မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ ဇူလိုင်

kaiJuly 21, 20221min31490

ဇူလိုင်လ အမေရိကပြည်တွင်းနိုင်ငံရေး၌ အလှုပ်ခတ်ဆုံးမှာ သေနတ်ကိုင်ဆောင်မှုနှင့် ကိုယ်ဝန်ဖျက်ချ နှစ်ခုဖြစ်သည်။
ယူကေဝန်ကြီးချုပ်နှုတ်ထွက်၊ ဂျပန်ဝန်ကြီးချုပ်လုပ်ကြံခံရ၊ သီရိလင်္ကာသမ္မတထွက်ပြေးနှင့် သမ္မတဘိုင်ဒင်၏အရှေ့အလယ်ပိုင်းခရီးစဥ်တို့သည် ၅လကြာရုရှား-ယူကရိန်းစစ်ကိုလွှမ်းမိုးလာ၍ ကိုဗစ်၏နောက်ဆုံးမျိုးကွဲ BA-5 သည်ကားကမ္ဘာအနှံ့ခြေဆန့်နေကာ ဖျားနာစေ အသက်တို့ခြွေနေပြန်လေသည်။
ကမ္ဘာသည် ကိုဗစ်နှင့်စစ်ကြောင့်စီးပွားယိုယွင်းချွတ်ခြုံကျ ငတ်မွတ်ခြင်းကပ်ကိုတလှမ်းနီးလာခဲ့ပြီ။ နိုင်ငံတို့၏ခေါင်းဆောင်များ အစွမ်းကုန်အလုပ်လုပ် ကိုယ့်လူမျိုးနှင့်နိုင်ငံတော်ကို ကပ်ဘေးတို့မှလွတ်အောင် အပြင်းအထန်ကြိုးစားနေကြပါသည်။ ကပ်ဟူသည် တခုတည်းမလာ အတွဲလိုက်ဆင့်ဆက်လာသည့်ထုံးစံရှိ၍ပါ။
ကပ်ကိုရင်ဆိုင်ကြခြင်း၌ နိုင်ငံရေးသမားခေါင်းဆောင်တို့၏ဖြေရှင်းပုံမတူ။ လူ၏မူလစိတ်ဖွဲ့စည်းပုံအရ လစ်ဘရယ်(ဘယ်)လွတ်ပြန့်စွဲသူလော ကွန်ဆာဗေးတစ်(ညာ)ရှေးရိုးစွဲသည်လားရယ်နှင့် နိုင်ငံရေးရောင်စဥ် ဘယ်/ညာအတိုင်းသာ တွေးခေါ်ဆုံးဖြတ်ကြလေ၏။ လူအများစုတို့ တုံ့ပြန်ကြရာတွင်လည်းထိုနည်းတူစွရယ်ပါ။ စာဖတ်သူသင်သည် ဘယ်လားညာလော?

