သတင်း လွတ်လပ်ခွင့် လုံးဝမရှိတဲ့ (၂၀၁၀) ရွေးကောက်ပွဲ

winkyawaungNovember 8, 20101min853

ရွေးကောက်ပွဲနေ့ မြို့တွင်းလမ်းမပေါ် မြင်ကွင်း

သတင်း လွတ်လပ်ခွင့် လုံးဝမရှိတဲ့ (၂၀၁၀) ရွေးကောက်ပွဲ
ယနေ့ ၇-၁၁-၂၀၁ဝ မှာ မြန်မာပြည်ရွေးကောက်ပွဲ လုပ်ပါပြီ..။ သတင်းယူမယ့် အဖွဲ့များကို ပြန်ကြားရေးဝန်ကြီးဌါန၏ သက်ဆိုင်ရာမှ ခွင့်ပြုထားတဲ့ သတင်းထောက်များကို ခွင့်ပြုပေးထားတဲ့ နေရာမှာသာ သတင်းယူခွင့် ပြုပါကြောင်း၊ တစ်ဦး တစ်ယောက်ချင်း သွားလာခွင့်မရှိပါ။ အဖွဲ့လိုက်ကို သက်ဆိုင်ရာ ဒေသ တိုင်းကော်မရှင်မှ ဦးဆောင်ပြီး လိုက်လံ ပြသပေးပါတယ်။ ဒေသခံ မြို့နယ်များမှ စာနယ်ဇင်းအဖွဲ့များကိုလည်း သတင်းယူခွင့် မပေးပါ။ သတင်းဓာတ်ပုံရိုက်ခွင့်မပြုပါ။ သူတို့ခွင့်ပြုသူများကိုသာ ဓာတ်ပုံရိုက်ခွင့်ပေးမည် လို့သိရပါတယ်။ အခြားသတင်းထောက်များကိုတော့ မဲရုံ၏ ပေ(၁၅၀) မှ သတင်းယူရမည်ဟု သာ သိရပါတယ်။(မလာကြပါနဲ့ လို့ ပြောတဲ့သဘောပါပဲ)။
ခွင့်ပြုပေးထားတဲ့ သံတမန်အဖွဲ့ နှင့် သတင်းသမားများကိုလည်း သက်ဆိုင်ရာ ဒေသတွင်းက အကောင်းဆုံး ပြင်ဆင်ထားတဲ့ မဲရုံများဆီသို့သာ လိုက်လံပြသ ပေးကြပါတယ်။ အခြား မဲရုံများကတော့ လျှို့ဝှက်မဲပေးရန် ခုံကလေးများမှာ အင်တာနက်ဆိုင်မှာ စက်တစ်လုံးခြင်းကို ခြားထားတဲ့ပုံစံပါ။ ပိုဆိုးတာက အဲဒီလျှို့ဝှက် ခုံများကို မဲရုံးအဖွဲ့သားများဘက်ကို မျက်နှာမူထားကြပါတယ်။ ဘာလိုက်ကာ၊ ဘာခန်းဆီးမှ မထားကြပါဘူး။ ဘယ်သူက ဘာပေးတယ် ၊ မပေးဘူးဆိုတာကို ဟာလာ ဟင်းလင်းကြီး မြင်နေကြရပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က မဲရုံ(၄)ရုံမှာ အထူတူပါပဲ..။ မဲထည့်ရန်လာကြသူများထက်၊ မဲရုံမှူးများ၊ ရွေးချယ်ခံပါတီမှ ကိုယ်စားလှယ်တာဝန်ခံများ၊ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်အဖွဲ့များက ပိုပြီးများနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဖြစ်မှန်ကို သက်သေပြရန် ဓာတ်ပုံရိုက်ဖို့စိတ်ကူးသော်လည်း တားမြစ်ထားလို့ ကင်မရာကို မထုတ်ရဲပါခင်ဗျား.။ မဲရုံပြင်ပမှာ ရိုက်မယ်ဆိုပြန်တော့ ပေ(၁၅၀) ကျော်ဆိုတော့ ဓာတ်ပုံက မရှင်းပါ။ လုံခြုံရေးများကလည်း မဲရုံရှေ့ လမ်းတွေပေါ်ကိုး နေရာယူထားကြပါတယ်။
မြို့ထဲလမ်းမကြီးတွေပေါ်မှာတော့ အသွားအလာများ သိသိသာသာကိုး ရှင်းလင်းနေတာကို မှတ်တမ်းတင် ဓာတ်ပုံနဲ့ ဖော်ပြလိုက်ရပါတယ်..။ လက်လုပ်၊ လက်စား ဆိုဒ်ကားဂိတ် တစ်ခုမှ စကားသံကို ကြားခဲ့ရပါတယ်။
( ဒီနေ့ကတော့ ငါတို့လို တစ်နေ့လုပ်မှ တစ်နေ့ စားကြရတဲ့ လက်လုပ် လက်စားဆင်းရဲသားတွေကတော့ ထမင်းငတ်ပါပြီကွာ..။တဲ့)။ နေ့စားအလုပ်သမားများကလည်း ရွေးကောက်ပွဲနေ့မှာ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်တစ်ချို့ပိတ်ထားကြ၍ နေ့တွက်၊ လုပ်အားခ မရကြောင်း ကြားသိခဲ့ရပါတယ်..။
ယနေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်သူတွေ သေသေ၊ ကတေ မာရင်ပြီးတာပဲ လို့ ဆိုရပါမည်။ ပြည်တွင်း၊ ပြည်ပ သတင်း လွတ်လပ်ခွင့် လုံးဝ မရှိပါကြောင်း တင်ပြလိုက်ရပါတယ်..။

3 comments

  • winkyawaung

    November 8, 2010 at 3:16 pm

    7-11-2010 ညက ကွန်မကောင်း၍ ယနေ့မှ တင်နိုင်ပါသည်။

  • winkyawaung

    November 8, 2010 at 4:13 pm

    မဲရုံဘေးမှာ လူကြီးကတော် တစ်ယောက်က အော်နေတာကို ရေးဖို့ကျန်သွားခဲ့ပါတယ်..။
    ခမောက်အောက်မှာ ဦးနှောက်ရှိတယ်..
    ခြင်္သေ့အောက်မှာ ဂွေးစေ့ရှိတယ်..
    ဒါကြောင့် ငါ့တို့က ချစ်ပါတယ်..တဲ့၊ ဗျာ..။ (တကယ့်ဖြစ်ရပ် အသံပါ၊ လုပ်ကြံပြီးရေးခြင်း မဟုတ်ပါ)

  • winkyawaung

    November 9, 2010 at 9:54 am

    မတရားမှုများကြောင့် လူထုတွေ ဒုက္ခရောက်နေကြရပါပြီ…။

Leave a Reply