“စာအုပ်ကိုင်မှ စာဖတ်တယ် ထင်ရင်မှားပါတယ်”

“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းနှစ်)

“ သတိ္တရှိလား ?
ရှိရင်မောင်ကမ ္ဘာနဲ့လဲဖတ်မယ် “

ဒါလေးက ကျွန်တော်တို့ငယ်ငယ်က ကလေးအချင်းချင်းစ တဲ့စကားလေးပါ။
ကျွန်တော်ဘယ်အရွယ်က စပြီး အပြင်စာတွေဖတ်လဲမေးရင် လေးတန်းကျောင်းသား ဘဝလောက်ကတည်းကဖတ်တယ်ပြောမှ မှန်မယ်ထင်ပါတယ်။
ဘာတွေဖတ်သလဲမေးရင် “ကာတွန်း”ပေါ့။
ကျွန်တော်တို့ငယ်ငယ်က ကလေးတွေဖတ်စရာကာတွန်းစာအုပ်တွေပေါပါတယ်။
စုံထောက်ကြီးဦးရှံစားနဲ့ ဒိန်းဒေါင်တို့၊
သူခိုးကြီးငတက်ပြားတို့၊သတိ္တတို့ မောင်ကမ္ဘာတို့၊ဗလကြီးဗလလေးတို့ိုဆိုတဲ့ကာတွန်း
စာအုပ်တွေက ကျွန်တော်တို့တော်တော်လေးသဘောကျခဲ့ကြတဲ့ ဟီးရိုးဇာတ်ကောင်တွေပါဘဲ။
နောက်ကျွန်တော်တို့ငယ်ငယ်က ကလေးဂျာနယ်ဆိုပြီးတော့ စာအုပ်လေး
ထွက်ခဲ့ဘူးပါတယ်။အဲဒီထဲမှာပုံပြင်တွေ ကလေးကဗျာတွေ ကာတွန်းတွေပါ ပါတယ်။
(အခုခေတ် တေဇတို့ ရွှေသွေးတို့ထက်ပိုထူပါတယ် မဂ္ဂဇင်းဆိုက်မျိုးပါ။
မှတ်မှတ်ရရပြောရရင် ဒီစာဖတ်တာနဲ့ပါတ်သက်ပြီး တစ်ခါ အဖွားကဆူတာခံရဘူးပါတယ်။
ကျွန်တော်တို့ငယ်ငယ်က အခု 84လမ်း 34-35 ကြားမှာဝင်းလိုက်ရုပ်ရှင်ရုံဆိုတာရှိပါတယ်။
အဲဒီရုပ်ရှင်ရုံရှေ့မှာ ပလပ်စတစ်လေးခင်းပြီး ကာတွန်းငှားစားတဲ့ဆိုင်လေးတွေရှိပါတယ်။
သူတို့ငှားတာက ရုပ်ရှင်လာကြည့်တဲ့သူတွေကိုအငှားများပါတယ်။
အိမ်ကိုတော့ယူသွားလို့မရပါဘူး အဲဒီဆိုင်နားမှာတင်ဖတ်ရတာပါ။
တစ်မတ်(25ပြား)ကိုလေးအုပ်ဖတ်လို့ရပါတယ်။
တစ်ရက်အိမ်က ကျွန်တော့ကို မုန့်စားဘို့ 15ပြား စာအုပ်ဖတ်ဘို့တစ်မတ်ပေးပြီးလွှတ်လိုက်ပါတယ်။
ခက်တာက ကျွန်တော်က စာဖတ်တာမြန်ပါတယ်။
အဲတော့ခဏလေးနဲ့ တမတ်ဘိုးကုန်သွားပါတယ်။
ဖတ်ရတာကလဲ မဝသေးဘူး ပိုက်ဆံကလဲကုန်သွားပြီ။
အဲတော့ သူများငှားဖတ်နေတာကို နောက်ကနေလိုက်ဖတ်ပါတယ်။
သူများဖတ်နေတာက ဖြည်းဖြည်း ကျွန်တော်က မြန်မြန် ဖတ်ပြီးသွားတော့ ဇွတ်ကျော်ပြီးစာမျက်နှာလှန်ဖတ်ခိုင်းတော့ ကလေးချင်းစကားများရပါတယ်။
အဲဒါကိုအဖွားသိသွားတော့ ကျွန်တော့်ကိုနောက်အဲဒါမျုးိမလုပ်ဘို့ရယ် နောက်ဒါမျိုးအသံကြားရရင်
ကာတွန်းသွားမဖတ်ရဘူးဆိုုပြီး အမိန့်တွေထုတ်ပါတယ်။

ကျွန်တော် ခြောက်တန်းလောက်ရောက်တော့ တစ်ရက်အိ်မ်မှာချထားတဲ့ဝတ္တုစာအုပ်တစ်အုပ်ကိုကောက်ဖတ်ရင်းအရမ်းကြိုက်သွားပါတယ်။
စုံထောက်စွန့်စားခန်းဝတ္တုလေး “မင်းအသက်ငါ့ပေး ဆရာကြီးမြခိုင် “ပါ။
အဲဒီကစပြီး အိမ်က ဦးလေးတွေ အဒေါ်တွေ ဖတ်ပြီးချချထားတဲ့စာအုပ်တွေကို လူကြီးအလစ်မှာ
ကောက်ကောက်ပြီးဖတ်ပါတယ်။
အဒေါ်တွေတွေ့ရင် ခေါင်းခေါက်ပါတယ် “ဝတ္တု “ ဆိုတာ ကလေးမဖတ်ရဘူးပေါ့။
ဒါပေမယ့် အဖေက ရှစ်တန်းဖြေပြီးရင် ဝတ္တုပေးဖတ်မယ် အခုတော့ ကာတွန်းလောက်ဘဲဖတ်ပေါ့။
အဲဒီတုန်းက အိမ်မှာရှိတဲ့ ကာတွန်းစာအုပ်တွေကတော့ ဗုဒ္ဓဝင်ပန်းချီစာအုပ်ရယ် လူထုအောင်သံလို့ထင်ပါတယ်
(ထင်ပါတယ်လို့ပြောရတာ သိပ်အတိအကျကြီးမမှတ်မိလို့ပါ)ကိုသိပ်ကြိုက်ပါတယ်။
ပုံပြင်စာအုပ်တွေလဲပေးဖတ်ပါတယ်။
လူထုဦးလှရေးထားတဲ့ ပုံပြင်စာအုပ်တော်တော်များများ အိ်မ်မှာရှိပါတယ်။
အဲဒါတွေဖတ်ရင်မဆူပါဘူး ဝတ္တုစာအုုပ်တော့ အထိမခံပါဘူး။

