ရှာပုံတော်မင်းသားကြီး Searcher

လွန်ခဲ့တဲ့အပတ်က ကျွန်တော်တင်တဲ့ သက်သတ်လွတ်နဲ့ ကိုယ်ချင်းစာတရား ပို့စ်မှာ ဝိုင်း ဆိုသူ မန ္တလေးဂေဇက် အွန်လိုင်း မိတ်ဆွေတဦးရဲ့ ဘာသာရေးဆန်တဲ့ စာတွေရေးရင် အစွန်းလွတ်တာ ကောင်းမယ်ထင်တယ်လို့ စေတနာနဲ့ မှတ်ချက်ပြုလာလို့ အစွန်း၂ပါး က လွတ်တဲ့ လမ်းစဉ်နဲ့ဆိုင်တဲ့ အတွေးလေးတင်လိုက်ပါတယ်။ ဒီပို့စ်က သူ့ကြောင့် ခေါင်းထဲ ပြန်ပေါ်လာလို့ ဝိုင်းကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ထက် အသက်၊ ပညာ၊ ဂုဏ်ကြီးသူ ဖြစ်နေလို့ စော်ကားသလိုဖြစ်ခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်။ ရဲရဲတွေးလို့ မြန်မြန်ကြီး ရောက်မဲ့သူ တယောက်လို့ပဲ မိမိနှစ်သက်သလို သဘောထားစေလိုပါတယ်။ (အဲ ကျွန်တော်အာရုံပြုတာကတော့ အထက်ဘုံနဲ့ နိဗာ္ဘန် ပါ)။ စ ရမယ်ရင် လူတွေပြောပြောနေတဲ့ အလယ်အလတ် မဇ္ဇမပဋိပဒါလမ်းစဉ် ဆိုတာ အပြောလွယ်သလောက် အလှမ်းခက်ပါတယ်။ လမ်းပေါင်းများစွာရှိတဲ့အနက် ဘယ်ဟာက အစွန်းလဲ၊ ဘယ်ဟာက အလယ်လမ်းလဲ မသိ နိုင်ပါ။ ကျွန်တော့်ထက် အသက်များစွာကြီးတဲ့ အသိတယောက်က ဒီလိုပဲ အကြောင်းသင့်ရင် အစွန်းမရောက်ဘဲ မဇ္ဇမပဋိပဒါကြတာ ကောင်းတယ်လို့ ပြောလေ့ရှိပါတယ်။ ကြာတော့ ကျွန်တော်က ပြောတာလွယ်တယ် အဲဒီလမ်းပေါ်ရောက်၊မရောက် သွားနေသူက ဘယ်လိုလုပ် သိမလဲလို့ ပြန်မေးလိုက်တော့ သူလည်းတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပါ။ ကျွန်တော်လည်း ကိုယ့်ထက်ငယ်တဲ့ ကိုယ့်စကားကို အနည်းဆုံးတော့ ရှေ့မှာ နားထောင်ချင်ယောင်ဆောင်မဲ့ သူတွေတွေ့ရင် ဒီလိုပဲ အကြောင်းတိုက်ဆိုင်တိုင်း ပြောလေ့ရှိပါတယ်။ ဒါက ဘယ်တော့မှ မှားတဲ့ စကားမှ မဟုတ်တာကိုး၊ သူတို့က လိမ္မာကြပါတယ်၊ ကျွန်တော့်လို ဖြေရခက်မဲ့ မေးခွန်းမျိုး ပြန်မမေးကြဘူး။ အင်း ကျွန်တော်ကလည်း လူကြည့်ပြီးပြောတာကိုး။ ဘယ်ပဲဖြစ်ဖြစ် ပြောသူကလဲ ကောင်းမြတ်တဲ့စကားကိုပြော၊ နားထောင်သူ ကလည်း ငြိမ်သက်စွာလက်ခံလို့ မင်္ဂလာရှိတဲ့ အခြင်းအရာပါပဲ။ အခုလည်း မိတ်ဆွေ ဝိုင်းရဲ့ သင့်မြတ် ကောင်းမွန်လှတဲ့ စကားကို ကလန်ကဆန်လုပ်ခြင်း မဟုတ်ဘဲ လေးစားစွာနဲ့ဖြည့်စွက်ခြင်းသာ ဖြစ်ကြောင်းပါ။
ဘုရားကဟောပါတယ်၊ မဂ္ဂင်ရှစ်ပါးသည် အစွန်းနှစ်ပါးလွတ်တဲ့ အကျင့်လမ်း၊ ဘာတွေပါလည်းဆိုတော သီလ ၃၊ သမာဓိ ၃ နဲ့ ပညာ ၂ တို့ပါ။ အကျယ်က ဒီစာနဲမဆိုင်လို့ ရှာမရေးတော့ပါ။ ဒါကိုဘယ်သူမှမငြင်းနိုင်ပါ၊ သစ္စာ အမှန်တရား ကိုး။ တကယ်တမ်းမှာတော့ အဲဒီရှစ်ပါးဆိုတာ အကျယ်ကြီးပါ။ မင်းတို့ကောင်းကောင်းနေလို့ ပြောကြသလိုပေါ့၊ အထူးသဖြင့် ပညာစခန်းကိုရောက်ရင် ရိုးရိုးလေးနဲ့ အလွန်နက်ရှိုင်းပါတယ်။ လက်တွေ့ပဲ တရားထိုင်ကြည့်ပါ။ မိမိနှစ်သက်ရာ ကမ္မဌာန်းလမ်းစဉ်အတိုင်း ယုံကြည်မှု သဒ္ဓါတင်ပြီး ဇွတ်သွားပေမဲ့ ရှေ့တိုးဖို့ဆို ကိုယ်ပိုင်ညဏ်နဲ့ ဆင်ခြင်သုံးသပ်ရတာတွေ အများကြီးပါ။ ဖြစ်ပျက် ဆိုပြီးထိုင်မှတ်နေလို့မပြီး။ ဒီလိုပါပဲ သစ္စာတရားကို ရှာရာမှာ သူများပြောတိုင်း ဟုတ်မှာပေါ့ ဆိုပြီးလိုက်နေလို့ကတော့ ကံသာရပါမည်၊ ညဏ်မဖြစ်နိုင်။ ဒီလိုဆိုရင် လက်တွေ့မှာ မဇိ္ဇမပဋိပဒါ ကို ဘယ်လိုရှာမလဲ။ အဲဒီလမ်းကို ကိန်းဂဏန်း၊ ရုပ်ပိုင်းဆိုင်ရာ တွေအနေနဲ့ ရှင်းရှင်းလင်းလင်း ဖွဲ့မထား။
လောကီအတွက် မဇိ္ဇမပဋိပဒါ ကျဖို့ဆိုတာပိုခက်ပါတယ်၊ အရာရာအားလုံးက မှားနေ၊ ပြောင်းနေတာကိုး။ ကျွန်တော်တို့က အလွယ်တကူပြောကြတယ်၊ မင်းက သောက်ရမ်း လုပ်တာကိုး၊ ဘာလုပ်လုပ် အစွန်းမလွတ်ဘူး၊ မဇိ္ဇမပဋိပဒါ ကျမှပေါ့ကွ။ အဲဒါ မှားသွားရင် ဝိုင်းအုပ်ကြတာပါ။ အဲယောင်လို့ ဝိုင်းဆုံးမကြတာပါ။ တကယ်တော့ ဘေးကပြောနေသူလည်း ကိုယ်တိုင်ဝင်လုပ်ရင် မှား မှာပါပဲ။ အပြောနဲ့တော့ သူ့ အလယ်အလတ် လမ်းကြီးက ဖြောင့်လို့တန်းနေတာပဲ၊ တကယ်လည်း ဆင်းလျောက်ရော ရှေ့ကို ထင်ထားသလို မမြင်ရတော့ပါဘူး။ ခရီးဝေးအလွတ် ရေကူးတာနဲ့ နဲနဲဆင်မယ် ထင်ပါတယ်။ စ မကူးခင်တော့ ကန်ဟိုဖက်ကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ရောက်ဖို့ဖြောင့်လို့၊ ရေထဲလဲ ရောက်ရော လမ်းစပျောက်တော့တာပါပဲ။ ကူးလိုက်၊ လှမ်းကြည့်လိုက်နဲ့မှ ဟုတ်သွား တာပေါ့လေ။ သိထားတဲ့ လမ်းကြောင်းအတိုင်းဆိုရင် ရပါတယ်ဆိုပြီး မကူးရင်ရောက်ပါ့မလား။ မမှားရင်မှန်ပါ့မလား။ မှားမှာကြောက်လို့ အမှန်ကို ထိုင်ရွတ်နေလို့ အမှန်ကိုရမှာလား။ အမဲရှိမှ အဖြူဆိုတာ ခွဲလို့ရတယ်။ အဆိုးဖြစ်မှ အကောင်းကို သိနိုင်မယ်။ ဆိုလိုချင်တာ အမှန်ဆိုတာ ရှိပါ၏။ ဘယ်လိုလုပ် အမှန်ကို ရအောင်လုပ်ရမလဲ ဆိုတာလည်း ရှိပါ၏၊ ဒါပေမဲ့ အရာရာသည် ပြောင်းလဲနေခြင်းကြောင့် တကယ်လုပ်ကြည့်တော့ သိထားသလို မရိုးရှင်းပါ။ အမှန်ဆိုတဲ့ သစ္စာတရားတောင် လိုက်နာကျင့်ကြံသူတွေရဲ့ ကံ၊ညဏ်၊ဝီရိယ အပေါ်မူတည်ပြီး ခေတ်ကာလအလိုက် အတိမ်အနက်ပြောင်းပါသည်။ အရမ်းကာရောပြောနေခြင်းမဟုတ်ပါ။ အခုခေတ်လူတွေ ဘုရားလက်ထက်က တရားတော်ကို သိတဲ့အသိညဏ်မျိုးရှိကြလို့လား။ မရှိကြပါ၊ ဘာလို့လဲဆိုတော့ ကံခြင်းမတူကြလို့ဖြစ်ပါသည်။ တူမှဖြင့် ဘုရားလက်ထက်နဲ့ ပထမ သာသနာနှစ် ၅၀ဝ တုန်းကလို ပရိသမ္ဘိတာမဂ်တို့၊ တန်ခိုးအဘိညဉ်ခြောက်ပါး ပါတွဲရတဲ့မဂ်တို့ ဆိုတာရှားမှာမဟုတ်ပါ။
ပန်းတိုင်ရောက်ဖို့ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း၊ ဆုံးရှုံးခြင်း ဆိုတဲ့ခြင်းများစွာ လွယ်ပြီးသွားရတာပါ။ ဘုရားတောင် လေးသင်္ချေနဲ့ကမာ္ဘတသိန်း ရပ်လိုက် သွားလိုက်၊ ခံလိုက် စံလိုက်၊ မှားလိုက် မှန်လိုက်နဲ့ ပါရမီဖြည့်ခဲ့ရပါတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့ကရော ဘာတွေမိုလို့ သာသာလေးနဲ့ အမှန်အတိုင်း ချောချောမွေ့မွေ့ဖြစ်ရမှာလဲ။ အဲ ဖြစ်နိုင်ပါတယ် စာပေါ်မှာ၊ မလုပ်ဘဲနဲ့။ လုပ်တော့ မှားမှာပေါ့၊ ဒါပေမဲ့ မှားတယ်ဆိုတိုင်းလဲ မှန်မှာ မဟုတ်တော့လို့ မဆိုနိုင်သလို မှန်နေပြီ ဆိုတိုင်းလည်း မမှားတော့လို့ ပြော၍မရပါ။ အမှားတချက်သည် အမှန်မြန်ဖို့အတွက် လိုအပ်သည့် ပေးဆပ်မှု ဖြစ်နိုင်သလို အမှန်တရပ်သည်လည်း ရှေ့ဆက်မရွေ့စေရန် ဆွဲထားသော ခဲလုံးကြီး ဖြစ်သွားနိုင်ပါသည်။ အလားတူစွာပဲ အလယ်အလတ်လမ်းကို ရောက်ဖို့သွားရင်း သွားရင်းနဲ့ အစွန်း ရောက်နိုင်ပါသည်။ ပြန်တက်နိုင်သရွေ ့သိပ်မဆိုးလှပါ၊ ပြိုင်ကားဂိမ်း ဆော့သလိုပေါ့ဗျာ၊ ဘေးနံရံ ထိမှာဆိုးလို့ ဖြည်းဖြည်းလေးမောင်းရင် သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရောက်ပါ့မလား၊ (ကုသိုလ်ကံပေးတုန်း သာခိုက်၌သာ အမှန်ကိုရှာချိန်ရှိခြင်း) ထိခိုက်ရှနာမှု ဆိုတာတော့ လက်ခံရမှပဲလေ၊ ကိုယ်ကရောက်ချင်တာကိုး။ စွတ်စပ်ပြီး မျက်ကန်းတိုး သွားလို့ရော ရောက်ပါ့မလား၊ အချိန်တော့ကျန်ပါရဲ့ ပယ်လ်နယ်တီပြစ်ဒဏ် ထိတာနဲ့ ရှုံးနေပါပြီ။
