အိုစမာဘင်လာဒင် သေတာကို နိုင်ငံတကာ မီဒီယာတွေမှာ အကြီးအကျယ် တင်ပြနေကြတာမို့ သဂျီး စကားအတိုင်း မှတ်တမ်းကျန်အောင် ပို့စ်တင်လိုက်ပါတယ်။ ကိုယ့်လူမျိုးရဲ့ အကျင့်စရိုက်ကို သွားလေသူကြီးနဲ့ စပ်ဆက်တွေးမိလို့ပါ။ ဘင်လာဒင်ဆိုတာ နယ်နယ်ရရ မဟုတ်ပါဘူး၊ ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးတဲ့ အမေရိကား ဧကရာဇ်မင်းကို စိန်ခေါ်ရဲသူပါ။ အမေရိကန်သမိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ အလစ်ဝင်ဗုံးကြဲခဲ့တဲ့ ဟာဝိုင်ရီ ပုလဲဆိပ်ကမ်း အဖြစ်အပျက်ကလွဲရင် တိုင်းတပါးလက်ချက်နဲ့ ကိုယ့်မြေပေါ်မှာ အကစ်ခံလိုက်ရတာ မရှိသလောက် ရှားတယ်။ ဒီအစဉ်အလာကို ဘင်လာဒင်က ပေါ်တင်ကြေငြာပြီး အမေရိကန် ထောက်လှမ်းရေး မျက်စိအောက်ကနေ ၉-၁၁ တိုက်ခိုက်မှုနဲ့ ချိုးဖောက်ပြခဲ့တယ်။ တိုက်ခိုက်မှုမလုပ်ခင် နှစ်အနည်းငယ်တုန်းက မီဒီယာမှတဆင့် အမေရိကန်တွေကို မင်းတို့လက်နက်နဲ့ မင်းတို့ကို ပြန်သတ်မှာလို့ ကြုံးဝါးထားသလိုပဲ အမေရိကန် လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်ပျံကြီးများနဲ့ ဝေါထရိတ်စင်တာ၊ အိမ်ဖြူတော်တို့ကို အသေခံ ထိုးစိုက်ဖောက်ခွဲ ပစ်လိုက်ပါတယ်။
ပိုမိုလေးနက်တဲ့ ကိစ္စတွေကို လေ့လာကြည့်ရင် ကွဲပြားလှတဲ့ လူ့အဖွဲ့စည်းနှစ်ခု တိုက်မိကြတာပါ။ ကျောင်းတော်က ရန်စကလည်းရှိ ရေနံထွက်ရာ ဒေသလည်းဖြစ်လို့ စိတ်ခံစားမှုရော၊ လက်တွေ့အကျိုးစီးပွားပါ ပေါင်းစုံနေပါတယ်။ ကျယ်ပြန့်လွန်းလို့ ပြောချင်တာကို ကွက်ပြောရရင် ကမ္ဘာ့ပုလိပ်မင်းကြီး အိုးဘားမားနဲ့ အယ်ကေးဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်တို့ရဲ့ မတူညီတဲ့ နောက်ခံပတ်ဝန်းကျင် အနေအထားကြောင့် ခြားနားလှတဲ့ အတွေးအခေါ် အကျင့်စရိုက်များ ဖြစ်လာပုံကိုပါ။ အိုဘားမားက ရှေ့နေ၊ ဘင်လာဒင်က အင်ဂျင်နီယာ၊ နှစ်ဦးစလုံး ပညာတတ်ဖြစ်ပြီး ဆင်ခြင်တွေးခေါ်နိုင်အောင် လေ့ကျင်သင်ကြား ခံရသူများ ဖြစ်ပေမဲ့ သူတို့ရဲ့ အပြုအမူများကတော့ ပြဒါးတလမ်း သံတလမ်းဖြစ်ပါတယ်။