အသက်၊သား၊သတ်ကင်း သက်သတ်မလွတ်/လွတ် ၀ ၁
ဂျူး၊ ခရစ်ယန်၊ အစ္စလမ်ကမ္ဘာ့သာသနာကြီးတို့တွင် တိရိစ္ဆာန်ကို ဘုရားသခင်ဖန်ဆင်းထားသည်မူ၍ လူသားတို့နှင့်တန်းတူမထားပေ။ ဂျူးတွင် ကိုးရှာ၊အစ္စလမ်တွင်ဟာလာ ခွင့်ပြုကန့်သတ်ချက်ထားသည်။ ဟိန္ဒူသာသနာတွင် တိရစ္ဆာန်တို့၏အရာသည် ဘုရားတို့နှင့်တွဲလျှက်ပါသည်။ ဘုရားများ၏ပုံသဏ္ဏန်ထွင်းထုသည်ပင် ဆင်နွားစသဖြင့်မြင်ကြရသည်မဟုတ်ပါလော။ ဗုဒ္ဓအနေဖြင့်ကား သက်သတ်လွတ်ဟူ၍ လူသားများမဆိုထားနှင့် ဂိုဏ်းဝင်သံဃာများကိုမျှတားမြစ်မထားပါချေ။ ဗုဒ္ဓဘာသာသက်တမ်း၂၆၀၀နီးလာချိန်ဝယ် မဟာယာနဗုဒ္ဓဘာသာဝင်များနှင့် ထေရဝါဒအချို့တွင် သက်သတ်လွတ်ခြင်းတွေ့လာရသည်။ လူသား၏အဟာရဗေဒနှင့် ကျန်းမာရေးရှုထောင့်အရမူ လူသားသည်အသားစားသင့်/စားထိုက်သည်ဆိုထားပါသည်။ အထူးသဖြင့်ကလေးငယ်နှင့်ခန္ဓာတိုးတက်ဖွံ့ဖြိုးချိန်တွင် အထူးလိုအပ်သည်သာ။ အသီးအရွက်စားခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုကျပ်မပြည့်ဖြစ်သွားနိုင်ပါသည်။ (သက်သတ်လွတ်ဟုဆိုရာ၌ ဟိန္ဒူတို့၏သက်သတ်လွတ်သည် နွားနို့သောက်နိုင်သော်လည်း မြန်မာ၏သက်သတ်လွတ်အများစုမှာ နို့သောက်ခွင့်မရှိ)

အခြားဘုံသား-အေလီယံကမ္ဘာများ ရှိ/မရှိ ၀ ၁
နာဆာမှ ဂျိမ်းစ်ဝက်ဘ်မှန်ပြောင်းသစ်ကြီးဖြင့် အလင်းနှစ်မိုင်ဘီလီယံ၄.၆အကွာမှ ကြယ် နဂါးငွေ့တန်းများကိုဓာတ်ပုံရိုက်ပြလိုက်သည်။ မြေကမ္ဘာဓာတ်ပုံများကဲ့သို့သာမန်အလင်းရောင်စဥ်မှအရောင်ခွဲ၍ထုတ်သောပုံများမဟုတ်။ အနီအောက်ရောင်ခြည်ကိုလက်ခံ အလင်းစွမ်းအင်ကိုဒေတာယူကာ ကမ္ဘာမြေပေါ်တွင်ပြန်ပုံဖေါ်ယူခြင်းဖြစ်သည်။ လကမ္ဘာလူသားရောက်သကဲ့သို့ပင် ခေတ်ပြောင်းတခုကိုစပြီဟုဆိုနိုင်ပါသည်။ အဆိုပါမှန်ပြောင်းဖြင့် အလင်းနှစ်ကွာမှာ ဂြိုလ်များ၏လေထုတွင်းဓာတုဓာတ်များကိုပါ စိတ်ဖြာသိနိုင်တော့မည်ဖြစ်ရာ သက်ရှိကိုလည်းရှာတွေနိုင်စွမ်းပေမည်။
ယခုရာစုနှစ်မကုန်မှီအတွင်း အေလီယံဟုခေါ်ရမည် အခြားဂြိုလ်နေ အသိဥာဏ်မြင့်သက်ရှိများနှင့်လူသားတို့အဆက်အသွယ်ရလာပေမည်။ ထိုအခြေရောက်လျှင် ဤကမ္ဘာမြေ၏ ဖန်ဆင်းရှင်နှင့်ဆိုင်ရာဘာသာတရားတို့ (သမိုင်းအဆက်ဆက်ထုံးစံအတိုင်း)ရှိပြီးကျမ်းနှင့်တိုက်၍ လိုက်ညှိကြရပေဦးမည်။ မည်သို့ဆိုစေ ကမ္ဘာ့လူဦးရေအများစုမှာ ကျမ်းပါယုံကြည်ချက်တို့ကို သိသာစွာပြင်ဆင်ချက်တို့ပြုကြတော့မည်။