ဒီလိုနဲ့ဘဲရှစ်တန်းစာမေးပွဲဖြေပြီးသွားတဲ့အချိန်မှာ ဦးလေးတစ်ယောက်ကစာအုပ်လေးတစ်အုပ်
ကျွန်တော်ဖတ်ဘို့ယူပေးပါတယ်။
ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။
မုဆိုးကြီးအလန်ကွာတာမိန်းရဲ့တောတွင်းစွန့်စားခန်းဝတ္တုလေးပါ။
ဖတ်ရတာ အရမ်းကိုအရသာရှိပါတယ်။

ဒီလိုနဲ့ဘဲ မိုးဝေ၊စုံထောက်၊ ရူ့မဝ၊ ငွေတာရီ၊ မြဝတီ ၊စန္ဒာမဂ္ဂဇင်းတွေကိုဖတ်ခွင့်ရလာပါတယ်။
အမှန်အတိုင်းပြောရရင်တော့ အဲဒီတုန်းက ဝါးစားသလိုသာဖတ်တာ ရင်ထဲမှာတင်မကျန်ခဲ့သလို
ဖတ်ခွင့်ရလို့ဖတ်တယ်ဆိုတာထက်ဘာမှ မပိုဘူးလို့ပြောရင်ရပါတယ်။
အခုအချိန်မှာအဲဒီတုန်းက ဖတ်ခဲ့တာတွေကို မမှတ်မိသလို ပြန်လဲမပြောနိုင်ပြန်ပါဘူး။

တကယ်စာတွေဖတ်ရတဲ့အချိန်က ကျွန်တော်ဆယ်တန်းရောက်တဲ့အချိန်ပါ။
ကျွန်တော်ဆယ်တန်းတက်တဲ့နှစ်မှာ ကျောင်းတွေက ခဏခဏပိတ်ပါတယ်။
အဲတော့ ကျောင်းတက်လိုက်ပိတ်လိုက်ဆိုတော့ ကျွန်တော်ဖတ်ချင်တဲ့စာတွေကို ဖတ်ရပါတယ်။
တစ်ရက် သတင်းစာမှာ “ကွက်လပ်ကလေးဖြည့်ပေးပါ – မစန္ဒာ”ဆိုတဲ့ကြော်ငြာလေးတွေ့လိုက်ပါတယ်။
ဖြစ်ချင်တော့ ညစာအုပ်အငှားဆိုင်မှာ အဲဒီစာအုပ်လေးကို တွေ့မိတော့ ဘာရယ်မဟုတ်ဘူးငှားဖတ်လို်က်ပါတယ်။
မေတ္တာငတ်မွတ်တဲ့ကလေးတစ်ယောက်ရဲ့ဘဝအကြောင်းပေါ့။
ဖတ်ရင်းနဲ့စိတ်ထဲမှာအတော်လေးခံစားလိုက်ရပါတယ်။
“ကိုကိုတူး”ဆိုတဲ့အသံလေးကို အဲဒီညက အိပ်ယာထဲလူကရောက်သွားတာတောင် နားထဲမှာ ကြားနေရတဲ့ထိကို ခံစားလိုက်ရပါတယ်။
အဲဒီအချိန်ကစပြီး မစန္ဒာရဲ့စာအုပ်မှန်သမျှကိုရှာဖတ်မိသလို အသစ်ထွက်မှာကိုလဲမျှော်မိပါတယ်။
“ဂျီဟောသူ” စိမ်းရွက်သစ်တဝေဝေ”လေရူး”ပုစ္ဆာ”ငယ်သူမို့မသိပါ”ဆိုတဲ့စာအုပ်လေးတွေဆက်တိုက်ဖတ်မိပါတယ်။
တစ်ရက်မှာတော့ စာအုပ်ဆိုင်ရောက်တဲ့အချိန်မှ နေခြည်ဖြာမှနွေးသောကြောင့်ဆိုတဲ့စာအုပ်ကလေးကို
နာမယ်လေးသဘောကျတာနဲ့ငှားလာခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် အဲဒီစာဖတ်လိုက်မိချိ်န်မှာ “ခင်ဆွေဦး”ဆိုတဲ့ ဆရာမရဲ့အရေးအသားတွေက
သူ့ဇာတ်ကောင်တွေရဲ့အတွေးတွေက ရင်ထဲကိုရောက်သွားပါတယ်။
အဲဒီနောက်တော့လဲ“ခင်ဆွေဦး”စာအုပ်တွေလိုက်ရှာဖတ်လေ အယူအဆ
တွေကို ကြိုက်လေနဲ့ အပြင်မှာနေတဲ့လူပုံစံကလဲ သူ့စာအုပ်ထဲက ဇာတ်ကောင်လို မဟုတ်မခံပုံစံလေး
ပေါက်သွားတာကလဲအမှန်ပါဘဲ။
နောက်အဲဒီအချိန်တုံးက ကျွန်တော်နှစ်သက်တဲ့စာရေးဆရာကတော့ မောင်မောင်မြင့်လွင်ပါဘဲ။
အချစ်ဝတ္တုရေးတဲ့သူပေါ့။
သူ့စာအုပ်အသစ်ထွက်ရင် အရင်ဆုံးဖတ်ရမှ စိတ်ကျေနပ်ခဲ့တာ။
သူ့ကိုဘယ်လောက်ထိနှစ်သက်လဲဆိုရင်တောင် သူသုံးနေကျ “ချစ်၍ချစ်သော……………”
ဆိုတဲ့ စာကလေးကိုတောင် ကိုယ်က သူများဆီကို စာရေးရင်အဆုံးမှာထည့်သုံးတဲ့အထိပါဘဲ။
နောက်အဲဒီတုန်းက အောင်မြင်နေတုံးမှာလူ့ဘဝကိုစွန့်သွားတဲ့ “ဆွေလှိုင်ဦး”ရဲ့ရင်သိမ့်တုန် ဝတ္တုတွေကြိုက်သလို
ဝင်းမောင်ထွန်းဆိုတဲ့ မြန်မာစုံထောက်(ထောက်လှမ်းရေး)ဝတ္တုတွေကိုလဲ တော်တော်လေးကိုကြိုက်ခဲ့ပါတယ်။
ကျွန်တော်တို့ကျောင်းသားဘဝတုံးက စစ်တက္ကသိုလ်တက်တဲ့အတွေ့အကြုံတွေရေးထားတဲ့ တင်သန်းဦးရဲ့ စာအုပ်တွေကိုလည်း ဖတ်ပြီးနှစ်သက်ခဲ့ရပါသေးတယ်။
တစ်ရက်ကျွန်တော်စာကျက်တဲ့ခုံလေးပေါ်မှာ စာအုပ်လေးတွေရောက်နေပါတယ်။
တစ်အုပ်က “ကတ္တီဖိနပ်စီးရွှေထီးဆောင်း” ရယ် “မဟူရာမေတ္တာ”ရယ် နာမယ်ခပ်ရှည်ရှည်နဲ့ “ဓါးတောင်ကိုကျော်၍မီးပင်လယ်ကို ဖြတ်မည်”နဲ့ “ရေနံသာခင်ခင်ကြီး” ပါ။
စစခြင်း ဓါးတောင် ကိုဖတ်လိုက်ပါတယ်။
ကျွန်တော်တို့ခေတ်ကို ထင်ဟပ်နေတဲ့ လမ်းသူရဲတို့ နံပါတ်ဖိုးတို့နဲ့ ပါတ်သက်နေတဲ့စာကလေးဆိုတော့
စိတ်ဝင်တစားနဲ့ဆက်ဖတ်လိုက်ပါတယ်။
ပင်လယ်ထဲ သင်္ဘောပျက်တာတွေ အခက်အခဲတွေ ကောက်ကျစ်တာတွေ ခွင့်လွှတ်အနစ်နာခံတာတွေ အစုံပါဘဲ။
ဒါပေမယ့် ဖတ်ရင်းနဲ့စိတ်ထဲမှာကျန်နေခဲ့တာကတော့ သံချောင်းပါဘဲ။
အခက်အခဲကိုဖောက်ထွက်နိင်တဲ့သတ္တိရှင်ကို အားကျတာပေါ့။
ရေးသူက ကွယ်လွန်သူ “ မြသန်းတင့်“
နောက်တအုပ်ဆက်ဖတ်တယ် “မဟူရာမေတ္တာ “ ငယ်ကတည်းက အိပ်ယာဝင်ပုုံပြင်လိုကြားဖူးခဲ့တဲ့ဇာတ်လမ်းပေမယ့်
လက်ထဲကမချချင်လောက်အောင်ကို အရေးအသားက ရင်ထဲကိုညိလာပါတယ်။
ပြန်လည်ဖော်ထုတ်သူက “နိုင်ဝင်းဆွေ “

