#MeToo မီတူး-အမေရိကား

အမေရိကပြည်မှာ မယ်စကြဝဠာအဖွဲ့ကြီးရဲ့ ပိုင်ရှင်ဟောင်းမစ္စတာထရမ့်တက် သမ္မတဖြစ်လာကထဲက အမေရိကန်မိန်းမထုကြီးကိုပုတ်နှိုးလိုက်သလိုဖြစ်ခဲ့ပါတယ်။
မနှစ်ဇန်နဝါရီလကထရမ့်ရဲ့ သမ္မတအဖြစ်ကျမ်းကျိန်တဲ့နေ့တင်တနိုင်ငံလုံးမှာအမျိးသမီးထုကြီးချီတက်ဆန္ဒပြတဲ့လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ လူ၅သိန်းလောက်ထွက်လာကြပြီးအဲဒီလူထုကို အသံပြတ်ပြတ် နဲ့ ဟောပြောခဲ့တဲ့ မင်းသမီး အက်ရှ်လီဂျပ်ဒ်ရဲ့ “Nasty Woman” မိန့်ခွန်း ကိုသတိရမိကြမှာပါ။ အဲဒီအရှိန်ဟာ တနိုင်ငံလုံးက အမျိုးသမီးထုဆီတမွေ့မွေ့ကူးစက်သွားပြီး ဟောလိဝုဒ်က မင်းသမီးတွေကို လုပ်ပိုင်ခွင့်ကိုင်လို့ ထိုင်စားနေတဲ့ ဟာဗီဝိုင်းစတိန်း ရဲ့အပြုအမူကို လူသိရှင်ကြားဝေဖန်ရှုံ့ချ တရားစွဲတာကတဆင့် တနိုင်ငံလုံးကိုပေါက်ထွက်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁ရမှာ Me Too Movement (#MeToo) နဲ့ လေဒီတွေလှုပ်ရှားလာတာတွေ့ရမှာပါ။

နိုင်ငံရဲ့အာဏာပါဝါအရှိဆုံးကြီးတွေဖြစ်တဲ့ ဆီနိတ်တာတွေ၊ တရားသူကြီးတွေအထိ ပေါက်ခဲ့ပြီး ပြုတ်သူပြုတ်၊ထွက်သူထွက်နဲ့ အခုသမ္မတထရမ့် အိမ်ဖြူရောက်တနှစ်လည်တဲ့အချိန်မတော့ အမေရိကန်အမျိုးသမီးတွေ နိုင်ငံအနှံ့ ထပ်မံဆန္ဒပြကြခြင်းနဲ့အတူ သမ္မတထရမ့်နဲ့ လိင်ကာမဖျော်ဖြေကားရိုက်ကူးသူအပြာမယ် စတုန်းမီဒန်နီယယ်စ်တို့အိပ်ယာဝင်ဇတ်လမ်းကိုလူမသိအောင်နှုတ်ပိတ်လျှော်ကြေးပေးထားတာမှာ တခန်းရပ်လို့နေပါတယ်။
လပ်စ်ဗေးဂတ်စ်မြို့မှာလုပ်နေတဲ့ Adult Entertainment Expo ကိုရောက်လာတဲ့ကာယကံရှင်အမျိုးသမီးနောက်မီဒီယာတွေလိုက်ရင်း ဗေးဂတ်စ်ရဲ့ စူပါဘီလီယံနာ ထရမ့်သူငယ်ချင်းကောင်းကြီး စတိဗ်ဝိင်န်းဇတ်လမ်းတွေပါ ပုပ်လို့ပေါ်လာပါလေရဲ့။