ဥတုရာသီ ကိန်းကြုံဆန်းပြားပြောင်း/မပြောင်း ၀ ၁
ကမ္ဘာကြီးတကယ်ပူနွေးနေပါသည်။ ယခုနွေသည် ပြီးခဲ့သောနှစ်၁၀၀တွင်း အပူဆုံးနွေဖြစ်လိ့မ်မည်။ အမေရိကားတွင် ဖာရင်ဟိုက်ဂဏန်း၃လုံးအပူချိန်များဖြစ်နေသလို ဥရောပသည်လည်း အပူကြောင့်လူထောင်ချီကွယ်လွန်ကြသည်။ လာမည့်နှစ်တို့သည်လည်း အပူဆုံးများကို စံချိန်ဆက်လက်ချိုးသွားမည့်ဟန်ပါ။
အပူမြင့်လာခြင်းသည် ဤအတိုင်းထွက်မသွား။ ဂယက်ဖြင့် တကမ္ဘာလုံးဂေဟစနစ်ကိုလည်း ချိန်ညှိမည်ဖြစ်ပေရာ လာမည့်နှစ်တို့တွင် ရာသီဥတုကပ်ဘေးဆိုးကို ထိတွေ့ခံစားကြရလိမ့်မည်။
သိပ္ပံပညာရှင်အားလုံးလိုလိုက လူလုပ်ကမ္ဘာ့ဥတုရာသီပြောင်းမှုကြီးဖြစ်လာနေသည်ဟု တညီတညွတ်တည်းဆိုသည်ကို ရှေးရိုးစွဲသူတို့က ယုံကြည်ဟန်မပြကြပါ။ အမေရိကားပြည်တွင်းပင် ၂၀၁၉ဇန်နဝါရီလမကြုံစဖူးအလွန်အေးသောဆောင်းတွင်းခေါင်ခေါင်ကြုံကြရသည်ကို သမ္မတကြီးထရမ့်ညွှန်ပြ ရယ်သွမ်းသွေးခဲ့သည်မဟုတ်ပါလား။
ကမ္ဘာမြေကြီးကို ဖန်ဆင်းရှင်ကဖန်ဆင်းထားသည်ဟု ယုံကြည်သူတို့အတွက် လူ့သားကြောင့် ကမ္ဘာတွင်လူသားရှင်သန်ရန်ခက်ခဲသွားသည်အထိ သဘာဝတရားပြောင်းလဲသွားမည်ဆိုခြင်းသည် ယုတ္တိတန်ခြင်းကားမရှိ။ ထို့ကြောင့် အစိုးရက ထိုသည်ကိုအကြောင်းပြ လိုက်လံထိန်းချုပ်စည်းကမ်းထုတ်နေခြင်းများကို ဆန့်ကျင်လေသည်။
အချက်အလက်များအရ ကမ္ဘာမြေသည်မီးတောင်ချော်ရည်တို့ဖြင့်အလွန်ပူခဲ့သည်ရှိသလို အေးခဲလှသော ‌Ice Age တို့ကိုဖြတ်ခဲ့ရဖူးသည်။