နောက် ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ကိုယ့်မန်းလေးသားတွေနဲ့ဆက်စပ်ပါတ်သက်နေတဲ့ တန်ဆောင်တိုင်ညနဲ့စစ်ကိုင်း
စဖတ်ဖတ်ခြင်းတော့ ရှေ့ရောက်လိုက်နောက်ရောက်လိုက် နားမလည်ရင်း ပြန်ဖတ်ရင်းနဲ့ စာအုပ်လဲဆုံးရော ရင်ထဲမှာ
ထိရှတဲ့ခံစားမူ့လေးက ကျန်နေခဲ့ပြန်ပါတယ်။
ရေးဖွဲ့မူ့ပုံစံအသစ်နဲ့မိတ်ဆက်ပေးသူက မန္တလေးသား “ မောင်သာရ“

နောက်တစ်အုပ ် “ရေနံသာခင်ခင်ကြီး “စာအုပ်ကအထူကြီးဆိုတော့ ဖတ်ရမှာလက်တွန့်သလို။
ဒါပေမယ့်လည်းဖတ်ရင်းဖတ်ရင်းနဲ့ မသိဘူးသောအကြောင်းအရာ ဆွေဂုဏ်မျိုးဂုဏ်မာ မာနတွေ
နဲ့ယက်ဖောက်ထားတဲ့ ခမ်းနားတဲ့ဇာတ်အိမ်ထဲက ဇာတ်ကောင်တွေခေါ်ရာနောက်ကိုတကောက်ကောက်ပါသွားပြန်ပါတယ်။
ဆွဲဆောင်သူက “မောင်သိန်းဆိုင်”
အရင်က စာအုပ်အထူကြီးဆိုရင်ဖတ်ရမှာပျင်းတဲ့ကျွန်တော်က ဇာတ်အိမ်ကြီးကြီးနဲ့စာအုပ်တွေ လူ့ဘဝသရုပ်ဖော်စာအုပ်တွေကို ဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။
အဲဒီအချိန်လဲရောက်ရော ကျွန်တော့်ဦးလေးကို အပူကပ်ရပါတော့တယ်။
သူက စာသမားကိုးဗျ။
သူကလဲ ကျွန်တော်စိတ်ဝင်စားတယ်ဆိုတာလဲသိရော ရှာပေးပါတယ်။
အဲဒီအချိန်ကစလို့ အငမ်းမရစာတွေဖတ်ပြန်တော့တာဘဲ။
မောင်သာရရဲ့ မျိုးမမပကာသနီ၊ မောင်သိန်းလွင်ရဲ့မစန်းစန်းဝင့်၊တောလယ်မောတယ် အပြောကြွယ်၊
အသားနက်မအောင်လံကြီးထူ၊ပြီးတော့ လူကိုပါယူသည်၊မတ်တတ်ရပ်လို့လမ်းမှာငို၊ကျဉ်တုတ်ခံဝံ့မခံ့ဝံ့၊
မောင်သိန်းဆိုင်ရဲ့ ပုဆစ်အိမ်၊ပု စ္ဆာဆန်သောမိန်းကလေး၊
မြသန်းတင့်ရဲ့လိုက်ခဲ့တော့ မြနန္ဒာ၊မာယာဘုံ၊
နိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါ၊နွေတစ်ည၊
နတ်နွယ်ရဲ့မြန်မာပြည်မြောက်ပိုင်း၊အပြာနဲ့အဝါ။
ရန်ကုန်ဘဆွေရဲ့နန်းဟာဗီး၊ချစ်ဇနီးသို့ ၊မြန်မာပြည်သား၊ရွှေဝါပြည်၊
သိန်းဖေမြင့်ရဲ့တက်ဘုန်းကြီး။တက်ခေတ်နတ်ဆိုး၊အရှေ့ကနေဝန်းထွက်သည့်ပမာ။
လိုစာတွေကို မြည်းစမ်းခွင့်ရလာပါတယ်။
နောက်မှ ခင်နှင်းယု ရဲ့မွှေး၊သခွတ်ပန်း၊ပန်းများကိုပွင့်စေသူ
ဂျာနယ်ကျော်မမလေး၊ရဲ့သွေး။မုန်း၍မဟူ
တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်၊မိုးညအိပ်မက်မြူ၊တပြည်သူမရွှေထား၊
အောင်လင်း ရဲ့အရိုင်းစံပယ် စတာတွေကို ဖတ်လာရပါတယ်။
အဲလိုဖတ်နေရင်းက နိုင်ငံခြားစုံထောက် ဘာသာပြန်တွေကိုလဲ ဖတ်ရင်းနှစ်သက်လာသလိုရှိပါတယ်။
နောက် မောင်သိန်းဆိုင်တို့လို နိုင်ငံခြားဇာတ်လမ်းတွေကိုမှီးပြီးမြန်မာအဝတ်တွေဆင်ပြီး
ဇာတ်လမ်းဖွဲ့တတ်တဲ့ ကျွန်တော်မျက်နှာနဲ့လူလို့ဆိုတဲ့ ကျော်မင်းဦးတို့ မောင်သက်နောင် တို့ ရဲ့နိုင်ငံခြားဆန်ဆန် ဇာတ်လမ်းတွေကိုလဲ စွဲမက်ခဲ့ရပါတယ်။
တစ်ခါတစ်လေတော့လဲ မူရင်းတစ်အုပ်ထဲကို နှစ်ယောက်ဝိုင်းဘာသာပြန်လို်က်မိတော့ နံမယ်မတူပေမယ့်
ဇာတ်လမ်းတူတဲ့ စာအုပ်တွေကိုလဲဖတ်မိရပါတယ်။
အဲဒီတုံးက တင်ထွေးဘာသာပြန်တဲ့စာတွေကိုလည်းမြည်းစမ်းခွင့်ရခဲ့ပေမယ့် စန္ဒာမှာ အခန်းဆက်ရေးခဲ့တဲ့
ဟန်မြစ်ပြောသောချစ်ပုံပြင် အချစ်ဝတ္တုကိုပိုကြိုက်ပါတယ်။
မြန်မာပြည်မှာ ပထမဆုံးသော ကိုရီးယားအချစ်ဇာတ်လမ်းရေးသူလို့ မှတ်တမ်းတင်နိုင်ပါတယ်။

တစ်ရက်မှာ ညဈေးတန်းက စာအုပ်အဟောင်းဆိုင်လေးမှာသွားထိုင်ရင်းက အဖုံးမပါတဲ့စာအုပ်လေးတစ်အုပ်ကို
အမှတ်မထင်ကောက်ဖတ်လိုက်မိတာ စိတ်ထဲမှာ သူ့အရေးအသားကိုစွဲသွားပါတယ်။
ဆောင်းပါးလိုလို ဝတ္တုလိုလို အတိုလေးတွေပါ။
စာအုပ်ဆို်င်က အကိုအောင်ဝင်းကိုမေးကြည့်တော့ အရင်ကကျောင်းသုံးစာအုပ်လေးပါတဲ့။
ရေးသူက တော့ ခေတ်စမ်းစာပေကို အစပျိုးခဲ့တဲ့ မောင်လူအေးတို့အဖေ လွေဇောတို့ အာမိတ်တို့ရဲ့သခင် သိပ္ပံမောင်ဝပါတဲ့။
အဲဒီကစလို့ ဆရာဇော်ဂျီတို့ မင်းယုဝေ တို့ မင်းသုဝဏ်တို့ ဦးဖိုးကျားတို့ရဲ့တိုတိုနဲ့ထိမိတဲ့ စာပန်းခင်းထဲကို
တစ်ခါရောက်သွားပြန်ပါတယ်။
နောက်တစ်ခါ ဆရာမတစ်ယောက်က ကျွန်တော့ကို စာအုပ်လေးတစ်အုပ်လက်ဆောင်ဝယ်ပေးပါတယ်။
“သောင်းပြောင်းထွေလာ ရေးချင်ရာရာ”တဲ့ရေးသူက လူထုဦးလှ တဲ့။
အကြောင်းအရာပေါင်းစုံ ဗဟုသုုတပေါင်းစုံ ။
အဲဒီစာအုပ်ကနေတစ်ဆင့် ကျနော် …………နဲ့အစပြုတဲ့ လူထုဦးလှရဲ့စာအုပ်တွေကို ရှာဖတ်ဖြစ်ပါတော့တယ်။
(မိုက်မဲတဲ့ကျွန်တော်က အရင်က လူထုဦးလှဆိုတာ ပုံပြင်လောက်ဘဲရေးသူလို့ထင်ခဲ့တာကိုး)
အဲဒီကနေဆက်နွယ်ပြီးတော့ လူထုဒေါ်အမာရဲ့ရွှေဒေါင်းတောင်ဆောင်းပါးများတို့ “အိုယန်းကီး……..တို့”
“ ပြည်သူချစ်သောအနုပညာသည်များ“ကနေဆက်ပြီးအများကြီး ဖတ်ဖြစ်သွားပါတော့တယ်။
အဲဒီအချိန်လောက်မှာဘဲ သို်င်းဇာတ်လမ်းတွဲတွေ ခေတ်စားလာပါတယ်။
ကျွန်တော်က စာဖတ်တာမှာ ရသစာပေကိုပိုနှစ်သက်ပါတယ်။
ဒါပေမယ့် ကျွန်တော့်အဖေကတော့ လင်းယုန်မောင်မောင်ရဲ့ သွေးစွန်းသောနေ့ရက်များနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးရာက
အစ ဟစ်တလာတို့ချေခွေဗားရားတို့ ဟိုချီမင်းတို့ အစရှိတဲ့ လေးစား အားကျဘွယ်အတုယူဘွယ်ရာ အထုတ္တပတ္တိစာအုပ်တွေနဲ့ရင်းနှီးလာရသလို တို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ဆိုတဲ့ ကျော်အောင်နဲ့လဲမိတ်ဖွဲ့ပေးပြန်သလို “ကျွန်တော်လက်နက်ချ “လို့ဆိုဘူးတဲ့ ကျော်မြသန်းရဲ့ကြိုးစင်ပေါ်မှနောက်ဆုံးနေ့များ ကိုလည်း လက်ထဲထိုးထဲ့ပေးသွားပါတယ်။