လွတ်လပ်ပွင့်လင်း စနစ်ကျတဲ့ လူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာသူက ရုပ်ဝတ္ထု တိုးတက်မှု သာမက ကျင့်ဝတ် စည်းကမ်းတွေ၊ မတူတဲ့ ယဉ်ကျေးမှု အတွေးအခေါ်များကို သီးခံပေါင်းသင်းတတ်ဖို့ သင်ယူရတယ်။ အာဏာရှင်၊ ဘာသာရေး အယူအစွဲကြီးပြီး ပိတ်ဆို့ထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူအတွက်တော့ ချမ်းသာ၊ ပညာတတ်တာတွေဟာ တဇောက်ကန်းဖြစ်ဖို့ တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ အစွမ်းရှိတာခြင်း အတူတူ ရေခံမြေခံလိုက်လို့ နှလုံးရည်နဲ့ လက်ရုံးရည် အားကိုးပုံခြင်း ကွဲပါတယ်။
အိုဘားမားကြီးပြင်းရတဲ့ လူ့အဖွဲ့အစည်းမှာ ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ် သိက္ခာကို လိုက်နာရတယ်။ လူတဦးချင်းအခွင့်အရေး၊ အချင်းချင်းဆက်ဆံရေး၊ အာဏာလက်ရှိနဲ့ အာဏာလက်မဲ့၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံများကြားမှ လွတ်လပ်ပွင့်လင်းတဲ့ စနစ်ရှိတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်နေလည်း လက်လွတ်စပယ် ဖြစ်လို့မရဘူးပေါ့။ လွတ်လပ်မှုရဲ့ အသီးအပွင့် လူနဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ မူ တို့ကို အကျိုးရှိရှိ အပြန်အလှန် အသုံးချပါတယ်။ ဘင်လာဒင်ကတော့ မတူရင် သတ်မယ်၊ ဗုံးခွဲမယ်၊ အံမတုရဲအောင် ရက်ရက်စက်စက် လုပ်ပြမယ်။ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ဘယ်အရာမဆို စတေးဖို့၊ အသုံးချဖို့ ဝန်မလေးပါဘူး။ သူကြီးပြင်းရာ အသိုင်းအဝန်းရဲ့ လွှမ်းမိုးမှုကို ရာနှုန်းပြည့် ယူခဲ့ပါတယ်။ အယ်ကိုင်းဒါးအဖွဲ့ကို ကြမ်းတမ်းရက်စက်လွန်းလို့ အချင်းချင်းတောင် ကြောက်ရပါတယ်။ ကြမ်းသလောက် စွမ်းတော့လည်း သူလုပ်သမျှ ဟုတ်လို့နေခဲ့တာ နောက်ဆုံး အမေရိကန်ကျားမြီးကို သွားဆွဲတဲ့အထိဖြစ်ပြီး ဇာတ်သိမ်းမကောင်းခဲ့ပါဘူး။
ပွင့်လင်းတဲ့ လူ့ဘောင်မှာ ပြသနာတခုကို ဘက်ပေါင်းဆုံကနေ ရှုမြင်သုံးသပ်တယ်။ အတိုက်အခံ၊ တတ်သိပညာရှင်၊ အတွေ့အကြုံရှိသူတွေနဲ့ ဆွေးနွေးတယ်။ ရေရှည်အကျိုးစီးပွားအတွက် အများပြည်သူကို ချပြစည်းရုံး၊ အပေးအယူ အလျော့အတင်း လုပ်တယ်။ အစွန်းရောက်တွေကတော့ အင်အားသုံးဖို့ စဉ်းစားတယ်။ ကွဲလွဲမှုမှန်သမျှကို တဖက်သက် နှိပ်ကွပ်ပြီး အများအမြင်မှာ တဦးထဲ ကယ်တင်ရှင်ဖြစ်အောင် ရိုက်သွင်းတယ်။ တနည်းအားဖြင့် အများကို မြှင့်တင်ပေးပြီး ကိုယ်က လူပေါ်ထဲက လူဇော်လုပ်တဲ့စနစ်နဲ့ အများကို နိမ့်ကျအောင် နှိမ်ထားပြီး မိမိက လူမွဲထဲက လူဂဲလုပ်တဲ့ စနစ်လို့ ပြောနိုင်ပါတယ်။