ကိုယ်ဝန်ရလျှက်ဖျက်/မဖျက် ၀ ၁
အမေရိကား၏လစ်ဘရယ်နှင့်ကွန်ဆာဗေးတစ်တို့တွင် အကြီးမားဆုံးသော အယူအဆကွဲလွဲမှုကြီးဖြစ်သည့် ရိုးဗီဝိတ်ဒ်(၁၉၇၃)ဆုံးဖြတ်ချက်ဖြင့် ရာစုနှစ်ဝက်ငြိမ်သက်နေရာသို့ ရှေးရိုးစွဲအများစု(၆-၃)စူပရင်းကို့သ်-အမြင့်ဆုံးတရားရုံးချုပ်မှပြောင်းပြန်လှန်ချ ဂယက်ထစေလိုက်သည်။
ဘာသာတရားကြောင့် ရှေးရိုးစွဲခရစ်ရှန်အများစုတို့သည် ကိုယ်ဝန်ဖျက်ချခြင်းကိုဆန့်ကျင်၏။ မိခင်/အမျိုးသမီး၏အခွင့်အရေးကိုထည့်မတွက်။ လွန်ခဲ့သောအနှစ်၂၀၀၀ကအခြေအနေနှင့်မတူကွဲပြားခဲ့ပြီဖြစ်သော လူ့ယဥ်ကျေးမှုဓလေ့စည်းကမ်းဥပဒေများကိုလည်းထည့်စဥ်းစားမည်မဟုတ်ကြချေ။
အသက်၁၀နှစ်သမီးမုဒိမ်းကျင့်ခံရသဖြင့်ရသွားသော ၆ပါတ်ရှိကိုယ်ဝန်ကိုဖျက်ချရန် မိခင်လောင်းကလေးငယ်သည် မူလနေထိုင်ရာအိုဟိုင်းယိုးပြည်နယ်မှ ခွင့်ပြုရာအင်ဒီယားနားပြည်နယ်သို့ခရီးသွားခဲ့ရသည်။ ထိုကိစ္စအကြောင်းပြု၍ ရိုမန်ကက်တလစ်ဘာသာဝင်ဖြစ်သည့်သမ္မတဘိုင်ဒင်မှ ကိုယ်ဝန်ဖျက်ချခြင်းတွင် ချွင်းချက်ပါသောအချက်များရှိသည့်အထူးအမိန့်ထုတ် ခွင့်ပြုချက်များပေးခဲ့သည်။
မြန်မာနိုင်ငံသည် ကိုယ်ဝန်ဖျက်ချခြင်းကို ဓလေ့အားဖြင့်၄င်း ဘာသာရေးအားဖြင့်၄င်း ဥပဒေအနေဖြင့်၄င်း ခွင့်မပြု။ ချွင်းချက်ယှဥ်ပြိုင်တွေး/ဆွေးနွေးခွင့်ပင်မပေး။

သေနတ်ကိုင်ထားခွင့်မရှိ/ရှိ ၀ ၁
သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့်အမေရိကားတွင်နေ့စဥ်၁၀၆ဦးနှင့် တနှစ်လူ ၁၁၅၅၅၁ဦး(၂၀၂၁)သေဆုံး/ဒဏ်ရာရနေသည်။ သေနတ်လက်နက်ကိုင်ဆောင်ခြင်းသည် အမေရိကဖွဲ့စည်းပုံ(၁၇၉၁)၏ခွင့်ပြုထားချက်ဖြစ်လေရာ ထိုအချက်အကြောင်းပြု မည်သည့်ချွင်းချက်မှမထားပဲ ကိုင်ဆောင်ကြပါစေရန် ရှေးရိုးစွဲသူတို့ကလက်ခံထားကြ၏။ လစ်ဘရယ်တို့ကမူ တမိနစ်ပစ်အားကျည်၃၀-၃၀၀အထိထွက်သည့် လူအစုလိုက်အပြုံလိုက်သေစေသည့် မောင်းပြန်စက်သေနတ်ကဲ့သို့သောလက်နက်များ လူထုတွင်းကိုင်ဆောင်ခွင့်မရှိစေရန် ဥပဒေအရတားမြစ်လိုကြသည်။ အစိုးရ၏ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင် သေနတ်လက်နက်တိုင်းတို့ရှိရမည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည်မှ ခေတ်အဆက်ဆက် လက်ရှိမြန်မာမျိုးဆက်အားလုံး သေနတ်လက်နက်၏ အစွမ်းထက်ပုံကိုသိကြသည်။ လက်နက်အစွမ်းဖြင့် သူပုန်သည်၄င်း စစ်တပ်သည်၄င်း အာဏာချုပ်ကိုင်ကာ လူထုကိုသတ်ဖြတ် အစိုးရအဓမ္မတက်လုပ်ကြသည်ကိုလည်း မျက်ဝါးထင်ထင်ကိုယ်တွေ့ကြုံဖူးကြပါ၏။ မြန်မာနိုင်ငံဖွားတို့သည် သေနတ်တလက်၏ကောင်းကျိုးဆိုးကျိုးကို ဘဝနှင့်ရင်း၍ကောင်းစွာသိကြပါသည်။