တစ်ခါရန်ကုန်ကနေမန်းလေးအပြန်မှာ လူကြုံပါးလိုက်တာကတော့စာအုပ်အထူကြီး၊
ရွှေဥဒေါင်း ရဲ့စုံထောက်မောင်စံရှားပါ။
ဖြစ်ချင်တော့ အဲဒီနေ့ညက ရန်ကုန်ကနေ ညနေလေးနာရီလောက်ထွက်မယ့်ရထားက ဘာကြောင့်မှန်းမသိမထွက်ပါဘူး။
ပျင်းပျင်းရှိတာနဲ့ အဲဒီစာအုပ်ကြီးကိုချဖတ်လိုက်တာ့ တပုဒ်ပြီးတပုဒ်ဆက်ဆက်ဖတ်လိုက်တာ ညဆယ့်တစ်နာရီရထားပေါ်တက်ရမယ်ဆိုမှ ဖတ်တာရပ်ပါတယ်။
အဲဒီကစလို့ ဆရာရွှေဥဒေါင်းရဲ့စာတွေကို ရှာလို့ဖတ်ဖြစ်ပါတယ်။
ရွှေဥဒေါင်းရဲ့စာတွေက ဘာသာပြန်အမှီးတွေဆိုတော့ သူစာတွေဖတ်ရင်းကနေ ဒဂုန်ရွှေမျှားစာတွေကိုပါဆက်ဖတ်မိပါတော့တယ်။
အဲဒီအချိန်လောက်မှာဘဲ နံမယ်အရှည်ကြီးတွေပေးတဲ့စာရေးဆရာတစ်ယောက်ရဲ့စာအုပ်တွေကိုတွေ့လာရပါတယ်။
အရင်က မြန်မာစာအုပ်တွေမှာ မောင်သာရလောက် လူစိတ်ဝင်စားအောင်နာမယ်အပေးမကောင်းဘူးလို့ စိတ်ထဲမှာ
မှတ်ထားပါတယ်။နာမယ်အရှည်ကြီး ပေးထားတော့ မောင်သာရကို အတုခိုးတယ်ဆိုပြီး အစကတော့ မဖတ်ပါဘူး။
အချစ်မြို့ဟောင်း၏နောက်ဆုံးတူးဖော်ချက်အစီရင်ခံစာ ဆိုတာလို အရှည်ကြီးနာမယ်ပေးထားတာကိုပြောတာပါ။
အဲဒီထဲက အတိတ်လွင်ပြင်ကိုဖြတ်သန်းလာသောအကြင်နာမျက်နှာစိမ်းတို့ မိုးသောက်မှောင်မိုက်အရိပ်မပြေးမီဆိုတဲ့
နာမယ်လေးကိုတော့ သဘောကျသလိုရှိပေမယ့် မဖတ်ဖြစ်ခဲ့ဘူး စစချင်းကပြောတာပါ။
သူကတော့ ငြိမ်းကျော် ပါ။
တစ်ရက်တော့ မိန်းထဲကသူငယ်ချင်းတစ်ယောက်အဆောင်ကိုသွားတော့ သူရေချိုးနေတုန်းသူ့ကုတင်ပေါ်လှဲအိပ်နေရင်း
ခေါင်းအုံးဘေးနားမှာချထားတဲ့ စာအုပ်လေးကို ကောက်ဖတ်မိပါတယ်။
ပဉ္စမမြောက်သမ္မာကျမ်းစာသစ်ရဲ့အမိန့်တော်ပြန်တမ်းပါ။
အဲဒီထဲက ပဉ္စမမြောက်ဆောင်းရက်များကို ဖတ်ရင်း အရမ်းကို ဟတ်ထိလို့ ညိသွားပါတယ်။
အဲဒီအချိန်ကစလို့ ငြိမ်းကျော်မှ ငြိမ်းကျော်ဖြစ်သွားပါတယ်။
သူ့စာတွေကို အရင်က အချစ်သက်သက်ထင်ခဲ့တာမှားတယ်ဆိုတာကို သိလာပါတယ်။
ဘဝအကြောင်းတွေ အနစ်နာခံတတ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ နိုင်ငံနဲ့ပါတ်သက်တဲ့ရှိရမယ့် အမျိုးချစ်စိတ်ကို ပါးပါးလေး ထည့်ပေးထားတာတွေ လူတစ်ယောက်မှာရှိသင့်သော ကောင်းမြတ်တဲ့စိတ်ထားတွေကို ဖတ်သူရဲ့ရင်ထဲကို
ရောက်မှန်းမသိရောက်အောင်ထည့်ပေးသွားတာတွေကတော့ ရှာမှရှားပါဘဲ။
ပန်းတွေနဲ့ဝေတဲ့မောင်ဝဏ္ဏ သစ်ပင်မှာကြိုးတွေချည်ခိုင်းတဲ့ အချစ်တစ်နှစ်သုံးဆိုတဲ့သုမောင်
စာတွေကလည်း ကျွန်တော်နှစ်သက်ခဲ့ရတဲ့ အချစ်ဝတ္တုတွေပါ။
နောက်အချစ်ဝတ္တုဖတ်နေရင်းက မြန်မာတပြည်လုံးက ဒေသန္တရဗဟုသုတတွေပါ ရစေတဲ့ယုဝတီခင်စိန်လှိုင်
ခပ်လေးလေးအေးအေးနဲ့ ဘိုဆန်ဆန်အလွမ်းတွေပေးတဲ့ မိန်းမလှတွေအမုန်းကို ကြောက်တဲ့ဝင်းဦး
စိတ်ထဲမှာရင်တဖိုဖိုနဲ့ ဘယ်သူများပါလိမ့်လို့ ဖတ်ရင်းတွေးရတဲ့ အမြဲတမ်းလျှို့ဝှက်တဲ့ဇာတ်လမ်းတွေကိုရေးတတ်တဲ့ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊
ဇာတ်အိမ်ခိုင်ခိုင်နဲ့ရေးတတ်တဲ့ မဝင်းမြင့် ကိုလည်းကြိုက်ခဲ့တာပါဘဲ။

နောက်အကိုအောင်ဝင်းက ကျွန်တော့်ကို “လူ့လောကမှာ အချစ်မရှိလို့ မဖြစ်သလို ဘဝဆိုတာကလဲ မရှိမဖြစ်ဘဲ။
ဒီတော့ အချစ်အကြောင်းကိုသိသင့်သလို ဘဝထဲကလူတွေအကြောင်းကိုလဲ ကိုယ်ချင်းစာတတ်အောင် သိသင့်တယ်”
ဆိုပြီး ဘဝနဲ့ပါတ်သက်တဲ့စာအုပ်လေးတွေကိုပေးပါတော့တယ်။

ဗျုရိုကလနက်တို့ လှိူက်ဖိုသေနတ်လို့ သရော်ခဲ့တဲ့ ငဘ ရဲ့ဖန်တီးရှင်မောင်ထင်
လူပါးဝတာကိုတောင် အသံတွေထွက်ပြီးမှဗြောင်လူပါးဝတဲ့ သာဓု
သူမိတ်ဆက်ပေးလို့ ကျွန်တော်တို့ သိလာရတဲ့ အညာဒေသက လယ်သမားကြီး ကိုဆေးရိုးတို့ မကျည်းတန်တို့ ကို ဖန်တီးသူ ဆင်ဖြူကျွန်းအောင်သိန်း၊
ကိုဒေါင်း ဆိုတဲ့တံငါဘဝကို ဖော်ထုတ်ပေးတဲ့ ကြယ်နီ၊
“ဆူးလေးလမ်းကလေနုအေးရယ်”လို့ကြွေးကြော်ပြီးပျောက်သွားခဲ့တဲ့ နီဇော်
ခေါက်ထီးလေးကို မလုံတစ်လုံဆောင်းပြီး တစ်ကောင်ထဲပဲခြင်္သေ့လို့ ကြုံးဝါးတဲ့ စမ်းစမ်းနွဲ့သာယာဝတီ။
မှတစ်ပါးအခြားမရှိပြီလို့ ညည်းနေရင်း
ပျောက်သောလမ်းမှာစမ်းတဝါးဖြစ်နေချိန်မှာ အချစ်ကို ကိုးကွယ်နေတဲ့ညီမလေးကို ငပလီဇာတ်လမ်းကိုပြောပြနေရင်း ငြိမ်းကို ရှက်ပါလို့ တိုးတိုးလေးပြောပြသွားတဲ့ မိုးမိုးအင်းလျား တို့ရဲ့စာတွေကိုလည်းဖတ်ဖြစ်လာပါတယ်။
တစ်ခါမှာတော့ “ တဂိုးစာနုယဉ်” ဆိုတဲ့စာအုပ်လေးမှာ မိုးမိုး(အင်းလျား) နာမယ်လေးပါလာလို့ ငှားဖတ်ရာကနေ
နိုဘယ်ဆုရ ကမ္ဘာကျော် ဘင်္ဂလီစာဆိုကြီး ရာဘင်ဒြာနတ်တဂိုးစာတွေကို မြည်းစမ်းမိပါတယ်။
အဲဒီအခါမှာ အိန္ဒိယ စာရေးဆရာတွေကို စိတ်ဝင်စားလာတဲ့အခါ “ ပါရဂူ”ရဲ့ အိန္ဒိယ စာပေတွေဖြစ်တဲ့
စိတ္တရလေခါတို့ အမ္ဗပါလီတို့ လိုစာတွေကို ဖတ်ဖြစ်ပြန်ပါတယ်။

တော်တော်လေးလဲကြာရော စာအစုံဖတ်တဲ့လူတစ်ယောက်အဖြစ်ရောက်မှန်းမသိရောက်လို့
စာမဖတ်ရရင်မနေနိုင်သူတစ်ယောက်ဘဝကို ခံယူမိပါတော့တယ်။
သွားလေရာမှာ လက်ထဲမှာစာအုပ်တစ်အုပ်ယူပြီးဖတ်တဲ့အကျင့်ကိုလဲ မွေးမြူမိသလိုဖြစ်သွားပါတယ်။
နောက်တက္ကသိုလ်နဲ့ဆက်စပ်ပါတ်သက်တဲ့အရွယ်ရောက်ပြန်တော့လဲ သိန်းသန်းထွန်းတို့ အောင်ပြည့်
မင်းလူ ရှား နေနော်တို့ တို့ရဲ့အချစ်နဲ့ပါတ်သက်တဲ့စာတွေရော
နိုင်ငံရေး အငွေ့အသက်ယှက်နွယ်နေတဲ့စာတွေကို ပါပိုဖတ်ဖြစ်လာပါတယ်။
ဒီလိုစာတွေဖတ်နေရင်းက မင်းသိင်္ခဆိုတဲ့ ရှေးက ဆရာကြီးများရဲ့ လေသံ ကျွနုပ်ဆိုတဲ့ အသုံးအနှုံးလေးတွေနဲ့
ရေးလာတဲ့သူရဲ့ ဇာတ်ကောင်ဆားပုလင်းနှင်းမောင်ကိုရော ဂမ္ဘီရလိုုလို ဘာလိုလိုစာတွေကိုလည်းနှစ်သက်ခဲ့တာ
လည်းအမှန်ပါဘဲ။ဆားပုလင်းနှင်းမောင်ဇာတ်လမ်းတစ်ချို့က ရှားလော့ ဟုမ်းရဲ့ဝတ္တုတွေကို ဟိုနည်းနည်းဒီနည်းနည်းပေါင်းထားတာ မှန်ပေမယ့်လည်း အရေးအသားကတော့ ဆွဲဆောင်မူ့အားကောင်းလှပါတယ်။
ရာဇဝင်တွေကိုစိတ်မဝင်စားခဲ့ပေမယ့် ရာဇဝင်ကိုပြောင်းပြန်လှန်ခဲ့သူ ချစ်ဦးညိုရဲ့ရာဇဝင်စိတ်ကူးယဉ်ဝတ္တုတွေကိုလည်း
မဖြစ်မနေဖတ်ခဲ့ ကြိုက်ခဲ့စွဲမက်ခဲ့ရတာပါဘဲ။