မီ-သရီးချိုင်းနား

မီတူးလှုပ်ရှားမှုကကမ္ဘာအပြား ခြေများသွားလို့ ချိုင်းနားပြည်ကိုတောင်ကူးစက်သွားပါပြီ။ ပရော်ဖစ်ဆာက ကျောင်းသူ(တွေ)ကိုလိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တာလို့ စာထုတ်အင်တာနက်ပေါ်တင်ခဲ့တဲ့ဘေကျင်းမြို့တော်က Beihang Universityကျောင်းတော်အမှုကစပြီး #MeToo က #WoYeShi အနေနဲ့အသက်ဝင်လာပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးချမ်းသာလာတဲ့ကွန်မြူနစ်နိုင်ငံမှာတောင်ဖြစ်ပြီမို့ ကမ္ဘာမှာမဟာဣတ္တိယတို့ခေတ်ရောက်ဖို့ ပထမခြေလှမ်းကိုတောင်လှမ်းပြီးပြီဆိုရမလားပါပဲ။

မီ-ဖိုး ဘားမား

မြန်မာပြည်မယ်လည်း ဟာဗီဝိုင်းစတိန်းတို့ဟောလိဝုဒ်ဇတ်လမ်းလို ဆယ်ရီဘရိတ်တီတွေလောက ရုပ်ရှင်ဂီတဘဝတွေမှာဒါရိုက်တာ၊ ပရိုဂျူဆာ၊ မင်းသားတွေက မင်းသမီးတက်သစ်စ/ဆင်းဟောင်းဆုံးတွေနဲ့ ဖြစ်ကြ၊ပျက်ကြဇတ်လမ်းတွေရှိပါတယ်။ြ ဖစ်ရိုးဖြစ်စဉ်လို့တောင် ထင်မှတ်မှားနေကြတာပါ။ အလယ်တန်း၊အထက်တန်းကျောင်းသူ/ဆရာဇတ်လမ်းတွေ၊ကျူရှင်ဆရာ/ကျောင်းသူ ရှုပ်ကြတာတွေကတော့ ငယ်စဉ်ကထဲကကြားဖူးပေါ့။
အဆင့်မြင့်ပညာရေးမှာ ဆရာတွေ စာမေးပွဲချ/အောင်ပေးဖို့ အခွင့်ပါဝါရှိတဲ့ တက္ကသိုလ်လောက၊ ဆေးကျောင်းလောကဝယ်ဘယ့်နှယ်တော့မသိ။ ဤသူကြောက်ကြောက်မို့ထားခဲ့မည်ဖြစ်ပါ၏လို့ပဲ။
အာဏာပါဝါရှိခဲ့သူ စစ်အာဏာရှင်ခေတ်ကများဆို မြို့ပတ်နိုင်ငံလှည့်နေတဲ့ စစ်သားကြီးတွေဆီ ကိုယ်လုပ်တော်ကြရတဲ့မိန်းကလေးတွေသတင်းလည်း မကြားချင်အဆုံးပါ။ အိပ်လိုက်ရလို့ ခြံ/မြေ/ဖုံး(အဲဒီခေတ်က) ရလို့ တညအိပ်ချင်သူတွေနဲ့ကြမ်းပြည့်တောင်ဖြစ်ခဲ့ကြရတဲ့ဘဝတွေ။လူထုတင်မြှောက်ရွေးချယ်တဲ့ နုနုငယ်ငယ် ဒီမိုကရေစီနိုင်ငံရေးခေတ်မှာ ဒီမိုးဒီရေဒီလေတွေနဲ့ မကြာခင်မုန်တိုင်းထန်လာမည်။မျှော်လို့ပါပဲ။
ဒါတွေမြန်မြန် ဟုတ်၍ကျော်လာအောင် ကမ္ဘာ့လှုပ်ရှားမှု #MeToo ထဲမြန်မာအမျိုးသမီးတွေဝင်ပါရမယ့်ခေတ်ကာလရောက်ပါပြီ။