မြန်မာပြည်မှာလည်း စစ်အာဏာရှင် အဆက်ဆက်က ဖိနှိပ်အုပ်ချုပ် ပုံစံသွင်းပါတယ်။ အာဏာရှင် ဦးနေဝင်းဆိုရင် မှီလိုက်သူ သာမာန်ပြည်သူများအတွက် တကဲ့ကို ဘုန်းရှင်ကံရှင် မင်းတပါးပါ။ ဘင်လာဒင်လိုပဲ နောက်လိုက်ငယ်သား၊ အုပ်ချုပ်ခံတွေကို မျက်စိနားပိတ်ထားပြီး လုပ်ချင်တာကို တရားလက်လွတ် လုပ်ပါတယ်။ လက်ရှိစစ်ဗိုလ်ချုပ်များလည်း ဝမ်းမန်းရှိုး ကပါတယ်။ ပရိတ်သတ်ထဲမှာ ကန့်ကွက်သူရှိရင် ဆွဲထုတ်ရိုက်တယ်။ ကြာတော့အပြင်မှာ ပြောင်းလဲနေတာတွေကို မသိ၊ သိလည်း မကြည့်ချင်တော့ဘဲ နွားခြေခွက် ရေအိုင်ထဲက ဖားသူငယ်တွေ ဖြစ်ကုန်ပါတယ်။ ရဟတ်ယာဉ် ပျက်ကျသေဆုံးတဲ့ နဝတအတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ထိုင်းနိုင်ငံကိုတိုက်ဖို့ ကြိုးစားခဲ့တာ၊ ဝါးရင်းတုတ်သုံး ပြည်သူ့စစ်ဗျူဟာနဲ့ ပင်လယ်ကဝင်လာမဲ့ အမေရိကန် မရိမ်းတပ်ကို ခုခံဖို့စဉ်းစားတာ၊ နိုင်ငံတကာ ပိတ်ဆို့မှုကို အရေးမကြီးသလို နေပြခဲ့တာတွေဟာ လက်ရုံးအားကိုး အတွေးအခေါ်တွေက လာတာပါ။
အထက်မှာ ပြောခဲ့တာတွေက အပေါ်ယံကြော နောက်ကြောင်းပြန်ပြောလို့ သိလွယ်မြင်လွယ်ပါတယ်။ လက်တွေ့မှာ အကွေ့အကောက်တွေ အများကြီးနဲ့ပါ။ ငါတို့လည်း ဘင်လာဒင်တို့လို အစွန်းမရောက်ဘူးလို့ မထင်လိုက်ပါနဲ့။ သူတို့နဲ့ မတူတဲ့ အခြားအစွန်းတဖက်မှာ မြန်မာတွေရောက်နေတာ ကြာပါပြီ။ ထစ်ခနဲရှိ လက်နက်အားကိုးဖြေရှင်း၊ အနည်းစုကိုအနိုင်ကျင့်၊ မတူတဲ့အမြင်ဆို နှိပ်ကွပ်၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး၊ နိုင်ငံရေး၊ လူမှုရေးအမြင် အခြေခံတဲ့ စိတ်တွေကို မဖျောက်နိုင်ရင် တနေ့နေတချိန်ချိန်မှာ ဆက်ဒမ်ဟူစိန်လို၊ ဘင်လာဒင်လို လက်နက်အားကိုး လူမိုက်တိုင်းပြည် ဖြစ်သွားနိုင်ပါတယ်။ ဒီမိုကရေစီရှိတိုင်း၊ နူကလီးယားဗုံး ထွင်တိုင်း လူမျိုးကြီးတမျိုး ဖြစ်မသွားပါဘူး။ အုပ်ချုပ်သူအစိုးရရော အုပ်ချုပ်ခံပြည်သူတွေပါ ပြုပြင်ရကောင်းမှန်း သိမှ မရှိလို့ဆင်းရဲ ဆင်းရဲလို့မရှိ မုန့်လုံးစက္ကူကပ် ဇာတ်လမ်းကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး