအထားက ၀န်ကြီး ဖြစ်နေသော်လည်း လုပ်ငန်းကျွမ်းကျင်မှု၊ လိမ်လည်မှုတွေက

ဦးအံ့မောင်ရဲ့ အကျင့်တွေကို ဦးဆန်းဆင့်က ဘယ်လိုမှ မသိနိုင်ဘူး။

ဦးအံ့မောင်ရဲ့ လှည့်ကွက်ကြောင့် ဦးဆန်းဆင့်က ကြားထဲက ထိုးကျွေးခံလိုက်ရတယ်လို့ မြင်တယ်။

ဦးဆန်းဆင့်ဝန်ထမ်းတယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ၀မ်းနည်းတယ်။

စိတ်မကောင်းဖြစ်မိပါတယ်။ “

 

Ref : ” သန္တိသုခအရေး နှင့် ဦးဆန်းဆင့် ဖြုတ်ခံရမှု အပေါ် ဦးဝီရသူနှင့် ဦးပါမောက္ခ အမြင် “

http://burma.irrawaddy.org/interview/2014/06/23/60841.html

 

Unquote

 

အကြမ်းဖျင်း ပြောရမယ် ဆိုရင် ၊ ကျနော်ကတော့ ၊

ဆရာတော်အရှင် ဆန္ဒာဓိက ရဲ့ သဘောထား အမြင် နှင့် တစ်ထပ်တည်း ကျပါတယ် ။

 

ဖြစ်စဉ်က ရှင်းရှင်းလေးပါ ။

 

၁ ။

ပီနန် ဆရာတော်ဘုရားကြီး က မဟာသန္တိသုခကျောင်းတိုက် ကို စထောင်တယ် ။

ဗုဒ္ဓ ဘာသာ ထုံးစံ အရ ၊ လှူရာမှာ အကျိုးများအောင် သံဃာကို လှူတယ်လို့ သုံးတယ် ။

တကယ့် တကယ် ကတော့ ၊ ပီနန် ဆရာတော်ဘုရားကြီး အမှူးထား အုပ်ချုပ်ဖို့ လှူတာပါ ။

အဲဒီတော့ ၊ ပီနန် ဆရာတော်ဘုရားကြီး နာမည် နှင့် ဂရန် အမည်ပေါက် ထွက်တယ် ။

 

၂ ။

ကျောင်း ဆောက်လုပ်နေဆဲမှာ ၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်း ဖြစ်တယ် ။

ပီနန် ဆရာတော်ဘုရားကြီး က ၊ ရွှေဝါရောင် သံဃာတွေ ဘက်က ထောက်ခံတယ် ။

ပီနန် ဆရာတော်ဘုရားကြီး မြန်မာပြည် ပြန်လာလို့ မရတော့ဘူး ။

 

၃ ။

အခုမှ ၊ လူယုတ်မာ / ဗီလိန် ရဲ့ အခန်း က ဝင်လာတယ် ။

ဗိုလ်ချုပ် ခင်ညွန့်က ၊ မဟာသန္တိသုခကျောင်း ကို သိမ်းလိုက်တယ် ။

မဟာသန္တိသုခကျောင်း ကို ပြီးအောင် ဆောက်လိုက်တယ် ။

ပီနန် ဆရာတော်ဘုရားကြီး ဘာမှ ဆက်လုပ်လို့ မရတော့အောင် ၊

မဟာသန္တိသုခကျောင်း ကို သံဃာ့ မဟာ နာယက ( မဟန ) ကို လှူလိုက်တယ် ။

ပွဲပြီး ရိုက်လိုက်တာလေ ။

 

၎ ။

အခုမှ ၊ လူယုတ်မာ / ဗီလိန် ရဲ့ အခန်း ပြီးတော့ ၊ လူညံ့ ရဲ့ အခန်းက ဝင်လာတယ် ။

ဗိုလ်ချုပ် ခင်ညွန့်က ၊ မဟာသန္တိသုခကျောင်း ကို လှူဒါန်းတာကို ၊

အဲဒီ အချိန်က သံဃာ့ မဟာ နာယက ( မဟန ) က လက်မခံသင့်ဘူး ။

ပီနန် ဆရာတော်ဘုရားကြီး နာမည် နှင့် ဂရန် အမည်ပေါက် တောင် ထွက်ထားပြီးပြီလေ ။

 

ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရဲ့ စကားကို ယူသုံးရရင် ၊

” ပီနန် ဆရာတော်ဘုရားကြီးကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် နဲ့ ၊

စွန့်လွှတ်လိုက်တာ ၊ မ ဟုတ်တဲ့ အတွက် ကြောင့် ၊

ဒီကျောင်းကို သိမ်းယူတယ် ဆိုတာ ၊ ခိုးယူတာနဲ့ အတူတူပဲပေါ့နော် “

 