ဒီလိုနဲ့အသက်အရွယ်ရလာပေမယ့်လည်းအလုပ်တစ်ဖက်နဲ့ဖြစ်လာချိန်မှာ ဝတ္တုတွေနဲ့ဝေးသွားပေမယ့်လည်း
မဂ္ဂဇင်းပေါင်းစုံက ဝတ္တုတိုတွေကိုပိုဖတ်ဖြစ်ပါတယ်။
မဂ္ဂဇင်းတွေက ဖတ်စရာ ကဏ္ဍအစုံပါတော့ ပိုပြီးသဘောကျပါတယ်။
ဖြူနီညိုပြာ ဟန်သစ် မဟေသီ ပေဖူးလွှာ စတဲ့ မဂ္ဂဇင်းတွေထဲက စာတွေကိုပိုကြိုက်လာသလို
ဖတ်ရင်းနဲ့ ဝတ္တုတို စာရေးဆရာတွေကို ပိုနှစ်သက်လို့လာပါတယ်။
သော်တာဆွေ ၊မောင်ညိုပြာ။ကိုဆွေ၊ဆောင်းဝင်းလတ်၊ဝင်းစည်သူ၊မောင်ရင့်မာကျောင်းကုန်း၊မောင်သာချို
ခြိမ့်သဲ၊လူမျုးိနော်၊နိုင်ဇော်၊ဂျူး။သဲအိမ်မောင်နေဝါ၊မင်းလူ၊မောင်သစ်၊နုနုရည်အင်းဝ၊ဝင်းဝင်းလတ်၊ညီပုလေး၊
ပိုင်စိုးဝေ၊ကိုငြိမ်း၊နေဝင်းမြင့်၊သရဝဏ်၊ပြေ(ဆေး-၂)၊သိုက်ထွန်းသက်၊မြနှောင်းညို၊ခင်ခင်ထူး၊ အစရှိသဖြင့် ရေတွက်မယ် ပြန်ပြောပြမယ်ဆိုရင် ကုန်နိုင်ဘွယ်ရာမရှိဘူးလို့ထင်ရတဲ့ မြန်မာပြည်က စာရေးဆရာပေါင်းများစွာရဲ့ ဘယ်အပုဒ်ကအကောင်းဆုံးလို့ဆိုတာကို မရွေးနို်င်လောက်အောင် ကောင်းတဲ့
ဆရာတွေရဲ့လက်ရာမွန်ကို ဖတ်နေတာအခုအချိန်အထိ ရင်ထဲမှာစူးယှစွာခံစားနေရဆဲပါဘဲ။
အခုအချိန်မှာတော့ နီကိုရဲလို လူနေလို အကြည်တော်လို မင်းခိုက်စိုးစံလိုတာရာမင်းဝေလူငယ်ကြိုက်စာရေးဆရာတွေကလဲ
အင်အားကောင်းကောင်းနဲ့ ရှိနေပါသေးတယ်။
ဒါပေမယ့် အခုခေတ်မှာလူငယ်တွေအတွက် ဖတ်စရာနေရာ ပိုလာတာကတော့အင်တာနက်ပါဘဲ။
အင်တာနက်မှာ မြန်မာစာလုံးနဲ့ရိုက်လို့ရပြီလဲဆိုရော ဖတ်စရာတွေကို ရေးပြမယ့် ဘလော့ဂါတွေပေါ်လာပြန်ပါတယ်။
အင်တာနက် မှာရေးရတဲ့အားသာချက်ကတော့ အယ်ဒီတာဆီတင်စရာမလိုတော့ ခုရေးတင် ခုမြင် ခုဖတ် ခုချက်ခြင်းထင်မြင်ချက်တွေပေးလို့ရတာပါဘဲ။
ကော်နက်ရှင်တော့ကောင်းဘို့သလိုတာပေါ့နော်။
ဆိုးတာကတော့ ကိုယ်တတ်သလို သိသလို ကိုယ့်ခံစားချက်တွေကို ကိုယ်ထင်သလိုရေးတော့
ဖတ်မကောင်းတဲ့စာတွေလဲပါလာတာပေါ့။
ဘယ်လိုဘဲပြောပြော လူငယ်အများစု က စိတ်ဝင်စားတာကို ဖတ်ခွင့်ရသလို ရေးခွင့်လဲရတာတော့အမှန်ပါဘဲ။
ကျွန်တော်တို့ငယ်ငယ်က စာအုပ်လက်ထဲကိုင်မှ စာဖတ်တယ်ဆိုတာမှန်ပေမယ့်
တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာတော့ စာအုပ်ကိုင်တာမမြင်တာနဲ့စာမဖတ်ဘူူးလို့ပြောရင်လုံးဝကိုမှားပါတော့မယ်။
ခက်တာက အပြင်က ပုံနှိပ်စာအုပ်တွေက ဈေးမြင့်တာကြောင့် ဝက်ဆိုက်တွေမှာရှာပြီးဖတ်တာ ဒေါင်းလုပ်ဆွဲပြီးဖတ်တာ
ပိုများသထက်များလာပါတယ်။
ဒီအင်တာနက်ပေါ်လို့လဲ ကျွန်တော် ကိုပေါက် တစ်ယောက် ခံစားချက်တွေကို ဖွင့်အံနိုင်တာကိုတော့ ဝန်ခံပါတယ်။
အဲတော့ ခုခေတ်လူငယ်များ မှာ အလွန်ကောင်းတဲ့ အခွင့်အရေးကတော့ အင်တာနက်ဝက်ဆိုက်များမှာ လွယ်ကူလွတ်လပ်
စွာ စာဖတ်ခွင့်စာရေးခွင့်ရနေတာပါ။
ဒါကို ကောင်းကောင်းအသုံးချဘို့တော့လိုမယ်ထင်ပါတယ်။
အသုံးချနေသူလဲအများကြီးပါ။
ဒီတော့လူငယ်များကို စာမဖတ်ဘူးလို့ ထင်နေသူများ ရှိရင် မှားပါတယ်လို့ဘဲဆိုချင်ပါတယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

4 comments

  • MaMa

    February 23, 2011 at 11:08 am

    တစ်သက်နဲ့ တစ်ကိုယ် ဒီလို စာတွေရေးတင်ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ ခုတော့လည်း ကိုပေါက်လိုပါပဲ အင်တာနက်ကျေးဇူးကြောင့် လက်တဲ့စမ်းပြီး ရေးတဲ့စာတွေကို တင်နိုင်တာကိုပဲ ဝမ်းသာကျေနပ်နေမိပါတယ်။

  • padonmar

    February 23, 2011 at 2:47 pm

    ကိုပေါက်စာဖတ်ရတာ ငယ်ငယ်က ကျောင်းပိတ်ပြီဆိုရင် စာချစ်လို့ စာအုပ်တွေ စုတတ်တဲ့ လူကြီးတွေ ကပ်ဖားပြီး စာအုပ်ငှားဖတ်ခဲ့ရတဲ့ ဘဝကို အောက်မေ့ပါတယ်။ဒီစာအုပ်တွေက အပျော်ဖတ်တွေပဲတင်တဲ့ စာအုပ်အငှားဆိုင်တွေမှာ မရဘူးလေ၊စာမေးပွဲပြီးတဲ့နေ့ ဒီလိုစာအုပ်ပုံထဲ ခေါင်းစိုက်တဲ့နေ့ပေါ့၊
    အခုတော့ အလုပ်တွေ တာဝန်တွေ ဖိစီးတဲ့ ဘဝမှာ စာအုပ်တွေ ကိုယ်ပိုင်ဝယ်နိုင်လာပေမယ့် ဖတ်စရာအချိန်မလောက်လို့ ဝယ်ထားနောင်မှဖတ်ဖြစ်နေရပါပြီ။

  • kopauk mandalay

    February 23, 2011 at 3:06 pm

    ကျနော်မှာအကျင့်ဆိုးတစ်ခုရှိတယ်ဗျာ။
    ဝယ်ထားရင် ဘယ်တော့ မှ မဖတ်ဖြစ်ဘူး နေ့ရွှေ့ညရွှေ့နဲ့။
    အဲတော့ ငှားဘဲဖတ်တယ်။
    ငယ်ကထဲက အခုထိငှားဘဲဖတ်လာတာလေ။

  • ကျွန်တော့်ကို ဝိုင်းမနာလိုဖြစ်ကုန်မှာ သေချာတယ်။ ကိုပေါက်ပြောတဲ့စာအုပ်တွေ ၈၀%နှုန်းလောက် ကျွန်တော့်ဆီမှာရှိတယ်။ ကျွန်တော့်အမေက စာသိပ်ဖတ်တယ်။ ကျွန်တော်ကတော့ စာအုပ်ဗီရိုထဲကနေထုတ်ပြီး ဖွင့်မဖတ်ဘူး။ မေမေက အရမ်းပြောမှ ဖွင့်ဖတ်တာ။ ခုတလော စာကောင်းပေမွန်တွေ အထွက်နည်းပါတယ်။ အထူးသဖြင့် ရသပေါ့။ ရှားရှားပါးပါးထဲက ပြောရရင် လင်္ကာရည်ကျော် သိပ်မဆိုးဘူးဗျ။ ဆရာကြီးပါရဂူကတော့ ရွှေပေါက်ကံမှာ ရှန်တိနိကေတန် စာကြည့်တိုက်ဖွင့်ထားတာ အားလုံးသိကြမှာပါ။ မကြာခင် ဆရာကြီးရဲ့ စာအုပ် တွေ အွန်လိုင်းတင်မယ်လို့ မျှော်လင့်ရပါတယ်။ ဆရာကြီးက အသက် ၉ဝတောင်ရှိပြီ။
    စာအုပ်တွေဈေးကြီးပေမယ့် ဝယ်ဖတ်ကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။ အွန်လိုင်းမှာဖတ်တာက မျက်စိပျက်တယ်။ ပိုက်ဆံပိုကုန်တယ်။ ပရင့်ထုတ်ရင်လည်း စာအုပ်တစ်အုပ် အနေနဲ့ သပ်သပ်ရပ်ရပ်ဖြစ်မလာဘူး။ ပြီးတော့ တစ်ခုခုလိုနေတယ်။ ဘာ လိုမှန်းမသိဘူးဗျာ။
    ခုတလောထွက်တဲ့စာအုပ်တွေထဲမှာ ဆရာဦးဝင်းတင်ရဲ့မင်ဒဲလားအထုပ်ပတ္တိ ဟာ တန်ဖိုးရှိတဲ့စာအုပ်ကောင်း၊ လက်မလွှတ်သင့်တဲ့စာအုပ်ကောင်းပါပဲ။ တောင်အာဖရိက ဖီဖာ ဘောလုံးပွဲကျင်းပတဲ့အချိန်နဲ့ အချိန်ကိုက်မထွက်နိုင်ခဲ့တဲ့ စာအုပ်ပါ။ တခြားတစ်ယောက်ရဲ့ စာအုပ်ကတော့ အရင်ဦးသွားခဲ့တယ်။ ဆရာဦးဝင်းတင်ဆိုတာ nld ကဆရာဦးဝင်းတင် မဟုတ်ပါ။ English For All ကိုထုတ်နေတဲ့ ဆရာဦးဝင်းတင်ပါ။ သူ့ရဲ့ ဒီ “မင်ဒဲလား ” စာအုပ်ဟာ စာပေစိစစ်ရေးရုံးမှာ ၁ဝ နှစ်ကြာခဲ့ပါတယ်။ အခုမှ ထုတ်ဝေခွင့်ကျတာပါ။ ဒါကြောင့် ဒီအခက်အခဲတွေကို မျှဝေပြီး စာရေးဆရာတွေရဲ့ စာအုပ်တွေကို အားပေးကြပါ။

Leave a Reply