ကျွန်ုပ်တို့၏ဘုံရန်သူ နံပါတ် (၂)
ကျွန်ုပ်တို့အားလုံးရဲ့ ဘုံရန်သူနံပါတ်(၂)ကတော့ အေးအေးချမ်းချမ်းနေလိုခြင်းနဲ့ ရောင့်ရဲတဲ့စိတ်ဖြစ်ပါတယ်။ လူတော်တော်များများဟာ အေးအေးချမ်းချမ်းနေလိုလေ့ရှိပါတယ်။ ဒါကြောင့်လူသားတွေနဲ့ ဝေးရာမှာသွားနေလို ကြပါတယ်။ ဒါပေမဲ့ ၀င်ငွေမရှာဖွေနိုင်ရင်၊ ၀င်ငွေမရှိရင် အေးအေးချမ်းချမ်းနေရတဲ့ ဘ၀ဆိုတာမရှိတော့ပါဘူး။ တစ်ချို့ကလည်း ငွေကြေးအလုံအလောက်ရှိရင်၊ အိမ်တွေယာတွေ ကောင်းကောင်းပိုင်ဆိုင်ပြီဆိုရင် ဘ၀မှာတော့ အေးအေးချမ်းချမ်းနေရပြီလို့ ယူဆပါတယ်။ ဒီအယူအဆက မှားတယ်လို့လည်းမဆိုသာပါဘူး။ အသိဥာဏ်နဲလာလေလေ ဒါတွေကို ပိုတန်ဖိုးထားလာရလေပါပဲ။ ဒါကြောင့် တရားမျှတသည်ဖြစ်စေမမျှတသည်ဖြစ်စေ ကိုယ်လုပ် ပိုင်ခွင့်ရတဲ့ အချိန်တွင်းမှာ ဖေါက်ပြန်ကြတော့တာပါပဲ။ လာဘ်စားကြတော့တာပါပဲ။ အဲဒီလိုမျိုးဖေါက်ပြန်တာကို Corruption လို့ခေါ်ပါတယ်။ ဒီလိုနဲ့ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုလုံးကြီးဖေါက်ပြန်သွားတာကို တော့ Institutional Corruption လို့ခေါ်ပါတယ်။ ဘာတစ်ခုမှ ကိုယ့်ဟာကိုယ်မလုပ်တတ်သူတွေဟာပိုဆိုးပါတယ်။ နောင်လာမဲ့ အနာဂတ်မှာ သြဇာအာဏာလွှမ်းမိုးနိုင်ဖို့၊ သူတစ်ပါးရဲ့လေးစားမှုကိုရဖို့အတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ဟာတွေကို မျက်စိမှိတ် လုပ်ကြတော့တာပါပဲ။ ကိုယ်ကဘာမှမလုပ်တတ်မကိုင်တတ်သူများဟာ ပိုကြောက်ပါတယ်။ ကိုယ့်မှာ မပြည့်မစုံ ဖြစ်ရမှာကိုကြောက်တယ်။ သူတစ်ပါးမလေးစားတော့မှာကိုကြောက်တယ်။ အနည်းဆုံး ကိုယ့်အိမ်က မိန်းမနဲ့ ကလေးတွေ ရဲ့ ညိုငြင်ခံရမှာကိုကြောက်တယ်။

နောက်တစ်မျိုးကတော့ ရောင့်ရဲခြင်းဖြစ်ပါတယ်။ တစ်ချို့ကပြောကြတယ် တော်ပါပြီ၊ ရှိပူနေရသေးတယ်၊ ရှိတာလေးနဲ့ပဲ စားတော့မယ်၊ ရတာလေးနဲ့ပဲ ၀တ်တော့မယ်၊ ဖြစ်သလိုသလိုပဲ အပူအပင်ကင်းအောင်နေတော့မယ်လို့ ပေါ့။ ဒီလိုလူတွေဟာ တကယ်တော့ လူနေထိုင်မှုအဆင့်အတန်းအောက်ကို အမြဲကျသွားတာဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်လိုတဲ့လူ့အသိုင်းအ၀ိုင်းတစ်ခုဟာ ဒီအတွေးအခေါ်နဲ့ နေထိုင်လို့မရပါဘူး။ ရောင့်ရဲတယ် ဆိုတဲ့ စိတ်ရဲ့ နောက်ကို လိုက်ပါလာတာက ပျင်းယိခြင်းဖြစ်ပါတယ်။ ပြင်းယိသူများဟာ ဘ၀မှာ ဘာရည်ရွယ်ချက်မှ မရှိတော့ပါဘူး။ ဒါကြောင့်လုပ်နေသမျှ ကိုင်နေသမျှအရာအားလုံးဟာ အလွဲလွဲအမှားမှားသာဖြစ်နေမှာဖြစ်ပါတယ်။ ရည်ရွယ်ချက် ကလည်းမရှိ၊ ဒီကြားထဲ ကျိုးကျိုးစားစားကလည်းမလုပ်လိုသူတွေဟာ ဘယ်အလုပ်ရှင်နဲ့မှလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အေးအေးချမ်းချမ်းနေလိုတဲ့စိတ်လေးကလဲရှိပြန်တော့ အခွင့်အရေးရပြီဆိုတာ ဆော်ပြီသာ အောက်မေ့ပေတော့။ သင့်၏ မသင့်၏ ဆိုတာတွေမရှိတော့ဘူး။ အခွင့်အရေးမရသူတွေရဲ့ နောက်ကိုလိုက်ပါ လာတာကတော့ ဆင်းရဲခြင်းပဲ။ ဆင်းရဲခြင်းဟာ ကူးစက်ရောဂါလိုပါပဲ။ ကိုယ်ကဆင်းရဲပြီဆိုရင် နောင်လာ နောင်သားတွေအားလုံးဆင်းရဲသွားတတ်ပါတယ်။ ဆင်းရဲပြီဆိုတာနဲ့ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းကိုခံရမယ်၊ နိုပ်စက်ခံရမယ်သာအောင်မေ့ပါတော့။