လောကမှာကြတော့ နည်းပေါင်းစုံနဲ့ သွားနေကြတဲ့အထဲက အောင်မြင်ကြီးပွားနေသူတွေရဲ့ ရေရှည်စွမ်းဆောင်မှု ကိုကြည့်ပြီး သူကတော့ဟုတ်တယ်၊ မဟုတ်ဘူးလို့ မှတ်ကျောက် တင်လေ့ရှိတာ ဓမ္မတာပါ။ အချိန်ကာလ ကြာလာလို့ လူတိုင်းနီးပါး သဘောတူ လာပြီ ဆိုရင်တော့ အဲဒီစံနှုန်းရဲ့ အနိမ့်၊ အမြင့်ပေါ် မူတည်ပြီး အစွန်းနှစ်ပါးက ရေချိန် အတက်အကျ ရှိပါတော့တယ်။ ဒီကောင်က အစွန်းရောက်တယ်လို့ ပြောကြပေမဲ့ အဲဒီအစွန်းသမားက ရေရှည်အောင်မြင်နေရင် အရင်က အလယ်အလတ်ကြ ကြရမယ်လို့ ဝေဖန်နေသူတွေလည်း သူ့လမ်းစဉ် လိုက်ရတော့ပါတယ်၊ မဟုတ်ရင် ကိုယ့်ကို တက်နင်း၊ (သို့) လိုက်မမှီ ဖြစ်တော့မှာကိုး။ တချို့နေရာတွေမှာ မသေချာလို့ဆိုပြီး ဘေးထွက် ထိုင်နေလို့မရပါ။ နောက်ကားက တက်ကြိတ်သွားပါလိမ့်မည်။ ပူးလ်အိုဗာ ပေးမထားတဲ့ အင်တာစတိတ် လမ်းမကြီးတခု ဆိုပါတော့ဗျာ။ အဲ ပွိုင့်တခုကိုရောက်လို့ ဗျမ်း ဆိုပေါက်ကွဲထွက်သွားရင် ဟာ အစွန်းရောက်နေလို့ကွ ဆိုပြီးပြန်လျှော့၊ သူများက ကိုယ့်ထက်သာသွားပြီ ဆိုရင်လည်း အစွန်းဟေ့ဆိုပြီး ထပ်တင်ကြရပါတယ်။ ဥပမာ ရင်းနှီးမြှုုုုပ်နှံမှု ကျွမ်းကျင်သူတွေက စွန့်စားရမှုနဲ့ အကျိုးအမြတ် ရတန်စွမ်းအပေါ် အကြမ်းအားဖြင့်အခြေခံပြီး စတော့အသေးကဘယ်လို၊ အလတ်ကဘယ်သင်း၊ အကြီးကဘယ်ဝှာ ဆိုပြီးခွဲကြပါတယ်။ ဘွန်းငွေချေး စာချုပ် တွေမှာလည်း ဒီလိုအဆင့်တွေခွဲကြပါတယ်။ သူတို့ရဲ့ ရေရှည် စွမ်းဆောင်မှု အတိုင်းအတာကို ကြည့်ပြီး အရမ်းမြတ်ချင်ရင် စတော့အသေးကိုဝယ်၊ သိပ်စိတ်မပူခြင်ရင် စတော့ရှယ်ရာ အကြီးကိုကိုင်၊ သေချာခြင်ရင် ငွေချေးစာချုပ်ကိုစုဆိုပြီး အကြံပေးကြပါတယ်။ ဒါပေမဲ့ တကယ်ကြီးပွားနေသူတွေဟာ အဲဒီယျေဘူယ အချက်တွေကို မလိုက်ဘဲ စွန့်သင့်တဲ့အခါစွန့်၊ ကြောက်သင့်တဲ့အခါကြောက်နဲ့ အခြေအနေ အချိန်အခါကို လိုက်ပြီး မြတ်လိုက်၊ရှုံးလိုက် နိုင်လိုက်၊ ခံရလိုက်နဲ့ အသင့်တော်ဆုံးယဉ်ကြော တခုကိုို ဟိုဖက်ပြောင်းလိုက်၊ဒီဖက်ရွေ့လိုက်နဲ့ အလယ်အလတ် လမ်းမကြီးပေါ်မှာ ရှာမောင်းကြရပါတယ်။ ရင်းနှီးမြှုပ်နှံမှု သင်တန်းတွေတက်၊ စာအုပ်တွေပဲဖတ်ပြီး ဝင်ဆော့ရင်တော့ ရေထဲကို ခဲလုံးပစ်ထည့်လိုက်တာကသာ ပလုံလို့ အသံမြည်ပါလိမ့်အုံးမယ်။