မဟာဣတ္တိယခေတ်ဆီ

ယောကျာ်းကောင်းမောင်းမတထောင်နဲ့ ဂုဏ်ယူလူလုပ်ခဲ့ကြရတဲ့ မြန်မာပုရိသတွေဟာ အမျိုးသမီးထုအပေါ်တော်တော်လေးဦးစားပေးတယ်ထင်ရပါတယ်။
ဒါကလည်း ဘေးအိမ်နီးနားချင်းပြည် အိနိ္ဒယနဲ့ ချိုင်းနားတို့ရဲ့ နှစ်၃၀၀ဝကျော်ယဉ်ကျေးမှုအရ အမျိုးသမီးတွေကိုတဖက်သတ်ဖိဆက်ဆံပုံကနေ ယှဉ်တွေးကြည့်ကြလို့ဖြစ်ပါလိမ့်မယ်။ ဟိုမှာတွေက ဣတ္တိယဆိုတာ ကလေးမွေးထုတ်တဲ့သတ္တဝါသာသာ သဘောထားခဲ့ဖူးတဲ့သာဓကတွေနဲ့ဖြစ်ခဲ့ဖူးတာကိုး။ ဆိုးတကာ့ဆိုးတွေထဲ သိပ်မဆိုးက တော်သည်ပေါ့။ ရည်းစားတထောင်လင်ကောင်တယောက်နဲ့ ဖြေတွေးခွင့်လည်းရှိတာကိုး။ကမ္ဘာတန်းတင်တွေးကြည့်ရင်တော့ မြန်မာအမျိုးသမီးအခွင့်အရေးရနိုင်မှုဟာ အင်မတန်ကို နောက်ကျလို့နေပါတယ်။လူသားတွေကို ဤဒွန႖ယာကြီးထဲ အရောက်ပို့မွေးထုတ်ပေးကြရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ထမီတန်းအောက်ဝင်ရင်ဘုန်းနိမ့်တယ်တို့။ မိန်းမ,မတက်ရ မထိုင်ရတဲ့ဘာသာရေးနေရာတို့နဲ့ ယောကျာ်းတွေနဲ့အခွင့်အရေးတန်းတူမရ ဖြစ်ခဲ့တာတွေရှိပါတယ်။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ခွင့်ပြုခဲ့တဲ့ ရဟန်းမ ဘိက္ခူနီကိုအခြားထေရဝါဒနိုင်ငံတွေမှာလိုတောင် ခွင့်မပြုနိုင် ရဟန်းမအဆင့်မထားနိုင်ဖြစ်နေပါတယ်။
ယောကျာ်းက အမျိုးသမီးတယောက်ထပ်ပိုယူအိမ်ထောင်ပြုနိုင်ပြီး မိန်းမကျ ယောက်ျားတယောက်ထက်ပိုမယူနိုင်တဲ့တရားဝင်အိမ်ထောင်ရေးစနစ်ကို လွန်ခဲ့တဲ့ ၂နှစ်ကျော်ကမှ မဘသခေါ်အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကဖျက်ပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ တယောက်ထဲသာ(တရားဝင်)ယူကြပါပေါ့။
စူပါဣတ္တိယ အမျိုးသမီးကြီးတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကိုဦးဆောင်အုပ်ချုပ်နေတာမို့ြ မန်မာအမျိုးသမီးထုအတွက်ဒီခေတ်အချိန်ဟာ အခြေအနေကောင်းပါပဲ။ လွှတ်တော်နဲ့ ဝန်ကြီးလိုအစိုးရရာထူးကြီးနေရာတွေမှာ အမျိုးသမီးတွေ ၄၀%အထက်ပါအောင်အားထုတ်သင့်လှပါတယ်။

မီးမီးလေးတို့ဘဝ

ဒီလပိုင်းထဲမှာ မြန်မာပြည်မယ် တနိုင်ငံလုံးလှုပ်သွားတဲ့ အမှုကြီးတွေဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာမှာ ဟာသဇတ်လမ်းတိုတွေရိုက်ကူးပြီး လူတွေကိုဖျော်ဖြေပေးနေတဲ့ ထုတ်လုပ်သူ/သရုပ်ဆောင်ကိုရန်ကုန်နှစ်ကူးပါတီတခုထဲ လူငယ်အုပ်စုကဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်သတ်ပစ်တာ။
ရခိုင်ပြည်နယ်မြောက်ဦးမှာ ပြည်ထောင်စုကခွဲထွက်ဖို့ရည်ရွယ်တဲ့လှုပ်ရှားမှုကနေအဓိကရုန်းဖြစ်လို့ရဲကသေနတ်နဲ့ပစ်ခတ်နှိမ်နင်းတာမှာဆန္ဒပြသူလူရယောက်သေတာ။
ရန်ကုန်မှာ တက်စီသမားက ကားငှားစီးတဲ့အစိုးရဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ပြီးပစ်ထားခဲ့တာ။ပြီးခဲ့တဲ့နှစ်ထဲက မုဒိမ်းမှုတွေကြည့်ရင် အသက်၁ဝနှစ်အောက်ကလေးတွေ လိင်ပိုင်းစော်ကားခံရတာတွေ တဝက်ကျော်နေလို့မုဒိမ်းကျင့်ပြီးလူပါသတ်တာလည်း ရာခိုင်နှုန်းတဝက်ကျော်နေတာတွေ့ရမှာပါ။

၂၀၁၈ဇန်နဝါရီလအတွင်းမြန်မာနိုင်ငံရဲ့ရာဇဝတ်မှုတွေကို ဆိုရှယ်မီဒီယာသတင်းထဲကတလအတွင်းရာဇဝတ်မှုသတင်းစစ်တမ်းထုတ်ကြည့်တာမှာ လိင်ကာမကိစ္စနဲ့ပါတ်သက်တဲ့အမှု၁၃ခုတွေ့ရပြီးအသက်၂ဝအောက်နဲ့ဖြစ်တဲ့အမှု၈ခုရှိတဲ့အတွက် မြန်မာပြည်ရဲ့ အခြေအနေဟာ ပြည်တွင်းပညာရှင်၊ နိုင်ငံရေးသမား၊ဘာသာရေးခေါင်းဆောင်အဆင့်နဲ့တင်မရတော့ပဲ နိုင်ငံခြားသား ပညာရှင်တွေနဲ့စနစ်တကျတိုင်ပင်လုပ်ရတော့မယ်လို့ထင်မြင်မိပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာအင်အားနည်းပြီး ကိုယ်တိုင်ခုခံနိုင်စွမ်းမရှိသေးတဲ့အရွယ်မှာစေ်ာကားခံလိုက်ရရင် စိတ်ပိုင်းဆိုင်ရာမှာပါ ဘဝတသက်တာဒဏ်ရာတွေနဲ့အဆုံးသတ်လိုက်ကြရမယ့်ကလေးငယ်တွေအတွက် မြန်မာလူထုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှုက အကာအကွယ်မပေးနိုင်တော့ပါဘူးလား?။

သေစေညွှန်း

ဖြစ်ခဲ့တာတွေဖြစ်ပြီးပြီဆိုရင် နောင်မဖြစ်အောင်ဘယ်လိုလုပ်မလဲက ဦးစားပေးလား။ ဖြစ်အောင်လုပ်ခဲ့သူကို လက်စားချေမလားမေးခွန်းရှိပါမယ်။ မြန်မာ့လက်ရှိအခြေအနေအရ နောက်မဖြစ်အောင် ဘယ်လိုပြင်ဆင်ထားမယ်။ ကာကွယ်ကြမယ်ဆိုတာထက်ကျူးလွန်သူကို ဥပဒေနဲ့ ဒါမှမဟုတ် လူအုပ်နဲ့လက်စားချေပေးပါတယ်။ ဥပဒေသက်ရောက်မှုက အားနည်းလေတော့အမှုတခုဖြစ်ပြီဆိုရင် နီးစပ်ရာလူအများစုလူစုလူဝေးကြီးက တဒင်္ဂစိတ်ခံစားမှုအရအင်အားသုံးဖြေရှင်းတာတွေလည်းတွေ့ရပါတယ်။ ဆိုရှယ်မီဒီယာတွေမှာလိုက်ဖတ်ကြည့်ရင်မြန်မာပြည်က မုဒိမ်းမှု၊လူသတ်မှုအပါအဝင် ဆန္ဒထုတ်ဖေါ်ပြပွဲတွေမှာတောင် သတ်ပစ်၊ သေဒဏ်ပေး၊ သေနတ်နဲ့ပစ် စတဲ့သေစေညွှန်းသူတွေများစွာတွေ့ရပါတယ်။ ကိုယ့်မျက်နှာကြီးနဲ့ သေစေညွှန်းတွေ ရေးရဲနေကြတာပါ။
ဧရာဝတီသတင်းဌာနကစစ်တမ်းလုပ်တဲ့ “မြောက်ဦးဆန္ဒပြသူတွေကို ရဲက ကျည်အစစ်နဲ့ ပစ်သင့်သလား” မေးခွန်းမှာဆိုလည်းဖြေသူလူ ၁သောင်းရထောင်ကျော်မှာ ၅၅% က ကျည်အစစ်နဲ့ပစ်ဖို့ မဲပေးထားတာပါ။ ဒါမှမဟုတ် အစိုးရကိုတိုက်ရိုက်အပြစ်တင်ပြီး ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၊ ရဲ၊ အစိုးရအစရှိတာတွေကို ပြဿနာရှာ claim/blame ကလိမ်းဘလိမ်းလုပ်ကြတာတွေ့ရမှာပါ။ ဒါတွေဟာ လက်စားချေဖြေရှင်းနည်းနဲ့ တဒင်္ဂအပြစ်လွှဲချနည်းတို့သာဖြစ်ပါတယ်။တချို့ကျတော့ ခံလိုက်ရသူကို အပြစ်တင်တာမျိုးတွေ့ရပါတယ်။ ဒီလိုဝတ်တာကိုး။ ဟိုလိုဖေါ်တာကိုး။ ဒီလိုနေရာသွားတာကိုး၊ ဟိုလိုအချိန်သွားတာကိုး ဆိုတာမျိုးတွေဖြစ်ပါတယ်။
အဲဒီမှာ ဆွေးနွေးစရာတွေရှိလာပါတယ်။ victim blaming လုပ်သင့်ပါသလား။
လူတယောက်ကို သူကျူးလွန်တဲ့ပြစ်မှုအတွက် အခြားသူတယောက်က သတ်ပစ်/သေစေလို့ပြောခွင့်ရှိပါသလား။
ဒီလိုအဖြစ်မျိုးကို All men are created equal ကိုသက်ဝင်ယုံကြည်တဲ့ ခရစ်ယန်နိုင်ငံတွေမှာတွေ့ရခဲပါလိမ့်မယ်။ လူ့အသက်နဲ့လူသားဖြစ်တည်မှုကို ပိုင်ဆိုင်ဆုံးဖြတ်ချက်ချနိုင်သူဟာ ထာဝရဘုရားသခင်မဟုတ်ပါလား။

ခွင့်တူညီမမျှ

မွေးရာပါလူသားဇာတိကိုယူ ဇတ်ခွဲပစ်တဲ့ ဟိန္ဒူသာသာနာထဲကနေခွဲထွက်လာတဲ့ဗုဒ္ဓသာသနာထဲမှာလူသားအချင်းချင်းခွင့်တူညီမျှမှုမရှိပါဘူး။ ပုထုဇဉ် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာစသဖြင့်ခွဲထားတယ်ဖြစ်ပြီး ပုထုဇဉ်ထဲမှာတောင် သီလ၊သမာဓိတွေနဲ့ လူတွေကိုခွဲထားပြန်တာမို့ဖြစ်ပါတယ်။
ယခုခေတ် မြန်မာပြည်ရဲ့ ထေရာဝါဒမှာ လူ့ဇာတိနဲ့မဟုတ်ပဲ အဆင့်အတန်းခွဲခြားခြင်းရှိနေတာသတိထားမိကြမှာပါ။
သေဒဏ်ကိစ္စ ပြန်ဆက်ရအောင်..
ငါးပါးသီလတပါးဖြစ်တဲ့ ပါဏာတိပါတာထဲ သေစေညွှန်းလို့ ကံကျိုးပေါက်ချင်ရင် အသက်ရှိရမယ်။ အသက်ရှိကြောင်းသိရမယ်။ သတ်လိုစိတ်ရှိရမယ်။ သတ်ရမယ်။ သေရမယ်ဆိုတဲ့ ၅ချက်ရှိပါတယ်။ လူပြိန်းနားလည်လွယ်အောင် ပြောရရင် စေတနာပါမှကံထိုက်ပါတယ်ပေါ့။
ဆိုတော့ သေဒဏ်ပေးပြီး သတ်ပစ်လို့ဆိုနေသူများ စေတနာပါကြပါသလား?
သာမန်ကြည့်ရင် ဂရုဓမ္မကိုသာချိုးဖောက်တယ်ထင်ရပေမယ့် ဟိုမှာဖက် အပြစ်သားက လူသားဖြစ်နေတာမို့ သူ့အိမ်ထောင်စု၊ဆွေမျိုးသားချင်းနိုင်ငံရေးအထိကို အဆင့်ဆင့်ရိုက်ခတ်သွားပါတယ်။ အရာရာ အကြောင်းအကျိုးဆက်စပ်နေလို့ဖြစ်ပါတယ်။ဆိုတော့ဒါဟာမှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါ။ နောင်မဖြစ်လာအောင်တားဆီးနိုင်မည်လည်းမဟုတ်ပါ။

သေဒဏ်အဖြေမှန်မဟုတ်

ဆိုတော့ မုဒိန်းသမားတွေကို အပြစ်ပေး အရေးယူမလုပ်ရတော့ဘူးလား?
ဒီထက်ပိုကောင်းမွန်တဲ့လောက လူနေမှုအဆင့်အတန်းမြင့်မြင့်မှာနေကြချင်ရင်တော့ မူလဖြစ်စဉ်ကနေသင်္ခန်းစာယူနောင်မဖြစ်အောင်ဘယ်လိုစခန်းသွားကြမလဲ အထပ်ထပ်စဉ်းစားဆွေးနွေးကြရမှာပါ။ သေဒဏ်ဆိုတာတဒင်္ဂဖြစ်ရပ်ကို ဆေးခါးနဲ့ပါတ်တုတ်ရပ်ပစ်တာပဲဖြစ်ပါတယ်။ ပြဿနာရဲ့အဖြေကို လက်စားချေနည်းနဲ့ခဏစိတ်ကျေနပ်အောင်ရှင်းပစ်တာပဲဖြစ်ပါတယ်။
မုဒိမ်းသမားဟာ ဘာကြောင့်ဒီလိုဖြစ်သလဲ။ ငယ်စဉ်ကစိတ်မှာဘယ်လိုဒဏ်ရာရှိသလဲ။ ဘယ်လိုဘာသာရေးကသင်ကြားပေးထားသလဲ။ ဘာပညာပေးစနစ်အောက်သင်ကြားခဲ့ရသလဲ။ဘယ်လိုပတ်ဝန်းကျင်မှာကြီးပြင်းခဲ့သလဲဆိုတာတွေနဲ့ ချိန်ဆဆက်စပ်ဆွေးနွေးကြရမှာပါ။
စိတ်အာသာပြေစေဖို့ ပြည့်တန်ဆာလိုင်စင်ကိုတရားဝင်ခွင့်ပြုသင့်/မသင့် အတိုင်းအတာတွေ ခွင့်ပြုနယ်တွေဇုံတွေနဲ့သတ်မှတ်သင့်/မသင့်တွေအထိ ချဲ့ကြရမှာပါ။
ခံလိုက်ရသူကလေးငယ်တွေ၊ အမျိုးသမီးတွေအတွက်လည်း ရှေ့ဆက်ဘယ်လိုသွားနိုင်မလဲ?

ကဲ့ရဲ့ရှုံ့ချခြင်းဘေးကကင်းဝေးအောင်ဘယ်လိုလုပ်ပေးနိုင်မလဲ?။ မတော် ကိုယ်ဝန်ရခဲ့ရင်လည်း ဖျက်ချသင့်/မသင့်။ပါတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းက ဘယ်လိုဆက်ဆံသင့်၊စောင့်ရှောက်သင့်သလဲနဲ့ သွားကြရမယ်ဖြစ်ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးအမေရိကမြေမှာဖြစ်ခဲ့ရင် တီဗီအစီအစဉ်တွေ။ ကျောင်းတွေမှာ ဆိုင်ရာဘာသာဗေဒအလိုက် ပရိုတန်းဖြစ်သူတွေ။အတွေ့အကြုံရှိသူတွေ၊ အထပ်ထပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ခံလိုက်ရသူတွေဟာ ကလေးငယ်တွေဖြစ်တဲ့အတွက်သူတို့ကြီးပြင်းလာမယ့် လူ့ဘောင်လောကဟာ ပြဿနာများနဲ့ပြည့်လို့နေပါလိမ့်မယ်။ ဆိုးဝါးလွန်းတဲ့ ပြစ်မှုကျူးလွန်သူရာဇဝတ်သားများဟာ ငယ်စဉ်ကလေးဘဝမှာကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာအနာတရဖြစ်မှုတခုခုရှိခဲ့ဖူးတယ်ဆိုတဲ့အချက်ကိုမမေ့ထားသင့်ပါ။
စားပွဲမှာထိုင် အပြန်အလှန် ဆွေးနွေးပွဲတွေ တီဗီ။ရေဒီယို၊သတင်းစာတွေမှာ ခပ်စိတ်စိတ်တွေ့ချင်မိပါတယ်။

စိတ်ပြောင်းပြန်

တရားဥပဒေစိုးမိုးရေးဆိုတာ အစိုးရကောင်းရှိသည်ဆိုယုံနှင့် အလိုလိုမိုးပေါ်မှကျ၍မလာ။
ဘယ်နိုင်ငံရေးစနစ်မျိုးကမှလည်း ဗြဟ္မစိုရ်တရားလေးပါးနှင့်အုပ်ချုပ်ပါသည်ဆိုစေဦး လူထု၏စာရိတ္တ၊ဝါရိတ္တတို့ကိုတိုက်ရိုက်ထိမ်းကြောင်းပဲ့ပြင်မပေးနိုင်။ လူသားကိုယ်ကျင့်တရားနှင့်စိတ်ပိုင်းဆိုင်ရာတို့ကိုလွှမ်းမိုးနိုင်သော ဘာသာရေးမှသာပုံသွင်းပြုပြင်ယူနိုင်တာဖြစ်ပါတယ်။
သို့ဆိုသော်…
မြန်မာတွေမှာ တရားဥပဒေစိုးမိုးလို့ စိတ်ပိုင်းဆိုင်ရာတို့မြင့်မားလရင် အဦးချင်းစီရဲ့စိတ်ဓာတ်တွေကို ဂငယ်ကွေ့ကွေ့ပြင်ရပါမယ်။
မိရိုးဖလာအရ “ဒီလို”တွေးမိရင် နည်းလမ်းမှန်ကို မျက်မှောက်ပြုလိုပါက ပြောင်းပြန်”ဟိုလို”ယူကာတွေးကြည့်ပါလေ။
“စိတ်ပြောင်းပြန်”ထားကြပါမူ နောက်ကတွက်လျှင် တစ်မှ ရှေ့ကတွက်လျှင် တစ်ဆီအလိုလိုရောက်လာပါမယ်။

About kai

Kai has written 1053 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.