ကျွန်ုပ်တို့လူသားတွေဟာ မတော်လောဘတွေ မရှိသင့်ပေမဲ့ ပြင်းပြတဲ့ဆန္ဒတော့ အမြဲလိုနေပါတယ်။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာနေထိုင်တဲ့လူသားအားလုံးဟာ ၀င်ငွေရှိမှရပ်တည်နိုင်ပါတယ်။ ဒီအတွက် အလုပ်တစ်ခုခုကို လုပ်ကိုင် နေကြရမှာဖြစ်တယ်။ အရင်းအနှီးလုံးဝမရှိသေးသူများဟာ အလုပ်တစ်နေရာကို ကမ္ဘာကုန်ကျယ်သရွေ့ ရှာဖွေ ကြရမှာဖြစ်ပါတယ်။ အရင်းအနှီးအတော်အတန်ရှိလာသူများကတော့ ကိုယ်ပိုင်လုပ်ငန်း အငယ်လေးတွေကို စတင်ထူထောင်ကြရမှာဖြစ်ပါတယ်။ အေးချမ်းမှုကို လူတွေနဲ့ဝေးရာမှာရှာဖွေလို့မရပါဘူး။ လူသားတွေနဲ့ တည်ဆောက် ထားတဲ့ ကောင်းမွန်တဲ့လူ့အသိုင်းအ၀ိုင်းအတွင်းမှာပဲရှာဖွေရမှာဖြစ်ပါတယ်။ တရားမျှတမှုကိုလိုလားတယ်၊ အဆိုးဘက်နဲ့ အကောင်းဘက်မှာ အကောင်းဘက်ကရပ်တည်နိုင်ဖို့ဆိုရင် ကိုယ့်အင်အားကို အရင်မွေးမှရပါမယ်။ ကိုယ့်မှာ အင်အားမရှိရင် ဘယ်အရာကို မှ ပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။

ကောင်းတဲ့ဘက်ကရပ်တည်ဖို့အတွက် ကိုယ်ကဖြစ်သလိုနေလို့မရပါဘူး။ နိုင်ငံတကာကလက်ခံကျင့်သုံးတဲ့ ၀တ်စားဆင် ရင်မှုတွေကို စနစ်တကျ ၀တ်ဆင်လာမှရပါမယ်။ ဖြစ်သလို ၀တ်စားရင် ကိုယ့်ကိုဘယ်သူမှ မလေးစားနိုင်ဘူး၊ နောက်ရှိတာလေးနဲ့လည်း ဖြစ်သလိုစားလို့မရပါဘူး။ လိုအပ်တဲ့ Engergy အတွက် ကယ်လိုရီ ပြည့်အောင်စားရမယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သန့်ရှင်းတဲ့၊ အဟာရပြည့်ဝတဲ့ အစာတွေကိုစားရမယ်။ ဒါမှ မဟုတ်ရင် လူတွေဟာ ပိန်လှီသေးကွေးပြီး ဘယ်သူနဲ့မှ မယှဉ်ပြိုင်နိုင်တော့ပါဘူး။ ဒိထက်တဆင့် အရည်အသွေးမြင့်မားတဲ့ အစား အသောက်တွေကိုစားသောက်လာနိုင်အောင်ကျိုးပမ်းကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အေးအေးနေလိုတဲ့စိတ်နဲ့ ရောင့်ရဲခြင်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘုံရန်သူ နံပါတ် (၂) ဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.