၁၉၉ဝခုနှစ် ပင်လယ်ကွေ့စစ်ပွဲတုန်းကလည်း ကူဝိတ်ကို နာရီ၁၀ဝ စစ်ဆင်ရေးနဲ့ အီရတ်လက်က ပြန်သိမ်းပြီး ဆက်မတိုက်တာနဲ့ပက်သက်လို့ ဒုတိယအကြိမ် အီရတ်ကို အပြုတ် မဆော်ခင် ကြားကာလမှာ အဲဒီအချိန်က သမ္မတ စီနီယာဘုရှ်ကို တလက်စထဲ အပြတ် မဆော်ခဲ့တာ မှားတယ် လို့ဝေဖန်ကြတယ်၊ ဘုရှ်ရဲ့တွက်ကိန်းကလည်း အီရတ်ရဲ့ စစ်အင်အား အတော်များများလည်း ချေမှုန်းခံလိုက်ရပြီ၊ ပြည်တွင်းမှာလဲ ရှီယာမွတ်စလင် တွေနဲ့ ကာ့ဒ်သူပုန်တွေရဲ့ ပုန်ကန်မှုတွေက ဆက်ဒမ်ကို အနည်းဆုံးတော့ မလှုပ်နိုင်အောင် ထိန်းထား နိုင်လိမ့်မယ်လို့ထင်ပြီး သူ့အသား အနာမခံပဲ ယာလည်းညက် ကြက်လဲမောဆိုပြီး ထားခဲ့တာ ထင်တဲ့အတိုင်း မဖြစ်လို့ သားဘုရှ်က ဆက်တာဝန်ယူခဲ့ရတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အဖေဘုရှ်ကြီး စီစဉ်သလိုသာဖြစ်ခဲ့ရင်တော့ သူ့ကို အမြော်အမြင်ကြီးသူ အလယ်အလတ်လမ်းကို ကောင်းစွာသိသူလို့ ချီးမွမ်းကြမှပါပဲ။
ဒီလိုပါပဲ ၂၀၀၁ ခုနှစ် ကမာ္ဘ့ကုန်သွယ်ရေး အမွှာညီနောင် အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် အာဖဂန်နစ္စတန်က အစွန်းရောက် တာလီဘန်တွေကို ခြေမှုန်းတဲ့စစ်ပွဲမှာ တာလီဘန် ခေါင်းဆောင် အိုမာမူလာကို မိခါနီးလက်တကမ်းအလို ဒေသခံလူမျိုးစု ခေါင်းဆောင်တွေရဲ့ မိမိတို့ တာဝန်ထားပါဆိုတဲ့ လှည့်ချက်နဲ့ လွတ်သွားလို့ တာဝန်ခံရတဲ့ စီအိုင်အေ ထောက်လှန်းရေး အဖွဲ့ကို ဝေဖန်ကြပြန်တယ်။ အကယ်၍သာ အောင်မြင်ခဲ့ရင်တော့ ကိုယ့်လူတွေ အသက်မဆုံးဘဲနဲ့ ဖမ်းလိုက်နိုင်လို့ အစွန်းမရောက်တဲ့ အလယ်လတ်ဝါဒီတွေလို့ ဆိုကြအုံးမှာပါပဲ။ ပြောခြင်တာက အလယ်အလတ်လမ်းဆိုတာ အကျယ်ကြီးပါ၊ လှုပ်သာလူးသာ ရှိပါတယ်၊ တရားသေ မဆန်တာကြောင့်လည်း လူတွေက ဟိုဖက်ဒီဖက် ယိမ်းရင်းနဲ့ ဝေခွဲမရ ဖြစ်ကုန်ကြတာပေါ့။ သိပ် တင်းကြပ်လွန်းမှတော့ မဇိ္ဇမပဋိပဒါ ဟုတ်ပါတော့မလား၊ ဒီတော့ အမှန်၊အမှား နှစ်ခုချိန်ပြီး သွားမှပဲ အလယ်အလတ်ဆိုတာကြီးကို ရောက်ပါလိမ့်မယ်။ အဲဒီလိုဆိုတော့ ပြောရင်းကနေ ကျွန်တော်စခဲ့တဲ့ ဘယ်ဟာက အစွန်းလဲ၊ အလယ်အလတ်လဲဆိုတဲ့ ပွိုင့်ကို ပြန်ရောက်သွားရော။ အစွန်းနှစ်ပါးကို ချိန်နိုင်မှတော့ ဘာကိုအငြင်းပွားနေရအုံးမှာလဲ။ အဆုံးအစမရှိ သံသရာဆိုတာ ဒါနဲ့တူပါရဲ ့ဗျာ။

6 comments

  • winne

    August 26, 2010 at 2:54 am

    ကိုကြောင်ကြီးရေ.. ဝိုင်းလို့ တပ်ပြီး ပြောလို့ မနဲ ဖတ်လိုက်ရတယ် အကြောင်းအရာ မျိုးစုံ နေတော့ ဖတ်ရင်းနဲ့တောင် ချာလပတ်လည်သွားတာဘဲ။ သေချာတာကတော့ အလယ်အလတ် လမ်းစဉ်ဆိုတာ ဘဲဥ အစရှာသလို ထင်နေတယ် ထင်တယ်။ ဘဲဥကို အစမရှာဘဲ အထဲက ဘဲကလေးကို ကိုယ်ချင်းစာကြည့်လိုက်ပါ ဘဲဥက အစ မလိုဘူး ထွက်ပေါက်ကို ဘယ်လို နည်းနဲ့ ထွက်ရတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဝိုင်းထက် အသက်အများကြီး ကြီးမယ်ထင်ပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်ပြီး ပြောတဲ့ ဆိုတဲ့ အခါမှာ လူတွေက သူတို့ ယုံတဲ့ အရာတွေကို တော်ယုံ လက်မလျော့တတ်ကြဘူး။ လူတစ်ဦးရဲ့ စိတ်ကို နောက်တဦး အယူဝါဒ လက်ခံ ယုံကြည်ဖို့ ပြောဆိုတိုက်တွန်းတဲ့ အခါမှလည်း လက်ခံနိုင်ဖို့ ဆိုတာ တော်တော် ခက်ခဲတဲ့ ကိစ္စပါ။ ပြောခဲ့တဲ့ ကိစ္စတိုင်းမှာ ပြောခါနီး သေချာ စဉ်းစားခဲ့ပါတယ် ကိုယ်ထက် စာတွေ့ ဘဝ အတွေ့အကြုံတွေ များတဲ့ လူတွေကို ဆန့်ကျင်တဲ့ စကားတွေ ပြောပြီး ငြင်းခုန်ရင် မကောင်းဘူး။ ကွန်မန့်တိုင်းမှာလည်း အပြင်းအထန် ဝေဖန်သလိုဖြစ်ပြီး ဒေါသဖြစ်စေခဲ့မှာ စိုးလို့ ခွင့်လွတ်ပါလို့တော့ ပြောခဲ့ပါတယ်။ ကွန်မန့်ပေးခဲ့ရတာလည်း ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေမှာ ဘုရား အဆုံးမအမှာ မပါတဲ့ခဲ့တဲ့ ကိစ္စတွေကို ဘာသာရေး ဆန်ဆန်ပြောတာကို တခြားဖတ်သူတွေ မှားယွင်းသော ယုံကြည်မှုဖြစ်စေမှာ စိုးလို့ပါ။ ဆိုလိုချင်တာကတော့ သတ်သတ်လွတ်နဲ့ အသားစားမှု ဆိုတဲ့ စကားလုံးတွေထက် သတ္တဝါတွေ အပေါ် ဂရုဏာ စိတ်နဲ့ မွေးမြု ကြင်နာ သနားကြစို့ ဆိုတဲ့ စာသားမျိုးဆိုရင် ဘာသာရေး ဆိုင်တာ ထောက်ပြမှုတွေက လွတ်ကင်းသွားမယ် ထင်ပါတယ်။ ကိုကြောက်ကြီးလိုဘဲ ဝိုင်းလည်း ခေါင်းမာသူ ဖြစ်နေလို့ပါ။ ကိုယ်ထက် ကြီးသူကို စိတ်အသိအအောက် ဖြစ်သွားအောင် လုပ်မိရင်တော့ ဆော်တီးပါလို့ဘဲ ပြောချင်ပါတယ်။ ဒါနဲ့ အက်ဒမင်ကြီးရေ အခု ရန်ဖြစ်နေတာ မဟုတ်တဲ့ အတွက် ပြသနာ မရှိပါဘူး ကိုကြောင်ကြီးဘက်ကလည်း အဲဒီလိုဘဲ ထင်ပါတယ်။ မတူညီတဲ့ အတွေးတွေကို စကား ဖလှယ်နေတယ်လို့ဘဲ ပြောရမယ် ထင်တယ်။ ကိုကြောင်ကြီး စိတ်ထဲမှာ မကျေလည်တာတွေ များရှိရင် miss.winne@gmail.com ကို တိုက်ရိုက် မေးပို့ပြီးဘဲ ဖြစ်ဖြစ် ချက်နဲ့ ဘဲ ဖြစ်ဖြစ် ပြောနိုင်ပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်ရင်တော့ မှန်တာကိုတော့ အလျော့မပေးတတ်လို့ပါ။ နာမည် တပ်ပြီး ဆောင်းပါး အရေးခံရလို့ ကျေးဇူးတင်ပါတယ်

  • phyoshein

    August 26, 2010 at 9:40 am

    အခုလို အယူအဆ တစ်ခုနဲ့ ပတ်သက်လို့ ဝေဖန်ကြ ထောက်ပြကြတာကောင်းပါတယ်..
    ဟုတ်ပါရဲ့.. အယူအဆလိုလို.. ဒသန လိုလို..ပြောကြရင်တော့ ကိစ္စသိပ်မရှိလှပေမယ့်..
    လက်ရှိခေတ်မှာမှ ကိုယ့်အယူအဆတွေကို ဗုဒ္ဓတရားတော်နဲ့ ယှဉ်ထိုးပြနေရင်တော့
    ကြီးတော်ဝိုင်း ပြောသလို နည်းနည်းလေးမှ အလျော့မပေးတာကောင်းပါတယ်…
    နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်..

    • winne

      August 26, 2010 at 12:11 pm

      အမလေး ရက်စက်လှချည်လား ကြီးတော် ဝိုင်းတဲ့ ဆရာရေ အခုမှ ၂၆နော် လူဘဝ ၇၅ နေရမယ်ဆိုရင်တော့ ၃ ပုံ ၁ပုံ ကျော် နေပြီးပြီပေါ့လေ။

  • chitsayar

    August 26, 2010 at 12:43 pm

    ဟယ်……………………..
    ၂၆ ဆိုတာက အသက်လား
    လက်မလား
    အလတ်ကြီးရှိဦးမယ်ထင်တယ်

  • unclegyi1974

    August 26, 2010 at 4:02 pm

    သဘောကျနေတယ်ပေါ့၊အိမ်မက်ထဲတောင်ထဲ့မက်နေအုန်းမယ်၊
    စိတ်ထိန်း စိတ်ထိန်း၊၊

  • etone

    August 27, 2010 at 2:19 am

    ကဲစိတ်ရှော့စိတ်ရှော့ သတ်သတ်လွတ်စားတာမစားတာပြသနာမဟုတ်ဘူး ။ ကိုယ့်ခံယူချက်နဲ့ ကိုယ်စားကြတာပဲ ။ လူတွေက ဘုရားအဆိုကိုပဲ ထောက်ပြနေကြတယ် တကယ်တမ်း နေရာတိုင်းမှာ ဘုရားအဆိုကို ဦးစားပေးခဲ့ကြလို့လာ ။ ကိုယ်ယုံကြည်ရာကိုယ်လုပ်တာပဲလေ ။ လွတ်လပ်စာကွဲလွဲခွင့်ရှိပါတယ် ။ နေတတ်ရင် ကျေနပ်စရာကြီးပါကွာ ။

Leave a Reply