ဝဋ်ကြွေး၊ Matthew 5:39 နှင့်ဟာမိုရာဘီကုဒ်
မြန်မာနိုင်ငံတွင် ဝဋ်ကြွေးဟူသည့်စကားသုံးနှုန်းကာ ခံရသူဖက်မှ မူလယခင်ဘဝအကြွေးရှိပါသည်ဟူ၍ သည်းခံခြင်းကိုမျက်နှာဖုံးဝှက်ပစ်ကာ ဟောပြောလေ့ရှိကြသည်။ “မိနု..သူ့ကြွေးရှိရင်ဆပ်ရလိမ့်မယ်”ဟူသည့် မင်းဆရာဆရာတော်ဦးဗုဓ်၏နှုတ်ထွက်စကားနာမည်ကြီးသလို သင်္ဘောပေါ်၌ပစ္စည်းခိုးခံရခြင်းအား”အရင်ဘဝတုန်းက ငါသူခိုးဖြစ်တာ လူသိမယ်”ဟုမိန့်သည့်လယ်တီဆရာတော်ကြီးလည်းရှိခဲ့ဖူးပါသည်။ ခရစ်ရှန်တို့ကမူ “သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့”- Matthew 5:39 ကျမ်းစာလာသည်။ လွန်ခဲ့သောနှစ်၃၇၇၆ကဘေဘီလုံတွင်ဥပဒေအဖြစ်ထုတ်ပြန်ခဲ့သော မျက်လုံးတလုံးအတွက် မျက်လုံးတလုံးပြန်ပေးရမည်ဆိုသည့် ဘုရင်ဟာမိုရာဘီ၏ကုဒ်များသည် ကမ္ဘာ့အစောဆုံး သက်တမ်းအကြာဆုံး လူများလက်ခံသည့်ဥပဒေကြောင်းရာများဖြစ်ဆဲပါ။

အစွဲပါလျှင် ဘက်လိုက်ဆုံးဖြတ်မိကာ အမှန်မြင်ရခဲသည်။ အထူးသဖြင့်ဘာသာရေးအစွဲသည် နိုင်ငံရေးကိုလွှမ်းမိုးကာဘက်ပြောင်းမြင်တတ်ပါသည်။ အလယ်ခေတ်ဥရောပ(၅-၁၅ရာစု)၏ ဘာသာရေးကျောင်းတော်နှင့် ဘုရင့်အုပ်ချုပ်ရေးတွဲကစား အုပ်ချုပ်မှုတို့၏ အမှောင်ခေတ်ကို အမေရိကပြည်ကိုတည်ထောင်သူဖခင်ကြီးများ ကောင်းစွာသိနားလည်ကြသည်။ ထို့ကြောင့် အမေရိကဖွဲ့စည်းပုံတွင် ဘာသာရေးနှင့်နိုင်ငံရေးကိုတံတိုင်းခြားပစ်ခဲ့ပါသည်။ အမျှော်အမြင်ကြီးလှပေစွ။ သို့သော် မိမိရပ်တည်ချက်မခိုင် အစွန်းနှစ်ဖက်လွတ်အောင်လိုက်ရှောင်နေပါလျှင် ကြားခြံစည်းရိုးခွထိုင်မိရက်သားဖြစ်တတ်၏။
ရေးခဲ့သောကိစ္စများကို ၁-၀နံပါတ်ထုတ်ကြည့်ပါ၊ စာဖတ်သူသင်၏ ဘယ်/ညာ အလယ်တည်နေရာအကြမ်းမှန်းသိနိုင်ပါလိမ့်။