၅ ။

အဲဒီ အချိန်က သံဃာ့ မဟာ နာယက ( မဟန ) က လက်မခံသင့်တာကို လက်ခံမိတဲ့ အတွက် ၊

အခုလို အရှက်ရ စရာ ပြဿနာကြီး ပေါ်ပေါက်လာရတာဘဲ ။

 

၆ ။

အို ကေ ပါ ။ ဒီ အထိ က ၊ သိပ် မ ရှုပ်ထွေးသေးပါဘူး ။

သံဃာ အချင်းချင်း ကျောင်းလုတဲ့ ပြဿနာ အဆင့်ဘဲ ရှိသေးတယ် ။

မ ဟ န ၊ သာသနာရေး ဝန်ကြီး ဋ္ဌာန နှင့် ရဲတပ်ဖွဲ့ က ၊

ပီနန် ဆရာတော်ဘုရားကြီး မရှိချိန် ၊ ဂျပန် ခန ကြွသွားတဲ့ အချိန်မှာ ၊

ညကြီး အချိန်မတော်မှ မဟာသန္တိသုခကျောင်း ကို ဝင်စီးနင်းတယ် ။ ချိတ်ပိတ်တယ် ။

 

မှန်တာပြောရရင် ၊

ကက ။ ပီနန် ဆရာတော်ဘုရားကြီး မရှိချိန် နှင့် ၊

ခခ ။ ညကြီး အချိန်မတော် မှ ဝင်စီးနင်းတဲ့ ၊

ပုံစံ နှင့် စိတ်ဓါတ် ကို မကြိုက်လှဘူး ။

ချိတ်ပိတ်တာ ကိုတော့ ၊ ဘာမှ သိပ်မပြောလိုလှပါ ။

ဥပဒေကြောင်းအရ လုပ်သင့်တာ လုပ်တယ် ဘဲ မှတ်ပါတယ် ။

 

၇ ။

အဆိုးဆုံး အချက်ကတော့ ၊

ပီနန် ဆရာတော်ဘုရားကြီး ကျောင်းမှာ စောင့်ရှောက်ဖို့ ချန်ထားခဲ့တဲ့ သံဃာ ( ၅ ) ပါး ကို ၊

အတင်း သိက္ခာချ ရဟန်းဝတ် ချွတ်ပြီး ၊ အင်းစိန်ထောင်ထဲ ထည့်လိုက်တာပါဘဲ ။

 

ဒီ ကိစ္စ ကို ၊ လုံးဝ ( လုံးဝ ) လက်မခံနိုင်ပါဘူး ။

ဒါဟာ စစ်အာဏာရှင် စတိုင် အကြမ်းဖက်တဲ့ မ တရားမှု ( မ တရားမှု ) ပါ ။

 

၈ ။

အဲဒီတော့ကာ ၊ Final Conclusion ဆွဲရရင်တော့ ၊

 

မူလ ပိုင်ရှင် = ပီနန် ဆရာတော်ဘုရားကြီး ။

ပထမ လူယုတ်မာ / သူခိုး = ဗိုလ်ချုပ် ခင်ညွန့် ။

ခိုးရာပါ ပစ္စည်း လက်ခံသူ = သံဃာ့ မဟာ နာယက ( မ ဟ န ) ။

ဒုတိယ လူယုတ်မာ / အကြမ်းဖက်သူ = အံ့မောင် ။

 

၉ ။

ဒီ မ တရားမှု အတွက်ကတော့ အပြစ် ရှိခဲ့သူတွေဟာ ပြန်လည်ပေးဆပ်ရမှာပါ ။

အကြမ်းဖက် ရဟန်းဝတ် ချွတ်မှု အတွက်ကတော့ ၊

အကြံပေး အံ့မောင် လား ၊ ဝန်ကြီး ဦးဆန်းဆင့် လား ၊ စတေးခံရတော့မှာပါ ။

 

ခိုးရာပါ ပစ္စည်း လက်ခံမိမှု အတွက်ကတော့ ၊

သံဃာ့ မဟာ နာယက ( မ ဟ န ) က ထေရ်ကြီး ဝါကြီး တွေက ၊

တာဝန်ခံ ဖြေရှင်းပေး ရပါတော့မယ် ။

( မ ဟ န မှာ ဂုဏ်သိက္ခာ နှင့် သတ္တိ သာ ရှိခဲ့ရင်ပေါ့ )

( မ ဟ န မှာ ဂုဏ်သိက္ခာ နှင့် အရှက် မရှိဘူး ဆိုရင်တော့ ဒီအတိုင်းလေးဘဲ ဆက်မှိန်းနေကြပေါ့ )

 

ဟဲ ဟဲ ၊ ဒါကတော့ အဘ ရဲ့ သဘောထား အမြင်လေးတွေပါ ။

ရွာသူားတို့ကော ဘယ်လို သဘောရကြပါသလဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

ဆရာတော် အရှင် ဆန္ဒာဓိက

ဆရာတော် အရှင် ဆန္ဒာဓိက

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။